အခြေအနေအား ထိန်းချုပ်ခြင်း
Vol. 8 Ch. 736
ဆူညံပွက်လောရိုက်မှုများအား ထိန်းချုပ်နိုင်ခဲ့သော်လည်း ဒေါသူပုန်ထနေသော ဝိညာဉ်ကျင့်ကြံသူများကို အလွယ်တကူထွက်သွားစေရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။ သူတို့၏ အကြည့်များက ပိုင်ရှောင်ချန်းနှင့် စီမာတာအိုနှင့် စွန်းရီဖန်တို့၏ ပျက်စီးနေသောဆိုင်များအကြားတွင် လူးလာကူးခတ်နေ၏။ ရှင်းလင်းစွာပင် ပိုင်ရှောင်ချန်းသာ ဝင်ရောက်မစွက်ဖက်ခဲ့လျှင် လူအုပ်ကြီးသည် ထိုဆိုင်နှစ်ဆိုင်ကို ဆက်လက်တိုက်ခိုက်နေဦးမည်ဖြစ်သည်။
စိတ်လှုပ်ရှားပြီး အတန်ငယ် အပြင်ရှိသလိုခံစားနေရသည့်တိုင် ပိုင်ရှောင်ချန်းက အော်လိုက်သည်။
" အားလုံးပဲ နားထောင်။ ကျုပ် ပိုင်ဟောက် ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့ ဖြေရှင်းချက် ရစေရမယ်လို့ အာမခံတယ်"
" တာအိုရောင်ရင်းပိုင်၊ ကျုပ်တို့ ဒီနေ့မမှားဘူး။ စီမာတာအိုနဲ့ စွန်းရီဖန်၊ သူတို့မှားတာ "
" အမှန်ပဲ။ အဲဒီအရှက်မရှိတဲ့ ရောင်ရင်းနှစ်ယောက်က ကျုပ်တို့ကို ဝိညာဉ်ဆေးအတုတွေ ရောင်းခဲ့တာ။ ကျုပ်တို့ ဒီကနေ့ သည်းခံခဲ့ရတဲ့ အရှက်တရားကို လက်စားပြန်ချေရမယ် "
" ခင်ဗျား ဒီမှာရှိတာကောင်းတယ် တာအိုရောင်ရင်းပိုင်။ ဒီပြဿနာကို ခင်ဗျားသာ ဖြေရှင်းပေးမယ်ဆိုရင် ခင်ဗျားရဲ့ ဦးဆောင်မှုအတိုင်း ကျုပ်တို့ လိုက်နာပါ့မယ် "
ဆူပူအုံကြွမှုက နေရာကြီးကြီးမားမား မသက်ရောက်ခဲ့သော်လည်း ဤသည်မှာ ဗဟိုဧကရာဇ်မြို့တော်ဖြစ်၍ ဤအတိုင်းသာ အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပွားနေလျှင် တချိန်ချိန်တွင် မြို့စောင့်များ သေချာပေါက်ရောက်လာမည်ဖြစ်ကြောင်း ဝိညာဉ်ကျင့်ကြံသူများအားလုံးသိကြ၏။
သူတို့အားလုံးမှာ စီမာတာအိုနှင့် စွန်းရီဖန်ကို စိတ်တိုနေကြသော်လည်း အံတင်းတင်းသာကြိတ်၍ သူတို့ကိုယ်သူတို့ တည်ငြိမ်နေရန် ဖိအားပေးလိုက်ကြသည်။ တချို့က မြို့စောင့်များ မည်သည့်အတွက်ကြောင့် ရောက်မလာခဲ့သည်ကိုပင် သိချင်နေကြ၏။
မြို့နယ်တိုင်းအား အေးချမ်းတည်ငြိမ်နေရန်အတွက် တာဝန်ရှိသော မြို့စောင့်တပ်ဖွဲ့တစ်ဖွဲ့က ကြီးကြပ်အုပ်ချုပ်လေသည်။ သို့သော် မြို့စောင့်တပ်သားတစ်ယောက်တလေပင် မမြင်ရပေ။
" အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ကျုပ် ပိုင်ဟောက် နဲ့ ကျုပ်ဘေးက တာအိုရောင်ရင်းတွေနဲ့အတူ ခင်ဗျားတို့ဖြေရှင်းချက် ရစေရပါမယ် "
သူက လေးနက်သွားစေရန် သူ့ရင်ဘတ်ကိုပင် တဘုန်းဘုန်းထလိုက်သေးသည်။ သူနှင့်အတူရှိသည့် အခြားဆိုင်ပိုင်ရှင်များနှင့် အလုပ်သမားများသည်လည်း ထိုနည်းတူ ပြုမူလိုက်ကြသည်။
လူအုပ်ကြီး ငြိမ်ကျသွားသည်ကို မြင်ရခြင်းက ပိုင်ရှောင်ချန်းကို အတော်လေး စိတ်သက်သာရာရသွားစေ၏။ သူသည် အကြောင်းကိစ္စများ လွန်ကျူးသွားခဲ့၍ ကံဆိုးမိုးမှောင်ကျခြင်းဖြင့် အဆုံးသတ်မည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ယခု သူသည် စီရင်ချက်ချပေးရန် လူအုပ်ကြီးမျှော်လင့်ထားသည့် လူတစ်ယောက်ဖြစ်လာသည့်အတွက် အထင်နှင့်အမြင်တခြားစီဖြစ်သွားကြောင်း အားရတက်ကြွဖွယ်ရာ တွေ့လိုက်ရသည်။
ထို့နောက် သူက အော်လိုက်သည်။
" တာအိုရောင်ရင်း စီမာ၊ တာအို ရောင်ရင်းစွန်း။ ကျေးဇူးပြုပြီး စကားပြောဖို့ ထွက်လာပေးပါ"
တုံ့ပြန်သည့်အနေဖြင့် စီမာတာအိုနှင့် စွန်းရီဖန်းသည် အရုပ်ဆိုးသောမျက်နှာထားများဖြင့် သူတို့ဆိုင်များ၏ အပျက်အစီးပုံများထဲမှ ထွက်လာကြသည်။ သူတို့နှစ်ယောက်လုံးတွင် နက်နဲသိမ်မွေ့သော ကျင့်ကြံခြင်းအခြေခံရှိပါသော်လည်း ရင်ဆိုင်လိုက်ရသည်မှာ အလွန်စိတ်တိုဒေါသထွက်ကာ မြောက်မြားလှစွာသော ဝိညာဉ်ကျင့်ကြံသူများဖြစ်သည်။ သူတို့နှစ်ယောက်လုံး ပြန်လည်မတုံ့ပြန်နိုင်ခင်မှာပင် သူတို့၏ဆိုင်များ ဖျက်စီးခံလိုက်ရသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးမှာ ရှူးရှူးရှားရှားဒေါသထွက်နေကြသည်သာမက ပိုင်ရှောင်ချန်းကိုလည်း စိန်းစိန်းဝါးဝါး စူးစိုက်ကြည့်နေကြတော့သည်။
" ပိုင်ဟောက် " စီမာတာအိုက ပြောသည်။
" သူတို့ပြောနေတဲ့ ဝိညာဉ်ဆေးက သေချာပေါက် ပြုပြင်ခံထားရတာ။ ငါ့ကို တစ်လုံးသာပေးကြည့်၊ အမှန်တရားပေါ်လာစေရမယ် "
"တကယ့်တရားခံ ဘယ်သူလဲ ဆိုတာကတော့ " စွန်းရီဖန်းက အေးတိအေးစက်ပြော၏။
" မကြာခင် ရှာတွေ့ပြီး လူတိုင်းသိအောင် ကြေညာပေးမယ် "
