အခန်း (၁၀၄၅)
Vol. 72 Ch. 1045
တချိန်တည်းမှာပင်....
ကြယ်တာရာတံခါးပေါက်အတွင်း၌...
နတ်ဆိုးသခင်အပါအဝင် သောင်းနှင့်ချီသော နတ်ဆိုးများသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားကြပြီး ကြည်လင်တောက်ပနေသော အရိုးလမ်းမကြီးကို စူးစိုက်၍ ကြည့်နေကြသည်။
အလွန်အမင်း ဖိနှိပ်ချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ်သည် တိတ်တဆိတ် ပျံ့နှံ့လာပေ၏။
သောင်းနှင့်ချီသော နတ်ဆိုးများ၏ခန္ဓာကိုယ်များမှ ချွေးစေးများ ထွက်လာကြပြီး အစွမ်းထက်သော ဧရာမပုံရိပ်ကြီးများသည် သူတို့၏အရှိန်အဝါများကို ချက်ချင်းထိန်းချုပ်လိုက်ကြကာ သေဆုံးသွားသည့်အလား ငြိမ်သက်သွားကြသည်။
သွားချွန်ချွန်များနှင့် နားရွက်ရှည်ရှည်များရှိသော နတ်ဆိုးလေးတစ်ကောင်က တုန်ယင်စွာဖြင့် ဦးညွှတ်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။
"သ... သခင်...ဒီလူသားက အရင်တုန်းက ခေါင်းပြောင်ကျင့်ကြံသူထက်တောင် ပိုပြီးပုံမှန် မဟုတ်ဘူး... သူက သွေးယဇ်ဝင်္ကပါကြီးကိုတောင် ချိုးဖျက်လိုက်ပြီ"
ဤစကားများသည် သောင်းနှင့်ချီသော နတ်ဆိုးများကို ထိတ်လန့်တုန်လှုပ်သွားစေပြီး သူတို့၏ဧရာမမျက်လုံးကြီးများကို ပြူးကျယ်သွားစေသည်။
နတ်ဆိုးသခင်သည်လည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။
ရုတ်တရက် သူသည် နောက်သို့လှည့်ကြည့်ကာ ဝတ်ရုံအောက်ရှိ သူ၏မည်းမှောင်သော မျက်လုံးများမှ ဒေါသအခိုးအငွေ့များကို မှုတ်ထုတ်နေသည်။
ထို့နောက် မည်သည့်သတိပေးချက်မျှမရှိဘဲ သူ၏ခြေထောက်ကို မြှောက်လိုက်ပြီး သူ၏ရှေ့ရှိ နတ်ဆိုးလေးကို ထပ်ခါတလဲလဲ နင်းချလိုက်တော့သည်။
"မင်းက စကားများလွန်းတယ်... မင်းက အရမ်းစကားများလွန်းတယ်ကွ....ငါ မျက်စိကန်းနေတာ မဟုတ်ဘူး... ငါ အကုန်လုံးကိုမြင်တယ်... မင်းက အရမ်းစကားများလွန်းတယ်"
နတ်ဆိုးများသည် ထိုမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေကြပြီး အသံတစ်သံမျှ မထွက်ရဲကြချေ။ နတ်ဆိုးသခင်သည် နတ်ဆိုးလေးကို သနားကြင်နာမှု တစိုးတစိမျှမရှိဘဲ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် နင်းချေနေသည်ကိုသာ ကြည့်နေကြရသည်။
ရှုံ့တွနေသော နတ်ဆိုးတစ်ကောင်ကသာ တွန့်ဆုတ်စွာဖြင့် ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်သည်။
"သခင်... ဒါဆိုရင် ကျွန်တော်တို့က ဒီလူသားကို ဘယ်လိုတုံ့ပြန်ကြမလဲ"
ဤမေးခွန်းသည် နတ်ဆိုးများ၏စိတ်နှလုံးသားများကို လှုပ်ခတ်သွားစေပေ၏။
နတ်ဆိုးသခင်၏ လှုပ်ရှားမှုများသည်လည်း လေထုထဲတွင် တောင့်တင်းသွားပြီး ရေအေးတစ်ပုံးဖြင့် လောင်းချခံလိုက်ရသည့်အလား သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
"ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ... ငါတို့ ပြေးရမှာပေါ့... မဟုတ်ရင် မင်းသွားပြီးတော့ သူ့ကို တားမလို့လား"
မရေမတွက်နိုင်သော နတ်ဆိုးများ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူတို့ထံတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပေ၏။
ရှုံ့တွတွနတ်ဆိုး၏မျက်နှာပေါ်တွင် တွေဝေတုံ့ဆိုင်းမှုများနှင့် ပြည့်နှက်နေကာ အကြံဉာဏ်တစ်ခုကို စိုးရိမ်တကြီးလေသံဖြင့် ပေးလိုက်သည်။
"ဒါပေမဲ့ သခင်... တကယ်လို့ ကျွန်တော်တို့က စစ်ပွဲကနေ ထွက်ပြေးရင် နောင်ကျရင် နတ်ဆိုးစစ်သူကြီးက ကျွန်တော်တို့ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး..."
