အခန်း (၁၀၄၉)
Vol. 72 Ch. 1049
"နေ့တိုင်းနေ့တိုင်း ဘာတွေ ဖြစ်နေကြတာလဲ"
ဖန်းကျောက်ဝူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများထဲတွင် ဒေါသများ မြင့်တက်လာသည်။
ဤရက်ပိုင်းတွင် သူသည် ကားအင်ဂျင်အကြောင်း စဉ်းစားနေခဲ့ပေ၏။ ပျံသန်းရေးလှေပေါ်တွင် ကုန်ဆုံးမည့်အချိန်ကိုပင် အလဟဿ မဖြစ်စေရဲဘဲ လက်လေးဖက် ရှိချင်လောက်အောင် အလုပ်ရှုပ်နေသည်။
ဂျူနီယာညီလေးရှောင်၏ ရေစိုခံပစ္စည်းများကို သယ်ယူပို့ဆောင်နေစဉ် ဒီဇိုင်းမူကြမ်းများကို အာရုံစိုက်ရန်အတွက် အချိန်လုယူရန် သူ ရည်ရွယ်ထားခဲ့သည်။
သို့ရာတွင် လက်တွေ့မှာမူ သူ ထပ်မံ၍ အနှောင့်အယှက်ပြုခြင်း ခံလိုက်ရသည်။
ဖန်းကျောက်ဝူ၏အတွေးစီးကြောင်း ပြတ်တောက်သွားပြီး သူ၏မျက်လုံးများထဲတွင် အေးစက်မှုများ ပြည့်နှက်လာကာ ဓားတစ်လက်အလား ထက်ရှနေသည်။
"ဘယ်ခွေးမသားတွေက အဲ့ဒီလောက်ထိ ဆူညံနေတာလဲ"
ပျံသန်းရေးလှေပေါ်ရှိ အလုပ်သမားများသည် ပြန်မပြောရဲကြဘဲ အဝေးမှ လေထဲသို့သာ အခက်တွေ့နေသော အမူအယာများဖြင့် ညွှန်ပြလိုက်ကြသည်။
ဖန်းကျောက်ဝူ မော့မကြည့်မီမှာပင် ကောင်းကင်ယံ၌ ပဲ့တင်ထပ်နေသော မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် အော်ဟစ်သံကို ကြားလိုက်ရသည်။
"ဘယ်လောက်တောင် အတင့်ရဲလိုက်လဲ... မင်းက ဒီအရှင်သခင်ကို မလေးမစား လုပ်ရဲတယ်ပေါ့"
သူသည် မျက်မှောင်ကြုတ်ပြီး မော့ကြည့်လိုက်ရာ လေထဲတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေသော အဘိုးအိုတစ်ဦးနှင့်လူငယ်တစ်ဦးကို တွေ့မြင်မိသည်။
အဘိုးအိုသည် အသက်ငါးဆယ်အရွယ်ခန့် ရှိပုံရပြီး သူ၏နားထင်တွင် ဆံပင်ဖြူများ ရှိနေသည်။
လူငယ်ကမူ အသက်နှစ်ဆယ်ကျော် ဖြစ်ပုံရပြီး ကနွဲ့ကလျရုပ်ရည်မျိုး ရှိသည်။
ထိုလူနှစ်ယောက်သည် ရုပ်ရည်တူရုံသာမက တူညီသော သူတို့ထံတွင် ဟန်ဆောင်မှုများလည်း ရှိကြပြီး သခင်ကြီးများကဲ့သို့ ပြုမူကာ မောက်မာထောင်လွှားနေကြသည်။
သူ နောက်ဆုံးတွင် စိတ်ကူးတချို့ ရလာသော်လည်း ထိုလူထူးလူဆန်း နှစ်ယောက်ကြောင့် အနှောင့်အယှက် ဖြစ်သွားခဲ့သည်။
ဖန်းကျောက်ဝူသည် အလွန်ဒေါသထွက်သွားသဖြင့် စတင်၍ ကျိန်ဆဲလိုက်၏။
"ဒီအရူးနှစ်ကောင်က ဘယ်ကနေ ရောက်လာတာလဲ... ဓားပြတိုက်တမ်း ကစားတာထက် ပိုကောင်းတဲ့အလုပ် မရှိကြဘူးလား... သွားစမ်း... သွားစမ်း... သွားကြစမ်းကွာ... မင်းတို့ ကစားချင်ရင် တခြားနေရာကို သွားကစားစမ်း...."