ဤအောက်လမ်းဆရာနှစ်ယောက်မှာ ပိုင်ရှောင်ချန်းက စစ်ဆေးရန်အတွက် ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ ဤရုတ်ချည်းအဖြစ်အပျက်အလှည့်အပြောင်းက သူတို့ကို မတင်မကျဖြစ်သွားစေသည်။ တချိန်တည်းမှာပင် သူတို့သည် ပိုင်ရှောင်ချန်းက ၄င်းတို့အားလုံး၏နောက်ကွယ်မှ ကြိုးကိုင်နေသူဖြစ်ကြောင်း သံသယမဝင်မိဘဲ မနေတော့ပေ။
သို့ထိတိုင် ထိုသည်က အမှန်ဖြစ်သည့်တိုင် သူတို့သည် ဝိညာဉ်ဆေးများအား မည်ကဲ့သို့နည်းလမ်းဖြင့် ပြောင်းလဲနိုင်ခဲ့သည်ကိုမတွေးတတ်သေးပေ။
သို့သော် သူက ပြောင်းလဲပြင်ဆင်ခဲ့သည်ဖြစ်ရာ မည်သည့်နည်းနှင့်မှ သက်သေမကျန်ဘဲ နေမည်မဟုတ်ပေ။ သူတို့နှစ်ယောက်သည် သဲလွန်စများအား ရှာဖွေနိုင်မည်ဟု သေချာနေသည်။ အကြည့်ချင်း ဖလှယ်လိုက်ြကပြီးနောက် သူတို့နှစ်ယောက်လုံးက ကျိုးဟုန်ရောက်မလာခင်အထိ အချိန်ဆွဲထားရန် အချင်းချင်းညှိလိုက်ကြသည်။
အမှန်တကယ်တော့ သူတို့နှစ်ယောက်လုံးက မတော်တဆမှု စတင်ဖြစ်ပျက်လာသည်နှင့် ကျိုးဟုန်ကို ဆက်သွယ်ခဲ့၏။ ထို့ကြောင့် မြို့စောင့်များ ပေါ်မလာရခြင်းဖြစ်သည်။ အခြေအနေများက ရုတ်တရက် ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့သည်ကို ထောက်ချင့်လျှင် ကျိုးဟုန်က ဆက်လက်၍ ရှုပ်ထွေးမလာစေချင်တော့ပေ။
ပိုင်ရှောင်ချန်းက သူ့တပည့်၏ ဖြတ်ထိုးဉာဏ်ကို လေးစားရင်း မျက်တောင်အနည်းငယ်ခတ်လိုက်သည်။ ယခု သူလုပ်နေသမျှ အရာအားလုံးမှာ ပိုင်ဟောက်၏ အစီအစဉ်အရဖြစ်သည် မဟုတ်ပါလော။ တင်းမာနေသောအခိုက်အတန့်တွင် သူသည် ထိုအစီအစဉ်အတိုင်းသွားရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပြီး ယခု ရလဒ်များကို မြင်ရသောအခါ ၄င်းက သူ့မျက်လုံးများကို ဝင်းလက်သွားစေတော့သည်။
သူသည် ပြုသမျှနုရမည့်အခြေအနေမှ လုံးဝအမိန့်ပေးရသောအခြေအနေသို့ အလျင်အမြန်ရောက်သွားခဲ့သည်။ ထိုမျှသာမက ယခု သူသည် စီမာတာအိုနှင့် စွန်းရီဖန်၏ ဂုဏ်သိက္ခါများကို စကားလုံးတစ်လုံးတည်းနှင့် ဆုံးဖြတ်ရမည့် အခြေအနေသို့ ရောက်ရှိနေသည်။
သူ၏အတွေးရထားက ထိုဘူတာသို့ ဆိုက်ရောက်သော် သူ၏နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် တဒိန်းဒိန်းခုန်လာတော့သည်။ သို့သော် သူသည် မျက်နှာပေါ်တွင် အလွန်တင်းမာသောအမူအရာတစ်ခု ဖမ်းထားသည်။
