← Chapters

အခန်း (၁၀၄၁)

Vol. 72 Ch. 1041

အခန်း (၁၀၄၁)

Vol. 72 Ch. 1041

ချင်းယင်၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသော အမူအယာ ထင်ဟပ်လာပြီး သူမ အံ့အားသင့်စွာဖြင့် နေရာမှာပင် ရပ်တန့်သွားသည်။

ထိုဖားပြုတ်ငယ်လေးသည် လူစကားကို ပြောဆိုနိုင်ပေ၏။ သူ၏အသံသည်နက်ရှိုင်းပြီး ပဲ့တင်ထပ်နေကာ မိုးကောင်းကင်မှ မြေပြင်သို့ ပျံ့နှံ့လာသကဲ့သို့ သို့မဟုတ် လွန်ခဲ့သော နှစ်ပေါင်းသောင်းချီအကြာမှ ရောက်ရှိလာသကဲ့သို့ ခံစားရပြီး မလွန်ဆန်နိုင်သော ကြီးကျယ်ခမ်းနားမှုကို သယ်ဆောင်လာသည်။

သာမန် ဖားပြုတ်ငယ်လေးတစ်ကောင်သည် သူမကို ဤကဲ့သို့ ခြိမ်းခြောက်နိုင်မည်လော...

မည်သို့ ဖြစ်နိုင်မည်နည်း....

ချင်းယင်ထံတွင် သံသယများ ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေပြီး သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အတင်းအကြပ် ဆင်မြန်းထားလိုက်သည်။

သူမ စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်းသာ ဖြစ်နိုင်ပေ၏။ ယခင်က မြင်တွေ့ခဲ့ရသော ဧရာမဖားပြုတ်ကြီးကြောင့် သူမ သံသယလွန်ကဲနေခြင်းသာ ဖြစ်ပေလိမ့်မည်။

သူမ စိတ်လှုပ်ရှားလွန်းသည်ဟု ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် လှောင်ပြောင်နေစဉ်မှာပင်...

ရုတ်တရက်...

ချစ်စဖွယ်ပုံရိပ်လေးသည် မိုးကောင်းကင်ကို ဖုံးကွယ်သွားသော သရဲတစ္ဆေပုံရိပ်ကြီးဖြင့် ချက်ချင်းဖုံးလွှမ်းသွားပြီး သူမ မြင်နိုင်သည်မှာ ဧရာမဖားပြုတ်ကြီး၏ နောက်ကျောပြင်သာ ဖြစ်တော့သည်။ ဤမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ အနက်ရောင် မြူခိုးများကိုပင် လုံးလုံးလျားလျား ဖုံးကွယ်သွားပေ၏။

ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ဖားပြုတ်သည် မျက်နှာတစ်ဖက်ခြမ်းကို အနည်းငယ် လှည့်လိုက်သောအချိန်၌ နတ်ဆိုးအလောင်းများကြားတွင် သူမ တစ်ချက်မြင်တွေ့လိုက်ရသော ကောင်းကင်ဖုံးဖားပြုတ်ကြီးနှင့် လုံးလုံးလျားလျား တူညီနေခြင်းပင်။

"ဝုန်း...."

ရုတ်ချည်းဆိုသလိုပင် ချင်းယင်၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူမ၏စိတ်ထဲတွင် ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုကြောင့် ဗလောင်ဆူသွားသည်။

မွန်းကြပ်စေသော ဖိနှိပ်ချုပ်ကိုင်နိုင်မှုတစ်ရပ်သည် ကောင်းကင်နှင့်မြေပြင်ကြားမှ စတင် ၍ပျံ့နှံ့လာပြီး လေဟာနယ်ကို လွှမ်းခြုံသွားသည်။

သူမ၏အာရုံကြောများ တင်းမာနေပြီး အာရုံစူးစိုက်လိုက်သော်လည်း သူမ၏ရှေ့ရှိ အရာအားလုံး ပျောက်ကွယ်သွားပေ၏။

သူမ၏မျက်လုံးရှေ့တွင် မှုန်ဝါးနေသော အနက်ရောင် မြူခိုးများနှင့် လက်မဝက်ခန့်အရွယ်သာ ရှိသော ဖားပြုတ်လေးသာ ကျန်ရှိတော့သည်။

