← Chapters

အမြှောင်သား

Vol. 35 Ch. 348

အမြှောင်သား

Vol. 35 Ch. 348

“ယောင်ချီ မြင့်မြတ်နယ်မြေက မိစ္ဆာမတွေ နောက်ဆုတ်သွားပြီ...”

“နေဦး။ ဟိုမှာ ဘယ်သူလဲ။ ဝတ်စုံကို ကြည့်ရတာ အကြီးအကဲလီလိုပဲ...”

မကြာမီမှာပင် တစ်စုံတစ်ယောက်က လွင့်ထွက်သွားသည့်ပုံရိပ်ကို သတိပြုမိသွားကြသည်။

အဆုံးတွင်မူ အကြီးအကဲ လီကျစ်ဖျင်သည် ကျန့်ဝူ မြင့်မြတ်နယ်မြေ၏ စီနီယာတစ်ဦး ဖြစ်သဖြင့် လူသိများသည်။

“ရပ်လိုက်တော့။ အဲဒါ အကြီးအကဲလီပဲ။ ငါတို့ လူမှားတိုက်မိပြီ။ အကြီးအကဲလီက ငါတို့ကို ကူညီဖို့ ပြန်လာတာ...”

“ဒါပေမဲ့... ဓားအစီအရင်က ရပ်လို့မရတော့ဘူး...”

အစီအရင်အတွင်းရှိ တပည့်များမှာ ငိုချင်ရက်လက်တို့ ဖြစ်နေကြသည်။

သူတို့၏ စိတ်ဝိညာဉ်ချီစွမ်းအင်များမှာ အစီအရင်ကြောင့် လုံးဝကုန်ခမ်းနေပြီ ဖြစ်သည်။

ထိုအချိန်တွင် လက်ညှိုးတစ်ချောင်းလှုပ်ရန်ပင် အတော်လေး ရုန်းကန်နေရသည်။

အပြည့်အဝနိုးကြားနေသော ဓားအစီအရင်ကို ဟန့်တားနိုင်စွမ်းရှိသူ တစ်ယောက်မှ ရှိမနေပေ။

ထိုအစီအရင်ကို မဟာတက်လှမ်းခြင်းအဆင့် ကျန်းယိပိုင် တစ်ဦးတည်းသာ ထိန်းချုပ်နိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။

သာမန် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူအချို့က ၎င်းကို ရပ်တန့်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

၎င်းကို အသက်သွင်းရန်အတွက်လည်း ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် အကြီးအကဲ တစ်ဦး၏ အသက်ကို စတေးရပြီးဖြစ်ရာ မည်သူမျှ ၎င်းကိုရပ်တန့်ရန် မစဉ်းစားခဲ့ကြချေ။

လီကျစ်ဖျင်တစ်ယောက် အစီအရင်၏ တိုက်ခိုက်မှုဧရိယာထဲ ရုတ်တရက် ပေါ်လာလိမ့်မည် ဟုလည်း မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။

လီကျစ်ဖျင်ကိုယ်တိုင်လည်း မမျှော်လင့်ထားခဲ့။

မိမိဂိုဏ်းကို ပြန်လာသည့်အခါတွင် သူက မည်သည့်ကြိုတင်ကာကွယ်မှုကိုမျှ မပြုလုပ်ခဲ့ပေ။

ထို့ကြောင့် ဓားပျံများ ကျဆင်းလာချိန်တွင် သူ အချိန်မီပင် တုံ့ပြန်နိုင်ခြင်းမရှိခဲ့ပေ။ ကာကွယ်ခြင်း သို့မဟုတ် တန်ပြန်တိုက်ခိုက်ခြင်း လုံးဝမရှိဘဲနှင့်ပင်။

သူက ဓားချက်တစ်ချက်ကြောင့် ချက်ချင်းပင် လွင့်ထွက်သွားတော့သည်။

သို့သော် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သော ချန်ဟွိုက်အန်၏ တုံ့ပြန်မှုမှာမူ လုံးဝကွဲပြားသည်။

ပဉ္စမမြောက် ဓားကွက်၊ တစ်ကိုယ်တော် တံခါးစောင့်ခြင်းမှာ အလွန်ပြင်းထန်လွန်း၏။

၎င်းက ထိပ်တိုက်ရင်ဆိုင်သည့် တိုက်ကွက်မျိုး ဖြစ်သည်။

တိုက်ခိုက်မှုများကို လွှဲဖယ်ပေးနိုင်သော်လည်း ယခုနေရာတွင် အသုံးမတည့်ပေ။

ထိုအစီအရင်ကို ကျန့်ဝူ၏ တပည့်များကိုယ်တိုင် ထိန်းချုပ်ထားခြင်းဖြစ်သည်။

အကယ်၍ သူက ထိုဓားမိုးကြီးတစ်ခုလုံးကို ၎င်းတို့ထံသို့ ပြန်လည်လွှဲဖယ်လိုက်မည်ဆိုပါက...

