လူကောင်းတွေက ခရီးပိုတွင်တယ်
Vol. 8 Ch. 737
ထိုစကားသံနှင့်အတူ အလင်းတန်းတစ်တန်းမှာ လေကိုခွင်း၍ ထွက်လာသည်။ ၎င်းမှာ သောကကင်းဝေးကိုးသွယ်မြို့မှ အမွေဆက်ခံသူဖြစ်သည့် ကျိုးဟုန်ပင်ဖြစ်သည်။ ထို့အပြင် သူသည် တစ်ယောက်ထဲမဟုတ်ပေ။ သူ၏ဘေးနှစ်ဖက်တွင် နောက်လိုက်ဒါဇင်ပေါင်းများစွာနှင့် အနက်ရောင်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် ကျင့်ကြံသူ ရာနှင့်ချီ၍ပါသည့် လူအုပ်ကြီးတစ်ခု ရှိနေသည်။
ထိုအနက်ရောင် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် ဝိညာဥ်ကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာ အသက်မဲ့နေပြီး လူတိုင်းကို လျစ်လျူရှုကာ လူစုခွဲသွားကြပြီး မန္တန်လက်ကွက်များဖော်၍ မန္တန်အစီအရင်တစ်ခု တည်ဆောက်လိုက်ကြတော့သည်။
ထို မန္တန်အစီအရင် ပေါ်ထွက်လာသည်နှင့် ကြီးမားသောဆွဲငင်အားတစ်ခု ပေါ်ထွက်လာပြီး ၎င်းမှာ ထိုနေရာတစ်ဝိုက်ရှိ အနံ့ဆိုးရှိသောအငွေ့များကို ချက်ချင်းပင် စုပ်ယူသွားတော့သည်။
ထိုအငွေ့အသက်များ ပျောက်ကွယ်သွားသည့် မြင်ကွင်းကြောင့် ထိုနေရာရှိ အခြားဝိညာဥ်ကျင့်ကြံသူများမှာ တအံ့တသြ ဖြစ်ကုန်ကြတော့သည်။
" သောကကင်းဝေးကိုးသွယ်မြို့က အမွေဆက်ခံသူ မင်းသားပါလား "
" ကျိုးဟုန်ပဲ "
အမှန်တကယ်တော့ ကျိုးဟုန်မှာ အလွန်စိုးရိမ်ထိတ်လန့်နေသည်။ ဗဟိုဧကရာဇ်မြို့တော်အတွင်းရှိ အသေးငယ်ဆုံးသော ဖြစ်ရပ်ကလေးတစ်ခုမှာ ပြင်ပလောကအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိစေနိုင်သည်။ သူသည် အမွေဆက်ခံရမည့်သူ ဖြစ်ပါသော်လည်း ပေါ့ပေါ့ဆဆ နေသင့်သည်တော့ မဟုတ်ပေ။ ကောင်းကင်ဘုရင်လေးပါး အကြားရှိ ဆက်ဆံရေးမှာ လတ်တလောတွင် ကောင်းမွန်သည့်အနေအထားတွင် ရှိမနေသည် မဟုတ်ပါလော။
ယခုဖြစ်ပျက်နေသည့် ကိစ္စရပ်များအတွက် စီမာတာအိုနှင့် စွန်းရီဖန်တို့ တကယ်တာဝန်ရှိ၊ မရှိဆိုသည့်အချက်မှာ အရေးမကြီးပေ။ ထိုဝိညာဥ်ဆေးလုံးများအပေါ်တွင် သူတို့၏ အမှတ်အသားများရှိနေသဖြင့် ဤအခြေအနေမှ သူတို့ ရုန်းထွက်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ကျိုးဟုန်လည်း ရုန်းထွက်နိုင်မည်မဟုတ်။ အမှန်မှာ ကျိုးဟုန်သည် ဤကိစ္စများ ထိန်းချုပ်၍မရတော့လောက်သည်အထိ ဖြစ်သွားမည်ကို ပိုင်ရှောင်ချန်းထက်ပင် ပို၍ စိုးရိမ်နေသည်။
