အခန်း (၁၀၄၆)
Vol. 72 Ch. 1046
ပျံသန်းရေးလှေသည် ရှေးဟောင်းစင်္ကြန်လမ်းကို ဖြတ်သန်းသွားပြီး ကြယ်တာရာပင်လယ်ပြင်ရှိ တိမ်တိုက်များကို လှုပ်ခတ်သွားစေကာ ထွက်ခွာသွားသည်။
လှိုင်းဂယက်များသည် လေဟာနယ်တလျှောက် ပျံ့နှံ့သွားပြီး နေ့ဝက်အကြာတွင် သူတို့သည် လန်ရှင်းနယ်မြေသို့ ရောက်ရှိသွားကြ၏။
ပျံသန်းရေးလှေသည် မြူခိုးများဖုံးလွှမ်းနေသော မသေမျိုးကျွန်းတစ်ကျွန်းပေါ်တွင် ဆင်းသက်လိုက်ပြီး ထိုနေရာရှိ ကျယ်ပြန့်သော ရင်ပြင်တွင် လူများဖြင့် ပြည့်နှက်နေသည်။ ချင်းယင်သည် ပျံသန်းရေးလှေပေါ်မှ ဆင်းသက်လိုက်ချိန်၌ လူများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"သူတော်စင်မိန်းမပျို ပြန်ရောက်လာပြီ"
"လနတ်ဘုရားခန်းမဆောင်ရဲ့ သူတော်စင်မိန်းမပျို ဆိုတဲ့အတိုင်းပဲ... သူက ယွင်ရှင်းနယ်မြေက နတ်ဆိုးမျိုးနွယ်တွေကို ရက်အနည်းငယ်အတွင်းမှာ ဖိနှိပ်နိုင်ခဲ့တယ်"
"နတ်ဆိုးမျိုးနွယ် အကြွင်းအကျန်လေးတွေက ငါတို့ လနတ်ဘုရားခန်းမဆောင်နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
"သူတော်စင်မိန်းမပျိုကို ကြိုဆိုပါတယ်...."
မရေမတွက်နိုင်သော လူငယ်လူရွယ်များသည် သူမကို နံဘေးတစ်ဖက်တစ်ချက်စီမှ နှုတ်ဆက်ကြပြီး သူတို့၏မျက်လုံးများတွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။
ချင်းယင်က ဂရုမစိုက်သောပုံစံဖြင့် ရှေ့သို့လျှောက်လှမ်းသွားသည်။ သူမ၏ တင့်တယ်လှပသော ပုံရိပ်သည် လူအုပ်ကြားမှ ထွက်ပေါ်လာပြီး နန်းတော်များစွာကို ဖြတ်သန်းသွားသည်။ သူမ၏ ရိုးရှင်းပြီး ခြေမျက်စိထိရှည်လျားသည့် ဝတ်စုံသည် မရေမတွက်နိုင်သော မျက်လုံးအကြည့်များကို ဖြတ်ကျော်သွားပြီး ယခင်အတိုင်း လူအများ လက်လှမ်းမမီနိုင်သောပုံစံမျိုး၌ ရှိနေဆဲပင်။
လက်အောက်ငယ်သားနှစ်ဦးသည် သူမနှင့်အတူ ဆက်မလိုက်ရဲတော့ဘဲ ရင်ပြင်တွင် စောင့်ဆိုင်းနေကြသည်။
လူအများ၏ အကြည့်အောက်တွင်...
