← Chapters

မြူငြိမ်မိုးဖွဲ နံ့သာ

Vol. 3 Ch. 30

မြူငြိမ်မိုးဖွဲ နံ့သာ

Vol. 3 Ch. 30

နောက်တစ်နေ့ နံနက်စောစောတွင် လော့ချန်တစ်ယောက် အကျင့်အတိုင်း စောစီးစွာ နိုးထလာခဲ့သည်။ ခန္ဓာကိုယ်၏ အတွင်းပိုင်း အခြေအနေကို စစ်ဆေးကြည့်လိုက်ရာ သူ အတိုင်းထက်အလွန် ကျေနပ်သွားမိသည်။

မနေ့ညက အိပ်မပျော်မီ နွေဦးကျင့်စဉ်ကို လည်ပတ်၍ ချီစွမ်းအားများကို ပြန်လည် ဖြည့်တင်းခဲ့သလို ချီစွမ်းအင်ဖြည့်ဆေးလုံး တစ်လုံးကိုလည်း မှီဝဲခဲ့သည်။ ချီသန့်စင် အဆင့် (၄) ၏ တိုးတက်မှုအမှတ်အသားသည် ၁ မှ ၂ သို့ တိုးတက်လာခဲ့လေပြီ။

"ငါထင်တဲ့အတိုင်းပဲ၊ ဒါက ကျွမ်းကျင်မှုအမှတ် မဟုတ်ဘဲ တိုးတက်မှု အခြေအနေပြ အမှတ်အသား သက်သက်ပဲ"

သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း သူ ထပ်မံ အတည်ပြုလိုက်နိုင်သည်။ သက်တမ်းနှင့် ကျင့်ကြံမှု အဆင့်တို့သည် တိုးတက်မှု အဖြစ် ပြသပြီး၊ ကျင့်စဉ်များ၊ မှော်အတတ်များနှင့် အတတ်ပညာများမှာမူ ကျွမ်းကျင်မှု အဖြစ် ပြသနေခြင်း ဖြစ်သည်။

"ဒါဆိုရင် ငါဝယ်ထားတဲ့ ချီစွမ်းအင်ဖြည့်ဆေးလုံး ငါးပုလင်းလုံးကိုသာ ကုန်အောင်သောက်ရင် ဒီတိုးတက်မှုအညွှန်းကိန်းက တော်တော်လေး မြင့်တက်လာမှာပဲ"

အနည်းငယ် နှေးကွေးသည်ဟု ထင်ရသော်လည်း၊ ပြီးပြည့်စုံသော နွေဦးကျင့်စဉ်နှင့် ပထမအဆင့် ဝိညာဉ်သွေးကြောတို့ ပေါင်းစပ်လိုက်လျှင် တိုးတက်မှုနှုန်းမှာ ယခင်ထက် ပို၍ မြန်ဆန်လာမည်မှာ အသေအချာပင်။ ယခင်က လိပ်ကလေး သွားသလို နှေးကွေးခဲ့သော ကျင့်ကြံမှုနှုန်းနှင့် နှိုင်းယှဉ်လျှင် ယခုအခြေအနေမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားပြီ ဖြစ်သည်။

တွက်ချက်မှုအချို့ ပြုလုပ်ပြီးနောက် လော့ချန်သည် ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ သူ၏ ဝိညာဉ်သိုလှောင်အိတ်ထဲမှ မီးခွေးမြီး အချောင်း ၄၀ ကို ထုတ်ယူလိုက်သည်။

အခြားသော ကုန်ကြမ်းပစ္စည်းများကို ဆေးပေါင်းတစ်ထောင်ခန်းမမှ အဆင်သင့် ဝယ်ယူခဲ့သဖြင့် အချိန်ကုန် များစွာ သက်သာသွားခဲ့သည်။ ယခု ကျန်ရှိသော အဓိက ဆေးဖက်ဝင် အပင်များကို အထူးနည်းစနစ်ဖြင့် ပြုပြင်ပြီးသည်နှင့် အံ့ဖွယ်တစ်သောင်းဆေးလုံးများကို အမြောက်အမြား စတင် ဖော်စပ်နိုင်တော့မည် ဖြစ်သည်။