ယခုသူရောက်နေသည်မှာ ဗဟိုဧကရာဇ်မြို့တော် မဟုတ်ပါလော။
သူက စိုးရိမ်လွန်းနေသဖြင့် အကူအညီအချို့တောင်းကာ ဤကိစ္စထဲတွင် မြို့စောင့်တပ်များ ဝင်မပါစေရန် တားဆီးခဲ့သည်။ သူတို့သာ ဝင်ပါလာပါက ဤဖြစ်ရပ်ကို အထက်သို့ အကြောင်းပြန်ကြမည်မှာ အမှန်ပင် မဟုတ်လော။
အကြောင်းမပြန်လျှင် ဤကိစ္စမှာ လူမသိ သူမသိ ပြီးသွားမည်ဟု ထထစ်ချ မပြောနိုင်ပေ။ သို့သော် အကယ်၍တစ်ယောက်ယောက်သာ အကြောင်းပြန်လိုက်ပြီဆိုပါက အထက်မှ လုပ်ရိုးလုပ်စဥ်များအတိုင်း ဆောင်ရွက်ရမည်သာ ဖြစ်သည်။
မြို့တော်အစောင့်များကို လှုပ်ရှားမှု မလုပ်စေရန် ခေတ္တမျှ စောင့်ဆိုင်းထားခိုင်းလိုက်ပြီး ကျိုးဟုန်မှာ သူ့ခမည်းတော်၏ ကိုယ်ပိုင်အစောင့်များနှင့် ရောက်လာပြီး မန္တန်အစီအရင်တစ်ခုကိုသုံးကာ အငွေ့ဆိုးကြီးများကို ဖယ်ရှားစေလိုက်သည်။
အချိန်တိုအတွင်း ဖြေရှင်းရမည့် ကိစ္စ အများအပြားရှိနေပြီး သူသည် လက်ရှိအခြေအနေကြောင့် အလွန်စိတ်ပျက်နေရသည်။ သို့သော် သူ မည်သို့မျှ မတတ်နိုင်ပေ။ ဤနေရာသို့ ရောက်လာသည့်နှင့် သူသည် ချက်ချင်း ကြေငြာလိုက်လေသည်။
" ဒါတွေအားလုံး ဘယ်လိုစဖြစ်လဲဆိုတာ အရေးမကြီးပါဘူး။ အမှားအယွင်းတစ်ခုပဲ နေမှာပါ။ စိတ်မပူကြပါနဲ့။ ခင်ဗျားတို့အားလုံး စိတ်ကျေနပ်ရလောက်အောင် ကျွန်တော် နစ်နာကြေးပြန်ပေးပါ့မယ် "
ထိုအခါ သူ၏နောက်လိုက်များမှာ ချက်ချင်းပင် လူစုခွဲသွားကြပြီး ကိစ္စအဝဝကို ဖြေရှင်းလိုက်တော့သည်။
ဝိညာဥ်ဆေးလုံး၏ ဒဏ်ကိုတိုက်ရိုက်ခံခဲ့ရသူများကို နစ်နာကြေး မြိုးမြိုးမြက်မြက်ပေးလိုက်ကြသဖြင့် သူတို့မှာ အမြတ်ထွက်သွားကြတော့သည်။ ထို့အပြင် ဤသို့ အခကြေးငွေ အမြောက်အမြားပေးနေရခြင်းမှာ သူတို့ကို ဤကိစ္စနှင့်ပတ်သတ်၍ စကားတစ်ခွန်းမှ ထပ်မဟစေလိုသည့် အဓိပ္ပါယ်သက်ရောက်နေကြောင်း သူတို့က သိသည်။