တင့်တယ်လှပသော တစ်ကိုယ်တော်ပုံရိပ်လေးသည် ၉၉ ဆင့်ရှိသော လှေကားထစ်များကို တက်လှမ်းသွားပြီး မသေမျိုးကျွန်း၏ အထွတ်အထိပ်ရှိ ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီးရှေ့တွင် ရပ်တန့်လိုက်သည်။
ထိုနေရာ၌ တိမ်များတလိမ့်လိမ့်ထနေပြီး လရောင်ဖြာကျနေကာ ရှုခင်းသည် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပနေပေ၏။
ချင်းယင်သည် ခန်းမဆောင်၏အပြင်ဘက်တွင် ရိုသေစွာ ဦးညွှတ်အရိုအသေပြုပြီး ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
"ဆရာ့ကို သတင်းပို့ပါတယ်... တပည့်မ ပြန်ရောက်ပါပြီ"
ရေကဲ့သို့ တည်ငြိမ်ပြီး ဘဝအတွေ့အကြုံများစွာ ရှိပုံရသော အသံတစ်သံက ခန်းမဆောင် အတွင်းမှ ထွက်ပေါ်လာသည်။
"ဝင်ခဲ့"
ချင်းယင်က ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားပြီး ခြေလှမ်းပေါင်းများစွာ ရှေ့တိုးကာ သူမ၏လက်နှစ်ဖက်ဖြင့် တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည့် ကောင်းကင်လက်နက်ကို ပေးအပ်လိုက်သည်။
"ဆရာကို သတင်းပို့ပါတယ်... တပည့်မက လနတ်ဘုရားဓားကို ပြန်ပေးဖို့ သီးသန့် လာခဲ့တာပါ"
ပုတီးစေ့ကန့်လန့်ကာ နောက်ကွယ်ရှိ ထိုင်ခုံရှည်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေသော ပုံရိပ်သည် လျစ်လျူရှုထားသောပုံစံဖြင့် တုံ့ပြန်လိုက်၏။
"အင်း... မင်းက ငါ့ကို စိတ်မပျက်စေခဲ့ဘူး"
ထို့နောက် သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ လနတ်ဘုရားဓားသည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားကာ သူ၏အင်္ကျီလက်ထဲသို့ ဝင်ရောက်သွားသည်။
ဤပုံရိပ်သည် လနတ်ဘုရားဓား၏ အစစ်အမှန် အရှင်သခင်ဖြစ်ပြီး လက်ရှိ လနတ်ဘုရားခန်းမဆောင်သခင်ဖြစ်ကာ လန်ရှင်းနယ်မြေတခွင်လုံးတွင် ထင်ရှားကျော်ကြားသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးပင်။
ထို့နောက် သူ့ထံမှ ချီးကျူးစကားသံ ထွက်ပေါ်လာပြီး သူ၏လေသံတွင် အံ့အားသင့်မှု အရိပ်အယောင်များ ရောယှက်နေသည်။
"ယွင်အာ... ဒီတစ်ခေါက် မင်းရဲ့ ယွင်ရှင်းနယ်မြေခရီးစဉ်က ငါ မျှော်လင့်ထားတာထက် ပိုပြီးအဆင်ပြေချောမွေ့ခဲ့တယ်... တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီးကတည်းက မင်းက အသိဉာဏ်အလင်းပွင့်မှုတွေ အတော်လေး ရခဲ့ပုံရတယ်"
ချင်းယင်က တုံ့ပြန်သောအနေဖြင့် ခေါင်းညိတ်ပြပြီး အရာအားလုံးကို အမှန်အတိုင်း ရှင်းပြလိုက်သည်။
