အလောင်းအစား
Vol. 8 Ch. 739
ပိုင်ရှောင်ချန်း၏မျက်နှာ မသိသာ ပျက်သွားသည်။ ယင်းမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ပြိုင်ပွဲဖြစ်ကာ မီးတောက် လုံလုံလောက်လောက်သာ ရှိလျှင်တော့ သူ လုံးဝ ယုံကြည်ချက်ရှိနိုင်သေးသည်။ သို့ရာတွင် စီမာတာအိုနှင့် စွန်းရီဖန်က သူ ချန်ရှုံးကို ထိုကဲ့သို့ ပြိုင်ပွဲမျိုးဖြင့် အနိုင်ယူခဲ့ပြီး ဆယ့်ငါးဆစိတ်စွမ်းအင်အဆင့်မြှင်တင်နိုင်ကြောင်း ကောင်းကောင်းသိထားကြသည်။ ထို့ပြင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရာတွင် အောင်မြင်မှုနှုန်းထားများကြောင့် မည်သူမှ နိုင်ရန်အတွက် အပြည့်အဝ ယုံကြည်ချက်မရှိေပ။
ထိုသည်က သူတို့ ဘာကြောင့် စိတ်စွမ်းအင်အတင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ မပြိုင်ကြသည့် အကြောင်းရင်းဖြစ်သည်။ သို့လင့်ကစား အောက်လမ်းဆရာများသည် မီးတောက်ဖန်တီးခြင်းနှင့် ဝိညာဥ်ဆေးဖော်စပ်ခြင်း၏ အခြားသော ကျွမ်းကျင်မှုများကိုလည်း ပိုင်နိုင်ရန်လိုအပ်ပေသည်။ မီးတောက်ဖန်တီးခြင်းသည် လူတစ်ယောက် ဝိညာဥ်ဆေးဖော်စပ်ရာတွင် မည်သည်အထိ ပေါက်မြောက်နိုင်ကြောင်း မှန်းဆနိုင်သောကြောင့် အကုန်လုံး၏ အခြေခံအုတ်မြစ်သည် မီးတောက်ဖန်တီးခြင်းအပေါ် မူတည်နေသည်။။
သို့သော်.... ပိုင်ရှောင်ချန်းမှာ မီးတောက်ဖန်တီးခြင်းနှင့်ပတ်သက်လျှင် ယုံကြည်ချက်အပြည့်အဝမရှိပေ။ ယခုအချိန်တွင် သူသည် ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကို မဖန်တီးနိုင်သေးသည့်အပြင် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို ဖန်တီးရာတွင်လည်း ပြဿနာများ ရှိနေသေးသည်။
ထိုကြောင့် သူ၏မျက်နှာအနည်းငယ် ပျက်သွားသည်။
စီမာတာအိုနှင့် စွန်းရီဖန်သည် ပိုင်ရှောင်ချန်းကို စကားလုံးများတိုက်ပွဲတွင် မယှဥ်နိုင်သော်လည်း သူတို့သည် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သည် ဖြစ်ပြီး အတွေ့အကြုံများစွာ ရှိသည်။ သို့ဖြစ်သောကြောင့် သူတို့က သူဘာတွေးနေသည်ကို ချက်ချင်းပြောနိုင်သည်။
ထိုသည်ကို မြင်သည်တွင် စီမာတာအိုက ထပ်ပြောသည်။
" ငါတို့ပြိုင်မယ်ဆိုရင် လောင်းကြေးနည်းနည်း ထားဖို့လဲ လိုတယ်။ လောင်းကြေးက ဗဟိုဧကရာဇ်မြို့တော်မှာ ဆက်နေဖို့၊ မနေဖို့ပဲ။ မင်းရှုံးရင်တော့ မြို့ထဲက ထွက်သွား။ နောက်ထပ် ဘယ်တော့မှ စိတ်စွမ်းအင်အဆင့်မြှင့်တင်တာလဲ မလုပ်နဲ့။ မင်းဆိုင်ကိုလဲ လက်လျှော့လိုက်တော့။ မင်းနိုင်ရင် ငါ့ဆိုင်ကို မင်းဆီပေးမယ် "
