ယှဥ်ပြိုင်ပွဲ
Vol. 8 Ch. 740
ပိုင်ရှောင်ချန်း၏ အပြုအမူက စီမာတာအိုနှင့် စွန်းရီဖန်ကို ချက်ချင်း တွန့်ဆုတ်သွားစေပြီး သူတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူက ရဲရင့်သည့်ဟန်ဖမ်းရန် ကြိုးစားနေပုံပေါ်သည့်တိုင် သူတို့က ယခင်ကထက်ပို၍ သတိရှိေနသည်။ အမှန်မှာ စီမာတာအိုက အမှန်ကိုလျှိုထားခဲ့ခြင်းဖြစ်သည်။ သူနှင့် စွန်းရီဖန်တို့နှစ်ယောက်လုံးသည် ဆယ့်ခုနစ်ရာခိုင်နှုန်းနီးပါး အောင်မြင်မှုနှုန်း ရရှိနိုင်သည်။
သူတို့သာ ကံကောင်းပါက တစ်ခါတရံ နှစ်ဆယ်ရာခိုင်နှုန်းကို ရောက်သွားတတ်သည်။ သို့သော် ကောင်းကင်အောက်လမ်းဆရာတစ်ယောက်က ဆယ့်ခြောက်ရောင်ခြယ်မီးတောက် ဖန်တီးလျှင် ထိုသည်မှာ အလွန်ဆုံးဖြစ်သည်။ သူတို့ လုပ်ကိုင်နေသည့် ဖန်တီးနည်းကို အဆင့်မြှင့်လိုက်လျှင်တော့.... တစ်ခုတည်းသော ခြွင်းချက်ဖြစ်ပေမည်။
သို့သော် ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ခက်ခဲသည်။ မီးတောက်ဖန်တီးနည်းကို ပြုပြင်ရန် ကြိုးစားသော လောကဓာတ်အောက်လမ်းဆရာများပင်လျှင် ထိုသို့ပြုလုပ်ရန် အချိန်နှင့် အင်အားများစွာ စိုက်ထုတ်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် အောင်မြင်မှုရလောက်မည်မဟုတ်ကြောင်း မြေရိုင်းဒေသရှိ အောက်လမ်းဆရာများအားလုံး သိကြသည်။
လက်ရှိ ဖန်တီးနည်းများသည်ပင် မျိုးရိုးစဥ်ဆက် အဆက်မပြတ် သန့်စင်ခြင်းများ၊ နိမိတ်ဖတ်ခြင်းများဖြင့် ထုတ်နုတ်ထားခဲ့သည် မဟုတ်ပါလော။ မရေမတွက်နိုင်သော စစ်ဆေးမှုများနှင့် အတည်ပြုချက်များအရ လက်ရှိဖန်တီးနည်းများက အသင့်တော်ဆုံးဖြစ်ကြောင်း ဖော်ပြနေသည်။
ထိုအရာအားလုံးကို စဥ်းစားရင်း စီမာတာအိုနှင့် စွန်းရီဖန်တို့က သူတို့စိတ်သူတို့ တည်ငြိမ်အောင်လုပ်လိုက်ပြီး အကူအညီတောင်းကာ ဆိုင်သုံးဆိုင်ရှေ့တွင် ပြိုင်ပွဲကွင်းပြင်တစ်ခု ခင်းကျင်းလိုက်သည်။
၄င်းသည် နေရာအကျယ်ကြီးတော့မဟုတ်။ သူတို့သုံးယောက်လုံး အလုပ်လုပ်ရန်အတွက် လုံလောက်သောနေရာလေးသာ ဖြစ်သည်။ သို့သော် ထိုအချိန်အတွင်း ဝိညာဥ်ကျင့်ကြံသူမြောက်မြားစွာ ရောက်ချလာကာ တန်းစီတိုးဝှေ့လျက် မည်သို့ဖြစ်မည်ကို စောင့်ကြည့်နေကြသည်။
ကြည့်ရှုရန် လေထဲတွင် ရပ်နေသူများပင် ရှိသည်။ တခဏအတွင်း အလင်းတန်းများပေါ်ပေါက်လာကာ ယခုတွင် လူတစ်သိန်းကျော်ခန့် ရှိနေလေပြီ။ မြို့စောင့်များမှာ တုန်လှုပ်သွားကြပြီး ဆူဆူညံညံမဖြစ်စေရန် လူတစ်ရာကိုပင်လျှင် စေလွှတ်လိုက်ရသည်။