"ဆရာ့ကို သတင်းပို့ပါတယ်....ဒီယွင်ရှင်းခရီးစဉ်က ယွင်ရှင်းနယ်မြေက စီနီယာကျင့်ကြံသူတစ်ဦးရဲ့အကူအညီကြောင့် အောင်မြင်ခဲ့တာပါ... အဲဒါကြောင့် တပည့်မက ကြယ်တာရာတံခါးပေါက်ကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့တာပါ"
လနတ်ဘုရားခန်းမဆောင်သခင်က သူ၏မျက်လုံးများကိုလှန်၍ ဖြည်းညှင်းစွာ ခေါင်းမော့ကြည့်လိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက သွေးပျက်ဖို့ကောင်းတဲ့ စစ်ပွဲကြီး ပြီးတဲ့နောက် ယွင်ရှင်းမှာ ဘယ်လို ထိပ်သီးအစွမ်းထက်ကျင်ကြံသူမျိုး ကျန်နေနိုင်အုံးမှာလဲ"
ချင်းယင်၏မျက်နှာပေါ်တွင် လေးစားရိုသေမှုများ ထင်ဟပ်လာပြီး သူမ၏လေသံသည် ပို၍တည်ကြည်လေးနက်လာပေ၏။
"ဆရာ့ကို သတင်းပို့ပါတယ်... ယွင်ရှင်းက အခုလက်ရှိမှာ ပါရမီရှင်တွေ ရှားပါးနေပေမယ့် ထူးခြားတဲ့ အခြေခံအုတ်မြစ်တွေကို ပိုင်ဆိုင်ထားပါတယ်... ဒီခရီးစဉ်မှာ ကျွန်မတို့က ရီဖုန်းလို့ ခေါ်တဲ့ စီနီယာတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်... ပြီးတော့ သူက ကောင်းကင်လက်နက်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပါတယ်"
ကန့်လန့်ကာနောက်ကွယ်မှ ပုံရိပ်သည် သိသိသာသာ ရပ်တန့်သွားပြီး သူက အံ့အားသင့်သွားသောလေသံဖြင့် ပြောဆိုလိုက်သည်။
"ကောင်းကင်လက်နက်... အဲဒါ အမှန်ပဲလား... ဒီလူရဲ့ကျင့်ကြံဆင့်က ဘယ်အဆင့်မှာ ရှိနေလဲ"
ချင်းယင်၏မျက်လုံးများတွင် လေးစားအားကျမှုများ ထင်ဟပ်လာသည်။
"ဒါက အမှန်ပါ....စီနီယာရီက ကောင်းကင်လက်နက်တစ်ခုကို တကယ်ကြီး ပိုင်ဆိုင်ထားပါတယ်... သူ့ရဲ့ ကျင့်ကြံဆင့်နဲ့ ပတ်သက်လို့တော့... ဆရာ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်... တပည့်မရဲ့ကျင့်ကြံဆင့်က တိမ်ကောပြီး ပိုင်းခြားသိမြင်ဖို့ ခက်ခဲတာကြောင့်....စီနီယာရီရဲ့ ကျင့်ကြံဆင့်က ကောင်းကင်အဆင့်နဲ့ နီးစပ်တယ်လို့ပဲ ကောက်ချက်ချနိုင်တယ်"
ခန်းမဆောင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
အသက်ရှူချိန်အနည်းငယ်ခန့် ကြာမြင့်ပြီးနောက် လနတ်ဘုရားခန်းမဆောင်သခင်သည် မနေနိုင်တော့ဘဲ အံ့အားတသင့် ရေရွတ်လိုက်၏။
"ယွင်ရှင်းမှာ ဒီလိုပုဂ္ဂိုလ်မျိုး ရှိနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး... တကယ့်ကို အံ့အားသင့်စရာပဲ... မင်း သူ့ကို ကြိုတင်ပြီး မိတ်ဖွဲ့နိုင်ခဲ့တာကလည်း ကောင်းမွန်တဲ့ ကိစ္စပဲ... အနာဂတ်မှာ သူ့ကို လနတ်ဘုရားခန်းမဆောင်ဆီ ခေါ်လာပြီး အကြီးအကဲတစ်ယောက်အနေနဲ့ ခန့်အပ်လိုက်ရင် သူ့အတွက် နစ်နာစရာ မရှိပါဘူး"
