← Chapters

အခန်း (၁၀၄၄)

Vol. 72 Ch. 1044

အခန်း (၁၀၄၄)

Vol. 72 Ch. 1044

သူတို့နှစ်ယောက်သည် ရီဖုန်းနှင့် နီးကပ်လာချိန်၌ သူတို့၏ခြေထောက်များ ပျော့ခွေသွားသည်။

ရီဖုန်း၏ ပုံမှန်အတိုင်း တည်ငြိမ်ပြီး သိလိုစိတ်ပြင်းပြသောအကြည့်သည် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ရပ်ကို သယ်ဆောင်လာသည့်အလားပင်။ ရီဖုန်း၏ခြေလှမ်းများ နီးကပ်လာလေလေ သူတို့၏ အာရုံကြောများ ပို၍တင်းမာလာလေပင်။

သူတို့၏နှလုံးသားများသည် လည်ချောင်းဝသို့ ရောက်လုနီးပါး ခုန်ပေါက်နေကြ၏။

ကံကောင်းထောက်မစွာဖြင့် ချင်းယင်၏ အချိန်ကိုက် စိတ်ချင်းဆက်သွယ်၍ ပေးပို့သော သတင်းစကားက သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။

"အရမ်း စိတ်မလှုပ်ရှားကြနဲ့... စီနီယာရီဖုန်းက သဘောထားကြီးပါတယ်... ရှင်တို့ရဲ့ အရင်က မယဉ်ကျေးမှုတွေကို စိတ်ထဲထားမှာ မဟုတ်ဘူး... ဒါပေမဲ့ ရှင်တို့ ဒါကို သင်ခန်းစာယူပြီး နောက်နောင်လုပ်ရပ်တွေမှာ ပိုပြီး သတိထားသင့်တယ်... ဒါမှ တခြားအစွမ်းထက်ပုဂ္ဂိုလ်တွေ ဒါမှမဟုတ် တစ်ကိုယ်တော်ပညာရှင်တွေကို ပြစ်မှားမိတာမျိုးကနေ ရှောင်ကြဉ်နိုင်လိမ့်မယ်"

"လူတွေရဲ့အထက်မှာ လူတွေ ရှိတယ်... ကောင်းကင်ရဲ့အထက်မှာ ကောင်းကင် ရှိတယ် ဆိုတာ ရှင်တို့ သိထားရမယ်"

"လူတိုင်းက စီနီယာရီဖုန်းလောက် သဘောထားကြီးကြတာ မဟုတ်ဘူး"

သူတို့နှစ်ယောက်သည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ရီဖုန်းကို အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။

"စီနီယာ"

အထူးသဖြင့် လူငယ်ကျင့်ကြံသူသည် ရှက်ရွံ့နေပြီး ခေါင်းမမော့ရဲချေ။

ချင်းယင်ပြောဆိုသော နက်ရှိုင်းပြီး အဓိပ္ပာယ်ရှိသည့် စကားလုံးများသည် သူ၏ပါးပြင်များကို ပူနွေးသွားစေသည်။ ယခင်က သူ၏ စကားများနှင့်လုပ်ရပ်များကို ပြန်တွေးမိချိန်၌ သူ အလွန်အမင်း အရှက်ရသွားသည်။

သူတို့နှစ်ယောက်လုံး တပြိုင်နက်တည်း ဦးညွှတ်လာသဖြင့် ရီဖုန်း အားနာသွားသည်။

"အရမ်းကြီး ယဉ်ကျေးမနေကြပါနဲ့... အလုပ်ကိစ္စကို မြန်မြန်လုပ်ကြရအောင်"

ဤစကားလုံးများသည် သူတို့အား ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဖြစ်စေသည်။

သူတို့နှစ်ယောက်သည် ဆက်လက်၍ နှောင့်နှေးမနေရဲတော့ဘဲ သွေးရောင်ဝင်္ကပါကြီးဆီသို့ အလျင်အမြန် လျှောက်လှမ်းသွားလိုက်ကြသည်။