အချိန်တခဏကြာမျှ ထွက်ပေါ်လာသော သရဲတစ္ဆေပုံရိပ်ကြီးသည် ဖမ်းဆုပ်စရာ ခြေရာလက်ရာ မကျန်ရစ်ခဲ့ဘဲ သူမ စိတ်ထင်ယောင်ထင်မှား ဖြစ်နေသည့်အလားပင်။ သို့သော် ထိုအရာသည် မိန်းကလေးချင်းယင်၏ စိတ်နှလုံးသားထဲတွင် နက်ရှိုင်းစွာ ပုန်းအောင်းနေသော ကြောက်ရွံ့မှုကို နှိုးဆွပေးလိုက်သည်။

အထူးသဖြင့် ထိုမျက်နှာဘေးတိုက်မြင်ကွင်းသည် သူမအား သေမင်း ဆင်းသက်လာသည်ကို မြင်လိုက်ရသကဲ့သို့ ခံစားမိစေသည်။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် မိန်းကလေးချင်းယင်သည် ကြောက်လန့်တကြား ဖြစ်သွားပေ၏။ သူမ၏မျက်နှာ ဖြူဖျော့သွားကာ သူမ၏ခြေထောက်များ ထုံကျင်သွားပြီး အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် တောင့်တင်းစွာ မတ်တတ်ရပ်နေမိသည်။

"ဒါက... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ဒီဖားပြုတ်လေးက တကယ်ကြီး..."

သူမ၏ ထိတ်လန့်တကြားရေရွတ်သံ မဆုံးမီမှာပင် သူမ၏မျက်စိရှေ့ရှိ အရာအားလုံး ဗလာဟင်းလင်း ဖြစ်သွားသည်။

မိန်းကလေးချင်းယင်သည် သတိပြန်ဝင်လာပြီး ဗလာဟင်းလင်းဖြစ်နေသော ပတ်ဝန်းကျင်ကို ကြည့်မိချိန်၌ သူမသည် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးတစ်ခုကို မက်ခဲ့သကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ခန္ဓာကိုယ် တောင့်တင်းနေပြီး သူမ၏လက်ဖဝါးများမှ ချွေးစေးများထွက်နေသည်။

သူမ၏စိတ်ထဲတွင် တည်ကြည်လေးနက်သော သတိပေးသံတစ်သံက ပဲ့တင်ထပ်နေပေ၏။

"မင်း ပြန်ရောက်ရင် ပါးပါးနပ်နပ် နေပါ... ဘာကို ပြောသင့်တယ် ဘာကို မပြောသင့်ဘူးဆိုတာ သေချာစဉ်းစား... ငါ့ရဲ့သခင်က ငါ့ကို ဓားနဲ့ အရေခွံခွာရင်တောင် ငါ မသေခင် မင်းကို အရင် မျိုချလိုက်မယ်"

ဒုတ်...

မိန်းကလေးချင်းယင်၏နှလုံးခုန်နှုန်း ရုတ်တရက် လျှင်မြန်သွားပြီး ဤလောကကြီးတွင် ကြောက်မက်ဖွယ်အကောင်းဆုံး သရဲတစ္ဆေပုံရိပ်ကြီး၏လွှမ်းခြုံထားမှုကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမထံ၌ ပြန်လည်ခုခံရန် သတ္တိလုံးဝမရှိတော့ဘဲ ထိတ်လန့်မှုသက်သက်ဖြင့်သာ ပြည့်နှက်နေတော့သည်။

ပတ်ဝန်းကျင်တွင် တခြားသူ မရှိသော်လည်း သူမ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အသံမှ အလွန်အမင်း ဖိနှိပ်ထားသဖြင့် သူမကို အလွန်ထိတ်လန့်စေပြီး မတ်တတ်ပင် မရပ်နိုင်တော့ချေ။

အသက်ရှူချိန်အနည်းငယ်အတွင်းတွင် သူမသည် မိုးပြိုကျလာသည်ကို မြင်လိုက်ရသည့်အလား ချွေးများဖြင့် စိုရွှဲသွားတော့သည်။

အချိန် မည်မျှထိ ကုန်လွန်သွားသည်ကို မိန်းကလေးချင်းယင်သည် မသိနိုင်သော်လည်း သူမ၏စိတ် မတည်ငြိမ်နိုင်သေးချေ။

သူမ၏မျက်နှာအရောင် အနည်းငယ် သက်သာလာသော်လည်း သူမ၏ကြည်လင်သော မျက်လုံးများထဲရှိ ထိတ်လန့်မှုသည် ပင်လယ်သမုဒ္ဒရာ လှိုင်းလုံးများကဲ့သို့ တစ်ခုပြီးတစ်ခု မြင့်တက်လာပြီး အချိန်တခဏမျှ ရပ်တန့်မသွားပေ။

သခင်...