ချင်းယင်က ထိုစကားများကို နားထောင်ပြီးနောက် ဝမ်းသာအားရဖြစ်သွားကာ အလျင်အမြန် ဦးညွှတ်၍ ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်ကြီး... တပည့်မက စီနီယာရီကို အနာဂတ်မှာ လန်ရှင်းဆီ အလည်လာဖို့ ဖိတ်ခေါ်ထားတဲ့ သဘောတူညီချက်တစ်ခု ပြုလုပ်ထားပါတယ်"
လနတ်ဘုရားခန်းမဆောင်သခင်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြပြီး အဆင်ပြေချောမွေ့မှုအတွက် ပျော်ရွှင်မှု အရိပ်အယောင်တစ်ရိပ်က သူမ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။
ရုတ်တရက် သူမ၏နက်ရှိုင်းသော မျက်လုံးများသည် စူးရှတောက်ပစွာ အေးစက်တင်းမာသွားပေ၏။
သူမသည် ခန်းမဆောင်တံခါး၏အပြင်ဘက်ကို အရေးမစိုက်သောပုံစံဖြင့် ကြည့်လိုက်သည်။
"ဘယ်သူက ငါ့ရဲ့စကားကို ခိုးပြီးနားထောင်နေတာလဲ"
သူမ၏အသံတွင် အေးစက်မှုတစ်ရပ် ပါဝင်နေပြီး ကြီးမားသော ဖိအားတစ်ခုသည် ခန်းမဆောင်ထဲမှ ပြင်းထန်သော လေပြင်းတစ်ခုကဲ့သို့ တိုက်ခတ်လာကာ အရာအားလုံးကို လွှမ်းမိုးသွားပြီး ပုန်းအောင်းစရာ နေရာမရှိအောင် ဖြစ်သွားစေသည်။
ထိုလေပြင်းဖြင့် အနည်းငယ် ထိတွေ့ခံလိုက်ရုံဖြင့် မိန်းကလေးချင်းယင်သည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုမွန်းကြပ်စေသော ကြောက်မက်ဖွယ် ဖိအားသည် သူမကို လှုပ်ရှား၍ မရနိုင်လုနီးပါး ဖြစ်သွားစေသည်။ လူအများမှ လေးစားအားကျရသော ကောင်းကင်ဘုံ၏သမီးတော်ဖြစ်ကာ လနတ်ဘုရားခန်းမဆောင်၏ သူတော်စင်မိန်းမပျို ဖြစ်သည့်တိုင် သူမနှင့် သူမ၏ဆရာကြား ကွာဟချက်သည် မိုးနှင့်မြေကြီးတမျှ ကွာခြားနေဆဲပင်။
တံခါး၏အပြင်ဘက်တွင်...
အကြီးအကဲရှုံးဖန်း၏အကြည့်များ မျောလွင့်နေပြီး သူ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
ရုတ်တရက် ကြီးမားသောဖိအားဖြင့် လွှမ်းခြုံခံလိုက်ရသဖြင့် သူ၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားပြီး သွေးများဆူပွက်လာသည်။ သူ အံ့တင်းတင်းကြိတ်ကာ သူ့ကိုယ်သူ ထုတ်ဖော်ပြသပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်ရုံသာ တတ်နိုင်တော့သည်။
"ခန်းမဆောင်သခင်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... ဒီလူအိုကြီးက ခိုးနားထောင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး... ဒါပေမဲ့ ဂိုဏ်းကိစ္စ အရေးတကြီး သတင်းပို့စရာ ရှိလို့ပါ"
ဝဖိုင်ဖိုင်အဘိုးအို၏မျက်နှာကို မှတ်မိသွားသဖြင့် လနတ်ဘုရားခန်းမဆောင်သခင်သည် သူမ၏အင်္ကျီကို ဝှေ့ယမ်းလိုက်၏။
ဝှစ်...