ထိုမျက်နှာများကို ဆက်ကြည့်ရန် ပျင်းရိသဖြင့် ဖန်းကျောက်ဝူက သူ၏လက်ကိုမြှောက်ပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
သားအဖနှစ်ယောက်သည် မတုံ့ပြန်နိုင်မီမှာပင် မုန်တိုင်းတစ်ခု၏အလယ်ဗဟိုတွင် ရောက်နေသကဲ့သို့ ခံစားလိုက်ကြရသည်။
နောက်ထပ်အချိန်တခဏတွင် လေတိုက်ခတ်သံသည် မိုးကောင်းကင်ယံတလျှောက် ပဲ့တင်ထပ်သွားပေ၏။
"ဝှစ်....."
အရိပ်နှစ်ခုသည် လေပြင်းမုန်တိုင်းကြောင့် လွင့်ပါသွားပြီး ကြယ်ပျံများအဖြစ်သို့ တဖန်ထပ်၍ ပြောင်းလဲသွားသည်။
ဤဖြစ်စဉ်တစ်ခုလုံးသည် ယင်ကောင် မောင်းထုတ်လိုက်သကဲ့သို့ ရိုးရှင်းပြီး ကြီးကျယ်ခမ်းနားသော မျဉ်းကွေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ထိုပုံရိပ်နှစ်ခုသည် ထူးခြားသော ရှုခင်းတစ်ခုအဖြစ် လက်ဝဲဘက် မိုးကုတ်စက်ဝိုင်းဆီသို့ တိုးဝင်ကာ ပျောက်ကွယ်သွားကြ၏။ ပျံသန်းရေးလှေသည် ပြန်လည်၍ ထွက်ခွာသွားကာ မည်သူမျှ ထိုအသေးအဖွဲ ကြားဖြတ်နှောင့်ယှက်မှုကို ဂရုမစိုက်ကြချေ။
မိုင်ပေါင်းသောင်းချီ အကွာတွင်...
အလင်းတန်းနှစ်တန်းသည် မြစ်ကြီးတစ်စင်းထဲသို့ ကျရောက်သွားပြီး ရေများကို ပေတစ်ရာ အမြင့်ထိ မြင့်တက်သွားစေသည်။
"ဗွမ်း....."
သားအဖနှစ်ယောက်သည် မြစ်အောက်ခြေထိ ထိုးဆင်းသွားပြီး အနက်ရောင်ရွှံ့နွံထဲသို့ ပေအနည်းငယ်ခန့် နစ်မြုပ်သွားသည်။ ကြောက်မက်ဖွယ်စွမ်းအား တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးမှသာ သူတို့သည် ရပ်တန့်နိုင်ပြီး မြစ်ထဲမှ ထွက်ပြေးနိုင်ခဲ့ကြရာ သူတို့နှစ်ယောက်သား ထိတ်လန့်ကြောက်ရွံနေသည်။
နောက်ထပ် ရေပန်းထွက်သံ တစ်သံနှင့်အတူ...
