← Chapters

အခန်း (၁၀၄၂)

Vol. 72 Ch. 1042

အခန်း (၁၀၄၂)

Vol. 72 Ch. 1042

ဝှစ်...

ချင်းယင်သည် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ သူမ၏ ကြည်လင်သော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

သူမသည် အလွန်အမင်းသိလိုစိတ်ကြောင့် အနက်ရောင်မြူခိုးများ၏ မသိနိုင်သော အန္တရာယ်များကို လျစ်လျူရှုကာ ပျံသန်းရေးလှေမှ တိတ်တဆိတ် ထွက်ခွာလာပြီး ဓားကိုင်ထားသောပုံရိပ်နောက်သို့ မလှမ်းမကမ်းမှ လိုက်ပါသွားခဲ့သည်။

အနက်ရောင်မြူခိုးများ ရှိရာသို့ ဝင်ရောက်လိုက်သည်နှင့် ဓားချီအလင်းတန်းများသည် ပိုက်ကွန်များအလား ယှက်နွယ်လာပြီး အသားစများနှင့် သွေးများက နေရာအနှံ့အပြားသို့ ပျံ့လွင့်သွားသည်။

ထိုတစ်ကိုယ်တော်ပုံရိပ်သည် အနက်ရောင် နတ်ဆိုးပင်လယ်ကြီးထဲသို့ သိုးအုပ်ထဲ ဝင်သွားသော ကျားတစ်ကောင်အလား ဝင်ရောက်သွားပေ၏။ သူ၏ဓားရှည် ကျရောက်သွားသော နေရာတိုင်းတွင် တစ်ချက်ထက်ပို၍ ခံနိုင်ရည်ရှိသည့် ရန်သူဟူ၍ မရှိချေ။

ဓားချက်တစ်ချက်တည်းနှင့် နတ်ဆိုးများ၏ခန္ဓာကိုယ်များ အပိုင်းပိုင်းပြတ်တောက်သွားပြီး အစွမ်းထက်သောနတ်ဆိုးများအားလုံး ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။

ဤသည်မှာ သခွားသီး စိတ်ရသလောက် ဟင်းသီးဟင်းရွက် လှီးရသလောက်ပင် မခက်ခဲချေ။

ချင်းယင်၏ လှပသော မျက်လုံးများ ပြူးကျယ်နေပြီး သူမ၏နူးညံချောမွတ်သော လက်ချောင်းများဖြင့် နီမြန်းသောနှုတ်ခမ်းများကို ခပ်ဖွဖွအုပ်ကာ ထိုမြင်ကွင်းကို ကြည့်နေသည်။

ထိတ်လန့်မှု...

မကြုံစဖူး ထိတ်လန့်မှု....

ရီဖုန်း၏ကျင့်ကြံဆင့်သည် နက်ရှိုင်းကြောင်း သူမ ကြိုတင်ခန့်မှန်းပြီး စိတ်ကူးယဥ်တွေးတောထားခဲ့သော်လည်း...

သူမကိုယ်တိုင် မျက်စိဖြင့် မြင်လိုက်ရချိန်၌ ချင်းယင်သည် သူမ၏စိတ်ထဲတွင် အံ့အားသင့်မှုလှိုင်းလုံးများဖြင့် ပြည့်နှက်နေသည်ကို မတားဆီးနိုင်တော့ဘဲ ငေးငိုင်နေပြီး အသံတစ်သံမျှ မထွက်ရဲချေ။

ရီဖုန်းသည် နတ်ဆိုးပုံရိပ်များကြားတွင် မြေပြန့်ပေါ် လျှောက်လှမ်းနေသည့်အလား ရှေ့ဆက်နေကာ နတ်ဘုရားတစ်ပါးကဲ့သို့ အနိုင်မခံသော ပုံရိပ်မျိုး ဖြစ်နေလိမ့်မည်ဟု သူမ စိတ်ကူးပင်ယဉ်ထားခဲ့မိခြင်း မရှိပေ။