ရုတ်ချည်းဆိုသလိုပင် ခန်းမဆောင်ထဲရှိ ဖိနှိပ်ချုပ်ကိုင်နိုင်သော အရှိန်အဝါသည် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။
ချင်းယင်နှင့် ယခုရောက်ရှိလာသူသည် ကြီးမားသော ဘေးဒုက္ခတစ်ခုမှ လွတ်မြောက်သွားသည့်အလား သက်ပြင်းချလိုက်ကြသည်။
ထို့နောက် နက်ရှိုင်းသော အသံတစ်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။ ထိုအသံ၏စိတ်ခံစားမှုများကို ခန့်မှန်း၍ မရနိုင်သော်လည်း ကြောက်မက်ဖွယ် ဖိအားတစ်ရပ် ရောယှက်နေသည်။
"ဘာကိစ္စလဲ"
ဤသည်မှာ စကားလုံးအနည်းငယ်သာ ဖြစ်သော်လည်း ထိုအသံ၏လျစ်လျူရှုထားမှုသည် ယခင်က ရင်းနှီးမှု တည်ငြိမ်မှုတို့နှင့် လုံးဝမတူညီဘဲ လွှမ်းမိုးချုပ်ကိုင်နိုင်မှုတစ်ရပ် ပါဝင်နေသည်။ ခန်းမဆောင်ထဲရှိ လေထုပင်လျှင် ပို၍အေးစက်လာပေ၏။
အကြီးအကဲရှုံးဖန်းသည် သူ၏အင်္ကျီလက်ထဲမှ စာရင်းတစ်ခုကို သူ၏လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်ပြီး သူ စကားပြောဆိုနေစဉ် ရိုသေစွာ ခေါင်းငုံ့ထားသည်။
"ခန်းမဆောင်သခင်ကို သတင်းပို့ပါတယ်.....ရာထူးတိုးမြှင့်ခံရတဲ့ အတွင်းစည်းတပည့်အသစ်တွေရဲ့ စာရင်းကို ယာယီဆွေးနွေးထားပြီးပါပြီ... ကျေးဇူးပြုပြီး ခန်းမဆောင်သခင်က ပြန်လည်စစ်ဆေးပေးပါ"
လနတ်ဘုရားခန်းမဆောင်သခင်သည် လက်ညှိုးတစ်ချောင်း ညွှန်ပြလိုက်ရာ ထိုစာရင်းသည် ပုတီးစေ့ကန့်လန့်ကာနောက်သို့ တည်ငြိမ်စွာ ပျံ့လွင့်လာသည်။
ထို့နောက် သူမက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"နင် ထွက်သွားလို့ ရပြီ"
အကြီးအကဲရှုံးဖန်းသည် မည်သည့်ကားမျှ ထပ်မပြောရဲတော့ဘဲ ဦးညွှတ်အရိုအသေပြုပြီး ခန်းမဆောင်ထဲမှ အလျင်အမြန် ထွက်ခွာသွားသည်။
၉၉ဆင့်သော လှေကားထစ်များကို ဆင်းပြီးမှသာ သူ၏ဝဖိုင်ဖိုင်ပုံရိပ်သည် ပျော့ခွေသွားပြီး သူ၏နားထင်မှ ချွေးစေးများကိုသုတ်ကာ သက်ပြင်းရှည်ကြီးချလိုက်သည်။
"ဟူး..."
ကျင့်ကြံဆင့်ကွာခြားချက်သည် အလွန်ကြီးမားခြင်းမရှိသော်လည်း လနတ်ဘုရားခန်းမဆောင်သခင်သည် လျှို့ဝှက်နည်းလမ်းများကို ကျင့်ကြံထားပြီး ကောင်းကင်လက်နက်၏အားဖြည့်မှု ရှိနေသဖြင့် သူမကို ယှဉ်ပြိုင်ရန် အလွန်ခက်ခဲစေသည်။ သူ့ထံ၌ အကြီးအကဲဟူသော ဂုဏ်ပုဒ် ရှိနေသော်လည်း သူ၏အဆင့်အတန်းသည် သူတော်စင်မိန်းမပျိုထက် များစွာပို၍ နိမ့်ကျနေသည်။
သူသည် နာကြည်းချက်များကို မျိုသိပ်ပြီး ရှေ့သို့ လျှောက်လှမ်းသွားလိုက်ရာ သူ၏စိတ်နှလုံးသားထဲ၌ ရှုပ်ထွေးသော ခံစားချက်များ စတင်၍ ရောယှက်လာသည်။
ယွင်ရှင်းနယ်မြေတွင် ကောင်းကင်လက်နက်တစ်ခု ရှိနေသလော....