အဘိုးအိုသည် အရိုးဖြူလမ်းမပေါ်သို့ အရင်ဆုံး တက်လှမ်းလိုက်ပြီး အထက်မှ သွေးရောင် မြူခိုးများကို မော့ကြည့်လိုက်သည်။ သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင် အလေးအနက်ထားသော အမူအယာတစ်ရပ် ထပ်ဟပ်လာသည်။ ထို့နောက် သူသည် ရှုပ်ထွေးသော လက်ဟန်သင်္ကေတများကို ပြုလုပ်လိုက်ရာ မရေမတွက်နိုင်သော တာအိုအဆောင်လက်ဖွဲ့စာရွက်များက သူ၏အင်္ကျီလက်ထဲမှ ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။

"ဝှစ်...ဝှစ်...ဝှစ်..."

ရွှေရောင်တာအိုအဆောင်လက်ဖွဲ့စာရွက်များသည် သွေးရောင်မြူခိုးများထဲသို့ တန်းတန်းမတ်မတ် ပျံ့လွင့်သွားပြီး အလင်းတန်းများသည် မိုးကောင်းကင်ဆီသို့ မြင့်တက်သွားပေ၏။

အဘိုးအိုသည် အထင်ကြီးဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး ဤမြင်ကွင်းမှာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသည်။ သူ၏မုတ်ဆိတ်မွှေးများနှင့် ဆံပင်များ ပျံ့လွင့်နေပြီး ကြီးကျယ်ခမ်းနားသော စွမ်းအားများဖြင့် ပြည့်နှက်နေကာ စွမ်းအားကြီးသော ထိပ်သီးကျင့်ကြံသူတစ်ဦး၏ အမူအယာကို ရှင်းလင်းစွာ ပြသနေသည်။

ရီဖုန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏မျက်လုံးများ တောက်ပလာကာ ဗဟုသုတများ တိုးပွားလာသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအဘိုးအို၏အမူအယာသည် လူပုံစံဒုံးပျံတစ်ခုအလား စွမ်းအားကြီးပြီး ခန့်ညားထည်ဝါလှသည်။

သူ၏နံဘေးရှိ မိန်းကလေးချင်းယင်ကလည်း ပြုံးလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်သည်။

"စီနီယာရီ... ခဏလောက် စောင့်ပေးပါ...အကြီးအကဲရွှီက ဝင်္ကပါနဲ့အဆောင်လက်ဖွဲ့ပညာရပ်တွေမှာ အကျွမ်းကျင်ဆုံးပဲ... သူက ဒီဝင်္ကပါကို အမြန်ဆုံး ချိုးဖျက်နိုင်မှာပါ"

ရီဖုန်းက ခေါင်းညိတ်လိုက်သည်။

"အင်း...."

ဤဝင်္ကပါသည် များစွာထူးခြားပုံမရသော်လည်း ဤအဘိုးအို၏နည်းလမ်းများမှာ အလွန်ကောင်းမွန်သည်။ ဤသည်က ထိပ်သီးပညာရှင်တစ်ဦး၏နည်းလမ်းများဖြစ်ကြောင်း သိသာထင်ရှားလှ၏။ ထိုကြောင့် ဤနတ်ဆိုးဝင်္ကပါကြီးကို ချိုးဖျက်ရန် အဘိုးအိုအတွက် ပြဿနာ မရှိနိုင်ပေ။

သို့သော် သူတို့ စကားပြောဆိုပြီးသည်နှင့် အဘိုးအို၏အရှိန်အဝါ တဖြည်းဖြည်း လျော့ကျသွားသည်။

သူ၏အင်္ကျီလက်ထဲမှ အဆောင်လက်ဖွဲ့များ ထပ်မံ၍ ထွက်ပေါ်မလာတော့ဘဲ သူ၏လက်ကို ပြန်ရုပ်သိမ်းရန်ပင် ရုန်းကန်နေရသည်။ သူသည် အသက်ရှူမဝဖြစ်နေပြီး နောက်သို့လှည့်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

"စီနီယာရီ... သခင်မ.....ဒီဝင်္ကပါက အရမ်း ထူးဆန်းတယ်... စိတ်ဝိညာဉ်တစ်ခု ရှိနေသလိုပဲ... ဝင်္ကပါဗဟိုချက်က အမြဲတမ်း ပြောင်းလဲနေတယ်... ကျွန်တော်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ အဆောင်လက်ဖွဲ့တွေကို သောင်းနဲ့ချီပြီး အသုံးပြုခဲ့ပေမယ့်...ဝင်္ကပါ ပွင့်ထွက်ခါနီးတိုင်း တခြားစွမ်းအားတွေက ဟာကွက်ကို အမြဲဖြည့်ဆည်းပေးနေတယ်... ကျွန်တော် ရှက်ရွံမိပါတယ်..."

