← Chapters

အခန်း (၁၀၄၈)

Vol. 72 Ch. 1048

အခန်း (၁၀၄၈)

Vol. 72 Ch. 1048

ရှုံးချုံးထံမှ စွမ်းအားများ ပွင့်အံ့ထွက်လာပြီး သူ့ထံတွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

လူအမြောက်အများက သူ့ကို မော့ကြည့်နေကြသည်။ သူ၏အမြင်အရ သူတို့သည် သူ့ကို အလွန်အမင်း ကြောက်လန့်နေပုံရပေ၏။

ဤသည်မှာ စွမ်းအားကြီးသူတစ်ဦး ဖြစ်ရခြင်း၏ ခံစားချက်ကို သူ ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်ပြီး အမှန်တကယ်ကို စိတ်ကျေနပ်ဖွယ် ကောင်းလှသည်။ သို့သော် သူသည် အတွေ့အကြုံ မရှိသေးသဖြင့် အခြေအနေကို အပြည့်အဝ ထိန်းချုပ်ရန် ယုံကြည်ချက်များစွာ မရှိသေးချေ။

သူ တိုက်ခိုက်ရန် တုံ့ဆိုင်းနေစဉ်မှာပင် ရှုံးဖန်းက တက်ကြွသောအသံဖြင့် သူ့ကို အားပေးလိုက်သည်။

"သား... ဘာမှမကြောက်နဲ့....ဒီယွင်ရှင်းမှာ ငါတို့ သားအဖက နတ်ဘုရားတွေလိုပဲ... မင်း ကြိုက်နှစ်သက်တဲ့ မှော်ရတနာတွေ့ရင် ယူသာယူလိုက်... အင်အားကြီးသူက အမှန်တရားဆိုတာ တစ်ခုတည်းသော လက်တွေ့ကျတဲ့အရာပဲ"

ရှုံးချုံး၏ယုံကြည်ချက်များ မြင့်တက်လာပြီး သူ၏မျက်လုံးများထဲ၌ မာန်မာနအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

"ဟွန်း... ဒီအရှင်သခင်က နှလုံးသားမဲ့တယ်လို့ မပြောနဲ့... အသက်ရှူချိန် သုံးကြိမ်အတွင်းမှာ မင်းတို့ရဲ့လက်ထဲက လက်နက်တွေကို ချမထားခဲ့ရင် ဒီနတ်ဆိုးအလောင်းတွေနဲ့အတူ ဒီနေရာမှာ မြှုပ်နှံခံရလိမ့်မယ်"

ထိုစကားကိုပြောဆိုနေစဉ်တွင် ရှုံးချုံးသည် ဘယ်ဘက်လက်ကို နောက်ပစ်ထားပြီး ညာဘက်လက်ဖြင့် လက်ညှိုးတစ်ချောင်း ထောင်လိုက်သည်။

"တစ်"

ရှောင်ကျန့်နှင့် အခြားသူများသည် အချိန်တခဏကြာ စောင့်ကြည့်နေပြီးနောက် သူတို့အားလုံးတွင် အရူးတစ်ယောက်ကို ကြည့်နေရသကဲ့သို့ ကူကယ်ရာမဲ့သော မျက်နှာအမူအယာများ ထွက်ပေါ်လာသည်။

"နှစ်"

သူတို့၏ရှေ့မှ လူငယ်ကို ဆက်လက်၍ ရေတွက်ခွင့် ပေးလိုက်သည်။ မည်သူမျှ ထိုလူငယ်ကို အလေးအနက် မထားကြချေ။ သူတို့သည် ရွာမှ အရူးတစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်နေပြီး ငြင်းခုံရန်ပင် စိတ်မဝင်စားကြချေ။

ရှောင်ကျန့်သည် စကားမပြောဘဲ ထိုလူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏လူများကိုကြည့်ကာ အော်ဟစ်လိုက်သည်။

"ကဲ ကဲ... မင်းတို့အားလုံး အလုပ်လုပ်ကြတော့... ဒီနေရာမှာ ကြည့်စရာ ဘာမှ မရှိဘူး"