အစောပိုင်းက သူ ကြားလိုက်ရသော စကားလုံးများသည် ရှုံးဖန်း၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
ရင်ပြင်ကို ဖြတ်သန်းသွားစဉ် သူတော်စင်မိန်းမပျိုနှင့်အတူ ပြန်လာသော လူငယ်တပည့် ဟူဝေ့ဖန်းကို သူ သတိထားမိသွားသည်။
ဤတပည့်သည် မကြာသေးမီက အလေးထားခံရပြီး သူတော်စင်မိန်းမပျိုနှင့်အတူ ယွင်ရှင်းနယ်မြေသို့ပင် လိုက်ပါသွားခဲ့သည်။ ဟူဝေ့ဖန်းသည် တစ်စုံတစ်ခုကို သိနိုင်ပေလိမ့်မည်။
ရှုံးဖန်း၏မျက်လုံးထဲတွင် ထူးဆန်းသော အရောင်အဝါတစ်ရပ် ဖြတ်ပြေးသွားပြီး ရှေ့သို့တည်ငြိမ်စွာ ချဉ်းကပ်သွားသည်။
သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး လည်ချောင်းရှင်းလိုက်ကာ ဟန်ဆောင်ရင်းနှီးမှု စိုးရိမ်ပူပန်မှုတို့ဖြင့် မေးမြန်းလိုက်သည်။
"အဟွတ် အဟွတ်....ဟူလေး... မင်း ဂိုဏ်းကနေ ထွက်သွားတာ သိပ်မကြာသေးဘူး...အခု ပြန်ရောက်လာပြီ... ဒီခရီးစဉ်က အရမ်းချောမွေ့ခဲ့ပုံရတယ်... မျိုးဆက်သစ်လူငယ်တွေက တကယ့်ကို စွမ်းဆောင်နိုင်ကြတာပဲ"
ဟူဝေ့ဖန်းသည် ယွင်ရှင်းနယ်မြေမှ သင်ခန်းစာ ရခဲ့သည်။
အကြီးအကဲတစ်ယောက်၏ ချီးကျူးစကားကို ကြားချိန်၌ သူ စိတ်ကျေနပ်သွားသော်လည်း ထပ်ပြီးမာန်တက်မနေရဲတော့ပေ။ သူ၏စကားများသည် ယခင်ကထက် အဆပေါင်းများစွာပို၍ သူ့ကိုယ်သူ နှိမ့်ချထားသည်။
"မဟုတ်ဘူး... မဟုတ်ပါဘူး....အကြီးအကဲက မြှောက်ပင့်နေတာပဲ.. ဒါတွေအားလုံးက သူတော်စင်မိန်းမပျိုရဲ့ ထူးချွန်တဲ့ ကွပ်ကဲမှုကြောင့်ပါ... အကြီးအကဲရွှီနဲ့ ကျွန်တော်က အမိန့်ကို လိုက်နာရုံပါပဲ... ကျွန်တော်တို့က ဘယ်လိုလုပ်ပြီးတော့ ဂုဏ်ယူဝံ့ကြွားရဲမှာလဲ"
ထိုစကားကိုပြောဆိုနေစဉ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ရပ်က ဟူဝေ့ဖန်း၏ မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။
"ရိုးရိုးသားသားပြောရရင် ဒါက စီနီယာတစ်ယောက်ရဲ့ အကူအညီကြောင့်ပါ"
ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် တကယ်ကြီး ရှိနေတာပါလား...
အကြီးအကဲရှုံးဖန်း၏မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပြီး သူက ဟန်ဆောင်မေးခွန်းတစ်ခုဖြင့် တမင်သက်သက် ရန်စလိုက်သည်။
"ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ တစ်ယောက်လား...ဟား ဟား ဟား... ယွင်ရှင်းက အထီးကျန်နေတာ နှစ်ပေါင်းတစ်သောင်းရှိပြီ... ငါတို့ လန်ရှင်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ... ဘယ်လို ထိပ်သီးကျင့်ကြံသူမျိုး ရှိနိုင်မှာမို့လို့လဲ... မင်းပြောတဲ့လူက ကောင်းကင်လက်နက်ကိုတောင် မြင်ဖူးမှာ မဟုတ်ဘူး..."