ချင်းယင်၏မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။

ရီဖုန်း၏ အားနာနေသော မျက်နှာအမူအယာကို မြင်တွေ့ချိန်၌ သူမ အနည်းငယ် နေရခက်သွားသည်။ သူမသည် အကြီးအကဲရွှီ၏ ထူးခြားသောစွမ်းရည်များကို ချီးကျူးပြီးကာစသာ ရှိသေးပေ၏။ ရုတ်ချည်းဆိုသလိုပင် ထိုအရာမှားယွင်းကြောင်း ထွက်ပေါ်လာသဖြင့် သူမအတွက် အမှန်တကယ်ကို ရှက်ရွံဖွယ်ကောင်းနေသည်။

လူငယ်ကျင့်ကြံသူသည် ထိုအရာကို မြင်တွေ့ချိန်၌ ဦးညွှတ်အရိုအသေပြုလိုက်ပြီး သူ၏ မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။

"သခင်မ... ကျွန်တော့်ကို စမ်းကြည့်ခွင့်ပြုပါ"

ရုတ်ချည်းဆိုသလိုပင် လူငယ်ကျင့်ကြံသူသည် သူ၏လက်များကို လက်ဝါးအသွင် ပြောင်းလဲလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော တာအိုစွမ်းအားများသည် သူ၏ခန္ဓာကိုယ်အနှံ့အပြားမှ ဖြာထွက်လာပြီး သူ၏မျက်နှာ အနည်းငယ် ရှုံမဲ့သွားကာ အားကုန်ထုတ်သုံးလိုက်သည်။

ဤအရာကို ရှက်ရွံ့မှုကြောင့် ရဲရင့်လာခြင်းဟု ခေါ်ဆိုနိုင်သည်။

သူ၏တာအိုစွမ်းအားများ အကုန်အစင် ပါဝင်နေသော လက်ဝါးနှစ်ဖက်သည် သူ၏ အထွတ်အထိပ် အချိန်ကထက်ပင် ပို၍စွမ်းအားကြီးမားနေသည်။

"ဝုန်း...."

သူ၏လက်ဝါးနှစ်ဖက် ရိုက်ထုတ်လိုက်သည်နှင့် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာသည်။

သို့ရာတွင် ပြင်းထန်သော လေပြင်းသည် ကောင်းကင်ရှိ သွေးရောင်မြူခိုးများဆီသို့ တိုက်ခတ်သွားချိန်၌ ရွှံနွားရုပ်တစ်ကောင် ပင်လယ်ထဲသို့ ကျရောက်သွားသည့်အလားပင်။ ထိုလေပြင်းသည် များစွာဝေးကွာသောနေရာသို့ မတိုက်ခတ်မီမှာပင် အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်နေရာတဝိုက်သည် ရုတ်တရက် တိတ်ဆိတ်သွားပြီး ယခင်ကထက် ပို၍အဆင်မပြေ ဖြစ်သွားသည်။

လူငယ်၏မျက်နှာသည် နီမြန်းနေပြီး ကုန်းကုန်းကွကွဖြင့် မတ်တတ်ရပ်နေကာ နောက်သို့ပြန်လှည့်မကြည့်ရဲချေ။

ရီဖုန်းသည် တိတ်တဆိတ် သူ၏မျက်နှာကို အုပ်ထားလိုက်ပြီး မှတ်ချက်မပေးလိုတော့ပေ။

ဤအဘိုးကြီးနှင့်လူငယ်သည် အမှန်တကယ့်ကို အသုံးမကျလှပေ။ ဤသည်မှာ မိုးခြိမ်းသံသာ ကြားရပြီး မိုးမရွာသည့်အလားပင်။ တစ်ယောက်က ဒုံးပျံ တစ်ယောက်က လေမှုတ်စက်သာဖြစ်ပြီး ထိုအရာအားလုံးမှာ ဟန်ပြသက်သက်သာ ဖြစ်ပေ၏။