ဤအရာသည် သူမ ယှဉ်ပြိုင်နိုင်သော တည်ရှိမှုမျိုး မဟုတ်တော့ချေ။

သူမတို့သုံးယောက်လုံးသည် ရီဖုန်း၏လက်ထဲတွင်ဆိုလျှင် ဤနတ်ဆိုးများထက် အလွန်အမင်း သာလွန်နေမည် မဟုတ်ချေ။ ဤကဲ့သို့ ဆရာကြီးတစ်ယောက်ကို သူမတို့သည် လမ်းတလျှောက်လုံး၌ သာမန်ခြေလှမ်းတစ်ဝက်သူတော်စင်တစ်ဦးကဲ့သို့ ဆက်ဆံခဲ့မိသည်မှာ ရယ်ရွှင်ဖွယ် ကောင်းပေ၏။

ချင်းယင်၏စိတ်နှလုံးသားအတွင်းတွင် ထိတ်လန့်မှုနှင့်ရှက်ရွံ့မှုတို့ ရောယှက်ကာ လှိုင်းထန်နေသည်။

သူမသည် သူမ၏ရှေ့မှ သွေးပင်လယ်ကြီးကို စိုက်ကြည့်ရင်း တွေဝေမိန်းမောလုနီးပါး ဖြစ်နေသည်။

မည်သည့်အချိန်ကမှန်း မသိရသော်လည်း ရီဖုန်းသည် ဓားကြီးကိုထမ်းကာ သူ၏မျက်နှာပေါ်တွင် ဖော်ရွေသော အပြုံးတစ်ခုထင်ဟပ်လာပြီး သူမ၏ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

"မင်း သိသွားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"

သူသည် သိုသိုသိပ်သိပ်နေလိုခဲ့ပြီး နတ်ဆိုးတချို့ကို တိတ်တဆိတ်သတ်ဖြတ်ကာ သေလမ်းရှာလိုခဲ့သည်။ သို့သော် ချင်းယင်၏ဖမ်းမိခံလိုက်ရပြီဖြစ်သောကြောင့် သူ၏ဝှက်ဖဲများကို ချပြရုံသာ ရှိတော့သည်။

ချင်းယင်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အလျင်အမြန် ဦးညွှတ်လိုက်ကာ သူမ၏မျက်လုံးများထဲတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"စီနီယာရီကို အရိုအသေပြုပါတယ်.....အရင်တုန်းက ကျွန်မတို့က မျက်ကန်းတွေလို မသိနားမလည် ဖြစ်ခဲ့ပါတယ်... ကျွန်မတို့က တစ်နည်းနည်းနဲ့ ရိုင်းပြမိခဲ့ရင် စီနီယာက ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

သူ၏ဘဝတွင် ရှားရှားပါးပါး တွေ့ရသော ဤမျှ ရုတ်တရက်ဆန်ပြီး လွန်ကဲသော ယဉ်ကျေးမှုသည် ရီဖုန်းကို အနည်းငယ် နေသားမကျ ဖြစ်စေသည်။

သူက ပြုံးလိုက်ပြီး ဓားကိုသိမ်းဆည်းကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ငါက မင်းတို့ထက် နည်းနည်းလေး ပိုပြီးသန်မာရုံပါ... မင်းက အရမ်းယဉ်ကျေးလွန်းနေပြီ"

သူ၏စကားများသည် နှိမ့်ချပြီး သူတို့၏ ယခင် ပြစ်မှားမှုများကို လုံးလုံးလျားလျား ထည့်မပြောချေ။

ဒါက ဘယ်လောက်တောင် သဘောထားကြီးလိုက်သလဲ....တကယ့်ကို ဆရာကြီးတစ်ယောက်ရဲ့ အမူအယာပါလား....