ဤဖြစ်ရပ်ဆိုးကြီးကြောင့် ထိခိုက်ခဲ့ရသည့် အခြားဝိညာဥ်ကျင့်ကြံသူများကိုလည်း နစ်နာကြေးများ ပေးလိုက်လေသည်။ သူတို့ရရှိသော ပမာဏမှာ အဓိကနစ်နာခဲ့ရသူများထက် နည်းသော်လည်း သူတို့အားလုံးမှာ ကျေနပ်သွားကြသည်။ ကျိုးဟုန်မှာမူ သူ၏အိတ်ထဲမှ အများအပြား စိုက်ထုတ်ရလိုက်သည်ကို မနှစ်မြို့သော်လည်း အခြားရွေးချယ်စရာ မရှိပေ။
ပိုင်ရှောင်ချန်းမှာ မျက်လုံးမှေးကြီးများဖြင့် ကြည့်ကာ ကိစ္စအဝဝကို အလျင်အမြန် ဖြေရှင်းနိုင်လိုက်သည့် ကျိုးဟုန်ကို လေးစားနေတော့သည်။ ပြဿနာအကြီးကြီးတစ်ခု ဖြစ်လာမည်ကို ကျိုးဟုန်မှာ သူ့ထက်ပိုကြောက်နေသည့်ပုံ ပေါ်နေသည်။
လူတိုင်းမှာ သူတို့ရရှိသည့် နစ်နာကြေးများကြောင့် အလွန်ပျော်ရွှင်နေကြစဥ် ပိုင်ရှောင်ချန်းမှာ အတွေးများထဲတွင် တစ်ခဏမျှနစ်မျောနေပြီးနောက် ချောင်းဟန့်လိုက်ကာ လေသံတိုးတိုးနှင့် သူ၏နောက်ဘက်ရှိ ဆိုင်ပိုင်ရှင်များကို သွေးထိုးစကားဆိုလိုက်တော့သည်။
" ငါတို့ဆိုင်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတာဟေ့ "
ထိုအခါ ဆိုင်ပိုင်ရှင်များမှာ စတင် ညည်းညူလာကြပြီး အသံကျယ်ကြီးများဖြင့် စောဒက တက်လာကြတော့သည်။ ကျိုးဟုန်မှာ နှလုံးသားထဲမှ သွေးများတစိမ့်စိမ့် ထွက်နေသည့်အလား သူ၏ စိတ်ကိုမနည်းထိန်းထားရသည်။ သူက အံကြိတ်ကာ လက်ကိုဝှေ့ယမ်းလိုက်ပြီး ပိုင်ရှောင်ချန်းနှင့် သူ၏အဖွဲ့ထံသို့ လူတစ်ယောက်စေလွှတ်၍ ဤကိစ္စအကြောင်းကို ဆွေးနွေးခိုင်းလိုက်သည်။ မကြာမီတွင် ပိုင်ရှောင်ချန်းကို အိတ်တစ်လုံး ပေးအပ်လိုက်လေသည်။
ယခုတွင် လူတိုင်းမှာ ကျေနပ်သွားပြီဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။ လူတိုင်းမှာ ဆိုးဆိုးရွားရွား ထိခိုက်နစ်နာသွားကြရသဖြင့် သူသည် သူ၏ဝေစုကို ခွဲယူကာ ဝိညာဥ်ဆေးလုံး၏ဒဏ်အား တိုက်ရိုက်ခံစားခဲ့ရသည့် လူများကို မျှဝေပေးလိုက်သဖြင့် သူ၏နာမည်ကို တလေးတစား အော်ခေါ်နေသည့် လူများမှာ ပိုမိုများပြားလာတော့သည်။
လူအုပ်ထဲရှိ လူအားလုံး၏ အပြုံးများကြောင့် ကျိုးဟုန်၏ နှလုံးသားမှာ ဓားနှင့်အထိုးခံထားရသည့်အလား တဆစ်ဆစ် နာကျည်းနေဆဲ။ ပိုင်ရှောင်ချန်းကို ယုတ်မာရန် စီစဥ်ခဲ့သည့် ဤအစီအစဥ်ကလေးမှာ မအောင်မြင်ခဲ့ရုံသာမက သူ့ဘက်မှ များစွာ အထိနာခဲ့ရသသည်။