ပုံရိပ်နှစ်ခုသည် မြစ်ကမ်းပါးပေါ်သို့ ဆင်းသက်လိုက်ရာ သူတို့၏ခန္ဓာကိုယ်များ စိုရွှဲနေပြီး သူတို့၏ဖြူဖျော့နေသော မျက်နှာများသည် ရေနစ်နေသော ကြွက်များထက် ပို၍ကြောက်ရွံ့နေပုံ ပေါ်လွင်နေသည်။
ရှုံးချုံးသည် သူ၏ခန္ဓာကိုယ်အတွင်းမှ သွေးချီစွမ်းအင်များ ဆူပွက်နေသည်ကို ခံစားမိပေ၏။ သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီနေကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများ သံသယများဖြင့် ပြည့်နှက်နေသည်။
သူသည် နောက်သို့ပြန်လှည့်ကြည့်လိုက်ပြီး သူ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေသည်။
"အဖေ....အရှင်သခင်အဆင့်တွေ မရှိတော့ဘူးလို့ အဖေ ပြောထားတယ် မဟုတ်လား... ဘာတွေ ဖြစ်နေတာလဲ"
ရှုံးဖန်း၏မျက်နှာသည် ပြာနှမ်းနေပေ၏။ သူ၏ခန္ဓာကိုယ်ပေါ်မှ ညစ်ပေနေမှုများကို လျစ်လျူရှုထားကာ သူ၏ပြူးကျယ်နေသော မျက်လုံးများတွင် သိသာထင်ရှားသော ရှက်ရွံ့မှုများ ခံပြင်းမှုများဖြင့် ပြည့်နှက်နေသည်။
"မင်းက... ငါ့ကိုပြန်ပြီး မေးခွန်းထုတ်နေတာလား"
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်၌ လေများတိုက်ခတ်လာသည်။
ရှုံးချုံးသည် ထိတ်လန့်သွားပြီး ခေါင်းငုံ့လိုက်ရာ သူ၏မျက်လုံးများတွင် ရိုသေလေးစားမှုများ မရှိတော့ဘဲ စိုးရိမ်သောကများသာ ရှိနေသည်။
"သား မလုပ်ရဲပါဘူး...ဒီကိစ္စ... ဒီကိစ္စက တကယ့်ကို ထူးဆန်းနေတယ်...ယွင်ရှင်းမှာ အရှင်သခင်အဆင့် အများကြီး မရှိသင့်ဘူးလို့ အဖေကိုယ်တိုင် ပြောခဲ့တယ်လေ... ဒါပေမဲ့ ဘာလို့ ကျွန်တော်တို့က သူတို့နဲ့ပဲ တိုးနေရတာလဲ...ပြီးတော့ ထပ်ခါထပ်ခါ ကျရှုံးနေခဲ့တယ်... ကျွန်တော်တို့က တကယ်ပဲ ဒီလောက်တောင် ကံဆိုးနေတာလား"
"အဖေ ပြောတဲ့ 'ကံဆိုးပြီးသွားရင် ကံကောင်းခြင်း ရောက်လာမယ်' ဆိုတာက ဘယ်တော့မှ ဖြစ်လာမှာလဲ"
ရှုံးဖန်းသည် သူ့ကို ဆူပူကြိမ်းမောင်းခြင်း မပြုချေ။ အခြေအနေများသည် အမှန်တကယ်ကို အနည်းငယ် ထူးဆန်းနေသဖြင့် သူလည်း စဥ်းစားရခက်နေသည်။
သို့သော် သူ မည်သို့ပင် စဉ်းစားစေကာမူ အဆင့်အတန်းနိမ့်ကျသော ယွင်ရှင်းနယ်မြေတွင် အရှင်သခင်အဆင့် ကျင့်ကြံသူများ ဤမျှထိ များပြားနေရန်မှာ မဖြစ်နိုင်ချေ။ ထိုသို့မဟုတ်ပါက ဟွေ့ကူစင်္ကြန်လမ်းကို နှစ်ပေါင်းတစ်သိန်းကြာ ပိတ်ထားမည် မဟုတ်သည့်အပြင် လနတ်ဘုရားခန်းမဆောင်မှ စစ်ကူပို့ရန်လည်း လိုအပ်မည် မဟုတ်ပေ။