ချင်းယင်၏မျက်နှာပေါ်တွင် ကျေးဇူးတင်ရှိမှုများ ထင်ဟပ်လာပြီး တစ်ချိန်တည်းမှာပင် သူမ ပို၍ပင် သိလိုစိတ် ပြင်းပြလာသည်။

"ကျေးဇူးတင်ပါတယ် စီနီယာရီ....ဂျူနီယာရဲ့ အတင့်ရဲပြီး မေးမြန်းမှုကို ခွင့်လွှတ်ပေးပါ... စီနီယာက အခု ဘယ်ကျင့်ကြံဆင့်နယ်ပယ်မှာ ရှိနေတာလဲ"

ဤမေးခွန်းသည် ရီဖုန်းအတွက် ဖြေဆိုရန် အနည်းငယ်ခက်ခဲပေ၏။

သူ၏ကျင့်ကြံဆင့်နယ်ပယ်နှင့် ပတ်သက်ပြီး သူကိုယ်တိုင်လည်း သိပ်မသေချာချေ။ သူ၏ ယခင် အတွေ့အကြုံများမှတဆင့် သူ၏ ကျင့်ကြံဆင့်သည် ဤလူသုံးယောက်ထက် ပို၍သန်မာကြောင်းသာ အကြမ်းဖျင်း ကောက်ချက်ချနိုင်သည်။

သူတို့အကြား၌ ကွာခြားချက်မှာ သိပ်မကြီးမားလောက်ပေ။

သူသည် များစွာစဉ်းစားမနေဘဲ သူ၏နှာခေါင်းကို ကုတ်ပြီး ပေါ့ပေါ့ပါးပါး တုံ့ပြန်အဖြေပေးလိုက်သည်။

"မင်းက အရမ်းယဉ်ကျေးလွန်းနေပြီ... ငါ ခုဏက မပြောဘူးလား... ငါက မင်းတို့ထက် နည်းနည်းလေး ပိုသန်မာရုံပဲလေ.. အဲဒါကြောင့် နည်းနည်းလေးပဲ ဖြစ်မှာပါ"

နည်းနည်းလေးဟု ဆိုသလော...

ထိုသို့ဆိုလျှင် သူသည် သူမတို့ထက် ကျင့်ကြံဆင့်နယ်ပယ်တစ်ခုလုံး

ပို၍မြင့်မားနေခြင်း မဖြစ်နိုင်ချေ။ သူသည် နယ်ပယ်တူအတွင်းရှိ အဆင့်မြင့်စီနီယာတစ်ဦး ဖြစ်ပေမည်။

ချင်းယင်က ခေါင်းညိတ်ပြီး ဤရှင်းပြချက်ကို လက်ခံလိုက်သည်။

ယွင်ရှင်းသည် တစ်ချိန်က ကြယ်တာရာစစ်ပွဲတွင် ပါဝင်ခဲ့ဖူးသည်။ ထိုအချိန်မှစ၍ နယ်မြေ၏အဆင့်အတန်း ကျဆင်းလာခဲ့သော်လည်း အခြေခံအုတ်မြစ်တချို့ ရှိနေဆဲပင်။ ဤကဲ့သို့ စီနီယာတစ်ယောက် ရှိနေခြင်းသည် အလွန်ထူးဆန်းဖွယ်ကောင်းသော ကိစ္စတစ်ရပ် မဟုတ်ချေ။

ရီဖုန်း၏ကျင့်ကြံဆင့်သည် သူမတို့ထက် အနည်းငယ်သာ ပို၍သန်မာကြောင်း သိရှိချိန်၌ ချင်းယင်၏ဖိအား အနည်းငယ် လျော့ကျသွားသည်။

သို့သော် ထိုကြောက်မက်ဖွယ်ကောင်းသော ဖားပြုတ်ကို သတိရမိချိန်၌ သူမသည် ထပ်ခါတလဲလဲ တုံ့ဆိုင်းနေသော်လည်း ထည့်မပြောဘဲ မနေနိုင်တော့ပေ။

"စီနီယာ... ရှင့်ရဲ့ ဖားပြုတ်က..."