လူအုပ်ကြီးသည်လည်း တုံ့ပြန်သောအနေဖြင့် ရယ်မောလိုက်ကြပြီး သူတို့၏အလုပ်ရှုပ်နေသော တာဝန်များကို ဆက်လက်၍ လုပ်ဆောင်လိုက်ကြသည်။

ယာယီတိတ်ဆိတ်မှုသည် လှုပ်ရှားမှုမြင်ကွင်းတစ်ခုကြောင့် ပျက်ပြယ်သွားသည်။ လူတချို့က နတ်ဆိုးအလောင်းများကို တူးဆွနေကြပြီး တချို့က စုတ်ပြတ်နေသော အကြွင်းအကျန်များကို သယ်ဆောင်နေကြသည်။ သူတို့အားလုံးသည် အလုပ်ပေါ်တွင်သာ အာရုံစိုက်နေကြ၏။

ရှုံးချုံး ကြက်သေသေသွားပြီးနောက် သူ ရုတ်တရက် ဒေါသထွက်လာသည်။

"သုံး"

သူ အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သော်လည်း လျစ်လျူရှုခံထားရဆဲပင်။

ရုတ်ချည်းဆိုသလိုပင် သူ၏မျက်လုံးများတွင် ရှက်ရွံ့မှုများ ဒေါသများဖြင့် ပြည့်နှက်သွားသည်။ သူသည် နောက်မဆုတ်နိုင်သော အခြေအနေ၏ အဆင်မပြေမှုကို ခံစားလိုက်ရပြီး ရက်စက်စွာ ကျိန်ဆဲလိုက်ကာ သတ်ဖြတ်လိုစိတ်များ စတင်၍ ပျံ့နှံ့လာသည်။

"ကောင်းပြီ... ကောင်းပြီလေ"

"တွင်းအောင်းဖားတစ်သိုက်က သေခါနီးတာတောင် သတိမထားမိကြဘူးပဲ... ကောင်းကင်အထက်မှာ ကောင်းကင်ရှိတယ်ဆိုတာ ဒီနေ့ ငါ မင်းတို့ကို သိစေရမယ်"

သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အင်အားကုန်အသုံးပြု၍ သူ၏လက်ကိုမြှောက်၍ လက်ဝါးရိုက်ချက်တစ်ခု ထုတ်လွှတ်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော တာအိုစွမ်းအားများ အဆက်မပြတ် ပျံ့နှံ့လာပြီး ဒီရေလှိုင်းလုံးကြီးအလား ရှေ့သို့တိုးဝင်သွားသည်။ သူသည် သူတော်စင်တစ်ပါး၏စွမ်းအားကို ရှင်းလင်းစွာ ထုတ်ဖော်ပြသလိုက်၏။

ထိုလှုပ်ရှားမှုသည် နောက်ဆုံးတွင် ရှောင်ကျန့်၏စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ထူးဆန်းသည်မှာ ရှုံးသားအဖ စိတ်ကူးထားသကဲ့သို့ သူ့ထံ၌ ကြောက်ရွံ့မှု လုံးဝမရှိပေ။ သူသည် ခေါင်းမော့ကြည့်လိုက်ပြီး စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ရုံသာ ရှိပေ၏။

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးကြီးတစ်လုံး ချဉ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ ရှောင်ကျန့်က စိတ်ဆိုးမာန်ဆိုးဖြင့် လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

"ဘုန်း"

ဤသည်က ပေါ့ပေါ့ပါးပါး လက်သီးတစ်ချက် ဖြစ်သော်လည်း ထိုအရာ၏စွမ်းအားသည် ကောင်းကင်နှင့်မြေပြင်ကို လွှမ်းမိုးသွားသယောင် ထင်ရသည်။

ထိုလက်သီးစွမ်းအားသည် ခြောက်သွေ့နေသော ပေါင်းပင်များကို ချေမှုန်းလိုက်သည့်အလားဖြစ်သွားကာ ထိုအရာ ရောက်ရှိသွားသော နေရာတိုင်းရှိ အရာအားလုံး ရှင်းလင်းသွားသည်။ ထိုစွမ်းအားများအားလုံးသည် ထိတ်လန့်နေသော မျက်နှာအမူအယာရှိသည့် လူနှစ်ဦးကို ဖြတ်သန်းတိုက်ခတ်သွားကာ မိုးကုတ်စက်ဝိုင်းဆီသို့ လွင့်ထွက်သွားစေသည်။