ရီဖုန်းသည် အမှန်တကယ်ကိုပင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုကြီး၏ သခင် ဖြစ်နေသလော...

မည်သို့ ဖြစ်နိုင်မည်နည်း..မည်သို့ ဖြစ်နိုင်ပါမည်နည်း....

သူမသည် နက်ရှိုင်းသော အဓိပ္ပာယ်ရှိသည့် စကားလုံးများကို တီးတိုးရေရွတ်ရင်း သူမ ပျံသန်းရေးလှေသို့ မည်သို့ ပြန်ရောက်လာသည်ကိုပင် လုံးဝသတိမထားမိချေ။

သူမသည် ရီဖုန်း၏ရှေ့တွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်လိုက်သည်။

မိန်းကလေးချင်းယင်က သတိထားပြီး ဂရုတစိုက် ကြည့်လိုက်ရာ ရီဖုန်းသည် အိပ်ပျော်နေဆဲပင်။

သူမ အလွန်ရင်းနှီးနေပြီ ဖြစ်သော သူ၏ ချောမောခန့်ညားသော မျက်နှာသည် ရုတ်တရက် တဖန်ပြန်၍ စိမ်းသက်သွားသကဲ့သို့ သူမ ခံစားလိုက်ရသည်။

မိန်းကလေးချင်းယင်ထံတွင် ယခင်က လျစ်လျူရှုမှုများ မရှိတော့ပေ။ သူမ၏ကြည်လင်သော မျက်လုံးများတွင် တည်ကြည်လေးနက်သော အမူအယာတစ်ရပ် ထင်ဟပ်လာပြီး အင်္ကျီလက်ထဲရှိ သူမ၏ လက်ချောင်းများကို တိတ်တဆိတ် တင်းတင်းကြပ်ကြပ် ဆုပ်မိသွားသည်။

မိန်းကလေးချင်းယင်သည် သတိထား၍ စောင့်ကြည့်နေပြီး သူမ၏စိတ်နှလုံးသားသည် ရစ်ပတ်နေသော ကြိုးမျှင်များကဲ့သို့ ရှုပ်ထွေးနေသည်။

ပျံသန်းရေးလှေပေါ်ရှိ တခြားသူများသည် သူမ၏အမြင်အာရုံအတွင်းတွင် မရှိတော့ချေ။ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် သူမ၏စိတ်အာရုံကို ဖမ်းစားနိုင်ခြင်း မရှိတော့ဘဲ သူမ၏ ကြည်လင်သော မျက်လုံးများသည် အိပ်ပျော်နေသော ရီဖုန်းအပေါ်၌သာ စူးစိုက်၍ ကျရောက်နေသည်။

သူမထံတွင် စိုးရိမ်ပူပန်မှုနှင့် မွန်းကြပ်မှုများ ရှိနေသောကြောင့် သူမသည် ရီဖုန်း၏အနားသို့ မချဥ်းကပ်ရဲချေ။

သူမသည် တစ်စုံတစ်ခုကို ပိုင်းခြားသိမြင်နိုင်ရန် ကြိုးစားရင်း သူ့ကို တိတ်တဆိတ် စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။

သို့ရာတွင် သူမ မည်သို့ပင် ကြည့်ရှုပါစေ ရီဖုန်း၏ခန္ဓာကိုယ်တွင် တာအိုစွမ်းအားများ လုံးလုံးလျားလျား ကင်းမဲ့နေပြီး သာမန်လူတစ်ယောက်ကဲ့သို့သာ ဖြစ်နေဆဲပင်။ ဤထူးခြားသော အခြေအနေက မိန်းကလေးချင်းယင်ကို ပို၍အံ့အားသင့်တုန်လှုပ်သွားစေသည်။