ဤထပ်မံကျရှုံးမှုတွင် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့ပေ၏။ ယွင်ရှင်းနယ်မြေ၌ အရှင်သခင်အဆင့် ကျင့်ကြံသူအနည်းငယ်သာ ရှိသော်လည်း သူတို့နှင့် ထိပ်တိုက်တိုးမိနေခြင်း ဖြစ်ရာ သူတို့ အလွန်အမင်း ကံဆိုးနေသောကြောင့်သာ ဖြစ်ပေမည်။
ရှုံးဖန်း၏မျက်လုံးများ တည်ကြည်လေးနက်သွားပြီး သူ၏မျက်နှာပေါ်တွင် အတွေ့အကြုံရင့်ကျက်သော လူတစ်ယောက်၏ လိမ္မာပါးနပ်သော အကြည့်မျိုး ထင်ဟပ်လာသည်။
"ဖြစ်နိုင်တာတော့ ငါတို့ရဲ့ကံတရားက နည်းနည်းလေး လွဲချော်နေတာပဲ ဖြစ်မယ်"
ထိုစကားကိုပြောဆိုရင်း သူက စတင်၍ နှစ်သိမ့်ပေးလိုက်သည်။
"သား... ဒီဘဝမှာ အရာရာလွဲချော်တာက ဆယ်ခါမှာ ရှစ်ခါ ကိုးခါလောက် ရှိတတ်တယ်... တစ်ခါနှစ်ခါ ကျရှုံးတာက ပုံမှန်ပါပဲ... ယွင်ရှင်းနယ်မြေမှာ အရှင်သခင်အဆင့် ကျင့်ကြံသူတွေရှားပါးပေမယ့် ငါတို့ရဲ့ ကံဆိုးမှုကြောင့် သူတို့အားလုံးနဲ့ တွေ့ဆုံခဲ့ရတယ်... ဒါပေမဲ့ ဒီနောက်ပိုင်းမှာ ငါတို့က သေချာပေါက် နောက်ထပ် ဆုံတွေ့ရတော့မှာ မဟုတ်ဘူး"
"ဘာဖြစ်လို့လဲဆိုတော့ ယွင်ရှင်းနယ်မြေမှာ အရှင်သခင်အဆင့် ကျင့်ကြံသူ အရေအတွက်က သေချာပေါက် ငါးယောက်ထက် မကျော်လွန်နိုင်ဘူး... ငါတို့က အဲ့ဒီထဲကနှစ်ယောက်နဲ့ တွေ့ပြီးပြီဆိုတော့ နောက်ထပ်တစ်ယောက်နဲ့ ထပ်တွေ့ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
"တတိယအကြိမ်က အောင်မြင်မှုပဲ... အလှတရားနဲ့ နတ်ဘုရားလက်နက်က ငါတို့ရဲ့ရှေ့မှာ ရှိနေပြီ... ကျရှုံးမှုနှစ်ကြိမ်လောက်ကြောင့် မင်းရဲ့ လက်တစ်ကမ်းမှာ ရှိနေတဲ့ ကောင်းကင်လက်နက်ကို စွန့်လွှတ်တော့မလို့လား"
"မင်းက စိတ်ကို ခိုင်မာအောင် ထားပြီး ရှေ့ဆက်ရမယ်... ဒီတစ်ကြိမ် ခိုင်မာရမယ်ဆိုရုံတင် မကဘူး မင်းရဲ့ အနာဂတ်ကျင့်ကြံခြင်းကလည်း အဲ့ဒီလိုပဲ ဖြစ်ရမယ်"
သူ၏တည်ကြည်လေးနက်သော စကားလုံးများသည် ပြတ်သားသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး ရှုံးချုံး၏သွေးများကို စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်လာစေသည်။
ဤသည်မှာ သူ့ကို ကြက်ပေါင်းရည်တစ်အိုးလုံး တိုက်ကျွေးလိုက်သည့်အလားပင်။