သူ၏ “ဇာတိမြေမျက်နှာသာပေးမှု” ရှိနေလျှင်ပင် ကြေးခွံနက်ဓားထဲရှိ ကျန်းယိပိုင်မှာ ဒေါသ ထွက်လွန်းသဖြင့် တကယ် နောက်တစ်ကြိမ် ထပ်သေသွားနိုင်သည်ကို သူ သံသယမရှိပေ။

“လီယွမ်ကို ကြိုသင်ထားမိတာ ကံကောင်းသွားတယ်။”

ချန်ဟွိုက်အန်က လက်နှစ်ဖက်လုံးကို ရှေ့သို့ တွန်းထုတ်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ရိုက်ခတ်လာသော လှိုင်းလုံးသံကြီးများ ဟိန်းထွက်လာ၏။

ရေလှိုင်းတွန့်များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။

သံမဏိတံတိုင်းများက စစ်သည်တစ်ထောင်ကို တားဆီးနိုင်သော်လည်း ရေက နူးညံ့သော်ငြား မြို့တစ်မြို့လုံးကို ကာကွယ်ပေးနိုင်၏။

ဥက္ကာခဲများလို အရှိန်ပြင်းစွာ ကျဆင်းလာသော ဓားများက ရေလှိုင်းတွန့်များနှင့် ထိတွေ့ လိုက်သည်နှင့် ချက်ချင်းပင် နှေးကွေးသွားတော့သည်။

လှိုင်းလုံးများ၏ ဝေ့ယမ်းမှုနှင့်အတူ ဓားများက ချန်ဟွိုက်အန်၏ ရှေ့တွင် တဖြည်းဖြည်းချင်း ရပ်တန့်သွားကြသည်။

လီယွမ်၏ အတားအဆီးကို ဓားတစ်လက်မှပင် ဖောက်ထွက်နိုင်ခြင်းမရှိပေ။

ထိုမြင်ကွင်းကြောင့် ကျန့်ဝူတပည့်တိုင်း မှင်တက်သွားရ၏။

နေရာလွတ်အက်ကွဲကြောင်းမှ ထွက်ပေါ်လာသော လျို့ဝှက်ဆန်းပြားသည့် ဓားကျင့်ကြံသူက ယခုအခါ ရပ်တန့်နေသော ဓားများဖြင့် ဖွဲ့စည်းထားသည့် ဧရာမ သံမဏိလုံးကြီး တစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ဖြစ်နေသည်။

ဓားသွားများ အကြားမှနေ၍ သေးငယ်သော်လည်း ခန့်ညားထည်ဝါသော ပုံရိပ်ကို ဝိုးတဝါး မြင်တွေ့နေရသည်။

“ဒါ လီယွမ်ပဲ... လီယွမ်သာ မပျက်စီးရင် မြစ်(၁၀၀)လုံး ပင်လယ်ဖြစ်စေရမယ်...”

တပည့်တစ်ဦး၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာသည်။

သူ၏ နှုတ်ခမ်းများ တုန်ရီလျက် တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါ ဘိုးဘေးကြီးပဲ။ ဘိုးဘေးကြီး ပြန်လာပြီ...”

ကျန့်ဝူတပည့်အားလုံး လီယွမ်ကို သင်ယူခဲ့ဖူးသည်။

သို့သော် ၎င်းတို့၏ဗားရှင်းမှာ အများဆုံး အလံ သုံးဆယ်ခန့်သာ ဖြန့်ကျက်နိုင်ပြီး အချို့မှာ သုံးပေခန့်ပင် မနည်းထိန်းသိမ်းနေရသည်။

ယခု လီယွမ်ကမူ...

အလံတစ်ထောင်ကျော် ကျယ်ဝန်း၏။

၎င်း၏ မမြင်နိုင်သော လှိုင်းလုံးများက ကျန့်ဝူ မြင့်မြတ်နယ်မြေ၏ တံခါးဝ တစ်ခုလုံးကို လုံးဝ လွှမ်းခြုံထားသည်။

ကျန့်ဝူရှိ မည်သည့် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် အကြီးအကဲမှ ထိုကဲ့သို့သော စွမ်းဆောင်ရည်မျိုး မပြနိုင်ခဲ့ဖူးပေ။

အကယ်၍ ထိုသူက ဘိုးဘေးကြီး မဟုတ်လျှင် အခြားမည်သူ ဖြစ်နိုင်ပါဦးမည်နည်း။

ကာကွယ်ရေးဓားအစီအရင်၏ စွမ်းအင်များ နောက်ဆုံးတွင် ကုန်ခမ်းသွားသောအခါ...