" တာအိုရောင်ရင်းတို၊့ ခင်ဗျားတို့နှစ်ယောက်လုံးက အောက်လမ်းဆရာတွေမလို့...... ကျုပ် ခင်ဗျားတို့ကို ယုံပါတယ်။ ခင်ဗျားတို့နှစ်ယောက်လို နာမည်ကြီး အောက်လမ်းဆရာတွေ ဖော်စပ်တဲ့ ဝိညာဉ်ဆေးတွေက ဒီလောက် လက်မခံနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်နည်းနဲ့မှ ဖြစ်ပွားစေမှာ မဟုတ်ပါဘူး"
စီမာတာအိုနှင့် စွန်းရီဖန်မှာ ပိုင်ရှောင်ချန်းက သူတို့ဘက်မှ အခိုင်အမာ ရပ်တည်လာခြင်းကြောင့် မသင်္ကာဖွယ်ရာ တစ်ခုခုဖြစ်နေသည့်အလား ချက်ချင်းခံစားလိုက်ကြရသည်။
ပတ်ဝန်းကျင်ရှိ အခြားသော ဝိညာဉ်ကျင့်ကြံသူများ အုတ်အုတ်ကျက်ကျက်ဖြစ်လာပြီး ဒေါသတကြီး အော်ဟစ်လာကြတော့သည်။
" ဒါက ဘာအဓိပ္ပါယ်လဲ တာအိုရောင်ရင်းပိုင် "
" ခင်ဗျားက သူတို့ကို ယုံတာလား။ ကျုပ်တို့က အကြောင်းမရှိဘဲ ပြဿနာလာရှာတာပေါ့လေ"
ပိုင်ရှောင်ချန်းက လူအုပ်ကြီး၏ အော်သံများ ရပ်တန့်စေရန် ချက်ချင်းလက်ကို ဝှေ့ယမ်းလိုက်သည်။
" ကျုပ် ခင်ဗျားတို့တွေကိုလဲ ယုံတယ် " သူက ကျယ်လောင်စွာ ပြော၏။
" ခင်ဗျားတို့လဲ ဒီကို ဘာအကြောင်းမှမရှိဘဲ လာမှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး ကျုပ် ဘယ်လိုဖြစ်ချင်လဲ ပြောခွင့်ပေးပါဦး။ ဒီလိုဖြစ်တာကို ကျုပ်သိပေမယ့် ဘာကြောင့် ဖြစ်လာလဲ ကျုပ် မသိဘူး။ ခင်ဗျားတို့အားလုံးက ဒီမဟာအကြီးအကဲနှစ်ယောက် ဖော်စပ်တဲ့ ဝိညာဉ်ဆေးတွေစားခဲ့လို့ မတော်တဆမှုတွေ ဖြစ်လာခဲ့တယ် ပြောတယ်။ အဲဒီတော့ ကျုပ်စစ်ဆေးလို့ရအောင် တစ်ယောက်ယောက်စီမှာ ဝိညာဉ်ဆေးတစ်လုံးလောက်များ ရှိမလား "
သူ၏စကားလုံးများက လူအုပ်ကြီးကို တခဏကြာ ငြိမ်သက်သွားစေပုံရ၏။ ထို့နောက် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ယောက်က အေးစက်စက်နှာမှုတ်ပြီး အဆင့်မြင့်ဝိညာဉ်ဆေးတစ်လုံးပစ်ပေးလိုက်သည်။
ပိုင်ရှောင်ချန်းက လက်ဖြင့်ဖမ်းယူပြီးနောက် စစ်ဆေးရန် ငုံကြည့်လိုက်သည်။ တခဏကြာပြီးနောက် သူက မျက်မှောင်ကြုတ်ပြီး စီမာတာအိုနှင့် စွန်းရီဖန်ကို မော့ကြည့်လိုက်သည်။
" တာအိုရောင်ရင်းတို့ ခင်ဗျားတို့နှစ်ယောက်လုံးက အောက်လမ်းပညာရပ်မှာ ကျုပ်ထက် သေချာပေါက်အဆင့်မြင့်ပါတယ်။ ကျုပ်ရဲ့ မသိနားမလည်မှုအတွက် ခွင့်လွှတ်ဖို့ တောင်းဆိုပေမယ့် ကျုပ်တော့ ပြင်ဆင်ထားတဲ့ လက္ခဏာ ဘာတစ်ခုကိုမှ မမြင်မိပါဘူး "