အချိန်ကြာမြင့်စွာ တိတ်တဆိတ်စောင့်ကြည့်ပြီးနောက် သူမသည် အသက်ရှူသံကိုပင် ဂရုတစိုက် ထိန်းချုပ်ထားပေ၏။

အချိန်မည်မျှ ကြာသွားသည်ကို မသိရဘဲ ပျံသန်းရေးလှေသည် လေထုထဲတွင် တဖန်ထပ်၍ ရပ်တန့်သွားသည်။

လူနှစ်ယောက်က ပုံမှန်အတိုင်း ချဉ်းကပ်လာကြသည်။ တည်ငြိမ်သော အကြည့်ရှိသည့် လူငယ်သည် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ ဦးညွှတ်အရိုအသေပြုကာ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"အရှင်မ...."

"ပျံသန်းရေးလှေက နောက်ထပ် ပြုပြင်ဖို့ လိုအပ်နေတယ်... ဒီကောင်လေး ဆက်ပြီး ကင်းစောင့်တာ အကောင်းဆုံးလို့ ကျွန်တော် ထင်မိတယ်... ဒါမှ ကျွန်တော်တို့လည်း..."

သူ၏ တည်ငြိမ်သော စကားလုံးများ မဆုံးမီမှာပင် အေးစက်ပြီး နက်ရှိုင်းသော ပြစ်တင်ကြိမ်းမောင်းသံတစ်သံ ထွက်ပေါ်လာသည်။

"တိတ်စမ်း"

လူငယ်သည် ကြောင်အသွားပြီး အဘိုးအို၏ မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။

ဤပြစ်တင်ကြိမ်းမောင်းသံသည် အလွန်အေးစက်ပြီး ဒေါသအနည်းငယ်ပင် ပါဝင်နေပေ၏။

သူတို့သည် ဇဝေဇဝါဖြင့် ခေါင်းမော့ကြည့်လိုက်ရာ အရှင်မချင်းယင်၏မျက်လုံးများ စူးရှတောက်ပနေပြီး သူမ၏အေးစက်သော မျက်နှာတွင် မနှစ်မြို့ခြင်းများ ထင်ဟပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

လူငယ်ကျင့်ကြံသူသည် ဤကိစ္စကို နားမလည်နိုင်သည့်ပုံ ပေါက်နေသည်။

သူတို့သည် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လူလတ်ပိုင်းကြီးထံတွင်လည်း စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

သူတို့၏အရှင်မသည် မည်သည်ကြောင့် ရုတ်တရက်ကြီး ပြစ်တင်ကြိမ်းမောင်းသည်ကို သူတို့ မည်သို့မျှ နားမလည်နိုင်ကြချေ။ ဤအကြံပြုချက်သည် မှားယွင်းခြင်းမရှိဘဲ ပို၍လုံခြုံမှုရှိစေရန်အတွက်သာ မဟုတ်လော။

လူငယ်ကျင့်ကြံသူသည် ပို၍ကောင်းမွန်သော အကျိုးကို ရရှိရန်အတွက် သူ့ကိုယ်သူ အားတင်းပြီး ဦးညွှတ်အရိုအသေပြု၍ ရှင်းပြရန်သာ တတ်နိုင်တော့သည်။

"အရှင်မ..."

"ဒီကောင်လေးရဲ့ ကျင့်ကြံဆင့်က နိမ့်ကျပေမယ့် သူ့ရဲ့ ကံတရားက ထူးခြားတယ်... သူက အရင် အကြိမ်တွေတုန်းက သူ့ရဲ့တာဝန်တွေကို ဝီရိယရှိရှိ လုပ်ဆောင်ခဲ့တယ်... ဒါကြောင့် ဘာလို့ သူ့ကို ဆက်ပြီးကင်းစောင့်ခိုင်းလို့ မရတာလဲ... ကျွန်တော်တို့က စွမ်းအားကို ချွေတာဖို့ လိုပါတယ်... မဟုတ်ရင်..."