"ဝှစ်"

ပုံရိပ်နှစ်ခုသည် ကြယ်ပျံများအဖြစ်သို့ ပြောင်းလဲသွားသည်။ ရှောင်ကျန့်က အဝေးသို့ လှမ်းကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ငါ တကယ်ကို စိတ်ပျက်တယ်... ဒါက ဘယ်လို အမှိုက်ကောင်မျိုးတွေလဲ... သူတို့က လူတွေကို လာပြီးလုယက်ရဲသေးတယ်"

သူတို့သည် ထိပ်တိုက်တွေ့ဆုံမှု တစ်ကြိမ်တည်းဖြင့် မြင်ကွင်းမှ လွင့်ထွက်သွားသည်။ သူ့၏ ကျင့်ကြံဆင့်စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်မားလှ၏။

ရှောင်ကျန့်သည် ရီဖုန်း၏တပည့်ရင်းတစ်ဦး ဖြစ်လာရန် အမှန်တကယ်ကို ထိုက်တန်သည်။

အလုပ်လုပ်နေသော လူအုပ်ကြီးသည် ရှောင်ကျန့်အပေါ် လေးစားမှုအပြည့်ရှိကာ သူတို့၏စိတ်ထဲတွင် သက်ပြင်းချလိုက်ကြသည်။ သူတို့သည် ကျွန်းပေါ်ရှိ ကြီးမြတ်သော နတ်ဘုရားစွမ်းရည် အမျိုးမျိုးကို ကျင့်သားရနေပြီး ဖြစ်သောကြောင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့၏အလုပ်ကို အလေးအနက်ထားကာ ဆက်လက်၍ လုပ်ဆောင်လိုက်ကြသည်။ ထိုရယ်စရာကောင်းသော လူနှစ်ယောက်ကို သူတို့သည် စိတ်ထဲတွင် လုံးဝမထားကြချေ။

"ဝှစ်..."

ကြယ်ပျံနှစ်စင်းသည် မိုးကုတ်စက်ဝိုင်းဆီသို့ ပြေးဝင်သွားပြီး ဝမ်းနည်းဖွယ်ရာ မျဉ်းကွေးတစ်ခုကို ပုံဖော်လိုက်သည်။

သူတို့သည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာ တစ်ဝက်ခန့် ပျံသန်းသွားပြီးနောက် ပြင်းထန်စွာ ပြုတ်ကျသွားသည်။ မြေပြင်တပြင်လုံး တုန်ခါသွားပြီး မြေပြင်ပေါ်တွင် ကိုက်များစွာနက်ရှိုင်းသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားပေ၏။

"ဘုန်း"

ကျယ်လောင်သော ပျက်စီးသံနှင့်အတူ ငှက်များနှင့်သားရဲတိရစ္ဆာန်များ ထိတ်လန့်တကြားဖြင့် ထွက်ပြေးသွားကြသည်။

တောနက်ကြီးထဲရှိ တွင်းကြီးမှ ဖုန်မှုန့်များ ပျံ့လွင်လာသည်။ အချိန်အတော်ကြာပြီးနောက် သားအဖနှစ်ယောက်သည် ဖုန်မှုန့်များ ပေကျံနေသော ခန္ဓာကိုယ်များဖြင့် တွင်းနက်ကြီးထဲမှ တွားသွား ထွက်လာကြသည်။ သူတို့သည် နာကျင်မှုကြောင့် ညည်းတွားနေပြီး သူတို့ထံတွင် ဇဝေဇဝါဖြစ်နေမှုများဖြင့် ပြည့်နှက်နေသည်။

ရှုံးချုံး၏နှာခေါင်းမှ သွေးစီးကြောင်းနှစ်ကြောင်း ယိုစီးကျနေပြီး သူ၏မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပေ၏။ သူ၏ခန္ဓာကိုယ် အဆက်မပြတ် တုန်ရီနေပြီး သူသည် ကပ်ဘေးတစ်ခုမှ လွတ်မြောက်လာသူ တစ်ဦးအလားပင်။

"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"အရမ်းကြောက်စရာ ကောင်းတယ်... အဲ့ဒီလက်သီးချက်က ရိုးရှင်းပေမယ့် ကြောက်စရာ ကောင်းလွန်းတယ်..."