" ထားပါတော့ အနည်းဆုံး ပြဿနာတွေ ပြေလည်သွားပြီပဲ.. " သူက သူ့ကိုယ်သူနှစ်သိမ့်သည်အနေဖြင့် ရေရွတ်လိုက်သည်။ သူသည် ထိုလူအုပ်ကြီးကို စကားပြောရန် ပါးစပ်ဟလိုက်ချိန်မှာပင် နစ်နာကြေးရရှိခဲ့သည့် ဝိညာဥ်ကျင့်ကြံသူအားလုံးမှာ ပိုင်ရှောင်ချန်းထံသို့ပြေးသွားပြီး လက်များယှက်လိုက်ကြသည်ကို မြင်လိုက်ရသည်။
" မဟာသခင်ပိုင်၊ တရားမျှတမှုဘက်မှာ ရပ်တည်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ် "
" မဟာသခင်ပိုင်၊ ခင်ဗျားက လူကောင်းတစ်ယောက်ပါပဲ "
" ခင်ဗျားရဲ့ဒီနေ့လုပ်ရပ်ကြောင့် ကျုပ်ခင်ဗျားအပေါ် ကျေးဇူးကြွေးတင်သွားပြီ တာအိုရောင်းရင်းပိုင်ရေ "
သူတို့သာလျှင် ထိုသို့ပြုမူနေကြသည်မဟုတ်။ ဆိုင်ပိုင်ရှင်များကပါ လက်ယှက်၍ ကျေးဇူးစကားများ ဆိုနေကြသည်။ ပိုင်ရှောင်ချန်းမှာ စိတ်နှလုံးလှုပ်ရှားသွားသဖြင့် သူ၏ဈေးဆိုင်သို့ နောက်တစ်ခေါက်လာပါက လျှော့ဈေးများပေးမည်ဖြစ်ကြောင်း လူတိုင်းအားကြေငြာလိုက်သောအခါ သူတို့မှာ ပို၍ပင် ပျော်ရွှင်ကုန်ကြတော့သည်။
ကျိုးဟုန်မှာ နစ်နာကြေးများကို စိုက်ထုတ်ပေးခဲ့ရသူဖြစ်သော်လည်း လူတိုင်း ကျေးဇူးတင်နေသည့်လူမှာ ပိုင်ရှောင်ချန်းဖြစ်နေသည်။ ထိုအချင်းအရာကြောင့် ကျိုးဟုန်မှာ အတွေးများပင် ဂယောင်ခြောက်ခြားဖြစ်ပြီး သူ၏ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။ ပိုင်ရှောင်ချန်းကို သူ၏နှလုံးသားထဲတွင် အလွန်မုန်းတီးသွားတော့သည်။
သို့သော်လည်း သူသည် ထိုအမုန်းတရားများကို မျိုသိပ်ထားရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။ သူ ပြဿနာထပ်မတက်ချင်တော့ပြီ မဟုတ်ပါလော။ အချိန် အတော်အတန် ကြာပြီးနောက် သူ ထွက်ခွာသွားတော့သည်။ ထို့ကြောင့် အနံ့ဆိုးဓာတ်ငွေ့ကြီးနှင့် ပတ်သတ်သည့်ကိစ္စမှာ ပြီးဆုံးသွားတော့သည်။
