သဟဇာတမီးတောက်
Vol. 8 Ch. 741
လူအများစုမှာ ဖြစ်ပျက်နေသည်များအား မြင်သောအခါ ဝမ်းနည်းတသစွာ မျက်မှောင်ကြုတ်သွားကြသည်။
" အင်း ဘယ်လိုဖြစ်မလဲဆိုတာ သိပ်တွေးနေစရာမလိုတော့ဘူး။ ပိုင်ဟောက်က မီးတောက်ဖန်တီးတာမှာ တော်ပေမယ့် သူ့မှာ သေချာပေါက် အတွေ့အကြုံများများစားမရှိဘူး "
"ကျုပ်ကိုယ်တိုင် ဆယ့်ခြောက်ရောင်ခြယ်မီးတောက် မဖန်တီးနိုင်ပေမယ့် ကျုပ်ကြားတာတော့ အကောင်းဆုံးနည်းလမ်းက ဆယ့်ငါးရောင်ခြယ်မီးတောက်တွေကို စုပြီး ဆက်သွားရမှာတဲ့။ အဲဒီလိုလုပ်နေတုန်း ခင်ဗျား မီးတောက် နည်းနည်းလောက် ဆုံးရှုံးလိမ့်မယ်။ ဒါပေမဲ့ ပျော့ပျောင်းတဲ့နေရာကို ရှာတွေ့ပြီး ဟန်ချက်ညီအောင် လုပ်နိုင်ရင်တော့ ချက်ချင်း အောင်မြင်လိမ့်မယ်။ အဲဒီလိုဆို အောင်မြင်ဖို့ အခွင့်အရေးတက်လာမှာ"
"ဟုတ်တယ် အမှန်ပဲ။ မီးတောက်တစ်ခုကိုပဲ ကြိုးစားကြည့်ပြီး မအောင်မြင်ရင်တော့ အစကနေ ပြန်စရမှာပဲ။ အဲဒီလိုနည်းနဲ့ ပျော့ပျောင်းတဲ့နေရာကို ဘယ်လိုလုပ်ရှာနိုင်မှာလဲ "
လူတိုင်း သက်ပြင်းချနေသော်လည်း ဘေးမှာရှိနေသော ပိုင်ဟောက်ကမူ လုံးဝအသိအမှတ်ပြုလျက် ကြည့်နေသည်။ ယခုတွင် သူက ပိုင်ဟောက်အဆင့်မြှင့်ထားသော ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ဖန်တီးနည်းကို လုပ်ဆောင်နေသည်ဖြစ်ရာ ကံကိုသော်လည်းကောင်း၊ ပျော့ပျောင်းသော နေရာများကိုသော်လည်းကောင်း မှီခိုနေရန် မလိုအပ်ပေ။
ပိုင်ဟောက်၏ အဆင့်မြှင့်တင်ထားသော ဖန်တီးနည်းက ဆယ့်ခြောက်ရောင်ခြယ်မီးတောက် ဖန်တီးရာတွင်ပါဝင်သည့် အဆင့်ပေါင်း သောင်းခြောက်ထောင်လောက်ကို တိကျသေချာသောအဆင့်များအဖြစ် ဖြိုခွဲထားခြင်းဖြစ်သည်။ လုပ်ဆောင်ချက် မှန်ကန်လျှင် အောင်မြင်သော အဆင့်တိုင်းက အလိုလိုဖြစ်တည်လာသည်ဖြစ်ရာ ပိုင်ရှောင်ချန်းသာ ဖော်ပြထားသည့်အတိုင်းတသွေမတိမ်းလုပ်နေပြီး မချွတ်ချော်သွားသရွေ့ သဘောတရားအရဆိုလျှင် သူ၏ အောင်မြင်နှုန်းသည် ၁၀၀ ရာခိုင်နှုန်း ဖြစ်မည် ဖြစ်သည်။
အမှန်တကယ်တော့ နောက်ဆက်တွဲအဆင့်များသည် နိမိတ်ဖတ်ခြင်းဆိုင်ရာ အတတ်များနှင့် နတ်ဘုရားအာရုံများစွာကို မှန်မှန်ကန်ကန်အသုံးပြန်ရန် လိုအပ်သည်။ ယင်းသည် ရိုးရှင်းပုံပေါ်သော်လည်း ဖော်ပြရန်ပင် မဖြစ်နိုင်သော ခက်ခဲမှုအဆင့်တစ်ခုပါဝင်သည်။ ပိုင်ရှောင်ချန်းမှာ ကောင်းကင်တာအိုယင်ယန်ဝိညာဥ်ရှိသည်သာမက နတ်တစ်ပါး၏ နတ်ဘုရားအာရုံနှင့် နီးကပ်နေသည့်အတွက်ကြောင့်သာ ထိုသို့လုပ်နိုင်ခြင်းဖြစ်သည်။