သူ၏စကားမဆုံးမီမှာပင် နတ်ဆိုးသခင်က ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် သူ့ကို ပြန်ကြည့်လေသည်။
ထို့နောက် သူသည် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ရှုံတွတွနတ်ဆိုး၏ခေါင်းကို ရိုက်ချလိုက်ရာ ကွဲအက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ထိတ်လန့်မှုကို ဖုံးကွယ်ကာ တံတွေးများ ထွေးထုတ်ရင်း ဆဲဆိုလိုက်သည်။
"အဓိပ္ပာယ်မဲ့လိုက်တာ....ငါက စစ်ပွဲကနေ ထွက်ပြေးနေတာလား... ဒါက ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ တိုက်ခိုက်ရေးအင်အားကို ထိန်းသိမ်းဖို့ပဲ... ဒါက နည်းဗျူဟာအရ ဆုတ်ခွာတာ...."
"လူသားတွေတောင် 'စိမ်းလန်းတဲ့ တောင်တန်းတွေ ကျန်ရှိနေသရွေ့ မီးရှို့ဖို့ ထင်းအမြဲရှိနေမယ်' ဆိုတာ သိကြတယ်... မင်းက ယွင်ရှင်းမှာ နေလာတာ ဒီလောက်ကြာပြီ... ဒီရိုးရှင်းတဲ့ အမှန်တရားကိုတောင် နားမလည်ဘူး... မင်းက တကယ့်ကို အရူးပဲ... ငါတို့ရဲ့ မြင့်မြတ်တဲ့ နတ်ဆိုးဂုဏ်သိက္ခာကို အရှက်ရစေတယ်"
ထိုဆဲဆိုလိုက်သော စကားလုံးအနည်းငယ်က အခြေအနေကို ငြိမ်သက်သွားစေပြီး နတ်ဆိုးများက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးများအားလုံး နည်းဗျူဟာအရ ဆုတ်ခွာရန် တညီတညွတ်တည်း သဘောတူလိုက်ကြ၏။
အရိုးလမ်းမကြီးပေါ်တွင်...
လန်ရှင်းမှ လူသုံးဦးထံတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး အချိန်အတော်ကြာသည်အထိ ရီဖုန်းကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်နေကြသည်။
ရီဖုန်းက ဝင်္ကပါကြီးသည် ထိုမျှထိ အားနည်းမည်ဟု တွေးထင်မထားခဲ့ချေ။ သူသည် အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်စေရန် နှိမ့်ချသော စကားလုံးအနည်းငယ်ကို ပြောဆိုလိုက်၏။
ထို့နောက် သူသည် အရိုးလမ်းမကြီး၏အဆုံးကို လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် သိလိုစိတ်ပြင်းပြသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဦးခေါင်းခွံနှစ်ခုကြားက အလင်းတန်းက ကြယ်တာရာတံခါးပေါက်ပဲ ဖြစ်ရမယ်... ဟုတ်တယ်မလား"
ချင်းယင်သည် ကိုယ့်ကိုယ်ကိုယ် အနည်းငယ် တည်ငြိမ်အောင်လုပ်ပြီး တည်ကြည်လေးနက်စွာ တုံ့ပြန်အဖြေပေးလိုက်သည်။
"စီနီယာပြောတာ အမှန်ပါပဲ....အဲ့ဒါ ကြယ်တာရာတံခါးပေါက်ပါ... အဲ့ဒီနေရာရဲ့ နံဘေးပတ်လည်မှာ ဘယ်နတ်ဆိုးမှ မမြင်ရဘူးဆိုတော့ သူတို့က အထဲမှာပုန်းနေတာပဲ ဖြစ်ရမယ်... နတ်ဆိုးတွေရဲ့ ကောက်ကျစ်စဉ်းလဲမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအရ သူတို့က ကြယ်တာရာတံခါးပေါက်ကို အလွယ်တကူ ဖျက်ဆီးခွင့်ပြုမှာ မဟုတ်ဘူး... ရှေ့မှာ နောက်ထပ် ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲ သေချာပေါက် ရှိနေလိမ့်မယ်... ထောင်ချောက်တွေ ဒါမှမဟုတ် အဆိပ်အတောက်တွေ အကြံအစည်တွေနဲ့ ကြုံတွေ့ရနိုင်ခြေလည်း ရှိနေတယ်"
လက်အောက်ငယ်သားနှစ်ဦးသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး တိုက်ပွဲအတွက် အဆင်သင့်ပြင်ဆင်ထားကြသည်။
အခြေအနေသည် ရုတ်တရက် တင်းမာလာပြီး ရီဖုန်းသည်လည်း ပြင်းထန်သော တိုက်ပွဲတစ်ပွဲအတွက် သူ၏စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်လိုက်သည်။
သူသည် ဓားကြီးကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး အရိုးလမ်းမကြီးတလျှောက် ရှေ့သို့လျှောက်လှမ်းသွားလိုက်သည်။
ကျန်းတစ်ထောင်ခန့် သတိထားပြီး လျှောက်သွားပြီးနောက် သူတို့သည် လမ်းမကြီး၏အဆုံးသို့ ရောက်ရှိသွားကြသည်။