သူ၏စိတ်ထဲတွင် အစောပိုင်းက ကြောက်မက်ဖွယ် လက်သီးပုံရိပ်နှင့် ပြည့်နှက်နေပြီး တုန်ရီနေသောအသံဖြင့် မရပ်မနား ရေရွတ်နေသည်။

သူထံ၌ အာရုံခံစားမှုများအားလုံး ပျောက်ဆုံးနေပြီး မတ်တတ်ပင် မရပ်နိုင်တော့ချေ။

ကြောက်ရွံ့မှုကြောင့် တုန်ရီနေရင်း ရှုံးချုံးသည် မသိစိတ်ဖြင့် နောက်လှည့်ကြည့်လိုက်၏။

ထိုအချိန်မှသာ သူ၏အဖေလည်း ဖုန်များ ပေကျံနေပြီး မျက်နှာပေါ်တွင် ထိတ်လန့်သော အမူအယာမှလွဲ၍ တခြားမည်သည့်အရာမျှ မရှိသည်ကို မြင်တွေ့လိုက်ရသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ လက်သီးချက်လဲ"

သူ၏ဖခင်ပင် ကြောက်လန့်နေသည်ဆိုလျှင် ထိုလူ၏ကျင့်ကြံဆင့်စွမ်းအား မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသရန် လုံလောက်နေလေပြီ။

ထိုလူသည် ကောင်းကင်အဆင့် အရှင်သခင်တစ်ဦး ဖြစ်နိုင်ခြေ အလွန်များသည်။

သူ၏တစ်ခုတည်းသော မျှော်လင့်ချက် ချက်ချင်းပြိုလဲသွားသည်။ ရှုံးချုံးသည် မယုံကြည်နိုင် ဖြစ်နေပေ၏။ သူသည် တံတွေး တစ်လုတ် မျိုချလိုက်ပြီး သူ့ထံ၌ မလိုလားမှုများဖြင့် ပြည့်နှက်နေကာ အလျင်စလို မေးမြန်းလိုက်သည်။

ဂလု...

"အဖေ..."

"ယွင်ရှင်းမှာ အရှင်သခင်အဆင့် ကျင့်ကြံသူမျိုး လုံးဝမရှိဘူးလို့ အဖေ ပြောခဲ့တယ် မဟုတ်လား... ပြီးတော့ ကောင်းကင်အဆင့်နဲ့ နီးစပ်နိုင်တဲ့ ရီဖုန်း တစ်ယောက်ပဲ ရှိတယ်ဆို... ခုဏက လူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ ကျင့်ကြံဆင့်စွမ်းအား ရှိနေတာလဲ"

ရှုံးဖန်းသည် လည်ချောင်းထဲတွင် အဖုအပိမ့်တစ်ခု ခံနေသည့်အလား ခံစားလိုက်ရပြီး သူ၏မျက်နှာအမူအယာ အနည်းငယ် ပျက်ယွင်းနေသည်။

သားဖြစ်သူ၏ရှေ့တွင် မျက်နှာပျက်ရခြင်းနှင့် တွက်ချက်မှု မှားယွင်းခြင်းကြောင့် ရှုံးနိမ့်ရခြင်းသည် အရာအားလုံးထက် ပို၍ရှက်ရွံဖွယ်ကောင်းသည်။ သို့သော် ရှုံးဖန်းသည် သာမန်လူ မဟုတ်ချေ။ သူသည် ဖရိုဖရဲ ဖြစ်နေသော ဆံပင်ဖြူများကို ပြန်ပြီးသပ်တင်လိုက်သည့် အချိန်အတွင်းမှာပင် သူ၏မျက်နှာအမူအယာ တည်ငြိမ်သွားသည်။