အချိန်ဆိုသည်မှာ ဝိညာဉ်ကျောက်များပင်။

အလုပ်စကြစို့.…။

နေမထွက်မီမှာပင် လော့ချန်သည် ဆေးရည်များကို ပြင်ဆင်ပြီးစီးသွားသည်။ နောက်တစ်ဆင့်မှာ မီးခွေးမြီးများကို ထိုဆေးရည်ထဲတွင် သုံးရက်သုံးညတိုင်တိုင် နူးအိသွားသည်အထိ စိမ်ထားရန်သာ ဖြစ်သည်။

လော့ချန်သည် မီးခွေးမြီးတစ်ချောင်းချင်းစီကို သစ်သားဇလုံထဲသို့ ဂရုတစိုက် ထည့်လိုက်ရာ၊ ပြင်းထန်လှသော အနံ့ဆိုးကြီးမှာ လေထုထဲသို့ ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်။ သူသည် ကိုယ်တိုင် ပြုလုပ်ထားသော နှာခေါင်းစည်းကို တပ်လိုက်ပြီး မီးခွေးမြီးများကို အထက်အောက် လှန်ပေးနေသည်။

သူ အလုပ်ရှုပ်နေစဉ်မှာပင် အပြင်ဘက်အိမ်ဝင်းထဲမှ ပျို့အန်သံတစ်သံ ထွက်ပေါ်လာသည်။

“အု.…နံလိုက်တာ"

ထို့နောက် ကပျာကယာ လမ်းလျှောက်လာသော ခြေသံများ ကြားလိုက်ရသည်။

ဒေါက်....ဒေါက်….ဒေါက်….

တစ်စုံတစ်ယောက်က တံခါးအား ခပ်သွက်သွက် လာရောက်ခေါက်နေခြင်း ဖြစ်သည်။

လော့ချန် တံခါးဖွင့်လိုက်ရာ ရင်းနှီးသော မျက်နှာတစ်ခု ပေါ်လာသည်။

“ရှင်က.... အု"

ဝိုင်းစက်သော မျက်နှာနှင့် ထိုအမျိုးသမီးသည် စကားပင် ဆုံးအောင် မပြောနိုင်ဘဲ အခန်းထဲမှ ထွက်ပေါ်လာသော အနံ့ဆိုးကြောင့် ပျို့အန်ပြန်သည်။ သူမသည် တံခါးဘောင်ကို ကိုင်ထားရင်း အခန်းအတွင်းရှိ ပြတင်းပေါက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“မြန်မြန်.... အု…. မြူငြိမ်မိုးဖွဲ နံ့သာကို ထွန်းလိုက်စမ်းပါ.... အု"

လော့ချန်သည် ချက်ချင်းပင် လက်ဟန်တစ်ခု ပြုလုပ်၍ ချီစွမ်းအား တစ်ချက် ထည့်လိုက်သည်။ ထိုအခါ စွန်းရှို့ ပေးထားခဲ့သော ထိုကိရိယာငယ်မှာ တုန်ခါသွားပြီး အခန်းအတွင်းရှိ အနံ့အသက်ဆိုးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် အခန်းပြင်ပရှိ အမိုးစွန်းမှ ရေစက်ကလေးများ တဖျောက်ဖျောက် ကျဆင်းလာသည်။

လော့ချန်သည် ဤမှော်ပစ္စည်းကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်ရာ တုံ့ပြန်မှုကို ကြည့်ပြီး အံ့အားသင့်နေမိသည်။

“ကျင့်ကြံသူသုံး မီးဖိုချောင် လေစုပ်စက်လား"

“ဘာမီးဖိုချောင် လေစုပ်စက်လဲ၊ ဒါက ပျံလွှားဂိုဏ်း ကနေ မီးခိုးနဲ့ အနံ့အသက်တွေကို ဖယ်ရှားပေးဖို့ ထုတ်လုပ်ထားတဲ့ ပထမအဆင့် မှော်ပစ္စည်းရှင့်”

ထိုအမျိုးသမီးက ဒေါသတကြီး ပြောလိုက်ပြီးမှ လော့ချန်ကို စိုက်ကြည့်ကာ ဆိုသည်။ "မနက်စောစောစီးစီး ဘာတွေ လုပ်နေတာလဲ၊ လူကိုတောင်.... အို၊ ရှင်ပဲ"

