အခန်း (၁၀၄၃)
Vol. 72 Ch. 1043
ရီဖုန်းသည် စိတ်ဝင်တစား ဖြစ်သွားပြီး သူ၏မျက်လုံးများတွင် ရှားပါးသော မျှော်လင့်ချက်ရောင်ခြည်တစ်ခု ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို သူ သတိထားမိလိုက်ပြီး သူ၏မျက်နှာပေါ်တွင် သံသယအကြည့်များ ထင်ဟပ်လာသည်။
"တစ်ခုခုတော့ မှားနေပြီ....ကြယ်တာရာတံခါးပေါက်ဆိုတဲ့ နာမည်အရ ဒါက တံခါးပေါက်တစ်ခုဆိုတော့ အကျယ်ကြီး ဖြစ်သင့်တာ မဟုတ်ဘူးလား... အဝေးက ကြည့်ရင် မျဉ်းတစ်ကြောင်းလိုပဲ... အရမ်းဝေးနေလို့များလား"
ဤမေးခွန်းသည် မိန်းကလေးချင်းယင်၏ အာရုံကိုလည်း ဖမ်းစားနိုင်ခဲ့သည်။
ပျံသန်းရေးလှေ ရှေ့သို့ရွေ့လျားလာသည်နှင့်အမျှ မိန်းကလေးချင်းယင်၏စကားများတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များ ရောယှက်လာသည်။
"ကြယ်တာရာတံခါးပေါက်က ပိတ်ထားပုံရတယ်... နတ်ဆိုးမျိုးနွယ်တွေကလည်း တစ်နေရာရာမှာ ပုန်းနေပုံရတယ်... သူတို့ရဲ့ ပုံရိပ်တွေကို သိပ်မမြင်ရဘူး....ဒါက တကယ်ကို ထူးဆန်းနေတယ်....ဒါပေမဲ့ ဘာအကြောင်းပြချက်ပဲ ရှိရှိ ဒီခရီးစဉ်မှာ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ဒီတံခါးပေါက်ကို ဖျက်ဆီးဖို့ပဲ... နတ်ဆိုးမျိုးနွယ်တွေက ဒီတံခါးပေါက်ကနေတဆင့် အင်အားတွေ ပိုပြီးစေလွှတ်နေတာကို ခွင့်မပြုနိုင်ဘူး"
သူမ၏ပြတ်သားသော စကားလုံးများနှင့်အတူ သူမထံ၌ တိုက်ပွဲဝင်လိုစိတ် ပြင်းထန်နေသည်။
ပျံသန်းရေးလှေသည် အရိုးလမ်းမကြီးဆီသို့ အရှိန်ဖြင့် မောင်းနှင်သွားပြီး လေထုထဲတွင် လျှင်မြန်စွာ ရပ်တန့်လိုက်သည်။
ရှည်လျားသော အရိုးလမ်းမကြီးကို တည်ကြည်လေးနက်စွာ တစ်ချက်ကြည့်ပြီးနောက် သူတို့သုံးယောက်သား မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ရီဖုန်းသည်လည်း ပျံသန်းရေးလှေပေါ်မှ စိတ်အားထက်သန်စွာ ခုန်ဆင်းပြီး "ဂြိုဟ်သား" သုံးဦး၏နောက်သို့ ချက်ချင်းအမီလိုက်သွားသည်။
ရှည်လျားသော အရိုးလမ်းမကြီး၏ အပြင်ဘက် ပေတစ်ရာအကွာတွင် မတ်တတ်ရပ်လိုက်ချိန်၌ ဆွဲဆောင်မှုရှိသော သွေးနီရောင်ပန်းများက လူအများကို ရင်တလှပ်လှပ်ဖြစ်အောင် ပြုလုပ်နေသည်။ အရိုးလမ်းမကြီး၏အဆုံးကို တိမ်မည်းများ ဖုံးလွှမ်းထားသဖြင့် လှုပ်ရှားမှုများနှင့် ကြယ်တာရာတံခါးပေါက်၏ အစစ်အမှန်ပုံစံကို မမြင်နိုင်ချေ။