မိန်းကလေး၏ စိတ်လှုပ်ရှားနေသော အမူအယာကို မြင်တွေ့ချိန်၌ ရီဖုန်းသည် သူမကို စိတ်သက်သာရာ ရစေရန်နှင့် အနည်းငယ် အဆင်မပြေသော အခြေအနေကို ဖြေလျှော့ရန် စကားလမ်းကြောင်းလွှဲလိုက်၏။

"ကိစ္စမရှိဘူး... အဲ့ဒီဖားပြုတ် ထွက်ပြေးသွားရင်လည်း ထွက်ပြေးပါစေ... ငါ သိပြီးသားပါ... အဲ့ဒီအကောင်ကို သိပ်စိတ်မပူပါနဲ့... ဘာပဲဖြစ်ဖြစ် ဒီဖားပြုတ်က အသုံးမကျဘူး... ပြီးတော့ ငါနဲ့ မရင်းနှီးသလိုမျိူး မနေပါနဲ့... အရင်လိုပဲ ပေါ့ပေါ့ပါးပါး နေကြတာပေါ့"

...

ကိစ္စမရှိဘူး အသုံးမကျဘူးဟု ဆိုသလော....

ချင်းယင်သည် နေရာမှာပင် ကြက်သေသေသွားပြီး မည်သို့ပြန်ပြောရမှန်း မသိတော့ချေ။

ထိုကောင်းကင်ဖုံးဖားပြုတ်ကြီးကို ဖော်ပြရန် ဤကဲ့သို့ စကားလုံးများကို အမှန်တကယ် အသုံးပြုနိုင်သလော....

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုသည် လန်ရှင်းတွင်သာဆိုလျှင် လူများအားလုံး ရိုသေလေးစားသော မွန်းစတားအိုကြီးတစ်ကောင် ဖြစ်ပေမည်။ သို့သော် ဤစီနီယာ၏ ပါးစပ်ထဲတွင် အသုံးမကျသော အမှိုက်တစ်ခုကဲ့သို့ ဖြစ်နေသည်။ သာမန်လူတစ်ယောက်မှ ကြက် သို့မဟုတ် ဘဲတစ်ကောင် ပျောက်ဆုံးသွားလျှင်ပင် ဤမျှထိ တည်ငြိမ်နေမည် မဟုတ်ပေ။

ချင်းယင်သည် ဇဝေဇဝါ ဖြစ်နေပြီး ရီဖုန်း ခပ်ဖျော့ဖျော့အပြုံးနှင့် ထွက်ခွာသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။

"ပြန်ကြစို့... ဒီတစ်ခါ နတ်ဆိုးတွေ အများကြီး မတွေ့လိုက်ရဘူး"

လက်နှစ်ဖက်ကို နောက်ပစ်ကာ ပေါ့ပေါ့ပါးပါး ထွက်ခွာသွားသော ပုံရိပ်သည် သာမန်ဟု ထင်ရဆဲ ဖြစ်သော်လည်း သူသည် ခန့်မှန်း၍မရနိုင်လောက်အောင် နက်ရှိုင်းပုံရပြီး ချင်းယင်ကို စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ငေးမောမေစေခဲ့သည်။ သူ့ကို အဝေးမှ ကြည့်လိုက်ရုံဖြင့် သူမသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လျစ်လျူရှုထားရန် လုံလောက်ပေ၏။

သူမ သတိပြန်ဝင်လာချိန်၌ အမီလိုက်ရန် အမြန် ပြေးသွားပြီး နောက်ဆုံးတွင် ပျံသန်းရေးလှေသို့ ပြန်သွားသော စီနီယာနှင့် ပူးပေါင်းလိုက်သည်။