" ဆရာလုပ်နိုင်တယ်။ ဆရာ အဆင့်တွေအားလုံးကို အမှားအယွင်းတစ်ခုတောင် မရှိပဲ လုပ်ပြီးသွားပြီ "
အမှန်တကယ်တော့ ပိုင်ဟောက်သည် တချိန်လုံး ပိုင်ရှောင်ချန်း ဆောင်ရွက်နေခဲ့သည်များကို သေချာအာရုံစိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်။
စွန်းရီဖန်နှင့် စီမာတာအိုမှာမူ ပုံမှန်အတိုင်း ဖြစ်ပေါ်လာခဲ့သော ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ဘေးချလိုက်ပြီး နောက်ထပ်တစ်ရောင်ခြယ်မီးတောက်များကို စတင်လုပ်ကိုင်လိုက်သည်။ သူတို့၏ ရည်မှန်းချက်က ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ဖန်တီးရာတွင် လုံးဝယုံကြည်ချက်ရှိရန် ဆယ့်ငါးရောင်ခြယ်မီးတောက် လုံလုံလောက်လောက်ဖန်တီးထားရန် မဟုတ်ပါလော။
နောက်ထပ် နှစ်နာရီကုန်လွန်သွား၏။ ဤအချိန်တွင် စီမာတာအိုနှင့် စွန်းရီဖန် တို့ နှစ်ယောက်လုံးသည် သူတို့၏ ဒုတိယမြောက်မီးေတာက်ကို ဆယ့်လေးရောင်ခြယ် အဆင့်သို့ မြှင့်တင်ပြီး ဖြစ်သည်။ ပိုင်ရှောင်ချန်း၏မျက်နှာမှာ ချွေးသီးချွေးပေါက်များ တွဲရရွဲ ဖြစ်တည်နေပြီး သူက ဆယ့်ငါးရောင်ခြယ်မီးတောက်ကို အမုန်းဝိညာဥ်များ ဆက်လက်ကျွေးနေသည်။ ယခု သူက နောက်ဆုံးအဆင့်သို့ရောက်လာပြီ ဖြစ်သည်။
သူ၏မျက်နှာပေါ်ရှိ ချွေးများကို အရေးမစိုက်အားဘဲ သူက တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် မီးတောက်ကို ကြည့်လိုက်ပြီးနောက် အော်လိုက်သည်။ ထို့နောက် သူ၏ ညာလက်ကို ဖိချလိုက်ရာ မီးအဟုန်များ ပျံ့နှံ့သွား၏။ ပိုင်ရှောင်ချန်း၏ လက်ဝါးထဲသို့ မီးပင်လယ်ကျုံ့ဝင်သွားပြီးနောက် သူ၏ လက်ချောင်းများကြားထဲ ပျောက်ကွယ်သွားစဥ် လူအများသည် ဟာခနဲ ဟင်ခနဲ ဖြစ်သွားကြတော့သည်။
ကျိုးဟုန်မှာ အလွန်စိတ်လှုပ်ရှားနေတော့သည်။ နတ်ဝံပုလွေလေး၊ လီထျန်ရှန်၊ မြောင်လင်းအာ၊ ဒုတိယမင်းသားနှင့် အခြားလက်ရွေးစင်များအားလုံးသည် လည်များဆန့်၍ ရှေ့သို့ မျှော်ကြည့်လိုက်ကြသည်။ ချင်းမေ့ယွမ်ပင်လျှင် စိတ်လှုပ်ရှားနေသည့်အတွက် ချွေးစေးများ ထွက်နေတော့သည်။
စွန်းရီဖန်နှင့် စီမာတာအိုတို့ နှစ်ယောက်လုံး သိသိသာသာ တုန်လှုပ်သွားကြပြီး စိုးရိမ်နေသော အမူအရာများဖြင့် လှမ်းကြည့်လိုက်ကြသည်။ ပိုင်ဟောက်၏ မျက်လုံးများမှာမူ ပျော်ရွှင်ဝမ်းမြောက်မှုများကြောင့် တဖျပ်ဖျပ်လက်နေသည်။ သူတစ်ယောက်သာလျှင် သူ့ဆရာ မည်သည့်အမှားတစ်ခုမှ မလုပ်ခဲ့ကြောင်း သံသယစိုးစဥ်းမျှမရှိဘဲ သိနေသူဖြစ်သည်။