ချန်ဟွိုက်အန်၏ ရှေ့တွင် ဓားတောင်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။

သူက လက်နှစ်ဖက်ကို မြှောက်ကာ အားဖြင့် ဆွဲတင်လိုက်ပြီး အော်ဟစ်လိုက်သည်။

“ခွဲထွက်စမ်း...”

ထောင်သောင်းချီသော ဓားပျံများက ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။

လီယွမ်၏ နူးညံ့သော စွမ်းအားများ ကွယ်ပျောက်သွားပြီးနောက် ဓားများက လွင့်ပါးလာသော ပန်းပွင့်ချပ်များကဲ့သို့ ပြန်လည်ကျဆင်းလာကာ မြေပြင်ပေါ်သို့ တိတ်ဆိတ်စွာပင် စိုက်ဝင် သွားကြတော့သည်။

ချန်ဟွိုက်အန်က ကျန့်ဝူမြင့်မြတ်နယ်မြေ၏ တံခါးဝသို့ ဆင်းသက်လိုက်သည်။

သူ့ပတ်ဝန်းကျင်တွင် မရေတွက်နိုင်သော ဓားများက မြေပြင်တွင် စိုက်ဝင်လျက်ရှိနေသည်။

သူက ထိုဓားများကြားတွင် ဝတ်ရုံနက်ကို ဝတ်ဆင်ကာ ရပ်နေပြီး သူကိုယ်တိုင်သည် အထက်မြက်ဆုံးသော ဓားတစ်လက်ကဲ့သို့ပင်။

လီကျစ်ဖျင်က ခန္ဓာကိုယ်တွင် စိုက်ဝင်နေသော ဓားတစ်ဒါဇင်ခန့်ကို ဆွဲနှုတ်လိုက်၏။

သူက မတ်တတ်ရပ်ကာ ဝတ်ရုံကို အလွန်အမင်း တည်ကြည်ဟန်ဖြင့် ပြင်ဆင်လိုက်ပြီး မျက်နှာကို တည်လိုက်သည်။

“ဘိုးဘေး... ခုနကဟာက သေးငယ်တဲ့ မတော်တဆမှု တစ်ခုပါပဲ။ ခင်ဗျား ခုနက မြင်လိုက် ရတာက ကျွန်တော်တို့ ကျန့်ဝူ မြင့်မြတ်နယ်မြေရဲ့ ကာကွယ်ရေး အစီအရင်ပါ။ အထင်ကြီးစရာ ကောင်းတယ်မဟုတ်လား။”

သူက ချန်ဟွိုက်အန်၏ ဘေးသို့ ပြုံးဖြီးဖြီးဖြင့် ကပ်လာပြီး ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြောလိုက်သည်။

“တကယ်လို့ ခင်ဗျား ကျန့်ဝူမြင့်မြတ်နယ်မြေထဲ ဝင်ဖို့ စဉ်းစားမယ်ဆိုရင် ဒီအစီအရင်ကို ခင်ဗျား ကြိုက်တဲ့အချိန်တိုင်း သုံးလို့ရတယ်။ ကြိုက်သလို ကစားလို့ရတယ်...”

ချန်ဟွိုက်အန်က သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်နေမိသည်။

...ကာကွယ်ရေး အစီအရင်ဆိုတာ “ကစား” ဖို့လား။

လီကျစ်ဖျင်က တကယ်ကြီး ဒါကို ကစားစရာတစ်ခုလိုမျိုး ပြောနေတာလား။

သူက ပတ်ဝန်းကျင်ရှိ ထူထပ်လှသော ဓားပျံများကို ညွှန်ပြကာ စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်သည်။

“ဘာအံ့သြစရာကောင်းတဲ့ အစီအရင်လဲ။ ငါ မြင်တာကတော့ ချင်းယွန်ဘုံ တစ်ခုလုံးရဲ့ အဆုံးမဲ့တဲ့ မျှော်လင့်ချက်မဲ့မှုတွေပဲ။”

“ဒီဓားတွေကို ကြည့်လိုက်ဦး။ ကျင့်ကြံသူ အများကြီးက ပင်ပင်ပန်းပန်း သွန်းလုပ်ထားခဲ့ရတာ။ ဒါကို မင်းတို့ရဲ့ နာမည်ကြီး အစီအရင်ကြီးက အကုန်လုယူလိုက်တာပဲ။ ကျန့်ဝူမှာ လက်နက်တွေ မပြတ်လပ်တာက မင်းတို့က ဒီအစီအရင်ကို အပျော်အနေနဲ့ပဲ သုံးနေလို့များလား..”