ကျန်းပေါင်းများစွာမြင့်သော ဦးခေါင်းခွံနှစ်ခုမှ ပြင်းထန်သော မကောင်းဆိုးဝါး အငွေ့အသက်များကို ထုတ်လွှတ်ထားပြီး လူအများအား ကြောက်ရွံ့မှုများကို ပေါက်ဖွားစေနိုင်သည်။ ထိုအရာများသည် မရေမတွက်နိုင်သော နှစ်ကာလတလျှောက် ကြံ့ကြံ့ခံခဲ့သည့် ဧရာမတံခါးကြီး၏ တစ်ဖက်တစ်ချက်စီတွင် ရှိနေကြသည်။ ဧရာမတံခါးကြီးသည် အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး ထူးဆန်းပြီး အေးစက်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
ထိုဧရာမတံခါးကြီးတွင် ကျဉ်းမြောင်းသော အက်ကွဲကြောင်းတစ်ခုသာ ရှိပြီး ထိုအထဲမှနေ၍ အဆုံးမဲ့အနက်ရောင်ချီစွမ်းအားများ တလိမ့်လိမ့်ထွက်လာကာ အလွန်ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခု ထွက်ပေါ်လာတော့မည့်အလားပင်။
ကျန်းပေါင်းများစွာအကွာမှပင် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ချုပ်ကိုင်နိုင်မှုကို ပေးစွမ်းနေသည်။
ချင်းယင်သည် သူမ၏လက်ထဲရှိ ကောင်းကင်လက်နက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သတိကြီးစွာထား၍ သတိပေးလိုက်သည်။
"စီနီယာရီ... ကျေးဇူးပြုပြီး ပိုဂရုစိုက်ပါ"
တစ်ချိန်တည်းမှာပင် သူမသည် နောက်မှ လက်အောက်ငယ်သားများကို ပြတ်ပြတ်သားသား အမိန့်ပေးလိုက်၏။
"တိုက်ပွဲအတွက် ပြင်ဆင်ကြတော့... တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ပြီး မပေါ့ဆကြနဲ့"
သူတို့သုံးယောက်သား တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီး တံခါးပေါက်ကို စူးစိုက်၍ ကြည့်နေကြသည်။
သို့သော်...
သူတို့ အထူးသတိနေစဉ်မှာပင် တံခါးပေါက်အတွင်းမှ ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
"မြန်မြန်... ဆုတ်ကြတော့....နွားနတ်ဆိုးတွေ... ကြားမဖြတ်ကြနဲ့... မင်းတို့ သောက်ကောင်တွေက ကြားဖြတ်မဝင်နဲ့လေ"
....
သူတို့သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
လူငယ်က စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်သည်။
"ကျွန်တော် ထင်တာတော့... နတ်ဆိုးတွေက ဆုတ်ခွာနေကြတယ်လို့ ကြားလိုက်မိသလိုပဲ"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး တံခါးပေါက်ဆီသို့ သိလိုစိတ်ပြင်းပြစွာဖြင့် လျှောက်လှမ်းသွားလိုက်သည်။
သူ ဦးဆောင်သွားသဖြင့် တခြားလူသုံးဦးသည် ပို၍ယုံကြည်မှု ရှိလာပြီး ထပ်ချပ်မကွာ လိုက်ပါသွားကြကာ ကြယ်တာရာတံခါးပေါက်ရှေ့တွင် အတူတကွ မတ်တတ်ရပ်ပြီး အက်ကွဲကြောင်းမှတဆင့် ချောင်းကြည့်လိုက်ကြသည်။
ဤမြင်ကွင်းကြောင့် လန်ရှင်းမှ လူသုံးဦး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ထူထပ်သိပ်သည်းသော အမှောင်ထုထဲတွင် ဧရာမနတ်ဆိုးပုံရိပ်များ ဖရိုဖရဲဖြစ်နေသည်ကို မှုန်ဝါးဝါး တွေ့မြင်ရပေ၏။ နတ်ဆိုးများသည် သူတို့၏ပစ္စည်းများကို အရူးအမူး သိမ်းဆည်းနေကြပြီး ပစ္စည်းကြီးကြီးငယ်ငယ်များကို သယ်ဆောင်နေကြသည်...
သူတို့အား ရှေ့မှနေ၍ ညွှန်ကြားနေသော ပုံရိပ်တစ်ခု ရှိနေသည့်တိုင် မြင်ကွင်းတစ်ခုလုံး လုံးလုံးလျားလျား ရှုပ်ထွေးနေလေပြီ။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသည်မှာ အငတ်ဘေးမှ ထွက်ပြေးနေသော ဒုက္ခသည်များနှင့် တူညီနေသည်။
ဤမြင်ကွင်းသည် အမှန်တကယ့်ကို ထူးဆန်းလွန်းပေ၏။
ချင်းယင်နှင့်တခြားလူနှစ်ဦးသည် လုံးလုံးလျားလျား ကြက်သေသေသွားကြပြီး သူတို့၏မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်နေကြသည်။
သို့သော် ရီဖုန်း၏မျက်နှာအမူအယာ အလွန်အမင်း သုန်မှုန်နေသည်။
"ဒါတွေက မင်း ပြောတဲ့ ကောက်ကျစ်စဉ်းလဲပြီး စွမ်းအားကြီးတဲ့ နတ်ဆိုးတွေလား"
ရီဖုန်းက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။ သူသည် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို မျှော်လင့်ခဲ့ပြီး သူ မသေလျှင်ပင် အနည်းဆုံးအနေဖြင့် အဆင့်တစ်ဆင့် နှစ်ဆင့်ခန့် တက်လှမ်းနိုင်မည်ဟု မျှော်လင့်ခဲ့သည်။
ဒါပေမဲ့ ဘယ်သူက ထင်မိမှာလဲ...