သူ စိတ်မရှည်နိုင် ဖြစ်တော့မည့်အချိန်တွင် ချင်းယင်၏ နူးညံ့သောမျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။

"ဒီဝင်္ကပါက တကယ့်ကို ထူးခြားတယ်... ကောင်းကင်လက်နက်ကို အသုံးပြုမှပဲ ချိုးဖျက်နိုင်လိမ့်မယ် ထင်တယ်"

သူမ၏နူးညံ့သောအသံ ကျဆင်းလာပြီးနောက် သူမက တင့်တယ်လှပစွာ ရွေ့လျားလိုက်သည်။

သူမ၏တင့်တယ်လှပသော ပုံရိပ်သည် ပျံ့လွင့်နေသော ဆံပင်နက်များနှင့်အတူ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပနေပြီး အေးစက်သော အလင်းရောင်ကို ထုတ်လွှတ်ထားသည့် ထက်ရှသော ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။

လက်ရာမြောက်သော အလှတရားနှင့် အဖိုးတန်ရတနာဓားတို့သည် တစ်ခုနှင့်တစ်ခု ဖြည့်ဆည်းပေးနေပြီး လူအများ၏စိတ်ထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်သွားစေသည်။

အဘိုးအိုနှင့်လူငယ်သည် ချက်ချင်းဆိုသလိုပင် ဘေးတစ်ဖက်တစ်ချက်စီသို့ ဆုတ်ခွာသွားကြ၏။ သူတို့၏မျက်နှာများတွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါကို ရှောင်ရှားလိုက်ကြသည်။ သူတို့၏သခင်မ ဓားကို ကိုင်ဆောင်ပြီး အရိုးဖြူလမ်းမပေါ်သို့ တက်လှမ်းသွားသည်ကို ကြည့်ရင်း သူတို့၏စိတ်နှလုံးသားများထဲတွင် မျှော်လင့်ချက်များဖြင့် တဖန်ပြန်၍ ပြည့်နှက်လာသည်။

အေးစက်စက်အလင်းတန်းကို ထုတ်လွှတ်ထားသည့် ဓားရှည်ကိုကြည့်ရင်း ရီဖုန်းလည်း စိတ်အားတက်ကြွလာသည်။

ဒဏ္ဍာရီလာ ကောင်းကင်လက်နက်သည် ဤဝင်္ကပါကြီးကို သေချာပေါက် ချိုးဖျက်နိုင်ပေလိမ့်မည်။

သူတို့သုံးယောက်သား ထိုမြင်ကွင်းကို အာရုံစိုက်၍ ကြည့်နေကြသည်။

ချင်းယင်က ဓားကို သူမ၏ရှေ့တွင် ကန့်လန့်ဖြတ်ကိုင်ထားသည်။ သူမ၏ အနည်းငယ် မှေးစင်းထားသော ကြည်လင်သော မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာပြီး မလွန်ဆန်နိုင်သော အေးစက်မှုတစ်ရပ် ရုတ်တရက် ပွင့်အံ့ထွက်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်ကို အေးစက်မှုများဖြင့် ဖုံးလွှမ်းသွားစေသည်။

ကောင်းကင်နတ်ဘုရားဓားသည်လည်း နိုးထလာပုံရပြီး ကြောက်မက်ဖွယ်ကောင်းသော တုန်ခါသံတစ်သံကို ထုတ်လွှတ်လိုက်သည်။

"ဝီ..."