“အဲဒါကတော့...”

လီကျစ်ဖျင် စကားအသွားအလာ ပျောက်သွား၏။

သူ ထိုအချက်ကို တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။

ကာကွယ်ရေး အစီအရင်ကို သုံးကြိမ်သာ အသက်သွင်းခဲ့ဖူးသည်။

ပထမအကြိမ်မှာ သားရဲလှိုင်းများ ကျရောက်စဉ်ကပင်။ ၎င်းမှာ ကျန်းယိပိုင်၏ ဒဏ္ဍာရီလာ တိုက်ပွဲလည်း ဖြစ်သည်။

ဒုတိယအကြိမ်မှာ အစီအရင်ကို အဆင့်မြှင့်တင်စဉ်က ဖြစ်သည်။ မှန်ပေသည်။ စမ်းသပ်ကြည့်ရန် လိုအပ်သည် မဟုတ်ပါလား။

တတိယအကြိမ်မှာ ယနေ့ပင်။

သူ ပြန်လည် ငြင်းခုံချင်သော်လည်း...

ပိုပြီး စဉ်းစားလေလေ...

ချန်ဟွိုက်အန် ပြောသည်မှာ မှန်ကန်ကြောင်း ပို၍ နားလည်လာလေလေ ဖြစ်သည်။

ကျန့်ဝူက ဓားပျံများနှင့် ပတ်သက်၍ တစ်ခါမှ မစိုးရိမ်ခဲ့ရပေ။

ဂိုဏ်းချုပ်ဆောင်၏ ကျောဘက်တောင်ကုန်းမှာ အမည်မသိဓားများဖြင့် ပြည့်နှက်နေ၏။ ၎င်းတို့ ဘယ်ကလာသလဲ ဆိုသည်ကို မည်သူမှ ဂရုမစိုက်ကြ။

တပည့်တစ်ဦး၏ ပင်ကိုယ်ဓား ကျိုးသွားပါက တောင်ကုန်းပေါ်သို့ သွားပြီး အသစ်တစ်လက် ရွေးယူလိုက်ရုံသာ။

ဓားကို အဆင့်မြှင့်ချင်လား။

တောင်ကုန်းပေါ်က နောက်ထပ်ဓားအချို့ကို သွားယူလိုက်ရုံပင်။

ပိုလျှံနေ၏။

အဆုံးမရှိသော ထောက်ပံ့မှုပင်။

“အကြီးအကဲလီ၊ ဒါက ဘယ်သူလဲ။”

အခြား ကျန့်ဝူအကြီးအကဲတစ်ဦး ရှေ့သို့ တက်လာသည်။

လျို့ဝှက်ဆန်းပြားသော ဓားကျင့်ကြံသူက ကျန်းယိပိုင် မဟုတ်ကြောင်း မြင်လိုက်ရသဖြင့် သူတို့၏ စိတ်လှုပ်ရှားမှုများ လျော့ကျသွားသည်။

သို့သော် သူတို့က စပ်စုချင်နေဆဲပင်။ ထိုသူစိမ်းက လီယွမ်ကို မည်ကဲ့သို့ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရသနည်း။

သူတော်စင်ကျန်း တိတ်တဆိတ် လေ့ကျင့်ပေးထားတဲ့ သူတစ်ယောက်လား။

ဒါမှမဟုတ်... အမြှောင်သားလား...

ဟူး။ ပြောရခက်တယ်။

“ဒါက ဓားကျောင်းတော်ဘိုးဘေးပဲ။”

လီကျစ်ဖျင် ချောင်းတစ်ချက်ဟန့်ကာ ဂရုတစိုက် မိတ်ဆက်ပေးလိုက်သည်။

“အကြီးအကဲကျန်းကိုတော့ မတွေ့ခဲ့ဘူး။ ဒါပေမဲ့ ဘိုးဘေးကြီးရဲ့ ဓားဝိညာဉ်ကိုတော့ ကျွန်တော် ပြန်ရခဲ့ပါတယ်။ ဒီက ဓားကျောင်းတော်ဘိုးဘေးနဲ့ ပတ်သက်ပြီးတော့က...”