သူမသည် စကားပြောရင်း အံ့သြသွားဟန်ဖြင့် လော့ချန်ကို သေချာ ကြည့်လိုက်သည်။ လော့ချန်သည်လည်း မိတ်ကပ် မလိမ်းထားသော်လည်း လှပသော သူမ၏ မျက်နှာကို ကြည့်ကာ မှတ်မိသွားသည်။

"သြော်…. ဆေးပေါင်းတစ်ထောင်ခန်းမက မိန်းကလေး ရှောင်လင်းပဲ"

ပိုင်မေလင်းက နှာခေါင်း ရှုံ့လိုက်သည်။

"ရှင်က လော့လေး မဟုတ်လား၊ နာမည်အပြည့်အစုံက ဘာလဲ"

သူမသည် သေးသွယ်ပြီး ချစ်စရာကောင်းပုံရသော်လည်း အမှန်တကယ်တွင်မူ ချီသန့်စင် အဆင့် ၇ ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

လော့ချန်သည် သူမ၏ ပြတ်သားသော စကားလုံးများအတွက် စိတ်မဆိုးဘဲ ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။

“မောင်လေး လော့ချန်က အစ်မကြီးပိုင်ကို ဂါရဝပြုပါတယ်ခင်ဗျာ”

"ဘာ အစ်မကြီးလဲ…. ကျွန်မက အဲ့လောက်တောင် အိုနေပုံပေါက်လို့လား"

ပိုင်မေလင်းက လက်ကိုင်ပဝါဖြင့် သူမ၏ ပါးစပ်ကို သုတ်ရင်း ရန်တွေ့ပြန်သည်။

"ပြီးတော့ မေးပါရစေဦး၊ မနက်စောစောစီးစီး ဘာတွေလုပ်နေတာလဲ…. ဒီအိမ်ဝင်းထဲမှာ တခြားလူတွေလည်း နေတယ်ဆိုတာ မသိဘူးလား၊ ရှင်ကတော့ တိုင်တန်းခံရဖို့ လမ်းရှာနေတာပဲ"

လော့ချန်သည် စွန်းရှို့ ပြောခဲ့သည်ကို သတိရသွားသည်။ စီမံခန့်ခွဲခအဖြစ် ပေးရသော ဝိညာဉ်ကျောက် တစ်တုံးတွင် အိမ်နီးချင်းများကြားမှ ပဋိပက္ခများကို ဖြေရှင်းပေးရန် တာဝန်လည်း ပါဝင်သည်။

"အားနာပါတယ်၊ နောက်ဆို သတိထားပါ့မယ်၊ နောက်တစ်ခါ ဆေးပင်တွေ ပြုပြင်ရင် မြူငြိမ်မိုးဖွဲ နံ့သာကို အရင်ထွန်းထားပါမယ်၊ အစ်မကြီး....အဲ.... မိန်းကလေး ရှောင်လင်းရယ် ဒီတစ်ခါတော့ မတိုင်ပါနဲ့ဦး"

လော့ချန်က ပြုံးရင်း ပြောလိုက်သည်။ သူမသည် မိန်းကလေး ရှောင်လင်းဟု ခေါ်ခံရသည်ကို စိတ်မရှိသော်လည်း အစ်မကြီးပိုင်ဟု အခေါ်ခံရခြင်းကိုမူ သိသိသာသာ ထိခိုက်လွယ်ပုံရသည်ကို သူ သတိပြုမိလိုက်သည်။

“ဟွန့်"

ပိုင်မေလင်းသည် နှာခေါင်းတစ်ချက် ရှုံ့ကာ ကျေနပ်သွားပုံရသည်။

ထို့နောက် မီးဖိုဘေးရှိ သစ်သားဇလုံကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာထားမှာ ထူးဆန်းသွားသည်။

"ရှင် အဲ့ဒီအထဲမှာ ဘာတွေကို စိမ်ထားတာလဲ"

"အဲ…. ဒါက စီးပွားရေးလျှို့ဝှက်ချက်မို့လို့ ပြောဖို့ ခက်ပါတယ်"

ထိုအရာမှာ မီးခွေးမြီး၏ ဆေးအာနိသင်ကို အမြင့်ဆုံးအထိ ထွက်ပေါ်လာစေရန် သူ၏ ဆေးနည်းထဲမှ လှည့်ကွက်ကလေးတစ်ခု ဖြစ်သည်။

