မင်းတို့အားလုံး ရပ်လိုက်
Vol. 8 Ch. 735
ကျိုးရီရှင်း၏ ဆေးလုံးဖြန့်ဝေခြင်း ကောင်းမှုကြောင့် ကပ်ရောဂါများ ဖြစ်ပွားလာတော့သည်။ သူက ကူညီရန် လူအမြောက်အမြားအလုပ်ခန့်ခဲ့ပြီး ပိုင်ရှောင်ချန်းညွှန်ကြားခဲ့သည့်အတိုင်း များသောအားဖြင့် မြို့နယ်အမှတ်ရှစ်ဆယ့်ကိုးတစ်ဝိုက် နေရာများအပေါ် အာရုံစိုက်၍ ဆေးရောင်းချခဲ့သည်။ ထို့ပြင် ဆေး၏အကျိုးသက်ရောက်မှုက လျော့နည်းသွားခဲ့လျှင်လည်း စစ်မှန်သောကပ်ဘေးအဖြစ် မသတ်မှတ်နိုင်သည် မဟုတ်ပါလော။
မြို့နယ်အမှတ် ရှစ်ဆယ့်ကိုး နှင့် ဘေးပတ်ဝန်းကျင်နေရာများသည် လူနေသိပ်သည်းထူထပ်၏။ ထို့အတွက်ကြောင့် ဟိုတစ်ကွက် သည်တစ်ကွက် အနံဆိုးပေါင်းစုံ ပျံနှံ့စုပေါင်းသွားကာ နေရာတစ်ခုလုံးမှာ လက်ခုပ်အတွင်း ဖြစ်ညှစ်ခံလိုက်ရသည့် အနက်ရောက်မြူထုကြီးတစ်ခုကဲ့သို့ ဖြစ်လာတော့သည်။
ထိုအရာအားလုံးက ကျိုးရီရှင်းအတွက် လုံးလုံးလျားလျားအံသြတုန်လှုပ်စရာကြီးတစ်ခု ဖြစ်လာသည်။ သို့သော် သူသည် စနစ်တကျ ချမှတ်ထားခဲ့သော အစီအစဉ်အတိုင်း အလုပ်ခန့်ခဲ့သော လူအားလုံးကို ပြန်လွှတ်ပြီး ရုပ်ဖျက်၍ သွားရောက်ပုန်းကွယ်လိုက်၏။ သို့သော် သူသည် အစီအစဉ်၏ နောက်ဆုံးအဆင့်အား မမေ့ပေ။ ပုန်းအောင်းနေချိန်မှာပင် သူက အံတင်းတင်းကြိတ်ပြီး ပြင်ဆင်ထားခဲ့သော အဆင့်မြင့်ဝိညာဉ်ဆေးတစ်ဖုံကို ထုတ်ပြီး သောက်လိုက်သည်။
မကြာမီ သူသည်လည်း တဘူဘူအသံကျယ်ကျယ်များ၏ ရင်းမြစ်တစ်ခုဖြစ်လာတော့သည်။ သူက မျက်နှာဖြူဖပ်ဖြူလျော်ဖြစ်လျက် ခပ်ပြတ်ပြတ်အသံတစ်သံဖြင့် စတင်အော်လေသည်။
" သောက်အဆင့်မြင့်ဝိညာဉ်ဆေး။ လက္ခဏာတွေက ကျုပ် ဒီဆေးသောက်ပြီးမှပဲ ပေါ်လာတာ။ ချီးတဲ့မှပဲ။ ဒီအပေါ်မှာ စီမာတာအိုရဲ့ အမှတ်အသားတောင်ရှိတယ်ဟ"
ပတ်ဝန်းကျင်ရှိ အခြား ဝိညာဉ်ကျင့်ကြံသူများက သူ့အသံကို ကြားလိုက်ကြသည်။ သူတို့မှာ ဒေါသူပုန်ထနေပြီဖြစ်သော်လည်း ကျိုးရီရှင်း၏ စကားလုံးများ ကြားပြီးနောက် အစပိုင်းတွင် ချီတုံချတုံဖြစ်သွားသည့်တိုင် သူတို့သည်လည်း ထိုကဲ့သို့ ဝိညာဉ်ဆေးများသောက်သုံးခဲ့ကြောင်း သဘောပေါက်လာကြသည်။ ချက်ချင်းပင် ဒေါသတကြီးကြိမ်းမောင်းသံများ ပွက်ပွက်ညံလာတော့သည်။