ပိုင်ရှောင်ချန်းမှာ လက်နောက်ပစ်၍ တဖြည်းဖြည်း ကျဲကျဲသွားသည့် လူအုပ်ကြီးကို ကြည့်နေတော့သည်။ ထို့နောက် သူ့ကိုယ်သူအလွန်အမင်း ကျေနပ်သွားပြီး ဆိုင်ထဲသို့ပြန်ဝင်ကာ သူ့တပည့်၏ အကြံအစည်မှာ အလုပ်ဖြစ်ကြောင်းတွေး၍ ပျော်ရွှင်နေလေ၏။
" လှလိုက်တဲ့ ပွဲသိမ်းတိုက်ကွက် "
သူက အားပါးတရ ရယ်မောကာ ပိုင်ဟောက်ကို ချီးကျူးသည့်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ပိုင်ဟောက်မှာ အနေရခက်ပြီး တချိန်ထဲတွင်ပင် ဝမ်းသာကျေနပ်နေတော့သည်။ သူ၏ ဆရာမှာ သူ့တွင်ရှိသည့် တစ်ဦးထဲသော မိသားစုဝင်ဖြစ်ရာ ပိုင်ရှောင်ချန်း၏ အသိအမှတ်ပြုမှုကြောင့် ပိုင်ဟောင်မှာ အလွန်ဝမ်းမြောက်နေရသသည်။
ပိုင်ရှောင်ချန်းမှာ အချိန်အနည်းငယ်ကြာအောင် ကြွားဝါသည့်စကားများကို ဆိုလိုက်ပြီးနောက် ပြဿနာမတက်ရုံသာမက အမြတ်အနည်းငယ်ပါ ထွက်သွားခဲ့ရသည့်အတွက် ကျေနပ်စွာဖြင့် နောက်အခန်းထဲသို့ ဝင်သွားတော့သည်။
သူသည် အောင်မြင်မှုအရသာကို စားမြုံပြန်ကာ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်၏ ဖော်စပ်နည်းကိုထုတ်ယူလိုက်ပြီး ဆက်၍လေ့လာလိုက်တော့သည်။
သုံးရက်ဆိုသောအချိန်မှာ တစ်ခဏအတွင်း ပြီးဆုံးသွားသည်။ ထိုအတောအတွင်း ကျိုးဟုန်မှာ အကျိုးဆက်များကို ဖြေရှင်းနေသဖြင့် မောပန်းနွမ်းနယ်နေရတော့သည်။ သူသည် လာဘ်ထိုးမှု များစွာပြုလုပ်နေရပြီး ပြဿနာအမျိုးမျိုးကို ရှင်းနေရသည်။ အရာအားလုံး ပြီးစီးသွားသောအခါ သူ့အား မည်သူမှ မေးခွန်းများ လာမမေးကြပေ။
တတိယမြောက်နေ့၏ ညနေခင်းတွင် သူသည် စီမာတာအိုနှင့် စွန်းရီဖန်တို့ကို ခေါ်ကာ ဆွေးနွေးလိုက်တော့သည်။ သူတို့သုံးယောက်မှာ တံခါးပိတ်အခန်းတစ်ခန်းထဲသို့ ရောက်သွားသောအခါ ကျိုးဟုန်က တင်းမာနေသည့်လေသံဖြင့် မေးလိုက်တော့သည်။
" ဘာဖြစ်ခဲ့သလဲဆိုတာ မင်းတို့သိလား။ တရားခံကရော ပိုင်ဟောက်လား "
စီမာတာအိုနှင့် စွန်းရီဖန်တို့မှာ အစတွင် မည်သည့်စကားမှ မပြောပေ။ အနည်းငယ်ကြာသွားသောအခါမှ စီမာတာအိုမှာ အားတင်းကာ နာနာကျည်းကျည်းနှင့် ဖြေလိုက်လေသည်။
" ကျုပ်တို့နှစ်ယောက်လုံး ရှိသမျှ နည်းအကုန်သုံးပြီးသွားပြီ။ ကျုပ်တို့နဲ့သိတဲ့ မိတ်ဆွေတွေထဲက ကျွမ်းကျင်တဲ့သူတွေကိုတောင် အကူအညီတောင်းခဲ့သေးတယ်။ အဲဒီဝိညာဥ်ဆေးလုံးတွေကို ပြုပြင်ထားတဲ့ အစအန တစ်ခုတစ်လေတောင် ရှာမတွေ့ဘူး "