ပိုင်ရှောင်ချန်းက သူ၏ လက်ချောင်းများကို ဖြေးညင်းစွာ ဖွင့်လိုက်စဥ် မျက်လုံး ထောင်ပေါင်းများစွာက ပိုင်ရှောင်ချန်းကိုသာ စူးစိုက် ကြည့်နေလေသည်။
သူဖွင့်လိုက်သည့်အခိုက်အတန့်တွင် စူးရှသော အလင်းများ ထွက်ပေါ်လာပြီး တိတ်ဆိတ်ငြိမ်သက်ရာမှ ရုတ်တရက် ဆူညံပွက်လောရိုက်သွားတော့သည်။
" ဆယ့်ခြောက်ရောင်ခြယ်မီးတောက်။ ဘုရားရေ။ ပိုင်ဟောက်က တစ်ချီတည်းနဲ့ လုပ်လိုက်တာပဲ "
" ဒါက ဘယ်လို ကံကောင်းမှုမျိုးတုံး။ သူက ပထမဆုံးကြိမ်နဲ့ လုပ်လိုက်တာပဲ "
" တော်တယ်ကွာ။ ဒီလူကတော့ လုံးဝတော်တယ် "
ချီးကျူးအမွှမ်းတင်သော စကားသံများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာတော့သည်။ သို့သော် ကျိုးဟုန်နှင့် အခြားလက်ရွေးစင်များ၏ မျက်နှာများမှာ မြင်မကောင်းရှုမကောင်းဖြစ်သွားကြသည်။ ချင်းမေ့ယွမ်တစ်ယောက်တည်းသာ နှစ်လိုဖွယ် ပြုံးနေလေသည်။
စွန်းရီဖန်နှင့် စီမာတာအိုမှာမူ သွေးမရှိတော့သော မျက်နှာများဖြင့် ပိုင်ရှောင်ချန်းလက်ထဲရှိ ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို စိုက်ကြည့်နေကြတော့သည်။ တခဏကြာသော် သူတို့က အံတင်းတင်းကြိတ်လိုက်သည်။
" အင်း သူ တော်တော်ကံကောင်းသွားတာပါကွာ။ ဒါပေမဲ့ သူ ဒုတိယအကြိမ် အဲဒီလိုလုပ်ဖို့အထိ ကံကောင်းလိမ့်မယ်ဆိုတာ ငါမယုံနိုင်ဘူး "
ထိုသည်မှာ သူတို့ကိုယ်သူတို့ နှစ်သိမ့်လိုက်ခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဖိအားများက မြင့်တက်လာနေသည်ဖြစ်လေရာ သူတို့မှာ လျှို့ဝှက်မှော်ပညာတစ်ခုကိုမှ မချန်လှပ်ထားတော့ဘဲ မီးတောက်များကို ဆက်လက်ဖန်တီးနေကြသည်။
ပိုင်ရှောင်ချန်းက စိတ်သက်သာရာရသွားသဖြင့် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်စ ဖြစ်ပေါ်လာတော့သည်။ သူ အားကုန်ထုတ်ခဲ့ရသည် ဖြစ်ပြီး ကံကောင်းထောက်မစွာ တစ်ကြိမ်ပင် မချွတ်ချော်ခဲ့ပေ။ နောက်ဆုံးတွင် သူက နဖူးမှ ချွေးများကိုသုတ်လိုက်ရင်း အမုန်းဝိညာဥ်များထပ်ထုတ်ပြီးနောက် တစ်ရောင်ခြယ်မီးတောက်ကို စတင်ဖန်တီးတော့သည်။
အချိန်များကုန်လွန်သွား၏။ မီးတောက်ဖန်တီးသည်ကို ကြည့်ရခြင်းသည် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးအရာမဟုတ်သည့်တိုင် လူတိုင်းမှာ နောက်ထပ်ဖြစ်လာမည့်အရာများအပေါ်တွင် နစ်မြောလျက်ရှိသည်။ တချို့လူများက ရုတ်ရုတ်သဲသဲဖြစ်နေခြင်းတွင် ပျော်မွေ့နေကြသည်။ အချို့က အခြေအနေကို အခွင့်ကောင်းယူပြီး မီးတောက်ဖန်တီးခြင်းအကြောင်းအနည်းငယ်ကို လေ့လာနေကြသည်။ စွန်းရီဖန်နှင့် စီမာတာအိုတို့က တတိယမြောက် ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ပြီးဆုံးချိန်တွင် ပိုင်ရှောင်ချန်းမှာ ဒုတိယမြောက်တစ်ခုရှိနေပြီ ဖြစ်သည်။