" အဆင့်မြင့်ဝိညာဉ်ဆေး။ ကျုပ် စွန်းရီဖန်ရဲ့ အမှတ်အသားရှိတဲ့ ဆေးတစ်လုံးကို သောက်ခဲ့တယ်။ အဲဒီအချိန်မှာပဲ ဒါတွေအားလုံး စဖြစ်တော့တာပဲ။ အဲဒါ သူ့အမှားကွ "
"ဟုတ်တယ်။ ကျုပ်လဲ အဲဒီအဆင့်မြင့်ဝိညာဉ်ဆေးနည်းနည်း သောက်ခဲ့တာ။ စီမာတာအိုရဲ့အမှတ်အသားရှိတဲ့ဟာလေ "
" သူလဲ ဒီကိစ္စမှာပါတယ် "
တစထက်တစ ထို့ကဲ့သို့ စွပ်စွဲချက်များ ပလူပျံလာပြီး ဒေါသတကြီးမာန်မဲသံများ၊ အရှက်တကွဲအော်ဟစ်သံများကား အလွန်ကြောက်မက်ဖွယ် အခြေအနေသို့ ဆိုက်ရောက်လာတော့သည်။
ပထမက လူအများသည် သူတို့ကို အဆင့်မြင့်ဝိညာဉ်ဆေးများရောင်းခဲ့သည့် အရောင်းသမားများအား စတင်လိုက်ရှာလိုက်သော်လည်း ကျိုးရီရှင်းက အချိန်အတော်ကြာကတည်းက ရှာမတွေ့နိုင်အာင် လက်စဖျောက်ထားပြီးဖြစ်သည်။ ထိုသို့ဖြင့် နစ်နာသူများ၏ အာရုံမှာ စီမာတာအိုနှင့် စွန်းရီဖန်တို့အပေါ် အလျင်အမြန်ကျရောက်လာတော့သည်။
" စီမာတာအိုကို ရှာရအောင်။ သူက ဒီဝိညာဉ်ဆေးတွေကို ဖော်ခဲ့တဲ့ တစ်ယောက်ဆိုတော့ လုံးဝ အပြစ်ရှိတယ်။ သူက သာမန်လူတွေကို ထိခိုက်အောင်လုပ်တဲ့နေရာမှာ နာမည်ကြီးဖို့ ကြိုးစားနေတာပဲ "
" စွန်းရီဖန်ကိုလဲ မမေ့နဲ့။ ကျုပ်စားခဲ့တာ သူ့ဝိညာဉ်ဆေးပဲ။ မဟာအကြီးအကဲတစ်ယောက်ဖြစ်ပြီးတော့ ကျုပ်တို့ကို ဘယ်လိုတောင် ရိုက်စားလုပ်ရဲတာတုံး "
" သူတို့ကို ရှာကြ "
တိုတောင်းလှသောအချိန်လေးအတွင်း ဆူညံဆူညံလူအုပ်ကြီးတစ်အုပ် မြို့နယ်အမှတ် ရှစ်ဆယ့်ကိုး၏လမ်းများတစ်လျှောက် စီတန်းလာတော့သည်။ မကြာခင် ဝိညာဉ်ဆေးအမှန်တကယ် စားသုံးခဲ့သောလူအနည်းစုလေးနှင့် မရေမတွက်နိုင်သော ဝိညာဉ်ကျင့်ကြံသူများ တသီတတန်းကြီး ပိုင်ရှောင်ချန်း၏ဆိုင်ရှိရာ လမ်းပေါ် ရောက်လာကြ၏။ ကျန်လူများမှာ တစ်ဆင့်ခံ ထိခိုက်သွားကြသူများဖြစ်သည်။ သူတို့က စီမာတာအိုနှင့် စွန်ရီဖန်တို့၏ဆိုင်သို့ အပြေးအလွှားသွားနေကြစဉ် သူတို့ကြားထဲ မတရားမှုအတွက် ခံပြင်းသောစိတ်များ တဟုန်းဟုန်း တောက်လောင်လာတော့သည်။
မြို့နယ်အမှတ်ရှစ်ဆယ့်ကိုးသည် လုံးဝပွက်လောရိုက်နေလေပြီ။ ပိုင်ရှောင်ချန်းက ဤအခြင်းအရာအားလုံးအတွက် တာဝန်ရှိသူဖြစ်၍ ဖြစ်ပေါ်နေသော မြင်ကွင်းကြီးက သူ့ကို ကြောက်ဒူးတုန်သွားစေတော့သည်။ ထိုမျှသာမက ဤလူအုပ်ကြီး၏ ဒေါသပြေစေရန်မှာ လွယ်ကူမည်မဟုတ်ကြောင်း သူသိ၏။ ဤကဲ့သို့ လူအုပ်ကြီးနောက်မှ အလိုက်ခံခဲ့ရသည့်အခြေအနေများစွာကို သူကိုယ်တိုင်ကြုံတွေခဲ့ဖူးသည် မဟုတ်ပါလော။