သူ၏မျက်နှာပေါ်တွင် လောကဓံက ပေးစွမ်းသော တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏သားထက် အဆတစ်ထောင်ခန့် ပို၍သာလွန်သည်။

သူသည် သူ၏စွမ်းအားအနည်းငယ်ကို ထုတ်လွှတ်ကာ ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါထုတ်ရင်း တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဒီခရီးစဉ်မှာ တွက်ချက်မှုအနည်းငယ် လွဲမှားခဲ့တယ်... ဒါပေမဲ့ ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းပဲ"

ရှုံးချုံး၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏မျက်နှာပေါ်တွင် သံသယများ တွေဝေတုံ့ဆိုင်းမှုများဖြင့် ပြည့်နှက်နေသည်။

"အဖေ... ကျွန်တော်တို့က ဒီလိုတောင် ဖြစ်နေပြီလေ... အဲ့ဒါက ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းပဲလား....ဟူး... ကျွန်တော်တို့ လန်ရှင်းကို ပြန်ကြရင် မကောင်းဘူးလား... ဒီယွင်ရှင်းက လူတွေကလည်း အားနည်းပုံမရဘူး... ဒီခရီးစဉ်က သိပ်အဆင်ပြေမှာ မဟုတ်ဘူး"

လေးတိုးသံကို ကြားလိုက်ရသော ငှက်တစ်ကောင်အလား စကားပြောဆိုရင်း သူ ပို၍ပို၍ စိတ်လှုပ်ရှားလာသည်။

"ဒီလို အရှင်သခင်တစ်ယောက်နဲ့ ရုတ်တရက်ကြီး တွေ့ဆုံရတာကိုကြည့်ရင် အဲဒီ ကောင်းကင်လက်နက်ကို ရဖို့လွယ်မှာ မဟုတ်လောက်ဘူး... တကယ်လို့ တခြား အရှင်သခင်တစ်ယောက်နဲ့ ထပ်တွေ့ရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."

သူ၏သားသည် ရှုံးနိမ့်မှုကို ခံစားခဲ့ရပြီး ယခင်က ယုံကြည်မှုများ လေထဲတွင် ပျောက်ကွယ်သွားသည်ကို မြင်တွေ့ချိန်၌...

ရှုံးဖန်း၏မျက်နှာအမူအယာ တင်းမာခက်ထန်သွားပြီး သူ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာသဖြင့် စိတ်ပျက်လက်ပျက် ဆူပူကြိမ်းမောင်းလိုက်သည်။

"အသုံးမကျတဲ့ကောင်....ရှုံးနိမ့်မှု အသေးအဖွဲလေးကြောင့် စိတ်ဓာတ်ကျနေရင် အနာဂတ်မှာ မင်းက ဘယ်လိုလုပ်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ပြီးမြောက်အောင် လုပ်နိုင်မှာလဲ"

ထိုဆူပူကြိမ်းမောင်းသံကြောင့် ရှုံးချုံး၏ထိတ်လန့်မှု အနည်းငယ် လျော့ပါးသွားပြီး သူ၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုနှင့်မလိုလားမှုများ ထင်ဟပ်လာသည်။

သူ့သား၏မျက်နှာအမူအယာ အနည်းငယ် တိုးတက်လာသည်ကို မြင်တွေ့ချိန်၌ ရှုံးဖန်း၏ လေသံလည်း သိသိသာသာ ပျော့ပျောင်းသွားပေ၏။

သူသည် စိတ်ရင်းမှန်ဖြင့် အကြံဉာဏ်ပေးနေသည့်အလား ထပ်မံ၍ ပြောဆိုလိုက်သည်။

"သား... အဖေက အရမ်းတင်းကြပ်နေတာ မဟုတ်ဘူး... မင်းက အရမ်းငယ်လွန်းသေးလို့ပါ... မင်းရဲ့စိတ်အခြေအနေကို တည်ငြိမ်အောင် လုပ်ပြီး တိုးတက်အောင် ကြိုးစားရမယ်"