ကျိုးဟုန်သည်လည်း ရောက်နေသည်။ အမှန်တကယ်တော့ နတ်ဝံပုလွေလေး၊ လီထျန်ရှန်၊ ေမြာင်လင်းအာနှင့် ဒုတိယမင်းသားပင် ရှိသည်။ ဝိညာဥ်ရေနွေးအိုးထဲတွင် ပိုင်ရှောင်ချန်း ပြန်ပေးဆွဲခဲ့သည့် လက်ရွေးစင်များအားလုံးနီးပါး ရောက်ရှိနေကြသည်။
ဝိညာဥ်ရေနွေးအိုးထဲတွင် မပါဝင်ခဲ့သည့် ချန်ရှုံးကဲ့သို့ လူများဖြစ်သည့် မှူးမတ်မျိုးနွယ်များ၊ အထက်တန်းလွှာများ၏ လက်ရွေးစင်များနှင့် ဆက်ခံသူများလည်း ရှိေနသည်။ လူတိုင်းသည် ပိုင်ရှောင်ချန်း၏ပြသမှုကို စောင့်ကြည့်၍ ဝေဖန်ရန် ရောက်ချလာကြသည်။
သူတို့၏ ပြိုင်ပွဲသည် ယခင်တစ်ခုထက် ပို၍ ကြီးကျယ်လာနေပြီဖြစ်သည်။ ပရိသတ်အင်အား များလာရုံသာမက လက်ရွေးစင်များ များလွန်းလှသဖြင့် ပရိသတ်ထဲရှိ ကျန်လူတိုင်းမှာ ပို၍ပင် စိတ်လှုပ်ရှားလာကြတော့သည်။
ချင်းမေ့ယွမ်သည်လည်း ဒုတိယမင်းသား၊ အခြားလက်ရွေးစင်များနှင့် ခပ်ဝေးဝေးနေရာရှိ လူအုပ်အကြားထဲတွင် ရှိနေသည်။ သူမက ပိုင်ရှောင်ချန်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလျက် တစ်ယောက်တည်းရပ်နေသည်။
လူအများကြီးက ကြည့်နေသည့်အတွက် ပိုင်ရှောင်ချန်းမှာ အတန်ငယ် စိုးရိမ်လာသည်။ သူက ဆယ့်ခြောက်ရောင်ခြယ်မီးတောက်နှင့်ပတ်သက်၍ သုံးဆယ်ရာခိုင်နှုန်း အောင်မြင်မှုနှုန်းကို စွမ်းဆောင်နိုင်သည့်တိုင် ထိုသည်က သူ့ကို လုံးဝယုံကြည်ချက်ရှိမနေစေသေးပေ။ သို့လင့်ကစား သူလုပ်နိုင်သော အခြားအရာလည်း မရှိချေ။
" ငါတို့ ဆယ့်ငါးရောင်ခြယ်မီးတောက်နဲ့ ပြိုင်လို့မရတာ တော်တော် ဆိုးတာပဲ "
သူကတွေးလိုက်သည်။ သူသည် အလွန်ယုံကြည်ချက်မရှိသော်လည်း သူ့ကိုယ်သူ အားတင်းထားရန်လိုအပ်ပြီး စီမာတာအိုနှင့် စွန်းရီဖန်တို့ ဆယ့်ငါးရာခိုင်နှုန်းထက်ကျော်၍ မစွမ်းဆောင်နိုင်စေရန် ဆုတောင်းနေသည်။
ပိုင်ရှောင်ချန်း၏သိသာထင်ရှားလှသော စိုးရိမ်ပူပန်နေမှုများက စီမာတာအိုနှင့် စွန်းရီဖန်ကို ပို၍ သက်တောင့်သက်သာ ရှိသွားစေသည်။ သူတို့က သူ၏ တစ်ဖက်တစ်ချက်စီတွင် တင်ပျဥ်ခွေထိုင်လျက် သူတို့၏ စိတ်များကို ရှင်းရန်နှင့် ချီများကို ငြိမ်သက်စေရန် တရားထိုင်နေသည်။
များမကြာမီ ပရိသတ်ကြီးက ငြိမ်သက်စပြုလာ၏။ ကျိုးဟုန်က မျက်လုံးများဝင်းလက်နေရင်း သူတို့၏ အပေါ်ထက် လေထဲတွင် ရပ်နေလေသည်။ ပိုင်ရှောင်ချန်းကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ပြီးနောက် သူက ကျယ်လောင်စွာ ကြေညာသည်။