ဈေးကွက်ထဲတွင် အမျိုးသားများအတွက် အားတိုးဆေးများသည် အဘယ်ကြောင့် ဈေးကြီးရသနည်း။ ကုန်ကြမ်းပစ္စည်း ဈေးကြီးခြင်းကြောင့် ဖြစ်သည်။ လော့ချန်သည် ဈေးပေါသော မီးခွေးမြီးကို အသုံးပြုကာ ထိုကဲ့သို့ အာနိသင်ရအောင် ဖော်စပ်နိုင်ခြင်းမှာ သူ၏ ထူးခြားသော နည်းစနစ်ကြောင့်ပင်။

ပိုင်မေလင်းသည် သိလိုစိတ် ပြင်းပြနေသော်လည်း အဖြေမရသဖြင့် မျက်စောင်းထိုးလိုက်သည်။

"ရှင်က ဆေးဖော်စပ်သူလား"

"ထင်တာပဲဗျ"

မှော်အာဟာရဆေးရည်များမှာ ဆေးဖော်စပ်မှုအဖြစ် သတ်မှတ်ရန် ခဲယဉ်းသော်လည်း၊ အံ့ဖွယ်တစ်သောင်းဆေးလုံးများမှာမူ သေချာပေါက် ဆေးဖော်စပ်မှု အတတ်ပညာထဲတွင် ပါဝင်သည်။ ထို့ကြောင့် လော့ချန်သည် မိမိကိုယ်ကိုယ် ဆေးဖော်ဆရာအဖြစ် ယုံကြည်မှုရှိရှိ ခေါ်ဆိုနိုင်ဆဲ ဖြစ်သည်။

"ဒါဆို ရှင်က ဘယ်လိုဆေးမျိုးတွေ ဖော်စပ်နေတာလဲ"

လော့ချန်တစ်ယောက် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ တစ်ရက်တည်းမှာပင် အမျိုးသမီး နှစ်ယောက်က သူ့အား ဤမေးခွန်း တစ်ခုတည်းကို မေးမြန်းခဲ့ကြသည် မဟုတ်ပါလော။

"မပြောနိုင်ဘူးလား ဒါမှမဟုတ် မပြောရဲတာလား"

ပိုင်မေလင်း၏ မျက်လုံးများမှာ မှေးစပြုလာသည်။

"ရှင် ဖော်စပ်နေတာ မိစ္ဆာလမ်းစဉ်က ဆေးလုံးတွေတော့ မဟုတ်ပါဘူးနော်၊ ကျောက်စိမ်းအိုးဓားဂိုဏ်းက မိစ္ဆာဆေးလုံးတွေ ဖော်စပ်တာကို လုံးဝ ခွင့်မပြုဘူးနော်"

လော့ချန် ချက်ချင်းပင် ကိုယ်ဟန်ကို ပြင်လိုက်သည်။

"မိစ္ဆာဆေးလုံးတွေ မဟုတ်တာတော့ ကျိန်းသေပါတယ်"

"ဒါဆိုရင် ဘာလို့ အသည်းအသန် ဖုံးကွယ်နေရတာလဲ" ဟု ပိုင်မေလင်းက မေးလိုက်သည်။

ဤနေရာတွင် လာငှားနေမိသည်မှာ မှားယွင်းသွားပြီလားဟုပင် လော့ချန် တွေးမိသည်။ သူသည် မျက်နှာပြောင်သူဖြစ်သော်လည်း အမျိုးသား ကျင့်ကြံသူများကိုသာ ဤဆေးအကြောင်း ရဲရဲဝင့်ဝင့် ရှင်းပြနိုင်ခြင်း ဖြစ်သည်။ အကြောင်းမှာ အမျိုးသားကျင့်ကြံသူများသည် သူ၏ အဓိက ဖောက်သည်များ ဖြစ်နေသောကြောင့်ပင်။

သို့သော် အမျိုးသမီးကျင့်ကြံသူများ ရှေ့တွင်မူ ဤအကြောင်းကို ပြောပြရန်မှာ အလွန်ပင် အနေရခက်လှသည်။ အကယ်၍ သူသာ ပြောပြလိုက်မည်ဆိုပါက အထင်သေးသည့် အကြည့်များမှလွဲ၍ ဘာမျှရမည်မဟုတ်ပေ။