သူတို့ နံဘေးချင်းယှဉ်၍ ထိုင်လိုက်ချိန်၌ ချင်းယင်သည် မတည်ငြိမ်နိုင်တော့သည့်အပြင် ယခင်ကဲ့သို့ လျစ်လျူရှုထားနိုင်ခြင်းလည်း မရှိတော့ပေ။ သူမ၏ တည်ငြိမ်ပုံရသော အပြင်ပန်းပုံစံသည် သူမ၏စိတ်နှလုံးသားထဲမှ ထိတ်လန့်မှုကို ဖုံးကွယ်ထားရန် မစွမ်းဆောင်နိုင်တော့ပေ။

သူမနှင့် နေ့ညမပြတ် အတူရှိနေခဲ့သော လူငယ်သည် ဤကဲ့သို့ ဆရာကြီးတစ်ယောက် ဖြစ်လိမ့်မည်ဟု သူမ အမှန်တကယ်ကို မယုံကြည်နိုင်ပေ။ ပါရမီရှင်များ ညှိုးနွမ်းပြီး နှစ်ပေါင်းတစ်သိန်းကြာ အထီးကျန်နေခဲ့သော ယွင်ရှင်းတွင် သူတို့ထက် သာလွန်သော စီနီယာအရှင်တစ်ယောက် ကျန်ရှိနေသည်။

ရီဖုန်း၏နံဘေးတွင် တိတ်ဆိတ်စွာထိုင်ရင်း ချင်းယင်၏ လှပသောမျက်လုံးများတွင် ရိုသေလေးစားမှုများ ထင်ဟပ်လာသည်။

ရီဖုန်းသည် ယခင်အတိုင်း တည်ငြိမ်နေပြီး ပေါ့ပေါ့ပေါ့ပါးပါးလေသံဖြင့် မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။

"အဲဒီ... တံခါးပေါက်ကို ရောက်ဖို့ ဘယ်လောက်ကြာအုံးမလဲ"

ချင်းယင်က အလျင်အမြန် ပြန်ဖြေလိုက်ကာ သူမ၏လေသံသည် ရိုသေလေးစားမှုရှိပြီး စကားလုံးတိုင်းကို သတိကြီးစွာထားနေပေ၏။

"စီနီယာကို သတင်းပို့ပါတယ်"

"လက်ရှိ တိုးတက်မှုအပေါ် အခြေခံရင် မနက်ဖြန်လောက်မှာ ကြယ်တာရာတံခါးပေါက် တည်ရှိတဲ့ နတ်ဆိုးနယ်မြေရဲ့ဗဟိုချက်ကို ရောက်နိုင်လိမ့်မယ်"

နတ်ဆိုးနယ်မြေ၏ဗဟိုချက်...

ထိုနေရာတွင် နတ်ဆိုးများစွာ ရှိနေသင့်သည်မဟုတ်လော....

ရီဖုန်းသည် မျှော်လင့်ချက် အရိပ်အယောင်များ ပါဝင်နေသော မျက်လုံးများဖြင့် ချင်းယင်ကို သိလိုစိတ်ပြင်းပြစွာ ကြည့်လိုက်သည်။

"အဲ့ဒီမှာ အန္တရာယ်ရှိလား"

ချင်းယင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ တည်ကြည်လေးနက်စွာ တုံ့ပြန်အဖြေပေးလိုက်သည်။

"စီနီယာကို သတင်းပို့ပါတယ်... နတ်ဆိုးနယ်မြေရဲ့ဗဟိုချက်က နတ်ဆိုးတွေ စုဝေးတဲ့ နေရာပါ... နတ်ဆိုးမျိုးနွယ်ရဲ့ အဆင့်မြင့်ကျင့်ကြံသူတွေ အားလုံးနီးပါး အဲ့ဒီနေရာမှာ ရှိကြတယ်... သူတို့ရဲ့ ကျင့်ကြံဆင့်တွေက နက်ရှိုင်းပြီးတော့ ရုပ်ခန္ဓာကိုယ်ခွန်အား ကြီးမားရုံတင်မကဘဲနဲ့ ထူးခြားတဲ့ နတ်ဆိုးလျှို့ဝှက်နည်းစနစ်တွေကိုလည်း ပိုင်ဆိုင်ထားတာကြောင့် အရမ်းကြောက်ဖို့ကောင်းတယ်"