" ပြီးတော့ ငါ့ဟာကောပဲ"
စွန်းရီဖန်က အေးစက်သော အပြုံးဖြင့်ပြောသည်။
" နှစ်ယောက်တစ်ယောက်ဆိုတော့ ငါတို့ မင်းကို နှပ်ချဖို့ လုပ်မှာမဟုတ်ဘူး "
" ဒါက ခင်ဗျားတို့ လိုချင်တဲ့ လောင်းကြေးဆိုရင်တော့ ကျုပ် နည်းနည်းလောက် စွန့်စားရမယ်ထင်တယ်"
ပိုင်ရှောင်ချန်းက ကျောနောက်လက်ပစ်ရင်း အေးစက်စက် နှာမှုတ်သံနှင့် သူ၏ စကားလုံးများကို ပေါ်လွင်စေလိုက်သည်။ သူ့အတွက် စွန်းရီဖန်နှင့် စီမာတာအိုတို့ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများဖြစ်သည်က အရေးမကြီးပေ။ ပိုင်ရှောင်ချန်း၌ ကောင်းကင်တာအိုယင်ယန်ဝိညာဥ်ရှိပြီး ထိပ်တန်းလက်ရွေးစင်တစ်ရာကျော်ကို အနိုင်ယူခဲ့သည်။ သူသည် နတ်တစ်ပိုင်း စစ်နိုင်ဘုရင်ငယ်ကိုပင် ရက်ရက်စက်စက် အနိုင်ယူနိုင်ခဲ့သည်။ ထိုအရာအားလုံးကို စဥ်းစားကြည့်ပါက ဤအောက်လမ်းဆရာနှစ်ယောက်သည် လုံးဝပြဿနာမရှိပေ။
သူက သူတို့ကို နှင်ထုတ်သင့်၊ မထုတ်သင့် စဥ်းစားနေစဥ် စီမာတာအိုက သူတွေးနေသည်ကို သိသွားပုံရသည်။ ဤပိုင်ဟောက်သာ ရဲစွမ်းသတ္တိရှိခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းများကြောင့် နာမည်ကြီးသူ မဟုတ်လျှင် စီမာတာအိုမှာ မီးတောက်ဖန်တီးခြင်းကိစ္စကို ပြောမည့်အစား သူ့ကို တိုက်ခိုက်ရန်သာ စိန်ခေါ်လိုက်မည်ဖြစ်သည်။ သို့သော် ယခုတွင် ပိုင်ရှောင်ချန်းက ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရန် နက်နက်နဲနဲစဥ်းစားနေကြောင်း ပြောနိုင်သဖြင့် သူတစ်ခုခုလုပ်ရန်လိုကြောင်း သိလိုက်သည်။
" ပိုင်ဟောက်၊ မင်းက အောက်လမ်းဆရာတစ်ယောက်ပဲ ။ ပြီးတော့ ထင်ရှားကျော်ကြားတယ်။ မင်း ငါတို့ကို တိုက်ခိုက်ဖို့ ကြိုးစားရင် ငါတို့ ပြန်တိုက်နိုင်လောက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အကြမ်းဖက်ဖို့တွေးနေရင် ဒီနေ့ပဲ နှောင့်နေးသွားမှာ။ မနက်ဖြန်ဆိုတာ အမြဲရှိတယ်နော်။ မင်းငါတို့ စိန်ခေါ်တာကို ဒီနေ့ လက်မခံရင် ငါတို့က ဒုတိယအကြိမ်ပြန်လာဦးမှာပဲ "
စီမာတာအိုသည် သူ၏စိုးရိမ်ကြောင့်ကြမှုကြောင့် မည်သည်အား သူ စဥ်းစားနေသည်ကို သိ၍ ဒက်ခနဲ ပြောလိုက်ရာ ယင်းက ပိုင်ရှောင်ချန်းကို မျက်မှောင်ကြုတ်သွားစေသည်။