သူ ခဏမျှ တုံ့ဆိုင်းနေပြီးမှ အားတင်း၍ ပြောလိုက်သည်။

“ကျွန်တော်တို့ ဘိုးဘေးကြီးရဲ့ မိတ်ဆွေဟောင်း တစ်ယောက်လို့ပဲ ဆိုပါစို့။ ကျွန်တော်တို့ကို ကူညီဖို့ ရောက်လာတာပါ။”

ထိုသူက ကျန့်ဝူ မြင့်မြတ်နယ်မြေကို လွှဲပြောင်းယူမည့်သူဟု ပြောမိလုနီးပါး ဖြစ်သွား၏။

အကယ်၍ ထိုကဲ့သို့ ပြောလိုက်ပါက ဂိုဏ်းအတွင်းရှိ ခေါင်းမာလှသော အဘိုးကြီးများကို ဆွပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

သူတို့၏ စိတ်နေစိတ်ထားကို လီကျစ်ဖျင် ကောင်းကောင်း သိသည်။

သူတို့အတွက် ကျန်းယိပိုင်သည် ကောင်းကင်ဖြစ်ပြီး၊ ကျန့်ဝူက မြေကြီး ဖြစ်သည်။

ထိုအရာကို ပြောင်းလဲရန် ကြိုးစားသူ မှန်သမျှလား။

ကောင်းကင်ကို အပိုင်းပိုင်းဖြတ်ရန် အသင့်ပြင်ထားရပေလိမ့်မည်။

အကယ်၍ သူတို့အနေဖြင့် ထိုအချက်ကို လက်ခံလာရန်ဆိုပါက...

ဓားကျောင်းတော်ဘိုးဘေးဘက်မှ ကျန်းယိပိုင် ထောက်ခံပေးနေရုံနှင့် မလုံလောက်ပေ။

သူက ယနေ့ခေတ်၏ အကျပ်အတည်းကို မည်သို့ လှပစွာ ကိုင်တွယ်ဖြေရှင်းပေးမည်နည်း ဆိုသည်ကို မြင်တွေ့ရန် လိုအပ်လိမ့်မည်။

၎င်းတို့ စကားပြောနေစဉ်မှာပင်...

ကျန့်ဝူနယ်နိမိတ် ပြင်ပမှနေ၍ လေတိုးသံကြီးတစ်ခု ပဲ့တင်ထပ်လာသည်။

အစွမ်းထက်သော ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် အရှိန်အဝါ ၇ခုက မိုးခြိမ်းသံကဲ့သို့ ကျဆင်းလာတော့သည်။

တောင်တံခါးဝ၏ အပြင်ဘက်တွင် ရောင်စုံတိမ်တိုက်များ ပေါ်လာ၏။

ငှက်များ၊ ပျားများနှင့် လိပ်ပြာများ စုရုံးလာကြသည်။

အသက်ရှည်ပညာရပ်၏ လွှမ်းမိုးမှုအောက်တွင် အနီးနားရှိ အပင်အားလုံးမှာ အရူးအမူး ကြီးထွားလာကြသည်။

ယောင်ချီ မြင့်မြတ်နယ်မြေမှ ဟင်းလင်းပြင်‌ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ၇ဦး ရောက်လာပြီး တစ်ဦးချင်းစီမှာ မိမိတို့၏ လက်နက်ပျံများပေါ်တွင် ရပ်နေကြသည်။

သူတို့က ကျန့်ဝူ မြင့်မြတ်နယ်မြေ၏ အထက်တွင် လွှမ်းမိုးထားပြီး သူတို့၏ ဖိအားများမှာ အသက်ရှူကျပ်စရာ ကောင်းလှ၏။

ရှေ့ဆုံးတွင်မူ အစိမ်းရောင်ဝတ်ဆင်ထားသော သူတော်စင် ချင်ကျူး ရပ်နေသည်။

သူ၏ အေးစက်သော အကြည့်များက ကျန့်ဝူတံခါးဝရှိ လူအုပ်ကို ဝေ့ဝဲကြည့်လိုက်သည်။

သူ၏ နီမြန်းသော နှုတ်ခမ်းများ ပွင့်ဟလာသည်။

“ကျန့်ဝူရဲ့ ကာကွယ်ရေးအစီအရင်က ကုန်ခမ်းသွားပြီ။ ရှင်တို့မှာ တခြားလှည့်ကွက်တွေ ကျန်သေးရင် အခုပဲ သုံးလိုက်ကြတော့။ မဟုတ်ရင်တော့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။”

...

All Chapters