ထိုသို့ဖြစ်သွားစဥ် လူတိုင်းသည် ပို၍ပြင်းထန်လာသော စိတ်လှုပ်ရှားမှုများဖြင့် စောင့်ကြည့်လာကြသည်။ စွန်းရီဖန်နှင့် စီမာတာအိုပင်လျှင် နောက်ဆုံးတစ်ခေါက်က လုပ်ခဲ့သည့်အတိုင်း တစ်ရောင်ခြယ်မီးတောင်မှ ဆယ့်ခြောက်ရောင်ခြယ်မီးတောက်အထိ တိုက်ရိုက်သွားမည်လား သိချင်သဖြင့် လှမ်းကြည့်လိုက်ကြသည်။
မကြာမီ ပို၍ များပြားသော တအံ့တသြရေရွတ်သံများ လေကိုခွင်း၍ ထွက်ပေါ်လာပြီး စွန်းရီဖန်နှင့် စီမာတာအိုတို့၏ မျက်လုံးများသည် လက်ဖက်ရည်ပန်းကန်ပြားသဖွယ် ဝိုင်းစက်ပြူးကျယ်သွားကြတော့သည်။
နောက်ဆုံးအကြိမ်ကအတိုင်း ပိုင်ရှောင်ချန်းသည် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ထံ တစ်ချီထဲသွားရန် ရွေးချယ်လိုက်သည်။
" ဒီလူတော့ ရူးနေပြီ "
" သောက်ကျိုးနည်း၊ သူ ဘာလို့ ဒီလိုလုပ်နေတာလဲ။ သူ ဘာကို အောင်မြင်ဖို့ မျှော်လင့်နေတာတုန်း "
ဤအချိန်တွင် မည်သည့်နည်းနှင့်မျှ စီမာတာအိုနှင့် စွန်းရီဖန်တို့ မစိုးရိမ်ဘဲ မနေနိုင်တော့ပေ။ သူ၏ အရင်အောင်မြင်မှုသည် အံသြတုန်လှုပ်ဖွယ်ကောင်းသော်လည်း သူ ဒုတိယအကြိမ်တွင်ကျရှုံးလိမ့်မည်ဟု သူတို့ကိုးဆယ့်ကိုးရာခိုင်နှုန်း သေချာနေသည်။ သို့သော် သူ ေအာင်မြင်ခဲ့လျှင် မည်သို့ဖြစ်မည်ကို သူတို့ သိချင်နေသေးသည်။
ကျိုးဟုန်သည် ပိုင်ရှောင်ချန်းကို ငုံ့ကြည့်ရင်း ရင်တဒိန်းဒိန်းခုန်နေတော့သည်။ ဝိညာဥ်ရေနွေးအိုးထဲတွင် ကြုံခဲ့ရသည့်အလား ဖိအားကြောင့် ခေါင်းကိုက်လာသည့်ပမာ သူ ခံစားနေရသည်။ နတ်ဝံပုလွေလေးနှင့် အခြားလက်ရွေးစင်များအားလုံးလည်း ထိုနည်းတူပင်။ ပိုင်ဟောက်က လူတိုင်းနှင့် ကွဲပြားခြားနားစွာ လုပ်ဆောင်နေသည့်အချက်က အမှန်တကယ်တော့ လုံးဝထိတ်လန့်စရာပင်။
နောက်ဆုံး သူသာ အမှန်တကယ် အောင်မြင်သွားခဲ့လျှင် မည်သို့ လုပ်ရမည်နည်း။
" ဒီကောင် တစ်ခါတည်းနဲ့ ဒုတိယအကြိမ်အောင်မြင်ဖို့က ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး "
စွန်းရီဖန်က စိတ်ထဲတွင် ကြုံးဝါးလိုက်သည်။ သူက မျက်လုံးများ ရဲရဲနီနေလျက် သူ၏ ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ချလိုက်ပြီး ဆယ့်လေးခုမြောက် တစ်ရောင်ခြယ်မီးတောက်ကို စတင်လိုက်သည်။