" ကောင်းပြီ။ ပိုင်ဟောက် " စွန်းရီဖန်က ဝင်ပြောသည်။
" ငါအမုန်းဝိညာဥ် သန်းတစ်ထောင်လည်း ထည့်လိုက်မယ်။ မင်းနိုင်ရင် မင်းအကုန်ယူနိုင်တယ် "
သိသာစွာပင် စွန်းရီဖန်သည် ပိုင်ရှောင်ချန်းက မီးတောက်ဖန်တီးရာတွင် လုံးဝယုံကြည်ချက်မရှိကြောင်း သတိပြုမိလိုက်သည်ဖြစ်ပြီး သူတို့ မည်သို့ပင်ဖြစ်စေ ယှဥ်ပြိုင်အောင် ဖိအားပေးရန် အရေးကြီးလာသည်။
စွန်းရီဖန်က သူ၏ အစီအစဥ်ကို ကောင်းစွာ တွေးတောခဲ့သည်။ သူက ကိစ္စကြီးဖြစ်အောင် လုပ်ကာ လူအများအာရုံကို ဆွဲဆောင်နိုင်ခဲ့လျှင် ပိုင်ဟောက်အနေဖြင့် ဗဟိုဧကရာဇ်မြို့တော်တွင် စီးပွားရေး ဆက်လုပ်လိုပါက စိန်ခေါ်ခြင်းကို လေးလေးနက်နက် လက်ခံရမည်ဖြစ်သည်။
ထို့အပြင် ပရိသတ်ကို ဆွဲဆောင်ရာတွင် အကောင်းဆုံးနည်းလမ်းမှာ လောင်းကြေးတွင် တန်ဖိုးကြီးကြီးမားမား ကမ်းလှမ်းရန် ဖြစ်သည်။ ယင်းမှာ ချန်ရှုံး ခံလိုက်ရသည့်နည်းလမ်းအတိုင်းပင် ဖြစ်သည်။
ထိုသည်က မည်သည့်အတွက်ကြောင့် သူက အမုန်းဝိညာဥ် သန်းတစ်ထောင် ကမ်းလှမ်းလိုက်ရခြင်းဆိုေသာ အကြောင်းရင်း ဖြစ်ပေသည်။
ထင်ထားသည့်အတိုင်း သူ၏ စကားလုံးများက ချက်ချင်း အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။ အမုန်းဝိညာဥ်သန်းတစ်ထောင်သည် လက်ဖျားခါလောက်သော အရေအတွက် မဟုတ်ပါလော။ ၄င်းသည် ပိုင်ရှောင်ချန်းကို မဟာတံတိုင်းတွင် စစ်ဦးစီးမှူးအဆင့်ရာထူးတိုးသွားစေသော အရေအတွက်ပင် ဖြစ်သည်။ ထိုစဥ်က ထိုနေရာရှိ သန့်ရှင်းသောဝိညာဥ်ပင် အရေအတွက်ကြောင့် လုံးဝ တုန်လှုပ်သွားပြီး စိတ်နှလုံးလှုပ်ရှားသွားခဲ့သည်။
" ပိုင်ဟောက်ရဲ့ဆိုင်မှာ အခုတစ်ခေါက်လောင်ကြေးကတော့ အံ့ဩစရာပဲဟေ့။ နောက်ဆုံးအခေါက်က ဝိညာဥ်ဆေးလုံး ကုဋေရှစ်ဆယ်။ အခုတစ်ခေါက်က အမုန်းဝိညာဥ် သန်းတစ်ထောင်တဲ့ "
" ဒါက လုံးဝ အများကြီးပဲ "
စကားပြောသံများ ပွက်ပွက်ညံနေပြီဖြစ်ပြီး လူအများအပြားသည် စိတ်လှုပ်ရှားလျက် သူတို့၏ မိတ်ဆွေရောင်ရင်းများထံ ကျောက်စိမ်းပေလွှာများထုတ်၍ စာများပို့လာကြတော့သည်။
ထိုအချိန်တွင် စီမာတာအိုသည် စွန်းရီဖန် တွေးနေသည်ကို သဘောပေါက်လိုက်သည်။ သူက အံတင်းတင်းကြိတ်ရင်း ပြောသည်။
" ငါလဲ အမုန်းဝိညာဥ် သန်းတစ်ထောင်ထည့်မယ် "
သူ၏ စကားလုံးများက မီးထဲ ဆီလောင်းထည့်လိုက်သည့်အတိုင်း။ လူအုပ်ထဲမှ တအံ့တသြရေရွတ်သံများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာတော့သည်။