" ဒီကနေ့ ဒီနေရာမှာ မီးတောက်ဖန်တီးခြင်းပြိုင်ပွဲကို လာရောက်ကြီးကြပ်ပေးဖို့ မဟာအကြီးအကဲစီမာနဲ့ မဟာအကြီးအကဲ စွန်းတို့ရဲ့ ဖိတ်ခေါ်ခြင်းခံရတဲ့အတွက် အင်မတန် ဂုဏ်ယူမိပါတယ်။ ကဲ... မိတ်ဆက်တာက ဒီလောက်ပါပဲ။ ပြိုင်ပွဲစလို့ရပါပြီ......စတော့"
သူ၏ စကားလုံးများ ထွက်လာသည်နှင့် မရေမတွက်နိုင်သော မျက်လုံးများသည် အောက်လမ်းဆရာသုံးဦးထိုင်နေသည့် ပြိုင်ပွဲနေရာကို အာရုံစိုက်လာကြသည်။
စီမာတာအိုနှင့် စွန်းရီဖန်တို့ နှစ်ယောက်လုံး၏ မျက်လုံးများ ဖျတ်ခနဲပွင့်လာကြပြီး တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေဘဲ ပုံမှန်အတိုင်း လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ရာ သူတို့၏ အိတ်ထဲမှ ဝိညာဥ်သိုလှောင်စေတီများ ပျံထွက်လာတော့သည်။ ထို့နောက် သူတို့က လက်ကလေးတစ်ချက်ဝှေ့လိုက်ပြီး အမုန်းဝိညာဥ်တစ်အုပ်စီ ဆင့်ခေါ်လိုက်ကြသည်။
သူတို့နှစ်ေယာက်အနက် တစ်ယောက်မှ အနည်းငယ်မျှပင် မကြန့်ကြာပေ။ သူတို့က ဆယ့်ခြောက်ရောင်ခြယ်မီးတောက်အထိ တရစပ် လုပ်သွားရမည့် အခြေခံအုတ်မြစ်ဖြစ်သော တစ်ရောင်ခြယ်မှ စကာ မီးတောက်ဖန်တီးခြင်းလုပ်ငန်း စတင်နေကြတော့သည်။
သူတို့သည် ထိုအလုပ်နှင့် အလွန်ရင်းနှီးကျွမ်းဝင်သည်မှာ သိသာထင်ရှားလှသည်။ သူတို့နှစ်ယောက်လုံးက ထင်ရှားကျော်ကြားသော ကောင်းကင်အဆင့်အောက်လမ်းဆရာများဖြစ်ကြရာ သူတို့၏စွမ်းရည်များအားလုံးကို ဖွင့်လှစ်ပြသနေတော့သည်။ သူတို့နှစ်ယောက်လုံးမှာ မကြာသေးမီက ပြင်းထန်သော ထိုးနှက်မှု ဒဏ်ခံခဲ့ရသည်ဖြစ်ရာ ဤလောင်းပွဲမှနေ၍ ထိုဆုံးရှုံးနစ်နာရမှု၏ တစ်ချို့တဝက်ကို ပြန်လည်အဖက်ဆယ်နိုင်ရန် တွေးထားကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လံုးက မည်သည်ကိုမှ ချန်လှပ်မထားတော့ပေ။
အသက်ရှူချိန် အနည်းငယ်အတွင်း သူတို့က လက်ချောင်းများကို ပိတ်လိုက်ရာ ချက်ချင်းနီးပါး ပြန်ဖွင့်လိုက်သည်တွင် တစ်ရောင်ခြယ်မီးတောက်၏ မီးလျှံများပေါ်လာတော့သည်။
အမှန်တကယ်တော့ ပိုင်ရှောင်ချန်းသည်လည်း ကျိုးဟုန် ပြိုင်ပွဲကို တရားဝင် စတင်လိုက်သည်နှင့်တစ်ပြိုင်နက် စီမာတာအိုနှင့် စွန်းရီဖန်တို့အောက် မလျော့သောအမြန်နှုန်းဖြင့် သူ၏ ဝိညာဥ်သိုလှောင်စေတီကို ထုတ်လိုက်သည်။ နောက်ဆုံးတွင်...... သူတို့ သုံးယောက်လုံး တစ်ရောင်ခြယ်မီးတောက်ကို တစ်ပြိုင်တည်း ဖန်တီးလိုက်ကြသည်။