သူ တံခါးပေါက်ထဲသို့ မဝင်ရသေးမီမှာပင် ထိုနတ်ဆိုးများအားလုံး ထွက်ပြေးသွားကြသည်။
သူ ပြင်ဆင်ခဲ့သမျှ အချိန်များအားလုံး အလဟဿ ဖြစ်သွားလေပြီ။
ချင်းယင်၏မျက်နှာသည်လည်း သုန်မှုန်နေပြီး မည်သို့ပြန်ပြောရမှန်း မသိတော့ချေ။
"အမ်..."
နတ်ဆိုးများသည် ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု သူမ မည်သည်ကြောင့် တွေးထင်ထားမိမည်နည်း။
ဤအဖြစ်အပျက် ပြောင်းလဲမှုသည် အလွန်ထူးဆန်းပေ၏။ စီနီယာရီဖုန်း၏အကူအညီ ပါဝင်လျှင်ပင် နတ်ဆိုးများ၏ သွေးဆာပြီး ရက်စက်ကြမ်းကြုတ်သော သဘာဝအရ သူတို့သည် ဤအတိုင်း ဆုတ်ခွာမသွားသင့်ချေ။
ချင်းယင်သည် စဉ်းစားလေလေ ပို၍စိတ်ရှုပ်ထွေးလာလေဖြစ်ပြီး လက်တွေ့ဘဝကိုပင် သံသယဝင်လာသည်။
သို့သော် သူတို့ ပြင်ဆင်ထားသော သွေးယဇ်ဝင်္ကပါကြီးကို ဓားချက်တစ်ချက်တည်းနှင့် ဖြိုခွင်းလိုက်ခြင်းသည် နတ်ဆိုးများအတွက် မည်သည့် အဓိပ္ပာယ်သက်ရောက်ကြောင်း သူမ မသိခဲ့ချေ။
ရုတ်တရက်...
ချင်းယင်သည် ရီဖုန်း၏ပခုံးပေါ်မှ ဓားကြီးကို သတိထားမိပြီး သံသယအရိပ်အယောင်တစ်ရပ် သူမ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။
ထိုဓားကြီးသည် အလွန်သာမန်ဆန်သည်ဟု ထင်ရသော်လည်း ကောင်းကင်လက်နက်တစ်ခု၏ရှေ့တွင်ပင် မည်သည့်ပုံမှန်မဟုတ်မှုမျိုးမျှ မပြသချေ။ အကယ်၍ သာမန်သူတော်စင်လက်နက်တစ်ခုသာဆိုလျှင် ယခုအချိန်၌ ကောင်းကင်လက်နက်၏ ဖိနှိပ်ခြင်းကိုခံရပြီး မှေးမှိန်နေလောက်လေပြီ။
ဤဓားရှည်၏ ကြမ်းတမ်းသော ပုံပန်းသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် ထိုအရာသည် တုန်ခါပြီး အက်ကွဲသွားလျှင်ပင် အံ့အားသင့်စရာ မဟုတ်ချေ။
သို့ရာတွင် ယခုချိန်၌မူ....
သူမ ကြည့်လေလေ ပို၍အံ့အားသင့်မိလေလေပင်။
မိန်းကလေးချင်းယင်၏ ကြည်လင်သော မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားတစ်ခုကို တွေ့ရှိလိုက်ရသည့်အလားပင်။
စီနီယာရီဖုန်း၏ ဓား...
ကြည့်ရသည်မှာ....
ထိုအရာသည်လည်း ကောင်းကင်လက်နက်တစ်ခု ဖြစ်ပုံရသည်။
ထိုသို့မဟုတ်ပါက ဤမျှထိ နီးကပ်သော အကွာအဝေးတွင် ထိုဓားသည် ကောင်းကင်လက်နက်တစ်ခု၏ဖိအားကို ခံနိုင်ရည်ရှိရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။
ဟူး...