သူသည် သူ၏အနာဂတ် အိပ်မက်များကို မြင်ယောင်မိသည်။ သူ နေ့ညမပြတ် တောင့်တခဲ့သော မိန်းကလေးချင်းယင်သာမက သက်ရှိအားလုံးကို ငုံ့ကြည့်နေသော ဧကရာဇ်တစ်ပါး၏ လမ်းကြောင်းကိုလည်း သူ မြင်ယောင်လာသည်။
အချိန်တခဏကြာခန့် တွေးတောပြီးနောက် သူ့ဖခင်၏စကားများသည် ဉာဏ်ပညာနှင့် ပြည့်စုံကြောင်း သူ ပို၍ခံစားလာရသည်။
ယွင်ရှင်းသည် လှောင်ပိတ်မိနေပြီး ခေတ်နောက်ကျနေသော ကြယ်နေမြေတစ်ခုပင်။ အများဆုံးအနေဖြင့် ဤနေရာတွင် အရှင်သခင်အဆင့် ကျင့်ကြံသူ အနည်းငယ်သာ ရှိနိုင်သည်။ သူတို့သည် ထိုအဆင့်လူနှစ်ယောက်နှင့် တွေ့ပြီးပြီဖြစ်ရာ နောက်ထပ်လူတစ်ယောက်နှင့် ထပ်မံ၍တွေ့ဆုံရန် မဖြစ်နိုင်တော့ချေ။
သူ စဉ်းစားလေလေ သူ၏ဆုံးဖြတ်ချက် ပို၍ခိုင်မာလေလေပင်။ ရှုံးချုံးက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"အဖေ ပြောတာ အမှန်ပဲ... ကျွန်တော်တို့က လုံးဝလက်လျှော့လို့ မဖြစ်ဘူး....တတိယအကြိမ်က အောင်မြင်မှုပဲ... ကျွန်တော်တို့ အမြဲတမ်းကြီးတော့ ဒီလောက်ထိ ကံဆိုးနေမှာ မဟုတ်ပါဘူး"
"အဆိုးဆုံး အခြေအနေမှာ နောက်တစ်ကြိမ် ရန်သူတွေနဲ့ ရင်ဆိုင်ရရင် ကျွန်တော်တို့ မလှုပ်ရှားခင် အချိန်နည်းနည်းယူပြီး စောင့်ကြည့်ကြတာပေါ့"
သူ့သား၏ ကြီးမားသော တိုးတက်မှုကို မြင်တွေ့ချိန်၌ ရှုံးဖန်းက စိတ်သက်သာရာရသွားပြီး ပြုံးလိုက်သည်။
"ကောင်းတယ်... အရမ်းကောင်းတယ်....တွင်းနက်ထဲကို ကျဖူးမှ အကြံဉာဏ်တွေ ထွက်လာနိုင်တယ်... ရန်သူတွေကို ဒီလောက်ထိ သတိထားနိုင်ရင် မင်းရဲ့စိတ်အခြေအနေ အများကြီး တိုးတက်လာပြီ... နောက်ကျရင် ကောင်းကင်လက်နက်ကို မင်းရဲ့လက်ထဲ ရလာတဲ့အချိန်ကျရင် မင်း သေချာပေါက် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်"
သားအဖနှစ်ယောက်သည် ဒုက္ခများဖြင့် ကြုံတွေ့ခဲ့ရသော်လည်း သူတို့အတွက် များစွာအကျိုးရှိခဲ့ပြီး သူတို့၏စိတ်ဓာတ်များ ချက်ချင်းမြင့်တက်လာသည်။
သူတို့သည် စိတ်တည်ငြိမ်အောင် ပြန်လည်၍ ထိန်းသိမ်းပြီးနောက် သူတို့သည် လေဟာနယ်ကို ဆုတ်ဖြဲကာ အဝေးသို့ ထွက်ပြေးသွားကြသည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သူတို့သည် ချိုင့်ဝှမ်းတစ်ခုကို ဖြတ်ကျော်သွားပြီး ယွင်ရှင်းဒေသခံများက ပြန့်ကျဲနေသော နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်သား အလျင်အမြန် တစ်ချက်ကြည့်လိုက်ရာ...