" မင်းတို့ ကောင်တွေ ငါ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးတာလေ " သူက စိုးရိမ်တကြီး ရေရွတ်လိုက်သည်။
" ငါ့မှာ တကယ် ရွေးစရာမှမရှိပဲ"
သူသည် ဆိုင်ထဲတွင် ကုပ်ကုပ်ကလေးထိုင်နေရင်း အငွေ့များကို အဝေးထုတ်ရန် တံခါးအား ရံဖန်ရံခါ ပိတ်ချည်ဖွင့်ချည် လုပ်နေသည်။
ပိုင်ဟောက်မှာ သက်ပြင်းချပြီး အနှီအားကိုးမရသောသူ့ဆရာက လူအများအားကိုးရာမဲ့အောင် ပြုလုပ်တတ်သည့်အကျင့်ဆိုးကို တွေးရင်း အဖြစ်အပျက်အားလုံးကို စောင့်ကြည့်နေချေသည်။ အမှန်တကယ်ဆိုရလျှင် ပိုင်ဟောက်သည် သူ့ဆရာက တကယ့်ယင်ယန်ဝိညာဉ်အဆင့်ပညာရှင်တစ်ဦးဖြစ်ကြောင်း မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။ သို့ထိတိုင် မည်သည့်အတွက်ကြောင့်မသိ သူ့စိတ်ထဲတွင် ပိုင်ရှောင်ချန်းက မြင့်မြတ်ပြီး လက်လှမ်းမမှီနိုင်သည့် လူတစ်ယောက်အစား လက်တွေ့ဆန်သည့်လူတစ်ဦးပုံပေါ်နေသည်။ ထိုအခြင်းအရာက သူနှင့် သူ့ဆရာအကြား ပို၍ရင်းနှီးလာသကဲ့သို့ ခံစားစေရကြောင်း သဘောပေါက်လိုက်သဖြင့် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ပိုင်ဟောက် သက်ပြင်းချနေစဉ် ပိုင်ရှောင်ချန်းမှာ အဖြစ်အပျက်များ မည်ကဲ့သို့ဖြစ်ပွားနေသည်လဲ ကြည့်ရန် စိုးရိမ်တကြီး အပြင်သို့ချောင်းကြည့်လိုက်သည်။ ဒေါသတကြီးအော်သံများ ပွက်လောရိုက်နေသည်။ အနံဆိုးများကြောင့် မြင်ရခက်သော်လည်း လူအများသည် ၎င်းအား မောင်းထုတ်ရန် နတ်ဘုရားစွမ်းရည်များ၊ မှော်အတတ်များအပေါ် အားထားနေကြပြီဖြစ်၏။
လူအုပ်ကြီး တစထက်တစ များပြားလာကာ သူ့ဘေးတစ်ဖက်တစ်ချက်ရှိ ဆိုင်နှစ်ဆိုင်ထဲ ဝုန်းဒိုင်းကြဲဝင်သွားသည်ကို သူ၏နတ်ဘုရားအာရုံဖြင့် ပိုင်ရှောင်ချန်း စစ်ဆေးနိုင်လိုက်၏။ ရုတ်ခြည်းပင် ဆိုင်များထဲမှ ကျိန်ဆဲသံများ၊ ကြိမ်းမောင်းသံများ ကြားလိုက်ရလသည်။
" ခင်ဗျားတို့ ဘာလုပ်နေကြတာတုံး "
" ငါတို့ ဘာလုပ်နေတာတုံး ဟုတ်လား။ ခင်ဗျား ဘာလုပ်ခဲ့တာလဲလို့ ပြောရင် ပိုမှန်မယ်။ ဒီဝိညာဉ်ဆေးပေါ်မှာ ခင်ဗျားအမှတ်အသားရှိတယ်မလား စီမာတာအို "