" ဘာအစအနမှကို မတွေ့တာလား "
ကျိုးဟုန်က ဒေါသတကြီး ပြန်မေးလိုက်သည်။
" အဲဒါဆို ဘာဖြစ်တာတုံးကွ။ မဟုတ်မှလွဲရော တရားခံက တကယ်ပဲ ခင်ဗျားတို့နှစ်ယောက်လား "
သူသည် ရိုသေ မနေတော့ပေ။ ပုံမှန်ဆိုလျှင် အကယ်၍သူသာ ဤလေသံနှင့် ပြောဆိုဆက်ဆံနေပါက စီမာတာအိုမှာ ကျေနပ်မည်မဟုတ်ပဲ ချက်ချင်းပြန်၍ အပြစ်တင်စကား ပြောမည်သာဖြစ်သည်။ သူသည် သောကကင်းဝေးကိုးသွယ်ဘုရင်၏ ရိုးရိုးအကြံပေးတစ်ယောက်မဟုတ်ပဲ သောကကင်းဝေးကိုးသွယ်မြို့ရှိ စီမာမျိုးနွယ်စု၏ မဟာအကြီးအကဲတစ်ယောက် မဟုတ်ပါလော။
စွန်းရီဖန်ဆိုလျှင်ပင် အေးစက်စက်နှာမှုတ်ရုံသာ တုံ့ပြန်သည်။ သူသည် ဝိညာဥ်ခရီးဘုရင်၏ အဆင့်မြင့် အကြံပေးတစ်ယောက်ဖြစ်သဖြင့် သောကကင်းဝေးကိုးသွယ်မြို့မှ မင်းသားတစ်ယောက်ကို ဆူပူကြိမ်းမောင်းခွင့် အပြည့်ရှိသည် မဟုတ်ပါလော။
သို့သော် လက်ရှိတွင်မူ သူတို့နှစ်ယောက်စလုံးမှာ ဤအမူအရာကို သည်းခံရုံမှတစ်ပါး အခြားမရှိပေ။
စီမာတာအိုမှာ စကားလုံးများသေချာရွေးချယ်၍ ဆိုလိုက်လေသည်။
" ဝိညာဥ်ဆေးလုံးကို ပြုပြင်မွမ်းမံပြီး သက်သေအထောက်အထား နည်းနည်းလေးတောင် မကျန်အောင်လုပ်ဖို့က ငါတို့နှစ်ယောက်စလုံး တစ်ခါမှ မကြားဖူး မမြင်ဖူးတဲ့ အောက်လမ်းအတတ်ပညာတစ်ခုပဲ။ အဲဒီလိုမျိုး လုပ်နိုင်ဖို့ဆိုရင် ဒဏ္ဍာရီလာ လျှို့ဝှက်မှော်အတတ်တစ်မျိုးမျိုးကို သုံးမှ ရမှာပဲ "
" ဝိညာဥ်ဆေးလုံးကနေ ဘာအချက်အလက်မှ မသိခဲ့ရပေမဲ့ "
စွန်းရီဖန်က အံကြိတ်ကာ ဖြည့်စွက်ပြောလိုက်သည်။
" အခြား သဲလွန်စတစ်ခုတော့ ရခဲ့တယ်။ အခုပြဿနာမှာ ပါဝင်နေတဲ့ ဝိညာဥ်ဆေးလုံးတွေအားလုံးက ငါတို့ဆိုင်ကနေ ဝယ်ယူခဲ့တာတွေချည်းပဲ။ အစ်ကိုစီမာနဲ့ငါတို့ စာရင်းတွေပြန်စစ်ကြည့်တော့ ပြီးခဲ့တဲ့ လတုံးက သံသယရှိစရာကောင်းတဲ့ ဖောက်သည်အနည်းငယ် တွေ့ခဲ့ရတယ်။ "
သူသည် မုန်းတီးမှုများကြောင့် အရိုးများပင် တဆစ်ဆစ်ကိုက်ခဲနေရတော့သည်။ ထိုသို့ဆိုလိုက်ပြီး သူက ကျောက်စိမ်းပေလွှာတစ်ခုကိုထုတ်ကာ ကျိုးဟုန်ကို ပေးလိုက်လေသည်။