သူ၏လေသံတွင် မာန်မာနများဖြင့် ပြည့်နှက်နေပြီး တစ်ချိန်က ဟူဝေ့ဖန်း၏ပုံစံအတိုင်းပင်။
သို့သော် စီနီယာရီဖုန်း၏ကျင့်ကြံဆင့်စွမ်းအားနှင့် အမူအယာကို မြင်တွေ့ပြီးကတည်းက ဟူဝေ့ဖန်းသည် များစွာတိုးတက်လာခဲ့ပေ၏။ သူသည် အကြီးအကဲရှုံးဖန်း၏ မသိနားမလည်မှုကို လှောင်ပြောင်ခြင်းမပြုဘဲ စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်သည်။
"ဟား ဟား ဟား... အကြီးအကဲ မှားနေပြီ... အမှန်အတိုင်း ပြောရရင် အဲ့ဒီထိပ်သီးကျင်သူက ကောင်းကင်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားတယ်"
အတည်ပြုချက်ကို ရရှိချိန်၌ ရှုံးဖန်း၏မျက်လုံးများ တောက်ပသွားသော်လည်း သူသည် အပြင်ပန်းတွင် တည်ငြိမ်နေပြီး ဒေါသထွက်သလို လှောင်ပြောင်သလို ဟန်ဆောင်လိုက်သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... မင်းက ငယ်သေးတာကြောင့် အတွေ့အကြုံ မရှိသေးလို့ အမြင်မှားတာပဲ ဖြစ်လောက်တယ်... ဟုတ်တယ်မလား"
ဟူဝေ့ဖန်းသည် ရိုသေလေးစားမှု အပြည့်ဖြင့် ရိုးသားစွာ ရှင်းပြလိုက်၏။
"တပည့်က အသက်နဲ့ရင်းပြီး အာမခံတယ်... ဒါက လုံးဝအမှန်ပဲ...ယွင်ရှင်းနယ်မြေက နိမ့်ကျသွားတယ်ဆိုတာ မှန်ပါတယ်... ပြီးတော့ သာမန် သူတော်စင်တွေက ထိပ်တန်းတိုက်ခိုက်ရေးသမားတွေ ဖြစ်နေပါပြီ... ဒါပေမဲ့ စီနီယာရီဖုန်းကတော့ ခြွင်းချက်ပဲ... ကျွန်တော်တို့က သူ့ရဲ့ ကောင်းကင်ဓား အကူအညီကိုရရှိလို့သာ ကံကောင်းသွားခဲ့တယ်... ဒါကြောင့် နတ်ဆိုးမျိုးနွယ်ရဲ့ဝင်္ကပါကြီးကို အောင်မြင်အောင် ချိုးဖျက်ပြီးတော့ ကြယ်တာရာတံခါးပေါက်ကို ဖျက်ဆီးနိုင်ခဲ့တယ်"
"ဒီခရီးစဉ် ပြီးတဲ့နောက်မှာ ကိုယ့်ထက် ပိုတော်တဲ့လူတစ်ယောက် အမြဲတမ်းရှိတယ်ဆိုတာ တပည့်က နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ"
ထိုစကားများကို နားထောင်ရင်း ရှုံးဖန်း၏စိတ်နှလုံးသား ပူလောင်ပြင်းအြလာကာ သူ့၏မျက်လုံးများထဲရှိ ထူးဆန်းသော အရောင်အဝါကို ဖုံးကွယ်ထားရန် မဖြစ်နိုင်သလောက်နီးပါးပင်။
ယွင်ရှင်းနယ်မြေတွင် ကောင်းကင်လက်နက်တစ်ခု အမှန်တကယ် ရှိနေပေ၏။
ခေတ်နောက်ကျပြီး တသီးတခြားဖြစ်နေသော ထိုကြယ်နယ်မြေတွင် ကောင်းကင်လက်နက် ပိုင်ဆိုင်ထားသော သူတော်စင်တစ်ဦးသည် အမှန်တကယ်ကို ထင်ရာစိုင်းနိုင်ပြီး ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။