"အန္တရာယ်အရှိဆုံးအချက်ကတော့ အဲ့ဒီနတ်ဆိုးတွေက အရမ်းမြင့်မားတဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထားပြီးတော့ အစွန်းရောက်တဲ့အထိ ကောက်ကျစ်စဉ်းလဲကြတယ်... သူတို့မှာ ကျွန်မတို့လူသားတွေ နားလည်ထားတဲ့ ကိုယ်ကျင့်တရားဆိုတာ မရှိဘူး... သူတို့ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်ဖို့ ဘာမဆို လုပ်ကြမှာပါ... သူတို့ရဲ့ ကိုယ်ပိုင်မျိုးနွယ်တွေကိုတောင် သတ်ဖြတ်ကြတယ်... သူတို့က ရက်စက်ကြမ်းကြုတ်ပြီးတော့ ယုတ်မာတဲ့ နတ်ဆိုးတွေပါ"

"တကယ်လို့ ကျွန်မတို့က နတ်ဆိုးတွေကို ရင်ဆိုင်နေရတာသာ မဟုတ်ရင် ကျွန်မတို့ သုံးယောက်က လမ်းခုလတ်မှာ အမြဲတမ်း သတိထားနေပြီးတော့ အင်အားကို ချွေတာနေဖို့ လိုမှာမဟုတ်ဘူး..."

ချင်းယင်၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

ရီဖုန်းကို ကြည့်လိုက်ချိန်မှသာ သူမ၏မျက်နှာပေါ်တွင် ရိုသေလေးစားသော အပြုံးတစ်ခု ထင်ဟပ်လာသည်။

"ဒါပေမဲ့ အခု စီနီယာ လိုက်ပါလာပြီဆိုတော့ သိပ်ပြီး အန္တရာယ်မရှိလောက်တော့ပါဘူး"

မိန်းကလေး၏မျက်လုံးများထဲရှိ စိုးရိမ်ပူပန်မှုကို မြင်တွေ့ချိန်၌ ရီဖုန်းက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။ သူသည် အလွန်အမင်း စိတ်ကျေနပ်နေပေ၏။

"မင်းက အရမ်းယဉ်ကျေးလွန်းနေပြီ"

စွမ်းအားကြီးမားသော ကျင့်ကြံဆင့်နှင့် မြင့်မားသော ဉာဏ်ရည်ဉာဏ်သွေးတို့ကို ပိုင်ဆိုင်ထားသဖြင့် ထိုနတ်ဆိုးများတွင် အားနည်းချက်မရှိပုံရသည်။

ဤသည်မှာ ကောင်းမွန်သောအရာပင်။

ထိုနတ်ဆိုးများ ပို၍သန်မာလေလေ ပို၍ကောင်းမွန်လေလေပင်။

ဤတစ်ကြိမ်တွင်မူ သူ အောင်မြင်စွာ သေဆုံးနိုင်ရန် မျှော်လင့်ချက်များစွာ ရှိနေသင့်သည်။

အကယ်၍ သူ မသေလျှင်ပင် အတွေ့အကြုံရမှတ် အမြောက်အများကို ရရှိနိုင်ပေမည်။

မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးများကို သတ်ဖြတ်ခြင်းဖြင့် ရရှိလာသော အတွေ့အကြုံရမှတ်ပမာဏသည် နတ်ဆိုးများ၏စွမ်းအားနှင့် ဆက်စပ်နေသည်။

တစ်ရက်တိတိ ခရီးနှင်ပြီးနောက်....