အခြားအမျိုးသမီးများဆိုလျှင် ကိစ္စမရှိသော်လည်း ကူချိုင်ယီ နှင့် ပိုင်မေလင်း တို့မှာ အနည်းဆုံး နောက်ထပ် သုံးလတိုင်တိုင် သူနှင့် အိမ်နီးချင်း ဖြစ်နေကြမည့်သူများ ဖြစ်သည်။ သုံးလလုံးလုံး အထင်သေးသည့် အကြည့်များအောက်တွင် မည်သူက နေချင်ပါမည်နည်း။

"ဟွန့်….ကျွန်မလည်း ဆေးလုံးတွေအကြောင်း အနည်းအကျဉ်းတော့ သိပါတယ်ရှင့်၊ ရှင့်ဟာရှင် ဘာဆေးဖော်ဖော်၊ ပြီးသွားရင် ကျွန်မကို တစ်လုံး ရောင်းရမယ်၊ မိစ္ဆာဆေးလုံးသာ ဖြစ်နေရင်တော့ ကျောက်စိမ်းအိုးဓားဂိုဏ်းကို တိုင်ပြီး ဆုကြေးငွေ ထုတ်ယူပစ်မယ်"

"ကဲ.... အလုပ်သွားတော့မယ်၊ သွားပြီ"

ထို့နောက် သူမသည် အိမ်ရှေ့တံခါးမကြီးဆီသို့ အပြေးကလေး ထွက်သွားတော့သည်။

လော့ချန် အပြင်ဘက်ကို ကြည့်လိုက်သောအခါ ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့် အမျိုးသမီး တစ်ဦးက ပိုင်မေလင်းကို စောင့်နေသည်ကို တွေ့ရသည်။ သူ အမှတ်မမှားပါက သူမမှာ အခြားဘေးခန်းတွင် နေထိုင်ပြီး ပိုင်မေလင်းနှင့်အတူ ဆေးပေါင်းတစ်ထောင်ခန်းမတွင် အလုပ်လုပ်သည့် ဖုန်းရှပင် ဖြစ်ပေလိမ့်မည်။

ထိုအမျိုးသမီးကျင့်ကြံသူ နှစ်ဦး အလုပ်သို့ အပြေးအလွှား သွားနေကြသည်ကို ကြည့်ရင်း လော့ချန်၏ စိတ်ထဲတွင် လွမ်းဆွတ်မှု အနည်းငယ် ဖြစ်ပေါ်လာသည်။ ထိုအမျိုးသမီးနှစ်ဦးသည် ဤလောကရှိ ကျင့်ကြံသူများနှင့် မတူဘဲ သူ၏ ယခင်ဘဝက ရုံးဝန်ထမ်း အမျိုးသမီးများနှင့် ပို၍ တူနေသည်။

သူတို့၏ မျက်နှာတွင် ကျင့်ကြံမှုအတွက် ပြင်းပြသော စိတ်ဆန္ဒ သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ မရှိဘဲ နေ့စဉ်အလုပ်လုပ်ရခြင်းအပေါ် ကျေနပ်နေသော ပျော်ရွှင်မှုများသာ ရှိနေသည်။

သူတို့သည် ချီသန့်စင် အဆင့် ၄ မျှသာ ရှိသော လော့ချန်နှင့် စကားပြောသည့်အခါ အလွန်အမင်း ယဉ်ကျေးနေခြင်း မရှိသော်လည်း၊ အထက်စီးမှ ဆက်ဆံခြင်းမျိုးလည်း မရှိပေ။ ၎င်းမှာ ကျင့်ကြံခြင်း အဆင့်အတန်းများကို ဘေးဖယ်ထားပြီး သာမန်လူသား နှစ်ဦး စကားပြောနေသကဲ့သို့ပင်။

လော့ချန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

"နှမြောစရာပဲ၊ ဆေးပေါင်းတစ်ထောင်ခန်းမနဲ့ ဝိညာဉ်ဆေးနန်းဆောင်လို ဆေးတိုက်ကြီးတွေက အမျိုးသမီးကျင့်ကြံသူတွေကိုပဲ အလုပ်ခန့်တာ၊ မဟုတ်ရင် ငါလည်း သွားလျှောက်မိမှာ"

လော့ချန် ခပ်တိုးတိုး ရေရွတ်ရင်း ဆေးဖက်ဝင်ပစ္စည်းများကို ပြုပြင်ရန်အတွက် ပြန်လည်အာရုံစိုက်လိုက်တော့သည်။

All Chapters