ပြိင်ပွဲကို စောင့်ကြည့်နေကြသူအားလုံး မှင်သက်သွားကြလေသည်။
" တစ်ရောင်ခြယ် မီးတောက်လုပ်ဖို့ အသက်ရှူချိန်နည်းနည်းပဲ ကြာတယ်"
" သူတို့က သေချာပေါက် မဟာအကြီးအကဲလို့ ခေါ်ခံရဖို့ ထိုက်တန်ပါတယ်။ ကောင်းကင်အဆင့်အောက်လမ်းဆရာအဖြစ် လုံးဝခေါ်ထိုက်ပါပေတယ်"
စွန်းရီဖန် သော်လည်းကောင်း၊ စီမာတာအိုသော်လည်းကောင်း စောစောက ဖြစ်သွားခဲ့သည့်အပေါ် ဘာတုံ့ပြန်မှုမှမရှိပေ။ ပိုင်ဟောက်သည် ကောင်းကင်အဆင့်ဆိုကတည်းက တစ်ရောင်ခြယ်မီးတောက်ဖန်တီးရာတွင် အလွန် ရင်းနှီးကျွမ်းကျင်မည်ဖြစ်ကြောင်း သိထားသည်။ သို့မဟုတ်လျှင် သူသည် သူတို့၏ ပြိုင်ဘက်ဖြစ်ရန် ထိုက်တန်မည်မဟုတ်ပေ။
မကြာမီ သူတို့အားလုံး ထပ်မံဖန်တီးကြပြန်သည်။ နှစ်ရောင် သုံးရောင် လေးရောင်....နောက်ဆုံးဆယ်ရောင်ခြယ်မီးတောက်။
တချိန်လုံး သူတို့အားလုံးက သူမသာ ကိုယ်မသာ အကြိတ်အနယ်ပြိုင်နေကြသည်။ သူတို့သုံးယောက်လုံး အမြန်နှုန်းတူနေသည့်အချက်က စွန်းရီဖန်နှင့် စီမာတာအိုအတွက် စိတ်ပူစရာဖြစ်ပေသည်။ ယခုအချိန်တွင် ထိုအချက်က သူတို့ကို အတန်ငယ် ရင်ထိတ်သွားစေသည်။
ထို့နောက် ဆယ့်တစ်ရောင်၊ ဆယ့်နှစ်ရောင် နှင့် ဆယ့်သုံးရောင်ခြယ်မီးတောက်။ ပိုင်ရှောင်ချန်း လိုက်မှီနေသေးကြောင်း စွန်းရီဖန်နှင့် စီမာတာအိုမြင်သောအခါ သူတို့၏ မျက်လုံးများထဲတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာတော့သည်။
ပရိတ်သတ်ထဲရှိ လူတိုင်းမှာ ရင်တဒိန်းဒိန်းခုန်လျက် အသက်ပင်ရဲရဲမရှူရဲဘဲ စောင့်ကြည့်နေကြသည်။ ဘေးမှရပ်နေကြသူများက မီးတောက်ဖန်တီးသည်ကို တစ်ခါမှ မမြင်ဖူး၍မဟုတ်။ အမှန်မှာ ပရိသတ်ထဲရှိ လူအများစုသည် သူတို့ကိုယ်တိုင်ကိုက အောက်လမ်းဆရာများဖြစ်ကြသည်။
သို့သော်.... ကောင်းကင်အဆင့်အောက်လမ်းဆရာများ မီးတောက်ဖန်တီးသည်ကို နေ့တိုင်း မြင်နိုင်မည်မဟုတ်ပေ.... လောကဓာတ်အောက်လမ်းဆရာအများစုသည် လူတစ်ယောက်မှ မကြုံတွေ့ဖူးသည် လှည့်လည်သွားလာနေသူများ ဖြစ်သည်ဆိုလျှင် ကောင်းကင်အဆင့်အောက်လမ်းဆရာများသည် အောက်လမ်းပညာလောကတွင် ကိုယ်စားပြု ထိပ်ခေါင်များဖြစ်သည်။
" ကောင်းကင်အောက်လမ်းဆရာတွေက ကြောက်စရာပဲ။ သူတို့က တစ်ရောင်ကနေ ဆယ့်သုံးရောင်ခြယ်မီးတောက်အထိ အလွယ်တကူ သွားနေကြတယ်။ ပြီးတော့ အမြန်နှုန်း။ ဒါ့အပြင် သူတို့သုံးယောက်လုံးက တစ်ဆင့်တည်းနီးပါး ဖြစ်ပုံရတယ် "
"ဟ။ သူတို့က သာမန် ကောင်းကင်အဆင့် အောက်လမ်းဆရာတွေ မဟုတ်တန်ဘူး။ သူတို့အားလုံး အဲဒီအဆင့်ရဲ့ ထိပ်ဆုံးမှာပဲ ရှိမယ် "