ထို့နောက် သူက စီမာတာအိုထံ ဝိညာဉ်ဆေးကိုကမ်းပေးလိုက်သည်။
စီမာတာအို စိတ်ထဲတွင် အေးစက်စက်နှာမှုတ်ရင်း ဝိညာဉ်ဆေးကို လှမ်းယူလိုက်သည်။ စောစောက ကပ်ဘေး၏အကြောင်းရင်းက သူ၏ဝိညာဉ်ဆေးကြောင့်ဖြစ်ကြောင်း သူ ကြားခဲ့သော်လည်း ထိုပြဿနာဝိညာဉ်ဆေးများကို သူ တစ်ခါမှ မကြည့်မိခဲ့ပေ။
၄င်းကို ယူပြီးနောက် သူက မျက်လုံးများဝင်းပလျက် အနီးကပ် စစ်ဆေးကြည့်လိုက်သည်။ သို့သော် အချိန်များတရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ သူ၏မျက်လုံးများ ပြူးကျယ်လာပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူက အလွန်နှံ့စပ်သောစစ်ဆေးမှုတစ်ခုဆောင်ရွက်ရန် မန္တန်လက်ကွက်တစ်ကွက်ဖော်၍ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ဆင့်ခေါ်လိုက်သည်။ သို့သော် ထိုအရာအားလုံးပြီးသည့်နောက်မှာပင် ဝိညာဉ်ဆေး၏ ပြဿနာဖြစ်နေသော မည်သည့်နေရာက်ိုမှ ရှာဖွေနိုင်စွမ်းမရှိပေ။ မကြာမီ သူ့နဖူးတွင် ချွေးသီးများ ဘူးသီးလောက် ထွက်လာတော့သည်။
ထိုမျှသာမက ဤဝိညာဉ်ဆေးသည် သူ့လက်ထွက်ပစ္စည်းဖြစ်ကြောင်း ပြောနိုင်၏။ သူမည်မျှကြည့်စေကာမူ ပြင်ဆင်ထားသည့်အရိပ်အယောင်တစ်ခုကိုမှ မရှာနိုင်ပေ။ တဖြည်းဖြည်း သူ မောဟိုက်နွမ်းနယ်လာပြီး သူ့နှလုံးသားထဲတွင် ဆိုးဝါးသော မြင်ကွင်းတစ်ခုကို မြင်ယောင်လာမိသောကြောင့် တုန်ရီလာတော့သည်။
စီမာတာအို၏ အပြုအမူက စွန်းရီဖန်ကိုလည်း စိတ်လှုပ်ရှားသွားစေ၏။ အဆုံးသတ်တွင် သူက ဝိညာဉ်ဆေးကိုဆွဲယူပြီး သူ၏ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြု၍ စစ်ဆေးလိုက်သည်။ မကြာမီ သူ၏မျက်နှာသည် စီမာတာအိုနည်းတူ ဖြူဖပ်ဖြူလျော်ဖြစ်လာပြီး သူ့မျက်လုံးများထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ အထင်းသား ထွက်ပေါ်လာသည်။
" မဖြစ်နိုင်တာ " စွန်းရီဖန်းက တွေးလိုက်သည်။
" ဒီဝိညာဉ်ဆေးက တကယ်ပဲ စီမာတာအိုဖော်စပ်ထားတာ။ ဒါပေမဲ့ ငါမူမမှန်တာ တစ်ခုမှမတွေ့ဘူး။ အထဲမှာ ဝိညာဉ်စွမ်းအားတွေများပြီး လုံးဝတည်ငြိမ်ပုံရတာပဲ။ ဒါက သာမန်ဝိညာဉ်ဆေးတစ်လုံးလို့ မပြောစမ်းနဲ့။ သူတို့က ငါတို့ကို အရူးလုပ်ဖို့ တမင်သုံးနေကြတာများလား "