သို့ရာတွင် ရှေးဟောင်းစင်္ကြန်လမ်း ပွင့်သွားပြီ ဖြစ်ရာ ယွင်ရှင်းကို ပြင်ပကြယ်နယ်မြေများမှ စွမ်းအားကြီးသော ကျင့်ကြံသူများ သေချာပေါက် သတိထားမိကြလိမ့်မည်။ ထိုအချိန်ကျပါက ကောင်းကင်လက်နက် ကိုင်ဆောင်ထားသော ထိပ်သီးကျင့်ကြံသူဆိုသူသည် စည်ကားသော ဈေးထဲတွင် ရွှေတုံးတစ်တုံးကိုင်ထားသော သုံးနှစ်သားကလေးတစ်ဦးနှင့် ခြားနားမည် မဟုတ်ချေ။
ထိုအရာသည် အနှေးနှင့်အမြန် တခြားလူတစ်ယောက်၏ပိုင်ဆိုင်မှု ဖြစ်သွားပေလိမ့်မည်။
ယခုချိန်၌ သူသည် ထိုကိစ္စကို အရင်ဆုံး သိသွားသဖြင့် ဤသည်က သူ၏လက်ထဲသို့ အရောက်ပို့လာပေးသော ရတနာသာ မဟုတ်လော။ ကောင်းကင်လက်နက်သာ သူ့ထံ၌ ရှိနေလျှင် လနတ်ဘုရားခန်းမဆောင်မှ ထွက်ခွာရန် အရင်းအနှီး ရှိလာမည် ဖြစ်ပြီး တခြားသူများ၏ သဘောထားအတိုင်း နေထိုင်ရန် လိုအပ်တော့မည် မဟုတ်ချေ။
အကြီးအကဲရှုံးဖန်းသည် ထိုစကားများကို နားထောင်ရင်း စိတ်လှုပ်ရှားမှုများ မြင့်တက်လာပြီး သူ၏မျက်နှာပေါ်ရှိအပြုံးကို ထိန်းချုပ်ရန် မဖြစ်နိုင်သလောက်နီးပါး ဖြစ်နေသည်။
"အဲဒီလိုကိုး...ကြည့်ရတာတော့ ငါ တကယ်ကို အမြင်ကျဉ်းခဲ့ပုံရတယ်... ငါ့မှာ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိသေးလို့ အခု သွားလိုက်အုံးမယ်"
သူက ဆင်ခြေတစ်ခုကို ပေါ့ပေါ့ပါးပါး ဖန်တီးလိုက်ပြီး တည်ငြိမ်စွာ ထွက်ခွာသွားသည်။
သူ့၏ သပ်ရပ်လှပသော ခြံဝန်းလေးသို့ ပြန်ရောက်ချိန်၌ ရှုံးဖန်း၏ခြေလှမ်းများ ရုတ်တရက် မြန်ဆန်လာပြီး သူ၏မျက်နှာပေါ်ရှိ အပြုံးကို ထိန်းချုပ်၍ မရတော့ချေ။ သူသည် ဆေးဖော်စပ်ခန်းထဲသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်ရောက်သွားပေ၏။
"သားရေ... ငါတို့အတွက် အခွင့်အရေးကောင်းကြီးတစ်ခု တွေ့ပြီ..."
ရှုံးချုံးသည် ဆေးလုံးများ ဖော်စပ်နေရင်း ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်ရာ သူ၏ဝဖိုင်ဖိုင်မျက်နှာပေါ်တွင် ပြာများဖြင့် ပေကျံနေသည်။
"အဖေ... ဘယ်လို အခွင့်အရေးမျိုးလဲ"
ရှုံးဖန်းသည် အောင်နိုင်သူတစ်ယောက်၏မျက်နှာထားဖြင့် ခါးကိုင်းလိုက်ပြီး နက်နဲသိမ်မွေ့သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
"ဟီး ဟီး... ငါက ကောင်းကင်လက်နက်တစ်ခု ရှိတဲ့နေရာကို သိခဲ့ရတယ်... အဲ့ဒါက အခွင့်အရေးကောင်းကြီးလို့ မင်း မထင်ဘူးလား"
သူ၏လေသံသည် တိုးညှင်းသော်လည်း....
ရှုံးချုံးသည် ထိတ်လန့်သွားပြီး မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားကာ ခုန်ထလာလုနီးပါးပင်။
"ကောင်းကင်..."
ကျယ်လောင်သော အော်ဟစ်သံကြောင့် ရှုံးဖန်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ ထိတ်လန့်သွားတော့သည်။