သူ၏သား တိတ်တဆိတ် ခေါင်းညိတ်သည်ကို မြင်သောအခါ ရှုံးဖန်းက တည်ကြည်လေးနက်စွာဖြင့် ဝေဖန်သုံးသပ်ပြလေသည်။

"ဒီခရီးစဉ်မှာ တွက်ချက်မှု အနည်းငယ် လွဲမှားခဲ့တာတော့ အမှန်ပဲ... ကြည့်ရတာတော့ ယွင်ရှင်းမှာ အရှင်သခင် တစ်ယောက်မက ရှိပုံရတယ်... ဖြစ်နိုင်တာက ချင်းယင်က နတ်ဆိုးတွေကို သတ်ဖို့ စိတ်လောလွန်းပြီးတော့ တခြားတည်ရှိမှုတွေကို သတိမထားမိတာဖြစ်မယ်"

"ဒါပေမဲ့ ယွင်ရှင်းက လှောင်ပိတ်ခံထားရတာ နှစ်ပေါင်းတစ်သိန်းလောက် ကြာနေပြီ... အခြေအနေအရ အရှင်သခင်တွေ အများကြီး ရှိနေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး... ကောင်းကင်အဆင့်နဲ့ နီးစပ်တဲ့ တည်ရှိမှုတွေက အများဆုံးအနေနဲ့ တစ်ယောက် နှစ်ယောက်လောက်ပဲ ရှိမှာပါ"

"ငါတို့ရဲ့ကံတရားက တကယ်ကြီး ဆိုးရွားခဲ့တယ်... ဒီနေရာကို ရောက်ရောက်ချင်း ယွင်ရှင်းရဲ့ ထိပ်တန်းတိုက်ခိုက်ရေးသမားနဲ့ တွေ့ခဲ့ရတယ်... ဒါပေမဲ့ ဆိုရိုးစကားအတိုင်း ကံဆိုးမှုတွေ အဆုံးစွန်အထိ ရောက်လာရင် ကံကောင်းခြင်းတွေ ရောက်လာတတ်တယ် ဆိုတာ ငါ ယုံကြည်တယ်... အခုကစပြီး သေချာပေါက် အဆင်ပြေ ချောမွေ့သွားမှာပါ"

"သား... ကြီးကျယ်တဲ့ အရာတွေကို လုပ်ဆောင်တဲ့သူတွေက ဇွဲမလျှော့တတ်ကြဘူးဆိုတာ မင်း မှတ်ထားရမယ်"

ရှုံးချုံးသည် ရှက်ရွံ့သော မျက်နှာအမူအယာဖြင့် နားထောင်နေပြီး တဖြည်းဖြည်း သူ၏ယုံကြည်မှုများ ပြန်လည်၍ရရှိလာသည်။

"အဖေ့ရဲ့ သင်ကြားမှုကနေ သင်ခန်းစာ ရလိုက်ပါပြီ"

ဖခင်ဖြစ်သူ၏ ဝေဖန်သုံးသပ်မှုမှတဆင့် ရှုံးချုံးသည် သူ၏အမြင်နှင့်စိတ်အခြေအနေ လိုအပ်ချက်များကို သဘောပေါက်သွားသည်။ ချင်းယင်၏ လှပသောပုံရိပ်ကို တွေးတောရင်း သူသည် ကြိုးစားအားထုတ်ပြီး တိုးတက်အောင် လုပ်ဆောင်ရန် တိတ်တဆိတ် သန္နိဋ္ဌာန်ချလိုက်သည်။

သူသည် ဆုံးရှုံးမှု ခံစားခဲ့ရသော်လည်း သူ၏တိုက်ပွဲဝင်စိတ်ဓာတ်သည် လျော့နည်းမသွားဘဲ တိုးပွားလာသည်။

ရှုံးချုံးက သူ၏သွေးများကို တိတ်တဆိတ် သုတ်လိုက်ပြီး အသက်ရှူနှုန်းကို ထိန်းညှိရန် ဆေးလုံးတစ်လုံးကိုသောက်ကာ တည်ငြိမ်စွာ မေးမြန်းလိုက်၏။