သူ၏အတွေးစများက ထိုနေရာသို့ရောက်သော် စွန်းရီဖန်က စကားပြောရန် ပြင်လိုက်သော်လည်း ပိုင်ရှောင်ချန်းက ကြားဖြတ်ပြောလိုက်သည်။
" တာအိုရောင်ရင်းတို့ အဲဒီ ဝိညာဉ်ဆေးနဲ့ ပတ်သက်ပြီး မူမမှန်တာတစ်ခုမှ မတွေ့သလို အတုဖြစ်ကြောင်း သဲလွန်စ တစ်ခုမှလဲ ကျုပ်မတွေ့ဘူး။ အမှန်က ဒါက သာမန်ဝိညာဉ်ဆေးတစ်လုံးလို့ပဲ ကျုပ် သံသယရှိမိတယ်။ ကျုပ်တို့ စစ်ဆေးမှုတစ်ခုလုပ်သင့်တယ် ထင်တယ်"
သူ၏စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် စွန်းရီဖန်က သဘောတူလိုက်၏။
" ဟုတ်တယ် ဒီဆေးက သေချာပေါက် အတုမဟုတ်ဘူး"
စီမာတာအို၏မျက်လုံးများ ဝင်းလက်သွားသည်။ သူသည် သူဖော်စပ်ခဲ့သော ဝိညာဉ်ဆေးက သူပင်ပြောနိုင်စွမ်းမရှိဘဲ ပြောင်းလဲခံရနိုင်သည်ကို မယုံကြည်နိုင်ပေ။ ထိုကဲ့သို့အရာမျိုး လုပ်နိုင်သည့် တစ်ဦးတည်းသောလူမှာ လောကဓာတ်အောက်လမ်းဆရာတစ်ယောက်သာ ဖြစ်နိုင်လောက်သည်။ သို့သော် လောကဓာတ်အောက်လမ်းဆရာတစ်ယောက်က သူ့ကို ပြဿနာတကယ် ရှာချင်လျှင်......ဤသို့ ရှုပ်ထွေးသောနည်းလမ်းတစ်ခုကို သုံးစရာလိုမည်မဟုတ်ပေ။ လောကဓာတ်အောက်လမ်းဆရာတစ်ယောက်သည် သူ့ကို စကားတစ်ခွန်းတည်းဖြင့် ဗဟိုဧကရာဇ်မြို့တော်မှ နှင်ထုတ်နိုင်၏။
ခေါင်းထဲတွင် ထိုအတွေးများဖြင့် သူက ဝိညာဉ်ဆေးကို နောက်တစ်ခေါက်ကြည့်ပြီးနောက် သူ့ဆိုင်၏စာရေးတစ်ယောက်ဖြစ်သော သောကကင်းဝေးကိုးသွယ်မြို့တော်မှ သူနှင့်အတူခေါ်လာခဲ့သော လူငယ်တစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။
" မင်းစမ်းကြည့်"
စာရေးက တခဏ ချီတုံချတုံဖြစ်သွားပြီးနောက် ရှေ့ကိုလျှောက်လာ၍ ဝိညာဉ်ဆေးကို ယူလိုက်သည်။ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး ဆေးမှ ဝိညာဉ်
စွမ်းအားများကို စတင်စုပ်ယူလိုက်သည်။
လူပေါင်းများစွာက သူ့ကို အနီးကပ်စောင့်ကြည့်နေ၍ မည်သည့်နည်းနှင့်မှ သူ မလှိမ့်တပတ်လုပ်နိုင်မည် မဟုတ်ပေ။ လူတိုင်းသည် မည်သို့ ဖြစ်ပျက်လာမည်ကို ကြည့်ရန် စောင့်နေကြသည်။ မကြာခင်စာရေး၏မျက်လုံးများ ပွင့်လာပြီး ဝိညာဉ်ဆေးမှာ လုံးဝစုပ်ယူခံလိုက်ရလေပြီ။ သူ ထရပ်လိုက်သည်တွင် လုံးဝပုံမှန်အတိုင်း ဖြစ်ပုံပေါ်သဖြင့် စီမာတာအိုမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့သည်။ ထို့နောက် သူ စကားပြောရန် ပါးစပ်ဟလိုက်ချိန်မှာပင် ရုတ်တရက် ဘူခနဲ အသံကျယ်ကြီးနှင့်အတူရွံစရာကောင်းသော အနံ့အသက်ကြီးတစ်ခု ထွက်လာတော့သည်။