ကျိုးဟုန်၏ မျက်လုံးများမှာ အရောင်လက်သွားပြီး သူက ထိုပေလွှာကိုယူကာ ကြည့်ရှုစစ်ဆေးလိုက်တော့သည်။ ထို့နောက် သူက မတ်တတ်ထရပ်လိုက်ပြီး အမျိုးမျိုးသော စီစဥ်မှုများပြုလုပ်ရန် ထွက်ခွာသွားလေ၏။ ခဏအကြာတွင် သောကကင်းဝေးကိုးသွယ်မြို့မှ အမွေဆက်ခံသူ၏ အာဏာအကုန်ကိုသုံးကာ ကြီးမားသော စုံစမ်းစစ်ဆေးမှုကြီးတစ်ခုကို ဆောင်ရွက်လိုက်ကြတော့သည်။ နောက်ရက်အနည်းငယ်အတွင်း သဲလွန်စများမှာ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
ထိုဆေးလုံးများကို ဝယ်ယူခဲ့သည့် သံသယရှိစရာကောင်းသော ဖောက်သည်များမှာ ရုပ်ဖျက်ထားကြပါသော်လည်း ကျိုးဟုန်၏ စက်ကွင်းမှာ ကြီးများကျယ်ပြန့်လွန်းလှသည်။ မကြာမီတွင် ထိုကပ်ဘေးကြီးစဖြစ်ခဲ့သည့် နေ့ရက်က ထိုသံသယရှိစရာကောင်းသည့် အဖွဲ့ထဲမှ လူများအားလုံးမှာ ဗဟိုဧကရာဇ်မြို့၏ တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ကိုသုံးကာ သရဲကြီးမြို့တော်သို့ သွားခဲ့သည်ဖြစ်ကြောင်း သူကသိလိုက်ရသည်။
ခဏအကြာတွင် ထိုတစ်ဖွဲ့လုံးမှာ ဗဟိုဧကရာဇ်မြို့တော်သို့ တစ်ရက်ထဲတွင် ရောက်ရှိလာခဲ့ကြသည်ဖြစ်ကြောင်းကိုလည်း သိလိုက်ရသည်။
အချိန်အတိအကျ မဟုတ်ပါသော်လည်း သူတို့အားလုံးမှာ အတူအတကွ အလုပ်လုပ်နေသည့်အချက်မှာ အသေအချာပင်။
" ငါ ရှင်းရှင်းလင်းလင်း သက်သေမပြနိုင်လည်း ဂရုမစိုက်ဘူး ပိုင်ဟောက်ရေ။ ဒါတွေအကုန် မင်းလက်ချက်ဆိုတာ ငါယုံတယ် "
သူက ဒေါသမီးများ လောင်ကျွမ်းနေသဖြင့် အံကြိတ်ကာ စီမာတာအိုနှင့် စွန်းရီဖန်တို့အား သတင်းများပေးပို့လိုက်တော့သည်။
စီမာတာအိုနှင့် စွန်းရီဖန်တို့မှာ ထိုသတင်းကို ကြားလိုက်ရသောအခါ အတွေးများပင် ချာချာလည်သွားရပြီး ဒေါသများထွက်လာတော့သည်။
" မင်းက ငါတို့ကို ချောက်ချခဲ့တာပဲ ပိုင်ဟောက် "
" အရှက်မဲ့လှပါလား ပိုင်ဟောက်ရာ "
ထိုနေ့က ပိုင်ရှောင်ချန်း၏ ဟန်ဆောင်မှုကို ပြန်တွေးမိလိုက်ရုံနှင့် သူတို့မှာ သွေးများဆူပွက်လာကြပြီး သူတို့၏ဆိုင်များထဲမှ ပြေးထွက်ကာ ပိုင်ရှောင်ချန်း၏ဆိုင်ဆီသို့ ဦးတည်သွားကြတော့သည်။