ဓားတုန်ခါသံသည် နဂါးဟိန်းသံကဲ့အလား ကောင်းကင်နှင့်မြေပြင်ကြား၌ ပဲ့တင်ထပ်နေသည်။

အစိမ်းရောင် ဓားချီအလင်းတန်းသည် ဆက်တိုက်စုဝေးလာပြီး ဓားကိုယ်ထည်တွင် မြှုပ်နှံထားသော ကျောက်မျက်ရတနာများ တောက်ပလာသည်။ ထိုအရာများ၏ ခမ်းနားထည်ဝါသော အလင်းရောင်သည် မိုးကောင်းကင်သို့ တန်းတန်းမတ်မတ် ပျံ့လွင့်သွားပြီး အနက်ရောင်မြူခိုးများပင် ဖုံးကွယ်ထား၍ မရနိုင်ချေ။ ဤအလင်းတန်းများသည် တိမ်တိုက်များကို ထွင်းဖောက်သွားတော့မည့်အလား ထင်ရသည်။

လက်အောက်ငယ်သားနှစ်ဦးသည် စိတ်လှုပ်ရှားစွာ ကြည့်နေကြပြီး သူတို့၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်၏။

ထိုစွမ်းအားကြီးသောပုံရိပ်သည် သူတို့အား လေးစားမှုများဖြင့် ပြည့်နှက်သွားစေရန် လုံလောက်သည်။

ရီဖုန်းသည်လည်း ကြယ်တာရာစစ်ပွဲရုပ်ရှင်ကို ကြည့်နေရသကဲ့သို့ စိတ်လှုပ်ရှားပြီး အံ့အားသင့်နေသည်။

အိုး ဘုရားရေ...

ဒါက လေဆာဓားနှင့် အရမ်းတူတာပဲ....

ဤအတိုင်းအတာနှင့်အရှိန်အဝါက သူ၏နံဘေးမှ အသုံးမကျသော လူနှစ်ယောက်နှင့် လုံးလုံးလျားလျား နှိုင်းယှဉ်၍ မရနိုင်ပေ။ သူတော်စင်လက်နက်ထက် ပို၍သန်မာအားကောင်းသော ကောင်းကင်လက်နက်ဟု ခေါ်ဆိုသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ဤသည်က အမှန်တကယ်ကို ဟန်ပြသက်သက် မဟုတ်ပေ။

ကောင်းကင်နှင့်မြေပြင်ကို ထွင်းဖောက်သွားသော ထိုဓားချက်ကို ထုတ်လွှတ်လိုက်သည်နှင့် သက်တံကဲ့သို့ ဓားချီအလင်းတန်းသည် သွေးရောင်မြူခိုးများဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

လက်အောက်ငယ်သားနှစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် သူတို့မျက်လုံးများ ပြူးကျယ်သွားကြပြီး အံ့အားသင့်ဖွယ်ကောင်းသော အချိန်အခိုက်အတန့်ကို လက်လွှတ်သွားမည်အား စိုးရိမ်နေကြသည်။

ရီဖုန်းသည်လည်း နတ်ဆိုးမျိုးနွယ်ဆီသို့ လမ်းကြောင်းပွင့်သွားမည်ကို မျှော်လင့်ရင်း အာရုံစူးစိုက်၍ ကြည့်နေသည်။

သို့ရာတွင် ထိုဓားချီအလင်းတန်းသည် သွေးရောင် မြူခိုးများထဲသို့ ဝင်ရောက်သွားချိန်၌ အသက်ရှူချိန် အနည်းငယ်ခန့်သာ ရှေ့ဆက်သွားပြီး ရပ်တန့်သွားသည်။ ထိုဓားချီအလင်းတန်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လွင့်ပြယ်သွားတော့သည်။

ဤှသည်မှာ ထိုအရာကို သွေးရောင်မြူခိုးများက ဝါးမျိုလိုက်သည့်အလားပင်။

"အမ်..."

ရီဖုန်း၏ပါးစပ် တွန့်ကွေးသွားသည်။

ဒါပဲလား...

မဖြစ်နိုင်ဘူး....

ဤမျှ အံ့အားသင့်ဖွယ်ကောင်းသော ဓားသည် လှိုင်းဂယက်ကိုပင် မထစေသလော....