" ဘုရားရေ နောက်ထပ် သန်းတစ်ထောင် "
" အမုန်းဝိညာဥ်သန်း နှစ်ထောင်တောင်။ အမယ်လေး အရေအတွက်က... စဥ်းစားရင်တောင် မူးချင်စရာကြီး "
" ဒါက ဝိညာဥ်ဆေးလုံး ကုဋေရှစ်ဆယ်ကိုတောင် ကျော်သွားပြီ။ မြန်မြန်။ ဒီသတင်းက အဖိုးမဖြတ်နိုင်ဘူး။ ငါတို့ သတင်းဖြန့်ရမယ် "
တစတစပို၍ များပြားလာသော ဝိညာဥ်ကျင့်ကြံသူများသည် မိတ်ဆွေအပေါင်းအသင်းများထံ သတင်းပို့လိုက်ကြပြီး များမကြာမီ မြို့နယ်အမှတ်ရှစ်ဆယ့်ကိုး တစ်ခုလုံး တုန်လှုပ်သွားကြတော့သည်။ အနီးနားရှိ မြို့နယ်များမှာလည်း ထိုနည်းတူပင်။ ဤအချိန်တွင် အလွန်ချောင်ကျပြီး ခေါင်လွန်းသော ပိုင်ရှောင်ချန်း၏ ပတ်ဝန်းကျင်သည် ယခုတွင် စိတ်လှုပ်ရှားနေသော လူအုပ်ကြီးဖြင့် ပြည့်ကြပ်နေတော့သည်။
ပိုင်ရှောင်ချန်းက ဝေ့ကြည့်လိုက်ပြီး အရပ်လေးမျက်နှာမှ အပြေးအလွှားလာနေကြသော လူများကို မြင်သောအခါ ရုတ်တရက် ဖိအားများ ခံစားလိုက်ရပြီး သူ၏ မျက်လုံးများပင် ရဲရဲနီလာတော့သည်။ စီမာတာအိုနှင့် စွန်းရီဖန်တို့ကို ပြန်ကြည့်လိုက်ပြီး သူချောင်ပိတ်ခံလိုက်ရပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူ အလောင်းအစားကို လက်မခံလျှင် ဤလူနှစ်ယောက်သည် သူတို့၏ ဝိညာဥ်ဆေးများကို သူက ပြင်ဆင်ထားသည်ဟု သတင်းများ ဖြန့်မည်ဖြစ်ရာ တစ်မြို့လုံး သူ့ကို ဒေါသထွက်သွားကြမည်ဖြစ်သည်။
"ကောင်းပြီ။ " သူက အံကြိတ်ထားသည့် ကြားမှ ပြောသည်။
" ကျုပ်တို့ ဘယ်လို လုပ်မှာလဲ "
စီမာတာအိုက ပိုင်ရှောင်ချန်းကို ဖိအားပေးနိုင်ခဲ့ခြင်းကြောင့် ရင်ထဲတွင် ကောက်ကျစ်စွာ ရယ်လိုက်သည်။ သူက တည်ငြိမ်သော လေသံဖြင့် ပြောသည်။
" ငါတို့ မီးတောက် တစ်ခု ဖန်တီးမယ်။ အချိန်အကန့်အသတ်ရှိတယ်။ အဲဒီအချိန်အတွင်းအများဆုံး ဖန်တီးနိုင်တဲ့ ဘယ်သူဖြစ်ဖြစ် အနိုင်ရမယ်။ အစ်ကို စွန်း ၊ ပိုင်ဟောက်။ ဘယ်လို သဘောရလဲ "
ပုံမှန်ဆိုလျှင် အောက်လမ်းဆရာများ အကြား၌ ယှဥ်ပြိုင်နိုင်သော ပြိုင်ပွဲအမျိုးအစားနှစ်ခု ရှိပေသည်။ တစ်ခုက အရောင်အများဆုံး မည်သူ ဖန်တီးနိုင်မည်ကို ကြည့်ရန်ဖြစ်ပြီး အခြားတစ်ခုက ပေးထားသော အချိန်အတွင်း မည်သူက မီးတောက်ပို၍ ဖန်တီးနိုင်မည်ကို ကြည့်ရန်ဖြစ်သည်။
ပထမအမျိုးအစားသည် အောက်လမ်းဆရာများ မည်သည့် အဆင့်ရရှိထားသည်ကို ပြသမည်ဖြစ်ပြီး ဒုတိယအမျိုးအစားသည် သူတို့ မည်မျှ ကျွမ်းကျင်ကြောင်း ဖော်ပြမည်ဖြစ်သည်။