"ငါမင်းကို သတ်မယ် စွန်းရီဖန် "
"ခင်ဗျားလက်ကို ဖယ်စမ်း။ ကျုပ်ပြောတာနားထောင်။ ဒီဝိညာဉ်ဆေးက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး "
ပေါက်ကွဲသံများ ၊ ကျကွဲသွံများ ကြားလိုက်ရ၍ ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံသည် သိသာစွာပင် သူ့ဘေးတစ်ဖက်တစ်ချက်ရှိ ဆိုင်နှစ်ဆိုင်မှာ လုံးဝရုန့်ရင်းဆန်ခတ်ဖြစ်နေကြောင်း ဖော်ပြနေသည်။ လူအများက ဆိုင်နှစ်ဆိုင်လုံးကို ရမ်းကား ဖျက်စီးနေကြပြီး ဆိုင်းဘုတ်နှစ်ခုလုံးမှာ ဖြုတ်ချခံရကာ အပိုင်းပိုင်းစုတ်ဖြဲခံလိုက်ရသည်။
ပိုင်ရှောင်ချန်းက မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်၏။ အဖြစ်အပျက်များက သူစီစဉ်ထားသည့်အတိုင်း သွားနေသော်လည်း သူ့ရင်ထဲတွင် စိုးရိမ်ပူပန်စိတ်များ ဆက်လက် မြင့်တက်လာနေသည်။ တင်းမာနေသော အခြေအနေကို မည်သို့ထိန်းသိမ်းရန် စဉ်းစားနေချိန်မှာပင် သူ၏နတ်ဘုရားအာရုံက ယခု လူအုပ်ထဲမှတချို့သည် သူ့ဆိုင်ရှိရာသို့ ဝုန်းဒိုင်းကြဲလာနေကြောင်း ဖော်ပြလိုက်သည်။
" မကောင်းတော့ဘူး။ သူတို့ ငါတာဝန်ရှိတာ သိနေတာဖြစ်ရမယ် "
ထိုသည်က သူ၏ ကနဦးအတွေးဖြစ်သော်လည်း ၎င်းမှာ မဖြစ်နိုင်ကြောင်း အလျင်အမြန် သဘောပေါက်လိုက်သည်။
" မဟုတ်ဘူး။ သူတို့ ဘယ်နည်းနဲ့မှ မသိနိုင်ဘူး "
ဝုန်းခနဲ မြည်ဟည်းသွားပြီး သူ၏တံခါး တစစီပြုတ်ထွက်သွားချိန် ဝိညာဉ်ကျင့်ကြံသူအုပ်စုတစ်သိုက် ဒေါနှင့်မောနှင့်ဝင်ချလာ၏။
သူက မားမားမတ်မတ်ရပ်ရင်း ဝိညာဉ်ကျင့်ကြံသူများကို ကြည့်ကာ မိုးခြိမ်းသံတမျှကျယ်လောင်သောအသံကြီးဖြင့် အော်လိုက်သည်။
" ခင်ဗျားတို့ ဘာလုပ်နေတာတုံး။ ကျုပ်က စွန်းရီဖန်မဟုတ်သလို စီမာတာအိုလဲ မဟုတ်ဘူး။ ဒီဆိုင်က ကျုပ် ပိုင်ဟောက်ပိုင်တာ။ ဒါက တစ်မိုးအောက်မှာ ပြိုင်စံရှားနံပါတ်တစ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင်ပဲ "
သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားအချို့ပင် ထုတ်လွှတ်လိုက်ရာ သူ၏ဆိုင်ထဲတွင် မယုံနိုင်စရာကောင်းသော ဖိအားများ ကျရောက်လာတော့သည်။