စီမာတာအိုမှာ ခဲယဥ်းပင်ပန်းစွာ အသက်ရှူနေရသည့်တိုင် အံကို ကြိတ်ပြီး တစ်ရောင်ခြယ်မီးတောက်ကို စတင်လုပ်ကိုင်လိုက်သည်။ သို့သော် မည်သည့် အောက်လမ်းဆရာမဆို ပိုင်ရှောင်ချန်းကို မကြည့်ဘဲ မနေနိုင်သလို ကြည့်မိပြန်ပါလျှင်လည်း သူ့ကို ကျိန်ဆဲနေမိတော့သည်။
ကံဆိုးစွာပင် သူတို့၏ဆဲရေးတိုင်းထွာမှုများက ထိရောက်မှုမရှိပေ။ ပိုင်ရှောင်ချန်းသည် ယခင်ကထက် ပို၍ပင် လျင်မြန်စွာ လုပ်ကိုင်လာသည်။ သူသည် ရှုပ်ထွေးသော အဆင့်များနှင့် ပို၍ ကျွမ်းဝင်လာပြီး နိမိတ်ဖတ်ခြင်းနည်းလမ်းကိုလည်း ပိုမိုကောင်းမွန်စွာ နားလည်လာသည်။ ပိုင်ဟောက်ပင်လျှင် သူ၏ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နေပုံကြောင့် အံသြမှင်သက်သွားသည်။
" ဆရာ့ကြည့်ရတာ အရင်ကထက်တောင် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို ပိုကျွမ်းလာပြီ "
မည်သူတစ်ဦးတစ်ယောက်မှ ပိုင်ရှောင်ချန်း၏ မီးတောက် ဖန်တီးခြင်းနည်းလမ်းကို ပိုင်ဟောက်ထက်ပို၍ ကောင်းကောင်း နားမလည်ပေ။ ဤကိစ္စတွင် သူ လုံးဝမှန်နေပြီး ယခင်ကထက်ပို၍ တိုးတက်လာ၏။ အခြေအနေအရပ်ရပ်၏ ဖိအားများကြောင့်သော်လည်းကောင်း၊ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကို လေ့လာခြင်းမှ သူရရှိခဲ့သော ဉာဏ်အလင်းအနည်းငယ်ကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ သူသည် ဆယ့်ခြောက်ရောင်ခြယ်မီးတောက် ပြုလုပ်ခြင်းတွင် ယခင်ကထက် ပို၍ ကျွမ်းကျင်လာသည်မှာ သိသာလှသည်။
ပြိုင်ပွဲ၏ ဒုတိယမြောက် မီးတောက်ကို ဖန်တီးရာတွင် သူ လုံးဝနစ်မျောနေပြီဖြစ်ကာ မည်သည့်နေရာသို့ ရောက်နေသည်ကိုပင် မေ့လျော့သွားတော့သည်။ သူက စိတ်ရောကိုယ်ပါနှစ်ထားရင်း လုံးဝအာရုံစူးစိုက်ထားရာ သူ၏ ဆံပင်များရှုပ်ပွနေပြီး မျက်လုံးများပင် ရဲရဲနီနေတော့သည်။
သူသည် ကောင်းကင်တံတားဒေသတွင် ဆေးဖော်စပ်ခဲ့စဥ်ကကဲ့သို့ ရူးသွပ်နေလေပြီ။ မြေရိုင်းဒေသတွင် သူ ဖြစ်လေ့ဖြစ်ထ မရှိခဲ့သော်လည်း လက်ရှိအခြေအနေနှင့် အချိန်အခါက ထိုကဲ့သို့ဖြစ်ရန် တွန်းပို့သွားခဲ့ပေသည်။
သူ့လက်ဖဝါးထဲရှိ ဆယ့်ငါးရောင်ခြယ်မီးတောက်သည် အသက်ဝိညာဥ်ရှိသည့်အလား ဖြစ်နေသည်။ ၄င်းသည် အမုန်းဝိညာဥ်အမြောက်အမြားကို ဝါးမျိုရင်း တက်ကြွစွာကခုန်နေတော့သည်။သူ၏ ပတ်လည်တွင် မီးတောက်များ ဝေ့တက်လာသည်တွင် ပိုင်ရှောင်ချန်းက မီးတောက်အားလုံး၏ အရှင်သခင်အလား အရှိန်အဝါများ ထုတ်လွှတ်လာသည်။