ထိုယွင်ရှင်းဒေသခံများအားလုံးတွင် သာမန်ကျင့်ကြံဆင့်များသာ ရှိကြပြီး ပုရွက်ဆိတ်လေးများသာဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။
နတ်ဆိုးသားရဲများသည်လည်း အလွန်နိမ့်ကျသော အဆင့်တွင် ရှိပြီး ဥာဏ်ရည်မရှိသော သာမာန်သားရဲများသာ ဖြစ်ကြ၏။
နှစ်ဖက်အကြားရှိ သတ်ဖြတ်မှုသည် ရက်စက်ပုံရသော်လည်း အထက်မှ သူတို့၏မျက်လုံးထဲတွင်မူ ကြက်များအကြား၌ ရုန်းရင်းဆန်ခတ် ဖြစ်နေသည့်အလားပင်။ အကြိမ်အနည်းငယ်ခန့် ကြည့်ပြီးနောက် သူတို့၏စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားပြီး သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသရန်ပင် ဆန္ဒမရှိတော့ချေ။
မူလက သားအဖနှစ်ယောက်သည် ထိုလူများထံ၌ ကောင်းမွန်သောအရာ ဘာမှမရှိဟု ယူဆကာ သူတို့အပေါ်၌ အချိန်ဖြုန်းလိုခြင်း မရှိချေ။
သို့ရာတွင် ရှုံးချုံးက အနည်းငယ် စိတ်ဝင်စားသွားပြီး ပြောဆိုသည်။
"အဖေ... ဒီလူတွေကို သတင်းအချက်အလက် မေးကြည့်ရင် ဘယ်လိုလဲ... ပထမအချက်က ယွင်ရှင်းရဲ့ တိကျတဲ့ အခြေအနေကို သိရအောင်နဲ့ ဒုတိယအချက်က လမ်းတလျှောက်မှာ ရတနာ နည်းနည်းလောက် လုယူဖို့ပဲ... ရတနာတွေ ကောင်းမကောင်းက အရေးမကြီးပါဘူး... အဓိကက ကျွန်တော်တို့အတွက် ကံကြမ္မာကောင်း နည်းနည်းလောက် ရဖို့ပဲလေ"
ဆက်တိုက်ကျရှုံးမှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ရှုံးဖန်းကလည်း သဘောတူညီကာ ခေါင်းညိတ်လိုက်၏။
"အင်း... အဲ့ဒီစကားတွေကို ငါ အရမ်းသဘောကျတယ်"
သူတို့ အယူသည်းလာခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သူတို့သည် အမှန်တကယ်ကို ကံဆိုးမည်အား ကြောက်ရွံနေကြသည်။ မြေပြင်ပေါ်ရှိ လူများသည် ပုရွက်ဆိတ်များ ဖြစ်နေလျှင်ပင် သူတို့ထံ၌ ယုံကြည်မှုအနည်းငယ် ပြန်လည် ရရှိရန်အတွက် သတင်းအချက်အလက် စုဆောင်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ လျော်ကြေးတချို့ ရယူခြင်းသည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်ပေမည်။
သားအဖနှစ်ယောက်သည် သဘောတူညီလိုက်ကြပြီး မြေပြင်ပေါ်သို့ ဆင်းသက်ရန်အတွက် လေဟာနယ်ကို ချက်ချင်းဆုတ်ဖြဲလိုက်ကြသည်။
သို့သော် သူတို့ မြေပြင်ပေါ်သို့ ခြေမချနိုင်မီ အဝေးမှနေ၍ အလင်းတန်းတစ်တန်းကဲ့သို့ အရှိန်ဖြင့် မောင်းနှင်လာသော ပျံသန်းရေးလှေတစ်စင်းကို သတိထားမိသွားသည်။ ထိုပျံသန်းရေးလှေ၏အမြန်နှုန်းသည် ကြောက်ခမန်းလိလိ မြန်ဆန်ပေ၏။