အံ့အားသင့်ဖွယ် အမှန်တရားသည် နောက်ဆုံးတွင် ပေါ်လွင်လာပြီး ချင်းယင်၏မျက်လုံးများ ပြူးကျယ်သွားသည်။
ရီဖုန်းသည် ဝင်္ကပါကြီးကို သူ၏ကြောက်မက်ဖွယ် ကျင့်ကြံဆင့်စွမ်းအားသက်သက်ဖြင့်ဖြိုခွင်းနိုင်ခဲ့သည်ဟု သူမ မူလက တွေးထင်ခဲ့သည်။ ယခုကြည့်ရသည်သည်မှာ စီနီယာ၏ လက်နက်သည် အနည်းဆုံး ကောင်းကင်လက်နက်အဆင့်တွင်ရှိသော တည်ရှိမှုကြီးတစ်ခုပင်။
ဤသည်မှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
လန်ရှင်းနယ်မြေ၌ပင် ကောင်းကင်လက်နက်ဟူသည်မှာ သာမန်လူများ ပိုင်ဆိုင်နိုင်သော အရာမျိုး မဟုတ်ချေ။
နှစ်ပေါင်းတစ်သိန်းကြာ နိမ့်ကျနေခဲ့သော ဤယွင်ရှင်းနယ်မြေတွင် ကောင်းကင်လက်နက်တစ်ခု ရှိနေခြင်းသည် ပို၍ပင် ထူးခြားပေ၏။ စီနီယာရီဖုန်း၏ကျင့်ကြံခြင်းသည် စွမ်းအားကြီးမားသော်လည်း တွေးတောစရာဖြစ်စေသော သူ၏နောက်ခံသည် အဆပေါင်းများစွာ ပို၍အရေးပါသည်။
နောက်ထပ် ထိတ်လန့်တုန်လှုပ်စေသော လှိုင်းတစ်ခုကြောင့်....
ချင်းယင်သည် လောကကြီးတွင် ပို၍သန်မာသူ အစဥ်အမြဲရှိစမြဲဟူသော အမှန်တရားကို ကိုယ်တိုင်ကြုံတွေ့လိုက်ရပြီး သူမ၏ယခင်က မွေးရာပါ မောက်မာထောင်လွှားမှုများ လုံးလုံးလျားလျား ပျောက်ဆုံးသွားသည်။
သူမသည် တိတ်တဆိတ် ဦးညွှတ်လိုက်ပြီး သူမ၏ ကြည်လင်သော မျက်လုံးများဖြင့် ရီဖုန်းကို လက်လွတ်စပါယ် မကြည့်ရဲတော့ချေ။
"စီနီယာ.....ဒီခရီးစဉ်က စီနီယာရဲ့ အကူအညီအပေါ် လုံးဝ မှီခိုနေရပါတယ်... ဒါပေမဲ့ ကြယ်တာရာတံခါးပေါက်က မပျက်စီးသေးပါဘူး... စီနီယာက နည်းနည်းလောက် နောက်ဆုတ်ပေးပြီးတော့....ဒီတာဝန်ကို ဂျူနီယာ ပြီးမြောက်အောင် လုပ်ခွင့်ပြုဖို့ မျှော်လင့်မိတယ်"
'ဒီစကားကို ကြားရမှတော့ ငါ တိုက်ခိုက်စရာ နတ်ဆိုးတွေ မရှိတော့ဘူးပေါ့'
ရီဖုန်းသည် ထိုစကားများကြောင့် ကြက်သေသေသွားပြီး သူ၏စိတ်နှလုံးသားထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားသည်။
ချင်းယင်သည် ဓားကိုဆုပ်ကိုင်ပြီး ရှေ့သို့တိုးလာရာ ကြောက်မက်ဖွယ် ဓားအရှိန်အဝါတစ်ရပ် ပျံ့နှံ့လာသည်။ အပြာရောင် ဓားချီအလင်းတန်းလေးများသည် ကြိုးမျှင်များကဲ့သို့ သူမ၏နံဘေးပတ်လည်တွင် ယှက်နွယ်ကာ ပဲ့တင်ထပ်နေပြီး ပန်းချီကားထဲမှ နတ်ဘုရားမတစ်ပါးအလား မည်သူမျှ မထိပါးနိုင်သော အေးစက်စက် အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
"စီနီယာ... ကျေးဇူးပြုပြီး ခြေလှမ်းနည်းနည်းလောက် နောက်ဆုတ်ပေးပါ"
ထိုစကားကိုကြားချိန်၌ ရီဖုန်းသည် မလိုလားစွာဖြင့် နောက်ဆုတ်လိုက်ပြီး တခြားလူနှစ်ဦးနှင့်အတူ ကျန်းပေါင်းများစွာအကွာတွင် မတ်တတ်ရပ်နေလိုက်သည်။
ချင်းယင်သည် ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ဓားကိုယ်ထည်ရှိ ကျောက်မျက်ရတနာများမှလည်း တောက်ပသော အလင်းရောင်ကို စတင်၍ ထုတ်လွှတ်လိုက်သည်။ ကောင်းကင်စစ်သည်တော် နတ်ဘုရားဓားသည် တဖန်ပြန်၍ နိုးထလာပြီး မရေမတွက်နိုင်သော တောက်ပသည့် အလင်းတန်းများ စုဝေးကာ ရောယှက်လာပြီး မည်းမှောင်နေသော ကောင်းကင်ကို တန်းတန်းမတ်မတ် ထိုးဖောက်သွားသည်။
သူမ၏ အရပ်ရှည်ပြီး သွယ်လျသော ပုံရိပ်သည် ကျန်းတစ်ထောင်မြင့်သော ဧရာမတံခါးကြီး၏ရှေ့တွင် အလွန်အမင်း သေးငယ်နေပေ၏။ သို့ရာတွင် သူမကိုယ်တိုင်သည်လည်း နတ်ဘုရားဓားတစ်လက် ဖြစ်နေသည့်အလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ ညစ်ညမ်းသော အနက်ရောင် မြူခိုးများသည် သူမ၏အနီးသို့ပင် မချဥ်းကပ်ရဲကြချေ။
ထိုတောက်ပသော အလင်းရောင်ရှေ့တွင် ကျယ်ပြန့်သော အနက်ရောင်မြူခိုးများသည် အလင်းတန်းများဖြင့် ထိတွေ့ခံရပြီးနောက် အဆက်မပြတ် တလိမ့်လိမ့်ထလာကာ အရူးအမူး ဆုတ်ခွာသွားကြသည်။
ဓားတစ်ချက်တည်းနှင့် ကြယ်တာရာတံခါးပေါက်သည် ဓားချီအလင်းတန်းကြောင့် နှစ်ခြမ်းကွဲသွားသည်။ မြေပြင်တပြင်လုံး တုန်ခါလာကာ ဧရာမတံခါးကြီးသည် အဆုံးမဲ့ ဓားချီအလင်းတန်းများကြားတွင် နစ်မြုပ်သွားပေ၏။ တံခါးအတွင်းမှ အနက်ရောင်မြူခိုးများသည် ပြေးလမ်းကြောင်း ဖြတ်တောက်ခံလိုက်ရသည့်အလား အတွင်းပိုင်းသို့ အရူးအမူး ပျံ့လွင့်သွားကြသည်။
"ဝုန်း....."