ပတ်ဝန်းကျင်နေရာတဝိုက်လုံးတွင် လူအများကို ထိတ်လန့်တုန်လှုပ်သွားစေသည့် အေးစက်မှုများသာ ရှိနေသည်။
မိုးကောင်းကင်တွင် ဖျော့တော့တော့ သွေးရောင်အလင်းတန်းများသည် ရှုပ်ထွေးပြီး ပျံ့လွင့်နေပုံရသည်။ စူးရှသောသွေးညှီနံ့သည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးသို့ ပျံ့နှံ့နေပေ၏။
အဘိုးအိုသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် သူ၏မုတ်ဆိတ်မွှေးကို သပ်ကာ အထက်သို့ အကြိမ်အနည်းငယ်ခန့် မော့ကြည့်လိုက်ပြီးနောက် အကြံပြုရန် နောက်သို့လှည့်ကြည့်လိုက်သည်။
"သခင်မ... ဒီနေရာကို နတ်ဆိုးမျိုးနွယ်တွေက ဝင်္ကပါတစ်ခုနဲ့ ကာကွယ်ထားပုံရတယ်... ဒါကြောင့် ကျွန်တော်တို့ သတိထားရမယ်"
ချင်းယင်သည်လည်း ခေါင်းညိတ်ပြပြီး အလေးအနက်ထားသောအသံဖြင့် အမိန့်ပေးလိုက်သည်။
"အင်း... ဝင်္ကပါထဲကို အတူတူ ဝင်ကြမယ်... ကျွန်မတို့ ပေါ့ဆလို့ မဖြစ်ဘူး"
တခြားလူသုံးယောက်ထံ၌ အလေးအနက်ထားသော အမူအယာများ ရှိနေသည့်တိုင် ရီဖုန်းသည် မည်သည့်အရာကိုမျှ ထူးထူးခြားခြား မခံစားရချေ။ သူသည် သေလမ်းရှာရန် လာခြင်း ဖြစ်သောကြောင့် သူ့အတွက် အရေးမကြီးပေ။ ထိုကြောင့် သူ ရှေ့မှဦးဆောင်သွားခြင်းက ပိုကောင်းမည်ဟု တွေးတောလိုက်သည်။
ရီဖုန်းက တွေဝေတွန့်ဆုတ်ခြင်း လုံးလုံးလျားလျား ချင်းယင်ကိုကြည့်ကာ တီးတိုးပြောဆိုလိုက်သည်။
"ငါ အရင်သွားရင်ရော ဘယ်လိုလဲ"
ချင်းယင်၏မျက်လုံးများတွင် ကျေးဇူးတင်ရှိမှု များ ထင်ဟပ်လာပြီး သူမ၏မျက်နှာပေါ်တွင် ယုံကြည်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"စီနီယာရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်....ဒါပေမဲ့ ဒီကိစ္စအတွက် လောလောဆယ်မှာ စီနီယာရဲ့ အကူအညီ မလိုအပ်သေးပါဘူး... စီနီယာရဲ့ကျင့်ကြံဆင့်က သန်မာအားကောင်းပေမယ့် ကျွန်မတို့က သာမန်လူတွေ မဟုတ်ပါဘူး...ကျွန်မတို့က ပြင်ဆင်ထားတာ ကြာပါပြီ... နတ်ဆိုးမျိုးနွယ်ရဲ့တံခါးပေါက်ကြီးကို ချိုးဖျက်ဖို့ဆိုတာ ခက်ခဲတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး"
နူးညံ့သော စကားလုံးများ ကျဆင်းလာသည်နှင့်အမျှ အလင်းတန်းတစ်တန်းသည် ချင်းယင်၏လက်ထဲတွင် စုဝေးလာပေ၏။