"အဖေ... ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ"

သူ၏သား ပြန်လည်၍ တည်ငြိမ်လာသည်ကို မြင်တွေ့ချိန်၌ ရှုံးဖန်းသည် သင်ပေးရကျိုးနပ်ကြောင်း ပြသသည့် အပြုံးတစ်ခုကို ပြုံးလိုက်သည်။

"မလောပါနဲ့....ငါတို့က ဒဏ်ရာတွေကို အရင်ဆုံး ကုသမယ်... ပြီးရင် အဖိုးတန် ပစ္စည်းတွေနဲ့ ရီဖုန်း ရှိနေတဲ့နေရာအကြောင်း သတင်းအချက်အလက်တွေကို ရှာဖွေကြမယ်... ယွင်ရှင်းရဲ့ သန်မာအားကောင်းဆုံးလူနဲ့ ငါတို့ တွေ့ပြီးသွားပြီ... ဒါက ကံဆိုးလို့ပါ... ဒါပေမဲ့ နောက်ထပ် အဲ့ဒီလို စွမ်းအားကြီးတဲ့ လူတစ်ယောက်နဲ့ ထပ်တွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား"

"အရာရာမှာ အစွန်းနှစ်ဖက် ရှိတယ်... ဒီမအောင်မြင်တဲ့ အစပြုမှုက တကယ်တော့ ငါတို့ ကံဆိုးတာ မဟုတ်ဘဲနဲ့ ကံကောင်းတာပဲ... သန်မာအားကောင်းဆုံးလူနဲ့ ချက်ချင်းတွေ့ခဲ့ရတာကြောင့် နောက်နောင်မှာ သူ့ကိုတွေ့ရင် ရှောင်တိမ်းနိုင်ပြီလေ"

"ခုဏက လူကလွဲရင် ယွင်ရှင်းနယ်မြေပေါ်က သက်ရှိတွေအားလုံးက ပုရွက်ဆိတ်တွေပဲ... ငါတို့ သားအဖ အတားအဆီးမရှိ လှုပ်ရှားလို့ ရပါသေးတယ်"

ရှုံးချုံးသည် စိတ်ခွန်အားဖြစ်စေသော ကြက်ပေါင်းရည်တစ်ခွက် တိုက်ကျွေးခံလိုက်ရပြီးနောက် သူ့ထံ၌ ကြောက်ရွံ့မှု သို့မဟုတ် တွေဝေတုံ့ဆိုင်းမှု မရှိတော့ချေ။ မကြာမီမှာပင် သူ တက်ကြွလာပြီး သူ၏မျက်လုံးများထဲတွင် ယုံကြည်မှုအရိပ်အယောင်များ တိုးပွားလာသည်။

သူသည် မတ်တတ်ထရပ်ပြီး သူ၏ဖခင်ကို ဦးညွှတ်လိုက်ရာ သူ၏မျက်လုံးများတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"အဖေ့ရဲ့ အမြင်တွေက တကယ့်ကို နက်ရှိုင်းတာပဲ... ကျွန်တော်အတွက် အများကြီးအကျိုးရှိသွားပြီ...ကျွန်တော်က တစ်သက်လုံး မှတ်သားထားပါ့မယ်"

ထို့နောက် သားအဖနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြ၏။ သူတို့သည် အနာဂတ်အတွက် မစောင့်ဆိုင်းနိုင်တော့ဘဲ အသက်ရှူနှုန်းကို ထိန်းညှိကာ ဒဏ်ရာများကို ချက်ချင်းကုသလိုက်ကြသည်။

"ဟူး..."