သူ၏စကား တစ်ဝက်တစ်ပျက်မှာပင် ပြစ်တင်ကြိမ်းမောင်းသံသည် ယခင်ထက် ပို၍ပြင်းထန်သောလေသံဖြင့် ထပ်မံထွက်ပေါ်လာသည်။

"ငါ နင့်ကို ပါးစပ်ပိတ်ထားလို့ ပြောတယ်လေ... နင် မကြားဘူးလား"

သူတို့၏အရှင်မထံမှ ဤကဲ့သို့ ပြစ်တင်ကြိမ်းမောင်းခံရခြင်းသည် အလွန်ရှားပါးပြီး ဒေါသအရိပ်အယောင်များလည်း သိသာထင်ရှားစွာ ရောယှက်နေသည်။

ထိုကြောင့် လူငယ်သာမက လူလတ်ပိုင်းကြီးပင်လျှင် ကြက်သေသေသွားသည်။

သူတို့ မတုံ့ပြန်နိုင်မီမှာပင် မိန်းကလေးချင်းယင်က မျက်ခုံးများတွန့်ချိုးကာ သူတို့ကို အေးစက်တင်းမာစွာ စိုက်ကြည့်နေသည်အား မြင်တွေ့လိုက်ရသည်။

"ဒီတစ်ခါ နင် ကင်းစောင့်ရမယ်... ငါ့ရဲ့အမိန့်အတိုင်းလုပ်... ဘာမေးခွန်းကိုမှ ထပ်မမေးနဲ့"

ဤတင်းမာခက်ထန်သော လေသံသည် လူငယ်၏ ကျောရိုးတလျှောက် ချမ်းစိမ့်သွားစေပြီး သူ အလျင်အမြန် ခေါင်းညိတ်ပြကာ ဦးညွှတ်အရိုအသေပြုလိုက်၏။

"ဟုတ်ကဲ့..."

ထိုအချိန်ကျမှသာ မိန်းကလေးချင်းယင်သည် သူမ၏ဒေါသကို ထိန်းချုပ်ပြီး လျစ်လျူရှုလိုက်ကာ လှည့်ထွက်သွားရင်း တည်ကြည်လေးနက်သောအသံဖြင့် ညွှန်ကြားလိုက်သည်။

"ပြီးတော့...နောက်နောင်ကျရင် 'ကောင်လေး' ဆိုတဲ့ အသုံးအနှုန်းကို မသုံးနဲ့တော့"

လူငယ်၏မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး တုံ့ပြန်ရန်အတွက် အလျင်အမြန် ဦးညွှတ်လိုက်၏။

"နားလည်ပါပြီ"

တင့်တယ်လှပပြီး ကျက်သရေရှိသော ပုံရိပ်လေး ထွက်ခွာသွားမှသာ သူ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ရဲသည်။

သူသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏စိတ်နှလုံးသားထဲမှ ဇဝေဇဝါဖြစ်မှုများသည် သူ၏မျက်နှာပေါ်တွင် ပေါ်လွင်နေသည်။ သူသည် လူလတ်ပိုင်းကြီး၏အနီးသို့ တိတ်တဆိတ် ချဥ်းကပ်သွားပြီး နားမလည်နိုင်စွာဖြင့် ဦးညွှတ်အရိုအသေပြုကာ လမ်းညွှန်မှု တောင်းခံလိုက်သည်။

"အကြီးအကဲရွှီ...."

"ကျွန်တော်ကို ပြောပြပါအုံး... ဘာလို့ ကျွန်တော်တို့အရှင်မက အဲ့ဒီလူကို ရုတ်တရက်ကြီး ဒီလောက်တောင် ကာကွယ်ပေးနေတာလဲ... ကျွန်တော့်ရဲ့အရည်အချင်းက နိမ့်ပါးပေမယ့် ကျွန်တော်က အဆင့်မြင့်သူတော်စင်တစ်ယောက်ပါပဲ... ကျွန်တော် သူ့ကို ခေါ်ဝေါ်တဲ့ ပုံစံမှာ ဘာမှားနေလို့လဲ"

အဘိုးအိုသည်လည်း စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းခါလိုက်ပြီး မဆင်မခြင်မပြောရဲချေ။

သူတို့နှစ်ဦးလုံး၏စိတ်ထဲတွင် သံသယများ ရှိနေသော်လည်း အရှင်မချင်းယင်၏ အာဏာကြောင့် သူတို့သည် တိတ်ဆိတ်စွာ မြိုသိပ်ထားရုံသာ တတ်နိုင်တော့သည်။

အချိန်တခဏအကြာတွင် လူငယ်ကျင့်ကြံသူသည် တာဝန်သိစွာဖြင့် ကင်းစောင့်တာဝန်ကို လွှဲပြောင်းယူလိုက်၏။