ဝိညာဉ်ကျင့်ကြံသူများမှာ ကြက်သေသေသွားပြီး မျက်စိမျက်နှာပျက်သွားကြသည်။ သူတို့က ကပျာကယာတာင်းပန်ပြီးနောက် သုတ်သုတ်ပျာပျာပြန်ထွက်သွားတော့သည်။ အမှန်မှာ ဆိုင်မှားခြင်းအဖြစ် မဟုတ်ပေ။ သူတို့က အပြင်ဘက်ရှိ ဆူပူအုံကြွမှုကို အခွင့်ကောင်းယူ၍ တိုက်ခိုက်လုယက်ရန် မျှော်လင့်ခဲ့ကြခြင်းဖြစ်သည်။ နစ်နာသူများအပြင် လူအုပ်ထဲတွင် မသမာသောလူများစွာလည်း ရှိသည်မဟုတ်ပါလော။ ပိုင်ရှောင်ချန်း၏ ဆိုင်သာလျှင် ပစ်မှတ်ထားခံရခြင်းမဟုတ်၊ အနီးပတ်ဝန်းကျင်ရှိ အခြားဆိုင်များလည်း ခံရလေသည်။
ပိုင်ရှောင်ချန်းမှာ မည်သို့ဖြစ်ပျက်နေသည်ကို သတိထားမိသောအခါ သူ၏စိုးရိမ်သောကများ မြင့်တက်လာ၏။ သို့သော် သူက အနံဆိုးများပေါ်ပေါက်စေခဲ့သည့်တိုင် ၎င်းအား မထိန်းချုပ်နိုင်ပေ။ ထိုအရေးကြီးသော အခိုက်အတန့်ကြီးတွင် ပိုင်ဟောက်၏ မျက်ဝန်းများ ဝင်းလက်သွားပြီး သူက ကိုယ်ကိုကိုင်း၍ တီးတိုးပြောလေသည်။
" ဆရာ ကျွန်တော့်မှာ အစီအစဉ်တစ်ခုရှိတယ် "
ပိုင်ဟောက်က သူ၏အကြံကို အလျင်အမြန်ရှင်းပြ၏။ ရှည်ရှည်ဝေးဝေးတွေးနေရန် အချိန်မရှိသဖြင့် ပိုင်ရှောင်ချန်းမှာ ခေါင်းညိတ်ပြီး အရှေ့တံခါးမှ ကမန်းကတန်းထွက်သွားလိုက်သည်။ အနံဆိုးများထဲတွင် ပြွတ်ခဲနေသည့် မရေမတွက်နိူင်သောလူပေါင်းများစွာ၊ ဘေးကပ်ရက်ဆိုင်နှစ်ဆိုင်ဖြစ်သည့်အပျက်အစီးပုံများနှင့် ပတ်ဝန်းကျင်ရှိ အော်သံများ၊ တိုက်ခိုက်သံများပဲ့တင်ထွက်လာနေရာ အခြားဆိုင်များအားလုံးကို ဝေ့ဝိုက်ကြည့်ရင်း သူက သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်သည်။
ထို့နောက် သူက ရိပ်ခနဲ လှုပ်ရှားရင်း အနီးနားရှိ ဆိုင်တစ်ဆိုင်အရှေ့တွင် ပေါ်လာပြီး အားကုန် ဟိန်းဟောက်လိုက်သည်။
" အကုန်လုံး ရပ်ကြ"
သူ၏အသံက အလွန်တရာချောက်ချားစဖွယ်ကောင်းသောပုံဖြင့် ဟိန်းထွက်သွားစေရန် သူ၏ထာဝရလက်သီးစွမ်းအင်အချို့ကိုပင် သူ ဆင့်ခေါ်လိုက်သည်။ တချိန်တည်းမှာပင် သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ဆိုင်အတွင်းရှိ လူရမ်းကားများအားလုံး လမ်းအပေါ်သို့ ပျံထွက်လာတော့သည်။ ကျန်ရှိသည့် အလုပ်သမားများကို မျက်နှာချင်းဆိုင်ရင်း သူက ပြော၏။
" အခုချက်ချင်း ကျုပ်နဲ့လိုက်ခဲ့။ ဒီဆူညံပွက်လောရိုက်နေတာကို အဆုံးသတ်ကြရအောင် "