ကျယ်လောင်သော ပြိုကျပျက်စီးသံကြီး ပဲ့တင်ထပ်လာပြီး ကောင်းကင်နှင့်မြေပြင် တုန်ခါသွားသည်။
ဧရာမ ကြယ်တာရာတံခါးပေါက်ကြီးသည် အလင်းရောင်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ဧရာမဦးခေါင်းခွံကြီးများသည်လည်း အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ရုတ်ချည်းဆိုသလိုပင်...
တစ်ချိန်က ကောင်းကင်နှင့်မြေပြင်ကြား၌ ပျံ့နှံ့နေခဲ့သော အနက်ရောင်မြူခိုးများ စတင်၍ ပျောက်ကွယ်သွားပြီး မြေပြင်တုန်ခါမှုသည် ပို၍ သိသာလာကာ မြူခိုးဖုံးလွှမ်းနေသော လမ်းရှည်ကြီးသည် ရှင်းလင်းလာပေ၏။ အရိုးဖြူများနှင့် သွေးရောင်ပန်းများ အားလုံးသည် ရှေးဟောင်းခေတ်မှ ဆွေးမြေ့နေသော သစ်တုံးများအလား ကြေမွှပျက်စီးသွားပြီး လေနှင့်အတူ လွင့်ပါသွားကြသည်။
နေရောင်ခြည်သည် တိမ်တိုက်များကို ဖောက်ထွင်းပြီး တဖြည်းဖြည်း ဝင်ရောက်လာကာ ကျတ်တီးမြေသည် မူလအသွင်အပြင်ကို တဖန်ပြန်၍ ဖော်ပြလာသည်။
အနက်ရောင်မြူခိုးများ အရိပ်အယောင်မျှ မကျန်တော့သည့်အပြင် ကြောက်မက်ဖွယ်ကောင်းသော လမ်းမကြီးလည်း မရှိတော့ပေ။ ကြယ်တာရာတံခါးပေါက်ကြီးသည် အိပ်မက်တစ်ခု သို့မဟုတ် ပုံရိပ်ယောင်တစ်ခုအလား လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ ပတ်ဝန်းကျင်နေရာတဝိုက်သည် ယခင်က ဒဏ်ရာဒဏ်ချက်များ ရရှိထားသော်လည်း နောက်ဆုံးတွင် ကြည်လင်ပြတ်သားမှုသို့ ပြန်လည်၍ ရောက်ရှိသွားသည်။
တိမ်များ ပြိုကွဲသွားပြီး နေရောင်ခြည်သည် မြေပြင်ပေါ်သို့ ကျရောက်လာပေ၏။
တစ်ချိန်က လွှမ်းမိုးခဲ့သော အကန့်အသတ်မဲ့ အမှောင်ထုသည် နွေးထွေးသော နေရောင်ခြည်ကြောင့် နောက်ဆုံးတွင် ဖယ်ရှားခံလိုက်ရသည်။
လက်အောက်ငယ်သားနှစ်ဦးသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်၌ စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေကာ သူတို့၏လက်များကို ပူးဆုပ်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
"ငါတို့ အောင်မြင်ပြီ"
"ဒါက ကောင်းလိုက်တာ... နောက်ဆုံးတော့ အဆုံးသတ်သွားပြီ"
နံဘေးမှ ကြည့်နေသော ရီဖုန်းသည် မျက်နှာသေဖြင့် ရှိနေပြီး သူ၏စိတ်နှလုံးသားထဲတွင် လေးလံထိုင်းမှိုင်းသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
လူအများကြားတွင် ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုများသည် အမှန်တကယ်ကို ဆက်စပ်မှု မရှိချေ။ သူ အမှန်တကယ်ကို လုံးလုံးလျားလျား မပျော်ရွှင်နိုင်ချေ။ သူ အားစိုက်ထုတ်ခြင်းပင် မပြုလိုက်ရဘဲ နတ်ဆိုးများက ဤအတိုင်း ပျောက်ကွယ်သွားကြသည်။
သောက်ချေးပဲ...