ထို့နောက် သူမ၏လက်ထဲတွင် အလွန်တောက်ပသော ရတနာဓားတစ်လက် ထွက်ပေါ်လာသည်။ ထိုဓား၏ဓားသွားသည် ရှည်လျားပြီး အေးစက်စက် အရှိန်အဝါတစ်ရပ် ဖြာထွက်နေသည်။ ဓားရိုးတွင် ကျောက်မျက်ရတနာ အမျိုးမျိုးဖြင့် စီခြယ်ထားသဖြင့် အလွန်ကြည့်ကောင်းနေသည်။
ချင်းယင်သည် ယုံကြည်မှုရှိစွာဖြင့် ဓားကို သူမ၏ရှေ့တွင် ကန့်လန့်ဖြတ် ကိုင်ထားသည်ကို ကြည့်ရင်း ရီဖုန်း၏မျက်လုံးများ တောက်ပလာသည်။
"စီနီယာ... ဒါက ကောင်းကင်လက်နက်ပါ... နတ်ဆိုးမျိုးနွယ်ရဲ့ဝင်္ကပါကြီးကို ချိုးဖျက်ပြီး ကြယ်တာရာတံခါးပေါက်ကို ဖျက်ဆီးဖို့က ဒီဓားအပေါ်မှာပဲ မူတည်နေတယ်"
ရီဖုန်းသည် နားမလည်သည့် ပုံစံဖြင့် နားထောင်နေသော်လည်း သူ၏မျက်နှာပေါ်တွင် အထင်ကြီးသည့် အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
"အင်း... အရမ်းကောင်းတယ်"
ထိုချီးကျူးစကားကို ကြားလိုက်ရသဖြင့် ချင်းယင်သည်လည်း ယုံကြည်မှု အနည်းငယ် ရှိပြီး သူမ၏ကြည်လင်သော မျက်လုံးများတွင် ကြယ်ရောင်အလင်းတန်းများ တောက်ပသွားသည်။
"ဒီနတ်ဆိုးမျိုးနွယ်ရဲ့ဝင်္ကပါကြီးကို လျှော့တွက်လို့ မရဘူး... ပြီးတော့ ကြယ်တာရာတံခါးပေါက်က သာမန်အရာ မဟုတ်ဘူး... သူတော်စင်လက်နက်တစ်ခုက ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး... အဲ့ဒါကြောင့် သူတော်စင်လက်နက်ထက် အဆင့်တစ်ဆင့် ပိုမြင့်တဲ့ ဒီကောင်းကင်လက်နက်ကို ကျွန်မ ထုတ်သုံးလိုက်တာပါ"
"ကောင်းကင်လက်နက်ကို အသုံးပြုဖို့ စွမ်းအားတွေ အများကြီး ကုန်ခမ်းမယ်ဆိုပေမယ့် ဒီနတ်ဆိုးတံခါးပေါက်ကို ချိုးဖျက်နိုင်သရွေ့ တန်ပါတယ်"
ချင်းယင်သည် သူမ၏လက်ထဲရှိ ကောင်းကင်လက်နက်အပေါ် ယုံကြည်မှု အပြည့်ရှိပြီး သူမ၏မျက်လုံးများတွင် မျှော်လင့်တောင့်တမှု အရိပ်အယောင်များလည်း ထင်ဟပ်လာသည်။
"စီနီယာ... ရှင့်ရဲ့ ကျင့်ကြံဆင့်က ကောင်းကင်အဆင့်ကို ထိတွေ့ဖို့ နီးစပ်နေပြီ မဟုတ်လား"
ရီဖုန်းသည် ထိုမေးခွန်းကြောင့် ကြောင်အသွားပြီး သူ၏နှာခေါင်းကို ပွတ်ကာ တုံ့ပြန်အဖြေမပေးချေ။
သူ၏ကျင့်ကြံခြင်းသည် မည်သည့်အဆင့်၌ ရှိနေသည်ကို သူ မည်သို့ သိနိုင်မည်နည်း။ သဘောတရားအရ သူသည် ဤလူသုံးယောက်ထက် အနည်းငယ်ပို၍ သန်မာအားကောင်း သော်လည်း အတိအကျကိုမူ သူ အမှန်တကယ် မသိရှိချေ။
ရီဖုန်း၏ဝေခွဲရခက်သော အပြုံးကို မြင်တွေ့ချိန်၌ မိန်းကလေးချင်းယင်သည် ထပ်မံ၍ မမေးမြန်းရဲတော့ချေ။