ပျံသန်းရေးလှေသည် ထူးဆန်းသော မြေပြင်တစ်နေရာသို့ ဝင်ရောက်လာသည်။ ကောင်းကင်ယံသည် ရုတ်တရက် ကြည်လင်သွားပြီး အနက်ရောင် မြူခိုးများသည် မြေပြင်ပေါ်တွင် စုဝေးကာ ကျယ်ပြောသော မြစ်ကြီးတစ်စင်းအလား တလိမ့်လိမ့်ထနေသည်။

ချင်းယင်သည် ပျံသန်းရေးလှေ၏ဦးပိုင်းတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး သူမ၏ မျက်နှာအမူအယာ ရုတ်တရက် တည်ကြည်လေးနက်သွားသည်။

ထူးခြားသော အငွေ့အသက်ကို အာရုံခံမိသဖြင့် ရီဖုန်းကလည်း ဖြည်းညှင်းစွာ မတ်တတ်ထရပ်ပြီး အဝေးသို့ ကြည့်လိုက်သည်။

အဝေးမှ အနက်ရောင်မြူခိုးများသည် ဒီရေအလား မြင့်တက်လာပြီး မြေပြင်ပေါ်တွင် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။ သွေးရောင်လမ်းမကြီး တစ်ခုတည်းသာ ကျန်ရစ်ပြီး ထိုလမ်းမကြီးကို ကြောက်မက်ဖွယ်ကောင်းသော အရိုးကြီးများဖြင့် ခင်းထားသည်။ ပျံသန်းရေးလှေပေါ်မှ ကြည့်လျှင်ပင် ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရား၏အရှိန်အဝါကို သူ ခံစားလိုက်ရသည်။

လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဆွဲဆောင်မှုရှိသော သွေးရောင်ပန်းများ ပွင့်လန်းနေပြီး ထိုအရာများ၏အလှတရားသည် အန္တရာယ်ရှိကြောင်း ဖော်ပြနေပေ၏။

"အဲ့ဒီနေရာလား...."

ရီဖုန်း၏မျက်လုံးများတွင် မျှော်လင့်ချက်များ ထင်ဟပ်နေပြီး သိလိုစိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

သူ၏နံဘေးရှိ ချင်းယင်သည် တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် သူ့ကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလေသည်။

"ဟုတ်တယ်... အဲ့ဒါက အနက်ရောင်နယ်မြေရဲ့ ဗဟိုချက်ဖြစ်ပြီးတော့ နတ်ဆိုးတွေ စုဝေးတဲ့ နေရာပဲ"

ထိုသို့ပြောဆိုရင်းဖြင့် ချင်းယင်သည် သူမ၏နူးညံချောမွတ်လက်ကို ဆန့်တန်းကာ အဝေးသို့ ညွှန်ပြလိုက်သည်။

"စီနီယာရီ... အဲ့ဒီအလင်းတန်းက ကြယ်တာရာတံခါးပေါက် ဖြစ်နိုင်တယ်"

ရီဖုန်းသည် သူမ ညွှန်ပြရာသို့ လိုက်ကြည့်လိုက်ရာ ဝိုးတဝါး အနက်ရောင် အလင်းတန်းတစ်တန်းက မြေပြင်မှနေ၍ မိုးကောင်းကင်ယံရှိ တိမ်တိုက်များထဲသို့ တန်းတန်းမတ်မတ် မြင့်တက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအရာသည် အလွန်မြင့်မားလွန်းသဖြင့် ကောင်းကင်ယံမှ အနက်ရောင်တိမ်တိုက်များပင်လျှင် ဖုံးကွယ်ထား၍ မရနိုင်ချေ။

ဤသည်ကို အဝေးမှကြည့်လျှင် သေမင်းမီးပြတိုက်တစ်ခုနှင့် တူညီနေသည်။

အဆုံးမဲ့အမှောင်ထုကြီးသည် ထိုအလင်းတန်းအတွင်း၌ စုဝေးပြီး တလိမ့်လိမ့်ထနေပေ၏။ ထိုအရာအတွင်း၌ အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ် ကြီးထွားနေပြီး လောကကြီးပျက်သုဥ်းတော့မည့် ကပ်ဘေးတစ်ခုကို ထုတ်လွှတ်တော့မည့်အလားပင်။

All Chapters