ကြည့်ရှုနေကြသူတိုင်းမှာ အသက်ရှူရန်ပင် မေ့လျော့နေကြပြီး စူးစိုက်ကြည့်နေကြသည်။ သူတို့သာ စကားပြောလိုက်လျှင် မြင်တွေ့နေရသည့် ခမ်းနားကြီးကျယ်သော မြင်ကွင်းက အဆုံးသတ်သွားမည်ကို စိုးရိမ်နေသည့်အလား တစ်ယောက်တလေမှ စကားတစ်ခွန်းမပြောကြပေ။
စွန်းရီဖန်နှင့် စီမာတာအိုတို့၏မျက်လုံးများမှာ မယုံကြည်နိုင်သော အရိပ်အယောင်များဖြင့် စူးရှတောက်ပနေရင်း အရူးအမူးဖြစ်နေသော ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်တွင် တဆတ်ဆတ်တုန်သွားကြတော့သည်။
" သဟဇာတ မီးတောက် "
စွန်းရီဖန်က ဆိုသည်။ သူ၏ မျက်လုံးများထဲရှိအရိပ်အယောင်များအရ သိသာထင်ရှားစွာပင် သူ အံ့သြတုန်လှုပ်နေသည်။
မြေရိုင်းဒေသများတွင် မီးတောက်ဖန်တီးရာ၌ ကွဲပြားခြားနားသော အဆင့်များရှိပြီး သဟဇာတမီးတောက်သည် ထိုအဆင့်များအနက် တစ်ခုဖြစ်သည်။ ၄င်းသည် နတ်တစ်ပါးက သက်ရှိသက်မဲ့အရာအားလုံးနှင့် တစ်သားတည်းဖြစ်သွားသကဲ့သို့ လူတစ်ယောက်၏ စိတ်က မီးတောက်နှင့် တစ်သားတည်းဖြစ်သွားသော အဆင့်တစ်ခုဖြစ်သည်။ အမှန်တကယ်တော့ အောက်လမ်းဆရာများ အသုံးပြုသော လျှို့ဝှက်မှော်ပညာများက ဤအဆင့်ကိုမှန်းဆ၍ တီထွင်ထားကြခြင်းသာ ဖြစ်သည်။
စွန်းရီဖန်နှင့် စီမာတာအိုမှာ သဟဇာတမီးတောက်ကို သိရှိနားလည်သွားသော ကောင်းကင်အောက်လမ်းဆရာများအကြောင်း တစ်ခါမှ မကြားခဲ့ဖူးပေ။ သူတို့ နားလည်ရသရွေ့ ယင်းမှာ လောကဓာတ်အောက်လမ်းဆရာများသာ လုပ်ဆောင်နိုင်သောအရာဖြစ်ပေသည်။
ယခု အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ အလင်းများအားလုံး မှေးမှိန်သွားသည့်အလား မိုးကောင်းကင်ကြီး မည်းမှောင်လာ၏။ သူ့လက်ထဲတွင် ကခုန်နေသော မီးတောက်က စုဆုံလာသဖြင့် သက်ရှိသက်မဲ့အားလုံး သူ့ကို အာရုံစိုက်လာကြတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်ရောင်ပေါ်လာသည်။ ၄င်းကား ယခုတွင် ဆယ့်ခြောက်ရောင်ခြယ်မီးပင်လယ်တစ်ခုဖြစ်သွားလေပြီ။
သို့သော် ပိုင်ရှောင်ချန်းက မီးပင်လယ်ကို မီးတောက်တစ်ခုအဖြစ် မစုစည်းလိုက်ပေ။ လောလောဆယ် သူသည် ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်အတွက် ဖန်တီးနည်းကို စဥ်းစားနေသဖြင့် သူ၏မျက်လုံးများမှာ နိမိတ်ဖတ်ခြင်းအလင်းများဖြင့် တဖျပ်ဖျပ်လက်နေတော့သည်။ ရုတ်တရက် သူက ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးနည်းနှင့် ပတ်သက်၍ သူ့တပည့်ပြောပြခဲ့သည့် မတူညီသော ဖြစ်နိုင်ချေနှစ်ခုအပေါ် အာရုံစိုက်လိုက်သည်။