သူမသည် ညင်သာစွာ ရှေ့တိုးလိုက်ပြီး ကောင်းကင်လက်နက်ကို ယုံကြည်မှု အပြည့်ဖြင့် ကိုင်ဆောင်ထားသည်။
"စီနီယာ့ရဲ့ကျင့်ကြံဆင့်က နက်ရှိုင်းတာ မှန်ပေမယ့် ကောင်းကင်လက်နက် မပါဘဲနဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ဝင်္ကပါကြီးကို ချိုးဖျက်ပြီး ကြယ်တာရာတံခါးပေါက်ကို ဖျက်ဆီးဖို့ ခက်ခဲပါလိမ့်မယ်... ဒါက ကျွန်မတို့ရဲ့တာဝန်ဖြစ်တာကြောင့် စီနီယာကို ဒုက္ခမပေးတော့ပါဘူး"
"ကောင်းပြီလေ"
အခြေအနေသည် ဤသို့ဖြစ်လာသဖြင့် ရီဖုန်းသည် မည်သည့်စကားမျှ ထပ်မပြောတော့ချေ။
ချင်းယင်က ခေါင်းညိတ်ပြပြီးနောက် တခြားနှစ်ယောက်ကို ဦးဆောင်၍ ရှေ့သို့သွားလိုက်သည်။
သူတို့၏ စကားပြောဆိုမှုသည် တီးတိုးပြောဆိုခြင်းသာဖြစ်သော်လည်း အဘိုးအိုနှင့်လူငယ်၏ သတိပြုမိခြင်းမှ မလွတ်ကင်းခဲ့ချေ။
ချင်းယင်၏ အမြဲတစေ ရိုသေလေးစားမှု သူမ၏စကားလုံးများတွင် ရှားပါးသော အံ့အားသင့်မှုနှင့် "စီနီယာ" ဟူသော အသုံးအနှုန်းကို ထပ်ခါတလဲလဲ အသုံးပြုမှုတို့သည် အဘိုးအိုနှင့် လူငယ်၏မျက်လုံးများကို ပြူးကျယ်စေပြီး သူတို့၏ဘဝများကို သံသယဝင်လာစေသည်။
ထို့ကြောင့် အချိန်အနည်းငယ်ကြာခန့် လျှောက်သွားပြီးနောက် သူတို့နှစ်ယောက်သည် သူတို့၏ သိလိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ မေးမြန်းလိုက်ကြ၏။
"သခင်မ...ဟို... ဟိုလူရဲ့ ကျင့်ကြံဆင့်က နိမ့်ပါးတယ်မဟုတ်လား... ဘာလို့ သခင်မက သူ့ကို ဒီလောက်တောင် လေးစားနေရတာလဲ... သူက ဘယ်လိုလုပ် ရုတ်တရက်ကြီး စီနီယာ ဖြစ်သွားရတာလဲ"
ချင်းယင်သည် ထိုစကားကို ကြားချိန်၌ ရပ်တန့်လိုက်ပြီး သူတို့နှစ်ယောက်ကို အေးစက်စက် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ကောင်းကင်ဖုံးဖားပြုတ်ကြီးကို နင်တို့ မှတ်မိလား"
ကောင်းကင်ဖုံးဖားပြုတ်ကြီးသည် မည်မျှထိ ကြောက်မက်ဖွယ် ကောင်းသနည်း။ သူတို့သည်ဘဝတသက်တာ၌ ထိုသားရဲကြီးကို မေ့ဖျောက်နိုင်မည် မဟုတ်ပေ။ သခင်မက ရုတ်တရက် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို ထည့်သွင်းပြောဆိုလာသည်။ ဤအရာသည် ရီဖုန်းနှင့် မည်သို့ သက်ဆိုင်နေသနည်း။
သူတို့နှစ်ယောက်သည် ထိုမေးခွန်းကြောင့် ကြက်သေသေသွားပြီး သူတို့၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။
"အဲ့ဒါ... အဲ့ဒါက စီနီယာရီဖုန်းရဲ့ အိမ်မွေးသားရဲပဲ"
.....