မိန်းကလေးချင်းယင်နှင့် လူလတ်ပိုင်းကြီးတို့သည် စွမ်းအားချွေတာရန်အတွက် သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ထားပြီး ဗလာနယ်ပယ်သို့ ဝင်ရောက်သွားသည်။ အရာအားလုံးသည် ယခင်ကအတိုင်း ပုံမှန်ဖြစ်ပုံရသော်လည်း လက်တွေ့တွင်မူ ဤသည်မှာ ဟန်ပြသက်သက်ပင်။ မိန်းကလေးချင်းယင်သည် သူမ၏ အရှိန်အဝါကို ဖုံးကွယ်ထားရုံသာ ရှိပြီး သူမ၏ နတ်ဘုရားစိတ်အာရုံဖြင့် ပျံသန်းရေးလှေပေါ်မှ လှုပ်ရှားမှုတိုင်းကို အာရုံခံနေသည်။

ထို့ပြင် သူမ၏အာရုံစိုက်နေသော ဗဟိုချက်သည် အိပ်ပျော်နေသော ရီဖုန်းပင်။

နာရီဝက်ခန့် ကြာပြီးနောက် ရီဖုန်းသည် နောက်ဆုံးတွင် အကြောဆန့်ပြီး ထထိုင်လိုက်၏။

"ဝါး..."

သူ၏မျက်လုံးများသည် အိပ်မှုန်စုံမွှား ဖြစ်နေဆဲဖြစ်ပြီး ပျင်းရိနေပုံပေါက်ကာ ထိပ်သီးကျင့်ကြံသူတစ်ဦးနှင့် လုံးလုံးလျားလျား မတူညီချေ။

သူသည် မျက်ခွံများကို အားယူဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ ကင်းစောင့်ရမည့်အလှည့်သို့ ရောက်ရှိပြီဖြစ်ကြောင်း သိလိုက်ရသည်။

ရီဖုန်းသည် နောက်ဆုံးတွင် တက်ကြွလာပြီး လှေဦးပိုင်းတွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသော လူငယ်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။

"ငါပဲ ပြန်ပြီးကင်းစောင့်လိုက်မယ်... မင်းတို့အားလုံးက စွမ်းအားချွေတာဖို့ လိုတယ်"

လူငယ်၏မျက်လုံးများ တောက်ပသွားပြီးနောက် သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအယာတစ်ရပ် ထင်ဟပ်သည်။

"မဖြစ်ဘူး... သခင်မက ကျွန်တော့်ကို ကင်းစောင့်ဖို့ အမိန့်ပေးထားတယ်"

အမိန့်ဟူသည်မှာ လိုက်နာရမည် ဖြစ်သော်လည်း ဤလူငယ်သည် အမှန်တကယ်ကို ခေါင်းမာပေ၏။

ရီဖုန်းသည် အတွေ့အကြုံရမှတ်များ ရယူရန် ဤမျှထိ ကောင်းမွန်သော အခွင့်အရေးကို လုံးဝလက်လွှတ်မခံနိုင်ပေ။ ဤတစ်ကြိမ်တွင် သူသည် ထိုဖားပြုတ်ကြီးနှင့် ကြုံတွေ့ရပါက မည်သို့ ဖြစ်သွားမည်နည်း။ ထိုအရာသည် သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားမည်မဟုတ်လော။

ရီဖုန်းသည် ခေါင်းမာမာဖြင့် ထိုလူငယ်ကို သည်းကြီးမည်းကြီး စတင်၍နှောင့်ယှက်တော့သည်။

လူငယ်သည် ရီဖုန်း၏တိုက်စစ်ကို တောင့်မခံနိုင်သည့်အပြင် မိန်းကလေးချင်းယင်ထံမှ မည်သည့် အရှိန်အဝါမျှ မရှိသည်ကို မြင်တွေ့ချိန်၌ တွေဝေတုံ့ဆိုင်းသွားပြီးနောက် သဘောတူလိုက်သည်။

"ဒါက... ကောင်းပြီလေ"

"ပင်ပန်းသွားပါပြီ... အစ်ကိုရီအတွက် ပင်ပန်းသွားရပြီ"