အဘိုးအိုနှင့်လူငယ်သည်လည်း ကြက်သေသေသွားကြ၏။ သူတို့၏မျက်နှာအမူအယာများ အနည်းငယ် တည်ကြည်လေးနက်လာပြီး နောက်ထပ် ကျရှုံးမှုကို မြင်တွေ့လိုက်ရသည့်အလား ဖြစ်နေသော်လည်း အသံထွက်၍ မှတ်ချက်မပေးရဲကြပေ။

ဤအချိန်တွင် ချင်းယင်သည် နောက်ဆုတ်လိုက်ပြီးဖြစ်ကာ သူမ၏မျက်နှာအမူအယာ သုန်မှုန်နေသည်။

သူမက မိုးကောင်းကင်ကို မလိုလားစွာဖြင့် မော့ကြည့်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများ သံသယများဖြင့် ပြည့်နှက်နေသည်။

"ဒီဝင်္ကပါက အရမ်းထူးခြားတယ်... ကောင်းကင်လက်နက်နဲ့တောင် မချိုးဖျက်နိုင်ဘူး... အကန့်အသတ်မဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပုံရတယ်... အရိုင်းဆန်တဲ့အင်အားနဲ့ ဖျက်ဆီးလို့ရတဲ့အရာ မဟုတ်ဘူး"

အမှန်တကယ်ကို ဤမျှထိ ကြောက်မက်ဖွယ် ကောင်းနေသလော....

ကောင်းကင်လက်နက်ပင်လျှင် မည်သို့မျှ မတတ်နိုင်သလော....

ရီဖုန်းက နားမလည်နိုင်သော မျက်နှာထားဖြင့် နားထောင်နေသည်။

သူတို့၏အကြည့်နောက်သို့လိုက်၍ သူ မိုးကောင်းကင်ယံကို စစ်ဆေးကြည့်ရှုလိုက်ရာ ပျံ့လွင့်နေသော အနီရောင်မြူခိုးထုတစ်ခုကိုသာ မြင်တွေ့လိုက်ရသည်။ တခြားမည်သည့် ထူးခြားမှုကိုမျှ မတွေ့ရဘဲ သူတို့ပြောသလောက် လွန်ကဲပုံမရချေ။

ဤဝင်္ကပါကို အမှန်တကယ် မချိုးဖျက်နိုင်လျှင် နတ်ဆိုးမျိုးနွယ်နှင့် တိုက်ခိုက်မည့် အခွင့်အရေး လက်လွတ်ဆုံးရှုံးသွားသည်ကို သူ ဤအတိုင်း ကြည့်နေရတော့မည်လော။ သူ ဤမျှ အဝေးကြီး ခရီးနှင်လာသည်မှာ တစ်ချက်ကြည့်ရန် သက်သက်လော။ မည်သို့ဖြစ်နိုင်မည်နည်း။

ရီဖုန်းက ဒေါသထွက်လာပြီး မလိုလားသော အရိပ်အယောင်ဖြင့် ကြည့်လိုက်၏။

"ငါ စမ်းကြည့်ရင်ရော ဘယ်လိုလဲ"

ဤဂြိုဟ်သားသုံးယောက်လုံး ကျရှုံးသွားပြီဖြစ်ကာ သူ၏ကျင့်ကြံခြင်းသည် အနည်းငယ်ပို၍ သန်မာအားကောင်းသဖြင့် သူ ဝင်္ကပါကို ချိုးဖျက်နိုင်ကောင်း ချိုးဖျက်နိုင်ပေလိမ့်မည်။ သူ စမ်းကြည့်ခြင်းက အကျိုးမယုတ်နိုင်ချေ။

လက်အောက်ငယ်သားနှစ်ဦးသည် သူ၏စကားကြောင့် မော့ကြည့်လိုက်ကြပြီး တုံ့ပြန်ပြောချင်သော်လည်း ထိန်းထားသည့်ပုံပေါက်နေသည်။

ချင်းယင်က အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ၏ခေါင်းကိုခါယမ်းပြီး ညင်သာသောအသံဖြင့် အကြံပြုလိုက်သည်။

"စီနီယာရီဖုန်း... ကျေးဇူးပြုပြီး မစမ်းပါနဲ့....ကောင်းကင်လက်နက်တောင် ဒီဝင်္ကပါကို မချိုးဖျက်နိုင်ဘူး... ထပ်စမ်းကြည့်တာက အားကုန်ရုံပဲ ရှိမှာပါ... ဖြစ်နိုင်တာက ကျွန်မတို့ရဲ့ လန်ရှင်းနယ်မြေက ဝင်္ကပါမဟာဆရာသခင်တွေဆီကနေ အကူအညီ တောင်းမှပဲ ဒီဝင်္ကပါကို ချိုးဖျက်နိုင်လိမ့်မယ်"