စောစောက ဆေးဒဏ်ခံခဲ့ရသော ရှိသမျှ ဝိညာဉ်ကျင့်ကြံသူများအားလုံး ဒေါသတကြီးဟိန်းဟောက် ပေါက်ကွဲကုန်တော့သည်။
" ဒီတော့ ဒီဝိညာဉ်ဆေးက ချို့ယွင်းနေတာပဲ။ ခင်ဗျား ဘာပြောမလဲ ဟမ် စီမာတာအို "
" စွန်းရီဖန်၊ ခင်ဗျားကော သူကော တော်တော် တရားလွန်သွားပြီ "
" မဖြစ်နိုင်ဘူး "
စီမာတာအိုမှာ မျက်နှာသွေးဆုပ်လျက် နောက်သို့ ယိမ်းယိုင်သွားရင်း လွှတ်ခနဲ ပြောလိုက်သည်။
" ဒါ မဖြစ်နိုင်ဘူး။ ငါကိုယ်တိုင် စစ်ဆေးခဲ့တာ။ ဘာပြဿနာမှ မရှိဘူး "
သို့သော် သူက သူ့ကိုယ်သူ မည်သို့ခုခံရန် မသိတော့၍ ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။
စွန်းရီဖန်မှာ တစ်ကိုယ်လုံးတုန်ရီနေပြီး ကစားပွဲပြီးသွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူနှင့် စီမာတာအိုကား မရှုမလှ ရှုံးနိမ့်သွားခဲ့လေပြီ။ သူတို့၏ ဝိညာဉ်ဆေးမှာ အမှန်တကယ် ချွတ်ယွင်းနေတော့သည်။
ပိုင်ရှောင်ချန်းက ပြောစရာစကားမရှိတော့သည့်အသွင်ဖြင့် တိတ်ဆိတ်စွာ ခေါင်းကို ခါရမ်းလိုက်သည်။ အခြားဆိုင်ပိုင်ရှင်များနှင့်စာရေးများမှာမူ အားလုံး သက်ပြင်းချလာကြတော့သည်။
လူအုပ်ကြီးထဲမှ အော်ဟစ်သံများ ပို၍ပြင်းထန်လာတော့၏။
"ကောင်းပြီ။ စီမာတာအိုနဲ့ စွန်းရီဖန်၊ ကျုပ်တို့မှာ အခုသက်သေရှိပြီ။ ခင်ဗျားတို့ ဒါတွေအားလုံးအတွက် ကျုပ်တို့ကို အလျော်ပေးတာ ကောင်းမယ် "
" ကျုပ်တို့ကို လျော်ကြေးပေးနော်။ မဟုတ်ရင် ခင်ဗျားတို့ ဗဟိုဧကရာဇ်ဆီက အကူအညီတောင်းရင်တောင်မှ အလွတ်မပေးဘူး "
" ဒီဇာတ်လမ်းပျံ့နှံ့သွားတာနဲ့ မြေရိုင်းဒေသက လူတိုင်း စီမာတာအိုနဲ့ စွန်းရီဖန်တို့ ဘယ်လောက်ယုတ်မာတဲ့အကြောင်း သိသွားမှာ "
စီမာတာအိုနှင့် စွန်းရီဖန်တို့ အလွန်စိတ်လှုပ်ရှားနေသည့်အတွက် ချွေးများတဖြိုက်ဖြိုက်စီးကျနေစဉ် ရုတ်တရက် တင်းမာခက်ထန်သောအသံတစ်သံက လူအုပ်ကြီး၏အော်ဟစ်သံများကို တိခနဲ ဖြတ်တောက်၍ ထွက်ပေါ်လာတော့သည်။
" ကျုပ် ကျိုးဟုန် အလျော်ပေးမယ် "