" ကျုပ် မျက်လုံးတွေ အခုပွင့်သွားသလိုပဲ။ သူတို့ အလုပ်လုပ်နေတာကို ကြည့်နေတာနဲ့တင် အကျိုးကျေးဇူးများလှြပီ။ အရင်က ပြဿနာတက်နေခဲ့တဲ့ နေရာတွေကို ဖြေရှင်းပြီးသွားပြီ"
ပိုင်ရှောင်ချန်းသည် စကားသံများအားလုံးကို လျစ်လျူရှုထားလေသည်။ သူသည် ယခုတွင် မီးတောက်ဖန်တီးခြင်း၌ စိတ်ရောကိုယ်ပါ နစ်မြုပ်နေပြီး မည်သည့်အားထုတ်မှုကိုမှ ဖြုန်းတီးမခံလိုပေ။ ပုံမှန်ဆိုလျှင် သူ အလုပ်လုပ်ချိန်တွင် ပြောင်းလဲမှုများအားလုံးကို ထိန်းချုပ်မှုအောက်တွင်ရှိရန် သဘောကျသော်လည်း ဤအကြိမ်တွင် ထိုသို့စည်းစိမ်များ ခံစားလိုစိတ် မရှိပေ။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူရှုံးမည်မဟုတ်သည့် မျှော်လင့်ချက်များတွင် လုံးဝ အာရုံစူးစိုက်ထားရန် ဖြစ်သည်။
စွန်းရီဖန် နှင့် စီမာတာအိုသည်လည်း သူ့နည်းတူ သူတို့၏ အလုပ်ပေါ်တွင် အာရုံစိုက်ထားကြပြီး လူအုပ်ကြီးကို လုံးဝလျစ်လျူရှုထားကြသည်။ လောလောဆယ်တွင် သူတို့သည် ဆယ့်လေးရောင်ခြယ်မီးတောက်ကို လုပ်နေကြပြီး မည်သည့်နှောင့်ယှက်မှုကိုမှ လက်ခံနိုင်မည်မဟုတ်ပေ။
အချိန်အနည်းငယ်ကြာသော် ပထမဆုံးအကြိမ်အနေဖြင့် ပရိသတ်ကြီးသည်...... အောက်လမ်းဆရာသုံးယောက်ကြားရှိ ခြားနားမှုတစ်ခု မြင်လိုက်ရလေပြီ။
စွန်းရီဖန်နှင့် စီမာတာအိုတို့ အသုံးပြုသည့်နည်းလမ်းသည် မဆိုစလောက် ကွာခြားသော်လည်း တစ်ထပ်တည်းနီးပါး ဖြစ်ပြီး လူတိုင်းအကျွမ်းတဝင်ရှိသည့် ပြဌာန်းထားသောပုံစံအတိုင်းဖြစ်သည်။ စီမာတာအိုသည် ဝိညာဥ်အချိုးကို တိကျစွာဆောင်ရွက်ပြီး စွန်းရီဖန်က အများအားဖြင့် မီးပင်လယ်ကို လျစ်လျစ်ရှူကာ ထိုအထဲသို့ ဝိညာဥ်များကျွေးရန်အပေါ်တွင် အာရုံစိုက်ထားသည်။
ရံဖန်ရံခါ သူတို့အထဲမှ ရောင်စုံအလင်းလှိုင်းဂယက်များ တောက်ပလာသည်။ ထိုသည်မှာ သူတို့၏ အမြန်နှုန်းကို မြှင့်တင်ရန် အသုံးပြုသည် မီးတောက်ဖန်တီးနည်း လျှို့ဝှက်မှော်ပညာများမှ လာခြင်းဖြစ်သည်။သို့သော် ပိုင်ရှောင်ချန်း၏ ဆယ့်လေးရောင်ခြယ်မီးတောက် ဖန်တီးနည်းသည် လုံးဝခြားနားပေသည်။
သူက ဆယ့်သုံးရောင်ခြယ်မီးတောက်ကို သုံး၍ တစ်ခါတည်း အမုန်းဝိညာဥ်တစ်သောင်းကို ဝါးမျိုလိုက်စေသောကြောင့် ပရိသတ်များကြားထဲတွင် ပင့်သက်ရှိက်သံများ ထွက်ပေါ်လာတော့သည်။
"ပိုင်ဟောက်ရဲ့ ဖန်တီးနည်းကို တစ်ခါမှ မမြင်ဖူးဘူး"