"စီနီယာ့ကို ပြစ်မှားလိုစိတ် ကျွန်မမှာ မရှိဘူး... စီနီယာ့ရဲ့ကျင့်ကြံဆင့်က ကျွန်မတို့ထက် ပိုပြီးသန်မာပေမယ့် ဒီဝင်္ကပါကို ပြင်ပအင်အားနဲ့ တကယ့်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး... ကျေးဇူးပြုပြီးတော့ အထင်မလွဲပါနဲ့..."

သူမ၏စကားများသည် အဓိပ္ပာယ်ရှိသော်လည်း ရီဖုန်း လက်မလျှော့လိုသေးချေ။

"ငါ စမ်းကြည့်လိုက်ပါအုံးမယ်"

ဤမိန်းကလေးက နတ်ဆိုးမျိုးနွယ်သည် အလွန် ကြောက်မက်ဖွယ်ကောင်းသယောင် ပြောဆိုထားသော်လည်း လမ်းတစ်လျှောက်လုံး၌ သူ အတွေ့အကြုံရမှတ်များသာ ရရှိခဲ့သည်။ နောက်ဆုံးတွင် နတ်ဆိုးများ၏ ပင်မအခြေစိုက်စခန်းသို့ ရောက်ရှိလာပြီဖြစ်သော်လည်း ဝင်၍မရဘဲ အပေါ်ယံသာ ကြည့်ခွင့်ရှိသည်ဟု လာပြောနေသည်။ ထိုကြောင့် မည်သူမဆို စိတ်မကျေမနပ် ဖြစ်မိပေမည်။

ရီဖုန်း ဆက်လက်၍ အတင်းအကြပ် ပြောဆိုနေသည်ကို ကြားလိုက်ရသဖြင့် ချင်းယင်က ညင်သာစွာ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။

"ကောင်းပြီလေ... ကျွန်မတို့က စီနီယာ့ကို ဒီနေရာမှာ စောင့်နေပါ့မယ်"

ရီဖုန်းက ရှေ့သို့တိုးလိုက်ပြီး အရိုးဖြူလမ်းမ၏ ဝင်ပေါက်တွင် မတ်တတ်ရပ်ကာ မိုးကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

သူ သွေးရောင်မြူခိုးထုတစ်ခုကိုသာ မြင်တွေ့မိသော်လည်း အများဆုံးအနေဖြင့် စိတ်မသက်မသာ ဖြစ်မှုကိုသာ ခံစားရသည်။ ထိုအရာသည် အမှန်တကယ်ကို ဤမျှထိ ကြောက်မက်ဖွယ် ကောင်းသလော။

သူ၏မျက်လုံးများတွင် သံသယများ ထင်ဟပ်လာကာ သူ၏ဓားကြီးကို တန်းတန်းမတ်မတ် ဆွဲထုတ်လိုက်သည်။

ထိုဓားသည် လုံးလျားလျားလျား အနက်ရောင်ဖြစ်ပြီး သာမန်အရည်အသွေး ရှိပုံရကာ ကြောက်မက်ဖွယ် ဓားချီအလင်းတန်း သို့မဟုတ် ခြိမ်းခြောက်နိုင်သော အေးစက်စက် အရှိန်အဝါများ မရှိချေ။ ဤဓားကို ကောင်းကင်လက်နက်နှင့် နှိုင်းယှဉ်ရန် မဆိုထားနှင့် သာမန် လက်နက်များထက်ပင် နိမ့်ကျပုံရသည်။

ထိုကဲ့သို့ ဓားမျိုးသည် နတ်ဆိုးမျိုးနွယ်၏ဝင်္ကပါကြီးကို ဖြိုခွင်းနိုင်မည် မဟုတ်ပေ။

သို့သော် စီနီယာက စမ်းကြည့်မည်ဟု အတင်းအကြပ်ပြောဆိုနေသဖြင့် မည်သူက တားရဲမည်နည်း။

ချင်းယင်နှင့် တခြားလူနှစ်ယောက်သည် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကူကယ်ရာမဲ့စွာဖြင့် စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။

ရီဖုန်းသည် တိတ်တဆိတ် သက်ပြင်းချရင်း ရီဖုန်းသည် မိုးကောင်းကင်ယံသို့ဦးတည်ကာ သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။

"ဝှစ်...."