လူငယ်၏မျက်နှာပေါ်၌ ရုတ်တရက် ထိတ်လန့်တိတ်လှုပ်မှုများ ထွက်ပေါ်သည်။
သူ့ထက် အနည်းငယ် ပို၍တည်ငြိမ်သော အဘိုးအိုသည် ချော်လဲလုနီးပါး ဖြစ်သွားပေ၏။
ထိုကောင်းကင်ဖုံးကွယ်ဖားပြုတ်ကြီးသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်တည်မှုကြီး ဖြစ်သနည်း။ ထိုသားရဲသည် နတ်ဆိုးမျိုးနွယ်များကို လွယ်လင့်တကူ ဖမ်းဆီးစားသောက်နိုင်ပြီး သူတို့ပင်လျှင် တိုက်ရိုက်ရင်မဆိုင်ရဲချေ။ ထိုသားရဲကြီးသည် ရီဖုန်း၏အိမ်မွေးသားရဲ အမှန်တကယ် ဖြစ်နေသလော။ မည်သို့ဖြစ်နိုင်မည်နည်း...
သူတို့နှစ်ယောက် တောင့်တင်းစွာ မတ်တတ်ရပ်နေစဥ်တွင် ချင်းယင်၏ အေးစက်စက် အသံပေးပို့မှုသည် ရပ်တန့်မသွားချေ။
"စီနီယာရီဖုန်း ကင်းစောင့်နေတုန်းက တကယ်ကြီး ငြိမ်းချမ်းနေတာ မဟုတ်ဘူး... အဲ့ဒီအစား လာရောက်နှောင့်ယှက်တဲ့ နတ်ဆိုးတွေ အများကြီး ရှိခဲ့တယ်... ကျွန်မတို့ ကြုံတွေ့ခဲ့ရတာထက် အများကြီး ပိုများတယ်"
"အကြိမ်တိုင်းမှာ စီနီယာ တစ်ယောက်တည်းက သူတို့ကို သတ်ဖြတ်ခဲ့တာ...."
"စီနီယာက လူသူကင်းမဲ့တဲ့ နေရာတစ်ခုထဲ ဝင်သွားသလိုမျိုး သူ့ရဲ့ဓားနဲ့ နတ်ဆိုးတွေကို သတ်ဖြတ်နေတာကို ကျွန်မကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့ရတယ်"
ဝုန်း....
ထိုထိတ်လန့်တုန်လှုပ်ဖွယ် စကားလုံးများသည် သူတို့၏စိတ်ထဲတွင် မိုးကြိုးပစ်ခတ်သည့်အလား ပေါက်ကွဲသွားသည်။
အဘိုးအိုနှင့်လူငယ်တို့သည် သူတို့၏ခန္ဓာကိုယ်များတွင် အာရုံခံစားမှုအားလုံး ပျောက်ဆုံးသွားပြီး နေရာတွင်ပင် အရူးများကဲ့သို့ ရပ်တန့်နေကာ တွေးခေါ်နိုင်စွမ်း ပျောက်ဆုံးလုနီးပါး ဖြစ်နေသည်။ သူတို့၏ခေါင်းများ စတင်၍ မူးဝေလာပေ၏။
အိုး ဘုရားရေ...