လနတ်ဘုရားခန်းမဆောင်၏ မြင့်မြတ်သော ဆေးဝါးများမှ အထောက်အပံ့ဖြင့် သူတို့နှစ်ယောက်၏ဒဏ်ရာများသည် နေ့ဝက်အတွင်း တော်တော်များများ သက်သာသွားသည်။ သူတို့သည် အောင်နိုင်သူများကဲ့သို့ ခံစားရပြီး သူတို့၏ခန္ဓာကိုယ်များတွင် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

သူတို့၏မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်၌ သူတို့၏ယုံကြည်ချက်များ ပို၍ခိုင်မာလာသည်။

သူတို့ ထွက်ခွာရန် ဟန်ပြင်နေစဉ်မှာပင် ပျံသန်းရေးလှေတစ်စင်းသည် အလင်းတန်းတစ်တန်းအလား မိုးကောင်းကင်ယံကို ဖြတ်သန်းသွားသည်။ ထိုကြောင့် လေဟာနယ်တွင် လှိုင်းဂယက်များ ပဲ့တင်ထပ်သွားကာ သူတို့၏စိတ်အာရုံကို ချက်ချင်းဖမ်းစားလိုက်သည်။

ရှုံးချုံး၏မျက်လုံးများတွင် လေးစားအားကျမှုများ ပေါ်လာပြီး လိုချင်တပ်မက်သောအကြည့်ဖြင့် မော့ကြည့်လိုက်၏။

"ဒီပျံသန်းရေးလှေရဲ့ အမြန်နှုန်းက ထူးခြားလိုက်တာ... လေဟာနယ်ကိုတောင် လှိုင်းဂယက်ထစေနိုင်တယ်... ဒါက လနတ်ဘုရားခန်းမဆောင်ရဲ့ပျံသန်းရေးရတနာတွေလောက် မကောင်းပေမယ့် လန်ရှင်းက သာမန်သူတော်စင်လှေတွေထက်တော့ သာလွန်နေပြီ... တကယ့်ကို ပစ္စည်းကောင်းတစ်ခုပဲ"

ရှုံးဖန်းက သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်ရာ သူ၏မျက်လုံးများတွင် ယုံကြည်ချက်အရိပ်အယောင်များ ထင်ဟပ်နေသည်။

"သား... ငါ ပြောတာကို မှတ်မိလား... ကံဆိုးမှုကနေ ကံကောင်းခြင်း ဖြစ်လာတယ်တဲ့... ရှေးလူကြီးတွေက ငါ့တို့ကို တကယ်ကြီး မလိမ်ခဲ့ကြဘူးပဲ... ငါတို့ရဲ့ကံကောင်းခြင်းက ဆိုက်ရောက်လာပြီ.. ဒီပျံသန်းရေးလှေကို ငါတို့ရဲ့ အခြေခံအုတ်မြစ်မှာ ပေါင်းထည့်ဖို့ သွားလုယူကြစို့"

သားအဖနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အပြုံးဖြင့် ပျံသန်းလိုက်ကြရာ လေဟာနယ်ကိုပင် လှိုင်းဂယက်များ ထသွားစေသည်။

မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်သား နေရာမှ ပျောက်ကွယ်သွားသည်။

သူတို့ ပြန်လည်၍ ထွက်ပေါ်လာချိန်၌ တိမ်တိုက်များကြားသို့ ရောက်ရှိနေလေပြီ။ သားအဖနှစ်ယောက်သည် တစ်ဖက်တစ်ချက်စီ မတ်တတ်ရပ်ပြီး ပျံသန်းရေးလှေ၏အထက်မှ လမ်းကြောင်းကို ပိတ်ဆို့ထားသည်။ သူတို့သည်လက်များကို နောက်ပစ်ပြီး အောက်သို့ ငုံ့ကြည့်လိုက်ကြရာ သူတို့၏မျက်လုံးများတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

"ပျံသန်းရေးလှေကို ပေးစမ်း... မဟုတ်ရင် မင်းတို့အားလုံး သေဆုံးပြီးတော့ မင်းတို့ရဲ့ တာအို ပျောက်ကွယ်သွားလိမ့်မယ်"

ပျံသန်းရေးလှေပေါ်တွင်...

ဖန်းကျောက်ဝူသည် ဒီဇိုင်းမူကြမ်းအသစ်တစ်ခုကို စစ်ဆေးနေချိန်တွင် အနှောက်အယှက်ပြုခြင်း ခံရသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မော့ကြည့်လိုက်သည်။

All Chapters