စီမာတာအိုသည် တခဏအတွင်း ပြိုင်ပွဲအတွက် အကြံရခဲ့သော်လည်း သူ့၌ အောက်လမ်းဆရာ တစ်ယောက်အနေနှင့် ဘဝအတွေ့အကြုံများစွာ ရှိပြီး ပိုင်ဟောက်က ဆယ့်ငါးဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ပြုလုပ်နိုင်သည်ကို သိသဖြင့် သူသည် သူနှင့် စွန်းရီဖန်နည်းတူ ကောင်းကင်အောက်လမ်းဆရာအဆင့်တွင် ဖြစ်မည်ဟု သေချာေနသည်။
ပိုင်ရှောင်ချန်းက လောကဓာတ်အောက်လမ်းတရာတစ်ယောက် ဖြစ်နိုင်သည်ဟု သူ ဘယ်တုန်းကမှ မစဥ်းစားခဲ့ဖူးပေ။ မြေရိုင်းဒေသတွင် ရှိသော လောကဓာတ် အောက်လမ်းဆရာအရေအတွက်ကို လက်တစ်ဖက်တည်းနှင့် ရေတွက်၍ရသည် မဟုတ်ပါလော။ ထိုမျှသာမက သူတို့သည် တစ်နေရာနှင့် တစ်နေရာ လှည့်လည်သွားလာပြီး မြင်ရခဲသည်။
ကောင်းကင်အောက်လမ်းဆရာများသည် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို မဖန်တီးနိုင်ချေ။ အလွန်ဆုံး ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကိုသာ ကိုင်တွယ်နိုင်သည်။ အမှန်တကယ်တော့ ကိုင်တွယ်နိုင်သော လူများသည်လည်း အခက်အခဲများဖြင့်သာ လုပ်နိုင်ကြသည်ဖြစ်ရာ ထိုမီးတောက်အမျိုးအစားသည် လောင်းကြေးထပ်ရန်အတွက် မသင့်တော်ပေ။
ဆယ့်ခြောက်ရောင်ခြယ်မီးတောက်မှာ မတူညီသော ဇာတ်လမ်းတစ်ခုဖြစ်သည်။ စီမာတာအိုသည် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်နှင့် အလွန်ကျွမ်းဝင်ပြီး အပြောင်းအလဲမရှိစွာ ဖန်တီးနိုင်သည်။
သူ၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအဆင့်ကို ထည့်တွက်လိုက်ပါက သူသည် ထိုမီးတောက် အမျိုးအစားပါဝင်နေသည့် ပြိုင်ပွဲတစ်ခုကို နိုင်ရန် အလွန်ယုံကြည်ချက်ရှိေနသည်။
စွန်းရီဖန်ကလည်း အခြေခံအားဖြင့် တူညီသော အရာကို တွေးနေပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
" ဆယ့်ခြောက်ရောင်ခြယ်မီးတောက်နဲ့ ပြိုင်ကြတာပေါ့"
သူက စိတ်ထဲတွင် ကောက်ကျစ်စွာ ပြုံးနေရင်း ပြောသည်။
" ဒီလိုဆိုဘယ်လိုလဲ။ ငါတို့အားလုံး တစ်ရောင်ခြယ်မီးတောက်ကနေစပြီး ဆယ့်ခြောက်ရောင်ခြယ်မီးတောက်အထိ သွားကြမယ်။ မီးတောက်သုံးခုကို အရင်ဆုံးဖန်တီးနိုင်တဲ့သူ ဘယ်သူဖြစ်ဖြစ် အနိုင်ရမယ်"
စီမာတာအိုက အားပါးတရ ရယ်လိုက်သည်။
" အကောင်းဆုံးပဲ။ လုပ်နေကျနည်းလမ်းထက် ပို ရိုးရှင်းသလို မျှတတယ်။ စောင့်ကြည့်ဖို့ ဒီကိုရောက်နေတဲ့ ရောင်ရင်းတွေအကုန်လုံး မျက်မြင်သက်သေအဖြစ် လုပ်ပေးနိုင်တယ် "