ရီဖုန်းသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက် မေးမြန်းလိုက်၏။
"မင်းတို့မှာ တခြား လုပ်စရာကိစ္စ ရှိသေးလား... တခြားနေရာတွေကို သွားကြည့်ဖို့ လိုသေးလား"
ထိုစကားကြောင့် ချင်းယင်က ပြုံးလိုက်သည်။
"ကျွန်မတို့ ယွင်ရှင်းနယ်မြေကို လာတာ နတ်ဆိုးတွေကြောင့်ပါ... အခု ကြယ်တာရာတံခါးပေါက် ပျက်စီးသွားပြီဆိုတော့ နတ်ဆိုးတွေက ယွင်ရှင်းနယ်မြေအတွက် ယာယီအနေနဲ့ ခြိမ်းခြောက်မှု ရှိတော့မှာ မဟုတ်ဘူး... ကျွန်မတို့က တခြားဘယ်နေရာကိုမှ သွားစရာ မလိုတော့ပါဘူး... လန်ရှင်းကို ချက်ချင်းပြန်ပြီးတော့ အရာအားလုံးကို သတင်းပို့ပါ့မယ်"
အမ်...
သူသည် လမ်းပြအဖြစ်ပင် မဆောင်ရွက်ရသေးဘဲ သူတို့၏တာဝန်သည် အဆုံးသတ်သွားလေပြီ။
ဤသည်က အလွန်ရိုးရှင်းရာ ကျနေသည် မဟုတ်လော....
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကောင်းပြီ... ကောင်းပြီလေ... ဒါဆိုရင် ပြန်ကြတာပေါ့"
ချင်းယင်တို့သုံးယောက်သား ရိုသေလေးစားစွာ ခေါင်းညိတ်ပြလိုက်ကြသည်။
သူတို့၏ပစ္စည်းများကို ရိုးရှင်းစွာ သိမ်းဆည်းပြီးနောက် သူတို့လေးယောက်၏အပြန်ခရီးကို စတင်လိုက်ကြသည်။
လေဟာနယ်တံခါးပေါက် ပျက်စီးသွားပြီး နတ်ဆိုးများနှင့် အနက်ရောင် မြူခိုးများ ထပ်မံ၍ ပို့လွှတ်ခြင်း မရှိတော့သဖြင့် ယွင်ရှင်းနယ်မြေတစ်ခုလုံးရှိ အနက်ရောင်နယ်မြေသည် တဖြည်းဖြည်း ဆုတ်ခွာသွားပြီး အလင်းရောင် ပြန်လည်၍ ရရှိလာသည်။ ထိုကြောင့် သူတို့၏အပြန်ခရီးသည် အသွားလမ်းထက် ပို၍အဆင်ပြေချောမွေ့ခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက်...
ပျံသန်းရေးလှေသည် တဖန်ပြန်၍ ရပ်တန့်သွားပြီး ယခုအချိန်၌ ကြယ်တာရာဟင်းလင်းပြင်ရှိ ရှေးဟောင်းစင်္ကြန်လမ်း၏ဝင်ပေါက်သို့ ရောက်ရှိနေလေပြီ။
အချိန်တခဏမျှ နှုတ်ဆက်စကား ပြောဆိုပြီးနောက် ချင်းယင်သည် နောက်သို့ပြန်လှည့်ကာ ဦးညွှတ်လိုက်၏။ သူမ၏ကြည်လင်သော မျက်လုံးများတွင် ထူးခြားသော အရိပ်အယောင်တစ်ရပ်ကို မငြင်းဆန်နိုင်လောက်အောင် တွေ့မြင်နေရသည်။
"စီနီယာ... ဂျူနီယာက ဒီတစ်ခေါက် စီနီယာရဲ့ အကူအညီကို အမြဲတမ်း မှတ်မိနေမှာပါ... အနာဂတ်မှာ အခွင့်အရေး ရှိခဲ့ရင် အကောင်းဆုံး ပြန်ပေးဆပ်ပါမယ်"
ဂြိုဟ်သားမိန်းကလေး ထွက်ခွာတော့မည်ကို မြင်လိုက်ရသဖြင့် ကိစ္စပြီးဆုံးပြီဟု ရီဖုန်းက ယူဆလိုက်သည်။
သူ မည်သည့်အရာကိုမျှ များများစားစား မရလိုက်သော်လည်း နတ်ဆိုးဘေးဒုက္ခကြီး ပြေလည်သွားသဖြင့် သူ ဝမ်းသာမိသည်။ အနည်းဆုံးအနေဖြင့် သူသည် ကုသိုလ်ကောင်းမှုတစ်ခု လုပ်ခဲ့ပြီး မိတ်ဆွေသစ်အနည်းငယ်နှင့် တွေ့ဆုံခဲ့သည်။
ယဉ်ကျေးမှုအရ သူက အပြုံးနှင့် ဖိတ်ခေါ်လိုက်၏။
"ရွာမှာ ရက်နည်းနည်းလောက် ဆက်နေပြီး အနားယူပါအုံးလား"
မိန်းကလေးချင်းယင်၏မျက်လုံးများတွင် ကျေးဇူးတင်ရှိမှုများ ထင်ဟပ်လာပြီး သူမ၏လေသံ ပို၍ရိုးသားလာသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ... ဒါပေမဲ့ ကျွန်မတို့မှာ အရေးကြီးတဲ့ တာဝန်တွေ ရှိတာကြောင့် ချက်ချင်းပြန်ဖို့ လိုအပ်တယ်... နတ်ဆိုးတွေနဲ့ ပတ်သက်တဲ့ ဒီခရီးစဉ်က အရမ်းထူးဆန်းနေတာကြောင့် အမြန်ဆုံး သတင်းပို့ရလိမ့်မယ်"