ထိုပုံမှန်မဟုတ်သော အမြန်နှုန်းကို အနည်းငယ် ရင်းနှီးနေသကဲ့သို့ သူတို့ ခံစားမိသည်။ ထိုကြောင့် သူတို့၏နတ်ဘုရားစိတ်အာရုံများဖြင့် ထိုပျံသန်းရေးလှေကို တိတ်တဆိတ် လှမ်းကြည့်လိုက်ကြသည်။
သားအဖနှစ်ယောက်သား ရုတ်တရက် ကြက်သေသေသွားပြီး သူတို့၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
မိုးကောင်းကင်ယံတွင် ထွက်ပေါ်လာသော ပျံသန်းရေးလှေ၏ရှေ့ဆုံးတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေသူမှာ ဖန်းကျောက်ဝူပင်။
စစ်မြေပြင်အထက်ရှိ လေထုထဲတွင် တောင့်တင်းစွာ မတ်တတ်ရပ်နေသော သားအဖ နှစ်ယောက်သည် ထိုပုံပန်းသွင်ပြင်ကြောင့် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး မလှုပ်ရှားနိုင်တော့ချေ။ အစောပိုင်းက ကြောက်မက်ဖွယ် မှတ်ဉာဏ်သည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား သူတို့၏စိတ်ထဲ၌ တဖန်ပြန်၍ ထွက်ပေါ်လာသည်။
"ဘယ်လိုလုပ်ပြီး သူ ဖြစ်နေတာလဲ....သူပဲ... ငါတို့ကို မြစ်ထဲကို ရိုက်ချခဲ့တဲ့သူပဲ... ဘာလို့ ငါတို့က သူနဲ့ ထပ်တွေ့ရတာလဲ"
သားအဖနှစ်ယောက်၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှုများ ထင်ဟပ်နေကာ ကျဥ်းထဲကျပ်ထဲအခြေအနေတွင် ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရသည်။
ဤယွင်ရှင်းနယ်မြေမှ အရှင်သခင်အဆင့် ကျင့်ကြံသူနှင့် ထပ်မံ၍ တွေ့ဆုံရလိမ့်မည်ဟု သူတို့ လုံးလုံးလျားလျား စိတ်ကူးယဉ်တွေးတောမထားမိချေ။
ဒါ... ဒါက အရမ်းကံဆိုးလွန်းတယ်...
သူတို့ ဆက်နေရမလော သွားရမလော မဆုံးဖြတ်နိုင်မီမှာပင် တခြားအလင်းတန်းတစ်တန်းက ပျံသန်းရေးလှေဆီသို့ ဦးတည်သွားသည်။
ထိုလူ၏ဆံပင်ရှည်များသည် စစ်နတ်ဘုရားတစ်ပါးအလား ပျံ့လွင့်နေပြီး ဓားမြှောင်တစ်ချောင်းကို သူ၏လက်ထဲတွင် ကိုင်ဆောင်ထားသည်။
ယခုရောက်ရှိလာသူသည် ရှောင်ကျန့်မှလွဲ၍ တခြားသူ မဟုတ်ချေ။
ထိုထက်ရှသော ဓားမြှောင်ကို မြင်လိုက်ရုံဖြင့် သားအဖနှစ်ယောက်၏ မျက်လုံးထဲရှိ ထိတ်လန့်မှုသည် ဖုံးကွယ်၍ မရနိုင်လောက်အောင် ဖြစ်သွားပေ၏။ ဘဝအတွေ့အကြုံများစွာ ရှိသော လနတ်ဘုရားခန်းမဆောင်၏ အကြီးအကဲရှုံးဖန်းပင် ယခုအချိန်တွင် ထိတ်လန့်မှုကြောင့် သူ၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။
"အား...."
သူတို့ နောက်ထပ်အရှင်သခင်တစ်ယောက်နှင့် ထပ်မံ၍ တွေ့ဆုံရပြန်လေပြီ။