သူတို့သည် ပိုင်ရှောင်ချန်းကို ရွေးချယ်စရာပေးနေသည့် ပုံပေါက်နေသည့်တိုင် စက်သေနတ်ပစ်သကဲ့သို့ လျင်မြန်စွာ ပြောသွားကြသည့် အတွက်ကြောင့် ပိုင်ရှောင်ချန်းမှာ ထိုသို့ အခွင့်အရေးပင် မရလိုက်ချေ။
သို့စေကာမူ.....ရှိသမျှ လူတစ်ယောက်သော်မှာ ထိုအချက်ကို ထောက်မပြပေ။ စွန်းရီဖန် အကြံပြုခဲ့သည့် နည်းလမ်းသည် စီမာတာအို ပြောသည့်အတိုင်း အလွန်တရားမျှတသည် မဟုတ်ပါလော။
အမှန်မှာ စီမာတာအို နှင့် စွန်းရီဖန် တို့နှစ်ယောက်လုံးသည် နှစ်ပေါင်းများစွာ ကတည်းက ထင်ရှားကျော်ကြားခဲ့သူများဖြစ်ပြီး တဖက်ကမ်းခတ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ပိုင်ရှောင်ချန်းမှာ အောက်လမ်းပညာနယ်ပယ်တွင် လူသစ်ဖြစ်ပြီး ဘယ်သူမှ သူ့ကို အလွန် ကျွမ်းကျင်သည်ဟူ၍ ဖော်ပြရန် စဥ်းစားလိမ့်မည်မဟုတ်ပေ။
ပိုင်ရှောင်ချန်းမှာ လောင်းကစား၏ အသေးစိတ်များကို ကြားလိုက်ရသောအခါ ရင်ခုန်သံမြန်သွားပြီး ချက်ချင်းပင် မကောင်းသော ခံစားချက်များ ရလာသည်။ ဆယ့်ငါးရောင်ခြယ်မီးတောက်နှင့်ပတ်သက်လျှင် သူ
ယုံကြည်ချက်များစွာရှိသည်။ သို့သော် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကား မတူပေ။ ပိုင်ဟောက်က ဖန်တီးနည်းကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည့်တိုင် သူက သုံးဆယ်ရာခိုင်နှုန်း အောင်မြင်နိုင်အောင်သာ စွမ်းဆောင်နိုင်သေးသည်။
ထိုမျှသာမက သူက ပိုင်ဟောက်မှ လွဲ၍ တခြားမည်သူနှင့်မှ မီးတောက်ဖန်တီးနည်းအကြောင်း ဆွေးနွေးဖလှယ်ရန် အခွင့်အရေးမရခဲ့ပေ။ ပိုင်ဟောက်သည် အရည်အချင်းရှိသော်လည်း သူသည်ပင် ကောင်းကင်အောက်လမ်းဆရာတစ်ယောက်နှင့် တစ်ခါမှ အဆက်အဆံမလုပ်ဖူးပေ။ ထို့ကြောင့် သူပင်လျှင် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်နှင့်ပတ်သက်၍ မည်သည့် အောင်မြင်နှုန်းများကို အတွေ့များကြောင်း တပ်အပ်မသိပေ။
အောင်မြင်နှုန်းသည် အောက်လမ်းဆရာများက အပြင်လူများနှင့် မကြာခဏ မဆွေးနွေးကြသည် မဟုတ်ပါလော။ များသောအားဖြင့် သူတို့က ထိုသို့သောအရာများကို လျှို့ဝှက်ချက်တစ်ခုအနေနှင့် ထိန်းသိမ်းထားသည်။