အမှန်တကယ်တော့ ပြဿနာရှာခံရသည့်ဆိုင်ထဲရှိ လူတိုင်းမှာ ဤကဲ့သို့သောဆိုးရွားသော အခြေအနေတစ်ရပ်အတွင်းသို့ မတရားသဖြင့် ဆွဲသွင်းခံရသည့်အတွက် စိတ်တိုနေကြလေသည်။ သူတို့သည် လူရမ်းကားများထံမှ အကယ်တင်ခံရသဖြင့် လေးလေးနက်နက်ကျေးဇူးတင်ရင်း အခြေအနေငြိမ်သက်အောင် ကူညီရန်ရည်ရွယ်ချက်များဖြင့် ပိုင်ရှောင်ချန်းနှင့်အတူ ချက်ချင်းပူးပေါင်းလိုက်သည်။
မကြာခင် ပိုင်ရှောင်ချန်းနှင့် အဖွဲ့သည် ဒုတိယမြောက်ဆိုင်အရှေ့တွင် ပေါ်လာကာ ရုန့်ရင်းဆန်ခတ်မှုများအား နှိမ်နင်းလိုက်ကြသည်။ ထို့နောက် သူတို့က တတိယမြောက်ဆိုင်ထံ ဆက်သွားကြ၏။ ဝိညာဉ်ကျင့်ကြံသူများ တစထက်တစ များပြားလာကာ သူနှင့်အတူ ပူးပေါင်းလာကြသည်။ ထိုမျှသာမက သူသည် လူရမ်းကားများကို ရှေ့ဆုံးမှတိုက်ခိုက်ရင်း သြချရလောက်အောင် ရဲစွမ်းသတ္တိရှိသောအပြုအမူဖြင့် ပြုမူဆောင်ရွက်နေသည်။ မကြာခင် ပတ်ဝန်းကျင်ရှိ ဆိုင်များအားလုံး သူ၏ဦးဆောင်မှုအောက်တွင် အတူတကွပူးပေါင်း၍ အမိန့်အတိုင်း လုပ်ဆောင်နေကြသည်။
" မင်းလက်ကို ဖယ်စမ်း "
" မင်းမှာ ပြဿနာရှိရင် မင်းဘာသာမင်း အေးအေးဆေးဆေး ရှင်းပြ။ ရမ်းကားတဲ့ ဘယ်သူမဆို ဥပဒေအတိုင်း ကွပ်မျက်ခံရမယ် "
" ဒါက ဗဟိုဧကရာဇ်မြို့တော် ။ ပုန်ကန်ဖို့ စဉ်းတောင် မစဉ်းစားနဲ့ "
ပိုင်ရှောင်ချန်း၏ ခေါင်းဆောင်မှုအောက်တွင် ဆိုင်များသည် ဆူပုံအုံကြွမှုအများအပြားကို ဖိနှိပ်နိုင်ခဲ့၏။ မကြာမီ သူတို့အတွက် လမ်းအပေါ် လူအုပ်ကြီးထဲရှိ ဒေါသအကြီးအကျယ်ထွက်နေသော ဝိညာဉ်ကျင့်ကြံသူများကို ဖြေရှင်းရန်သာ ကျန်တော့သည်။ သို့ဖြစ်ရာ ပိုင်ရှောင်ချန်းကိုယ်တိုင်က အလွန်စွမ်းအားကြီးသည့်အပြင် သူတို့သည်လည်း ဖြောင့်မတ်မှန်ကန်စွာ ပြုမူနေခြင်းကြောင့် ဝိညာဉ်ကျင့်ကြံသူများမှာ တဖြေးဖြေးငြိမ်သက်သွားတော့သည်။
ထို့ကြောင့် ဒေသခံဆိုင်များမှ လူတိုင်းသည် ပိုင်ရှောင်ချန်းကို ကျေးဇူးတင်ခြင်းများတောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။ အများစုမှာ ယခင်က သူ့အပေါ် မကောင်းသောစိတ်ထားများရှိခဲ့သော်လည်း ဤကဲ့သို့ အရေးကြီးသောအခိုက်အတန့်တွင် သူ၏လုပ်ဆောင်ချက်များက သူ့အပေါ် များစွာလေးစားသွားစေတော့သည်။