" သူက အမုန်းဝိညာဥ်တစ်သောင်းကို မီးထဲ တစ်ခါတည်း ကျွေးပစ်လိုက်တယ်။ မီးတောက်တွေ ပျက်စီးသွားမှာ သူမစိုးရိမ်ဘူးလား"
သို့သော် ပိုင်ရှောင်ချန်း၏ မီးတောက်သည် မတည်မငြိမ် မဖြစ်သည်သာမက ပို၍ပင် အားကောင်းလာသောအခါ လူတိုင်းမှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်၍ အံသြတုန်လှုပ်သွားကြသည်။ ထိုမျှသာမက သူ ဝိညာဥ်များအားလုံးကို တစ်ခါတည်း ကျွေးလိုက်ခြင်းကြောင့် သူ၏ အမြန်နှုန်းသည် စွန်းရီဖန်နှင့် စီမာတာအိုအသုံးပြုသည့် လျှို့ဝှက်မှော်ပညာထက် များစွာ သာလွန်သွားသည်။
ဤတစ်ကြိမ်တွင် အောက်လမ်းဆရာသုံးယောက်သည် တစ်ပြိုင်တည်း မပြီးပေ။ သို့သော် ကွာဟမှုကား သိပ်မကြီးကျယ်ပေ။ သူတို့အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် အသက်ရှူချိန်ဆယ်ကြိမ်ခန့်ကွာအတွင်း ပြီးဆုံးကြလေသည်။
ဆယ့်လေးရောင်ခြယ်မီးတောက်ပေါ်လာပြီးနောက် ပိုင်ရှောင်ချန်းက သူ့ကိုယ်သူ တည်ငြိမ်စေရန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ဘေးဘီဝဲယာကို လှည့်ပင်မကြည့်ဘဲ သူက အမုန်းဝိညာဥ်အမြောက်အမြားကို မီးပင်လယ်၏ ဝါးမျိုခံစေလိုက်ရင်း သူ့အလုပ်ကို ဆက်လုပ်လိုက်သည်။ တဖြေးဖြေးနှင့် သူ၏ ဆယ့်လေးရောင်ခြယ်မီးတောက်သည် ဆယ့်ငါးရောင်ခြယ်အဆင့်သို့ တက်သွားလေသည်။
ပိုင်ရှောင်ချန်း၏ မီးတောက်ပေါ်လာပြီးနောက် စွန်းရီဖန်နှင့် စီမာတာအိုသည်လည်း ထို့အတူ အောင်မြင်သွား၏။ ဤအချိန်တွင် အခြားအောက်လမ်းဆရာနှစ်ယောက်မှာ ဖိအားများလာပြီး ပိုင်ရှောင်ချန်း၏ မီးတောက်ဖန်တီးနည်းစွမ်းရည်သည် တမူထူးခြားပြီး လက်ဖျားခါလောက်ကြောင်း သူတို့ ဝန်ခံလိုက်ရသည်။
သူတို့ မည်သည်ကို လောင်းကြေးထပ်ထားကြောင်း ပြန်တွေးသောအခါ အမူအရာများပျက်ယွင်းကြပြီး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သို့သော် ပိုင်ရှောင်ချန်းက မရပ်တန့်သည်ကို မြင်သောအခါ သူတို့နှစ်ယောက် အံ့အားသင့်သွားသည်။ သူသည် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်သို့ တိုက်ရိုက်ဆက်သွားနေသည်။
" ဒီ ပိုင်ဟောက်က ငယ်လွန်းပြီး အတွေ့အကြုံမရှိဘူး။ ဒါက မီးတောက်ဖန်တီးဖို့ သွားတဲ့နည်းမဟုတ်ဘူး။ မင်း ဆယ့်ငါးရောင်ခြယ်မီးတောက်တွေ အများကြီးလိုမှာ။ ဒီလိုမှ မင်းရဲ့ အောင်မြင်နှုန်းတွေတက်လာမှာ "
" ငါတို့တော့ သေချာပေါက် နိုင်တော့မှာပဲ "
အပြုံးများဖလှယ်လိုက်ကြရင်း စွန်းရီဖန်နှင့် စီမာတာအိုသည် ယခင်ကထက်ပို၍ ယုံကြည်ချက်ရှိလာတော့သည်။