သူတို့နှစ်ယောက်သား နားလည်မှု ရသွားပြီး အပြန်အလှန် အကျိုးပြုသော ဖော်ရွေသည့် စကားဝိုင်းတချို့ကို ပြောဆိုကာ သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရန် သွားလိုက်ကြသည်။

လူငယ်သည် အနီးအနားတွင် အနားယူ အိပ်စက်နေပြီး ရီဖုန်းသည် ပျံသန်းရေးလှေ၏ဦးပိုင်းတွင် တက်ကြွစွာ မတ်တတ်ရပ်နေသည်။

ဤအရာများအားလုံးကို မိန်းကလေးချင်းယင်သည် သတိထားမိပေ၏။

လူငယ်၏ပေါ့ဆမှုကို သူမ များစွာဂရုမစိုက်ပေ။ သူမ၏နတ်ဘုရားစိတ်အာရုံဖြင့် ရီဖုန်း၏ လှုပ်ရှားမှုများကိုသာ တိတ်တဆိတ် လိုက်လံ စောင့်ကြည့်နေသည်။

သူမ၏သံသယများကို အတည်ပြုလိုပြီး ရီဖုန်းသည် အမှန်အားဖြင့် မည်သို့ ကင်းစောင့်သည်ကိုလည်း သူမ မြင်တွေ့လိုသည်။

ဤခရီးစဉ်သည် ယခုအချိန်အထိ အလွန် ငြိမ်းချမ်းနေပေ၏။

အထူးသဖြင့် ရီဖုန်း ကင်းစောင့်သည့် အချိန်တိုင်း ရေပြင်ကဲ့သို့ ငြိမ်သက်နေပြီး မည်သည့် အန္တရာယ်ကိုမျှ မကြုံတွေ့ရပေ။ ဤသည်က အလွန်ငြိမ်းချမ်းလွန်းသဖြင့် ထူးဆန်းနေသည်။ သူမတို့အလှည့်သို့ ကျရောက်သည့်အချိန်တိုင်း ပြင်းထန်သောတိုက်ပွဲများ ဖြစ်လေ့ရှိသည်။

ဤကွဲပြားခြားနားသော အခြေအနေများကို ကံတရားကြောင့်ဟု အမြဲတစေ ယူဆ၍ မရနိုင်ချေ။

လောကကြီးပေါ်တွင် မည်သူမျှ ထိုမျှလောက် ကံကောင်းနိုင်မည် မဟုတ်ချေ။ ရီဖုန်းသည် ကံတရား၏သားတော်လည်း မဖြစ်နိုင်ပေ။

ယခင်က မိန်းကလေးချင်းယင်သည် မယုံတစ်ဝက်ယုံတစ်ဝက်ဖြင့် သံသယ ဖြစ်နေရုံသာရှိသော်လည်း ဖားပြုတ်၏အစစ်အမှန် ပုံစံကို တွေ့ရှိလိုက်သည့် အချိန်မှစ၍တစ်စုံတစ်ခု မူမမှန်မှု ရှိနေကြောင်း သူမ အတည်ပြုလိုက်၏။

ရီဖုန်းသည် လှေဦးပိုင်းတွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေရုံသာ ရှိသော်လည်း မိန်းကလေးချင်းယင်သည် သူမ၏နတ်ဘုရားစိတ်အာရုံ ဖြန့်ကျက်ထားမှုကို အနည်းငယ်မျှ မလျှော့ချချေ။

အသက်ရှူချိန်အနည်းငယ်ခန့်ကြာအောင် စောင့်ကြည့်ပြီးနောက် ရီဖုန်း စတင်၍လှုပ်ရှားသည်ကို သူမ နောက်ဆုံးတွင် မြင်လိုက်ရသည်။

သူသော ထူးဆန်းသော ဓားရှည်တစ်လက်ကို ထုတ်ယူကာ သူ၏ပခုံးပေါ်တွင် တင်လိုက်၏။

ဤလုပ်ရပ်သည် သူမ၏သိလိုစိတ်ကို ချက်ချင်းနှိုးဆွလိုက်သည်။

"သူ ဘာလုပ်မလို့လဲ..."

ထိုအတွေး သူမ၏စိတ်ထဲတွင် အပြည့်အဝ ဖြစ်ပေါ်လာမလာမီ ရီဖုန်းသည် ပျံသန်းရေးလှေပေါ်မှ ခုန်ဆင်းသွားခဲ့လေပြီ။

All Chapters