"နောက်တစ်ကြိမ် ပြန်တွေ့ရင် စီနီယာ့ရဲ့ စေတနာအတွက် သေချာပေါက် ထပ်ပြီးကျေးဇူးဆပ်ပါ့မယ်"
ရီဖုန်း အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး မိန်းကလေးချင်းယင်၏ဇာတိမြေနှင့် ပတ်သက်၍ ပို၍သိချင်လာသည်။
လန်ရှင်းက ယွင်ရှင်းထက် ပိုသန်မာမှာ သေချာတယ်... ပြီးတော့ သူ တစ်ခါမှ မကြားဖူးတဲ့ အဆင့်မြင့် နတ်ဘုရားလက်နက်တွေတောင် ရှိသေးတယ်.... သူ မမှားဘူးဆိုရင် အဲ့ဒီကြယ်နယ်မြေမှာ စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိရမယ်....
အကယ်၍ သူသာ လန်ရှင်းကို သွားခဲ့လျှင် သူ သေဆုံးနိုင်မည့် မျှော်လင့်ချက်များ တိုးပွားလာမည် မဟုတ်လော....
သူ မသေနိုင်လျှင်ပင် အတွေ့အကြုံရမှတ်များ ရရှိသောနှုန်းသည် ပို၍မြန်ဆန်လာမည် မဟုတ်လော....
သူ၏အတိတ်က အစီအစဉ်များ ပြန်လည်၍ အသက်ဝင်လာပြီး ရီဖုန်းက ချင်းယင်ကိုကြည့်ပြီးပြောဆိုသည်။
"ဒီတာဝန်ပြီးရင် ငါ့ကို လန်ရှင်းနယ်မြေဆီ သွားခွင့်ပြုမယ်လို့ မင်း အရင်က ကတိပေးခဲ့တယ်လေ... အခု ငါ မင်းနဲ့အတူ လိုက်ခဲ့လို့ ရမလား"
ချင်းယင်၏မျက်လုံးများ အချိန်တခဏကြာခန့် ပြူးကျယ်သွားပြီးနောက် သူမက ရယ်ပြုံးကာ အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"စီနီယာက နောက်နေတာပဲကျွန်မရဲ့ အရင်က ကတိက တော်တော်လေး မသိနားမလည် ဖြစ်ခဲ့တယ်... စီနီယာက ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်... စီနီယာ့ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် လန်ရှင်းကို သွားလို့ ရပါတယ်"
"ဒါပေမဲ့... စီနီယာ့ရဲ့ အင်အားက အရမ်းကြီးမားလွန်းပါတယ်... တကယ်လို့ လန်ရှင်းကို သွားမယ်ဆိုရင် မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ ကြိုတင်သတင်းပို့ထားဖို့ လိုပါလိမ့်မယ်"
ထိုသို့ ပြောဆိုပြီးနောက် မိန်းကလေးချင်းယင်က ရီဖုန်းအား ကတိပေးလိုက်သည်။
"နောက်တစ်ကြိမ် ကျွန်မတို့ လာရင် ဒီကိစ္စရဲ့ ရလဒ်ကို စီနီယာ့ဆီ သေချာပေါက် အသိပေးပါမယ်... ပြီးတော့ အိမ်ရှင်အဖြစ် တာဝန်ကျေဖို့ စီနီယာ့ကို လန်ရှင်းဆီ ဖိတ်ခေါ်ပါ့မယ်"
ထိုစကားကို ကြားချိန်၌...
ရီဖုန်းက ခေါင်းညိတ်လိုက်သည်။
အမှန်တကယ်ကိုပင် သူသည် ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသဖြင့် လန်ရှင်းနယ်မြေသို့ သွားလိုပါက စာရင်းပေးရန် လိုကောင်းလိုပေလိမ့်မည်။
"ဒါဆိုရင် ဘေးကင်းကင်းနဲ့ ခရီးနှင်နိုင်ပါစေ"
ရီဖုန်းက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။
"စီနီယာကို နှုတ်ဆက်ပါတယ်"
သူတို့သုံးယောက်သည် ရိုသေလေးစားစွာ ခေါင်းညိတ်ပြပြီးနောက် ပျံသန်းရေးလှေပေါ်သို့ တက်လိုက်ကြ၏။
အချိန်တခဏအကြာတွင် ပျံသန်းရေးလှေသည် အဆုံးမဲ့စင်္ကြန်လမ်းထဲသို့ ဝင်ရောက်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။