ညင်သာသော ဝှေ့ယမ်းသံတစ်သံနှင့်အတူ...

သွေးရောင်မြူခိုးများသည် ချက်ချင်းဆိုသလိုပင် နှစ်ခြမ်းကွဲသွားသည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် မိုးကောင်းကင်ယံကို ဖုံးလွှမ်းထားသော သွေးရောင်မြူခိုးများ လုံးလုံးလျားလျား ပျောက်ကွယ်သွားပေ၏။ မူလက ထူထပ်သိပ်သည်းနေသော အနက်ရောင်မြူခိုးများပင် အဆပေါင်းများစွာ ပါးလွှာသွားကာ တစ်ချက်တည်းဖြင့် မှုတ်ထုတ်လိုက်သကဲ့သို့ စင်ကြယ်သွားသည်။

ဓားချက်တစ်ချက်တည်းဖြင့် မိုးကောင်းကင်ယံကြီး ကြည်လင်သွားတော့သည်။

ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူတို့သုံးယောက်သား၏ခန္ဓာကိုယ်များ ကျောက်ရုပ်များကဲ့သို့ တောင့်တင်းကာ ကြက်သေသေသွားကြသည်။

"ရှီး"

အဘိုးအို၏မျက်လုံးများ ပြူးကျယ်သွားပြီး လေအေးတစ်ချက်ကို ပြင်းထန်စွာ ရှိုက်သွင်းလိုက်သည်။

ဓားချက်တစ်ချက်တည်းနှင့် နတ်ဆိုးမျိုးနွယ်၏ ဝင်္ကပါသည် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။

စီနီယာရီဖုန်း၏စွမ်းအားသည် ဤမျှထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူတို့ အနည်းငယ်မျှ တွေးထင်မထားခဲ့ချေ။

ချင်းယင်သည် မတ်တတ်ထရပ်ရန်ပင် မနည်း ကြိုးစားနေရပြီး သူမ၏မျက်နှာတွင် သွေးရောင်မရှိတော့ပေ။ သူမ၏မျက်စိရှေ့မှ မြင်ကွင်းကို အလွန်အမင်း အံ့အားသင့်စွာဖြင့် ငေးငိုင်ကြည့်နေသည်။

ဒါ... ဒါက သူတို့ထက် "နည်းနည်းလေး ပိုသန်မာတာ" လား....

နတ်ဆိုးမျိုးနွယ်၏ဝင်္ကပါကြီးသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသနည်းဆိုလျှင် ကောင်းကင်လက်နက်ပင် ဘာမှမလုပ်နိုင်ခဲ့ချေ။ သို့သော် ရီဖုန်း၏ဓားတစ်ချက်တည်းနှင့် ဗလာနတ္တိအဖြစ် ပျောက်ကွယ်သွားစေသည်။ ဤနှစ်ခုကြားမှ ကွာခြားချက်သည် စိတ်ကူးယဉ်၍ မရနိုင်လောက်အောင်ပင်။

သူတို့သည် တိတ်ဆိတ်စွာ ငေးကြည့်နေရင်း ရှေ့မှ ရှည်လျားသော အရိုးလမ်းမကြီးပေါ်တွင် ရီဖုန်း၏ကျောပြင်သာ ရှိတော့သည်။ သူသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် သူတစ်ယောက်တည်း မားမားမတ်မတ် ရပ်တည်နေသည့်အလားပင်။

ချင်းယင်၏မျက်နှာအမူအယာ ပို၍သတိထားလာပြီး သူမ၏အသက်ရှူသံ ပို၍ပြင်းထန်လာသည်။

သူမ၏ခန္ဓာကိုယ် တုန်ရီနေပြီး သူမ၏ကြည်လင်သည့် မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

All Chapters