အမှန်တရားက ဤသို့ ဖြစ်လိမ့်မည်ဟု သူတို့ အမှန်တကယ်ကို စိတ်ကူးမယဉ်ရဲခဲ့ကြပေ။
ခရီးစဥ်တလျှောက်လုံး၌ အသိုသိပ်ဆုံးနေခဲ့ပြီး ကျင့်ကြံဆင့် အားအနည်းဆုံးဟု ထင်ရသော လူသည် အမှန်အားဖြင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသည်။ ထို့ပြင် သူသည် ကောင်းကင်ဖုံးဖားပြုတ်ကြီးကဲ့သို့ အိမ်မွေးသားရဲကိုပင် ပိုင်ဆိုင်ထားပေ၏။
စိတ်လှုပ်ရှားမှုများ မြင့်တက်နေသော သူတို့နှစ်ယောက်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသော်လည်း ချက်ချင်းဆိုသလိုပင် အတိတ်က ဖြစ်ရပ်များအားလုံးကို တွေးတောမိကြသည်။
သူတို့သည် ရုတ်တရက် အကြည့်ချင်း ဖလှယ်လိုက်ကြကာ သူတို့၏မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ထင်ဟပ်လာသည်။
သွားပြီ...
သူတို့သည် စီနီယာရီကို လူငယ်တစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့ပြီး ထပ်ခါတလဲလဲ မလေးအစား ပြောဆိုဆက်ဆံခဲ့မိသည်။ ဤသည်မှာ သူတို့အတွက် အမှနိတကယ်ကို အဆုံးသတ်သွားလေပြီ။
လူငယ်ကျင့်ကြံသူ၏လည်ချောင်း ခြောက်သွေ့သွားပြီး စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။
အဘိုးအိုသည် သူ၏လက်ကို ကြည့်လိုက်ပြီး ယခင်က စီနီယာရီ၏ပခုံးကို ပုတ်ခဲ့မိသည်အား သတိရလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏ခြေထောက်များပင် ပျော့ခွေသွားပေ၏။
ဒါ... ငါက ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲ သန်းနဲ့ချီတဲ့သေလမ်းကို ရှာနေခဲ့တာပဲ...
သူတို့ ဘာလုပ်သင့်သနည်း....
သူတို့နှစ်ယောက်သည် ကျောက်ရုပ်များကဲ့သို့ တောင့်တင်းစွာ မတ်တတ်ရပ်နေပြီး သူတို့မျက်နှာအမူအယာမှာ ငိုကြွေးတော့မည့်အလား ဖြစ်နေသည်။
ထိုအချိန်မှာပင် သူတို့၏နောက်ကျောဘက်မှ မေးခွန်းထုတ်သံတစ်ခု ထွက်ပေါ်လာပြီး သူတို့၏နားထဲတွင် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်စွာ ကြားလိုက်ရသည်။
"မင်းတို့ ဘာလို့ ရှေ့ဆက်မသွားကြတော့တာလဲ"
သူတို့သည် သတ္တိမွေးပြီး ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ ရီဖုန်းက သူတို့ဆီသို့ လျှောက်လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။
သူတို့နှင့်ရီဖုန်း အကြည့်ချင်းဆုံတွေ့မိသွားချိန်၌ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းတောင့်တင်းသွားသည်။ ကျရောက်လာတော့မည့် ကပ်ဘေးတစ်ခု၏အန္တရာယ်သည် သူတို့၏စိတ်နှလုံးသားထဲသို့ ချက်ချင်းဝင်ရောက်လာပြီး ရုတ်တရက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ လုံးလုံးလျားလျား မလှုပ်ရှားရဲကြတော့ချေ။