ဤအခြေအနေရှိ လူအများစုသည် ခေါင်းငိုက်စိုက်ကျလျှင်ကျ မဟုတ်လျှင် စိတ်လိုက်မာန်ပါ လောင်းလိုက်မည် ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းကား ထိုသို့မဟုတ်။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီးနောက် စွန်းရီဖန်နှင့် စီမာတာအိုကို ကြည့်ကာ ဒေါသတကြီး ပြောသည်။
" ဒါက ဘယ်လိုလုပ် မျှတတဲ့ လောင်းကြေးဖြစ်မှာတုန်း။ ကျုပ်က ဆယ့်ခြောက်ရောင်ခြယ်မီးတောက်မှာ နှစ်ဆယ်ရာခိုင်နှုန်း အောင်မြင်အောင် လုပ်နိုင်တာ။ ကျုပ် ဘယ်လိုလုပ်နိုင်နိုင်မှာလဲ"
သူ၏ စကားလုံးများကြောင့် ပရိသတ်များစွာမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြတော့သည်။ လူအများစုသည် အနည်းဆုံးတော့ ဆယ့်ခြောက်ရောင်ခြယ်မီးတောက်အတွက် ဖြစ်နိုင်သည့် အောင်မြင်နှုန်းများကို ကြားဖူးကြသည်။ မည်သူကမှ လုံးဝမသေချာသည့်တိုင် သူတို့၌ အနည်းဆုံးတော့ အကြမ်းဖျင်း အကြံတစ်ခုရှိကြသည်။
" နှစ်ဆယ်ရာခိုင်နှုန်း အောင်မြင်နှုန်းတဲ့လား။ တော်တော်လေး ကြွားပြောထားပုံပဲ "
" ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ဆိုတာ ရောင်စုံမီးတောက်ရဲ့ အဆင့်မြင့်ဆုံး ပုံစံတွေထဲက တစ်ခုပဲ။ ပြီးတော့ အောင်မြင်နှုန်းက အရမ်းနည်းတယ်။ လောကဓာတ်အောက်လမ်းဆရာတွေပဲ အဲဒါကို တည်တည်ငြိမ်ငြိမ် ဖန်တီးနိုင်တာ။ ကောင်းကင်အောက်လမ်းဆရာတွေအားလုံးတော့ မတူဘူးပေါ့။ ဒါပေမဲ့ ကဏ္ဍအများစုမှာ သူတို့ အရမ်းလွယ်လွယ်ကူကူတော့ မလုပ်နိုင်ဘူး "
ပရိသတ်ထုကြီး ပွက်လောရိုက်နေစဥ် စီမာတာအိုက ခေါင်းနောက်လှန်၍ ငေါ့တော့တော့ ရယ်လိုက်သည်။
" ကောင်းတယ်။ ပိုင်ဟောက်။ မင်းကို အမှန်တိုင်းပြောရရင် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်နဲ့ပတ်သက်ရင် ငါက ဆယ့်နှစ်ခွဲ ရာခိုင်နှုန်း အောင်မြင်နှုန်းပဲရှိတာ။ အစ်ကိုစွန်းက ငါ့ထက်ပိုကျွမ်းတယ်။ ဒါပေမဲ့ သူတောင် ဆယ့်ငါးရာခိုင်နှုန်းကို မကျော်နိုင်ဘူး"
အလွန်လေးနက်သော လေသံဖြင့် စွန်းရီဖန်က ပြောသည်။
" နှစ်ဆယ်ရာခိုင်နှုန်း အောင်မြင်အောင် စွမ်းဆောင်နိုင်ရင်တော့ မင်း ဘာမှ စိုးရိမ်စရာမလိုဘူး။ မင်းသေချာပေါက် နိုင်မှာ "
ထို့နောက် သူက ပိုင်ရှောင်ချန်းကို “ မင်းငါတို့ကိုခြောက်လို့ရမယ်လို့ ထင်နေလား “ ဆိုသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
" ကောင်းပြီလေ။ အဲဒါဆို ခင်ဗျား ပြောတဲ့အတိုင်း လုပ်ကြတာပေါ့ " ပိုင်ရှောင်ချန်းက တဖျပ်ဖျပ်တောက်ပနေသော မျက်လုံးများဖြင့် ပြောသည်။