ထွက်ပြေးဖို့ ပြင်ဆင်ခြင်း
Vol. 1 Ch. 1
~ချန်ဝူ တောင်တန်းကြီးကား ညအမှောင်ထုအောက်၌ မင်ရည်လောင်းထားသကဲ့သို့ မည်းနက်နေပေသည်။
လေအေးတို့က တဝေါဝေါ တိုက်ခတ်နေ၏။ ကွေ့ယွမ်ဂိုဏ်း၏ တိတ်ဆိတ်ခြောက်ကပ်နေသော ခန်းမဆောင်ကြီးထဲတွင် သစ်ရွက်ခြောက်အချို့ ဝဲပျံနေ၏။
ကျန်းချန် သည် နောက်ဆုံးကျန်ရစ်သော တန်ဖိုးရှိသည့် ကြေးမီးခွက်ဟောင်းလေးကို သူ၏ အထုပ်ထဲသို့ ထိုးထည့်လိုက်သည်။ ကြွက်များပင် မနေချင်တော့သည့် ဤဂိုဏ်းပျက်ကြီးကို သူ ဝေ့ဝဲကြည့်လိုက်မိ၏။ သက်ပြင်းတစ်ချက်ကို လေးပင်စွာ ချလိုက်၏။
ကူးပြောင်းရောက်ရှိလာသည်မှာ (၃) ရက်ရှိပြီ ဖြစ်သော်လည်း ထမင်းနပ်မှန်အောင် မစားရသေးချေ။
သူ စိတ်ထဲကနေ ကျိတ်ဆဲလိုက်သည်။
'ဘယ်ကောင်က ဒီဂိုဏ်းချုပ် နေရာကို လိုချင်မှာလဲ... ငါတော့ မနေနိုင်တော့ဘူး... ဒီသခင်ကြီး လစ်ပြီ...'
ကျန်းချန်က အထုပ်ကို သေချာချည်နှောင်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်ထွက်နေ၏။
အရင်ဘဝက ကုမ္ပဏီဝန်ထမ်း ဘဝနှင့် ဝတ္ထုဖတ်ပြီး အချိန်ဖြုန်းခဲ့ဖူးသော်လည်း အခုလို ပျက်စီးခါနီး ဖြစ်နေသော ဂိုဏ်းပျက်ကြီးတစ်ခုကို ဦးစီးရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
လူလည်း မရှိ၊ ပိုက်ဆံလည်း မရှိ၊ အရင်းအမြစ်ဆိုတာ ဝေလာဝေး။
ဂိုဏ်းချုပ် ဆိုသည့် ရာထူးခေါင်းစဉ်မှ လွဲ၍ ဘာမှမရှိတော့။ အပြင်ဘက်တွင်လည်း မိစ္ဆာကောင်များက ဆာလောင်မွတ်သိပ်နေသော ဝံပုလွေများကဲ့သို့ ချောင်းမြောင်းနေကြသည်။
အခု မပြေးရင် ဘယ်အချိန် ပြေးမလဲ။
ဒီမှာနေပြီး အသေခံရမှာလား။
သူ အထုပ်ကို လွယ်လိုက်သည်။ ခန်းမပေါက်ဝဆီသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားလိုက်၏။
ခြေတစ်ဖက် တံခါးခုံကို ကျော်လိုက်သည့် အခိုက်အတန့်၊ ထွက်ပြေးလွတ်မြောက်မည့် ဘဝကို ခံစားလိုက်ရသည့် အချိန်တွင်...
“တီ..တီ...”
[သတိပေးချက် - လက်ခံသူရဲ့ စိတ်ခံစားမှု မတည်ငြိမ်တာကို တွေ့ရှိရပါတယ်။ ဂိုဏ်းကို စွန့်ခွာမယ့် ရာခိုင်နှုန်း မြင့်မားနေပါတယ်…”
.]
[‘အသန်မာဆုံး ဂိုဏ်းစနစ်’ ကို အရေးပေါ် စတင်လိုက်ပါပြီ။]
ကျန်းချန်၏ ခြေလှမ်းများ တောင့်ခနဲ ရပ်တန့်သွား၏။
သူသည် လေထဲတွင် (၃) စက္ကန့်မျှ ကြက်သေသေသွားပြီးမှ အပြင်သို့ လှမ်းထားသော ခြေထောက်ကို ပြန်ရုတ်လိုက်သည်။
'စနစ်... ဟုတ်လား... မင်း လာတာ နည်းနည်း နောက်ကျမနေဘူးလား'
စက်ရုပ်ဆန်သော အသံတစ်ခုက သူ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်သွား၏။
[စနစ် - မှန်ကန်ပါတယ်။ ဒီစနစ်က လက်ခံသူကို ကောင်းကင်ဘုံ တစ်ခုလုံးမှာ အထွတ်အထိပ် ဂိုဏ်း တစ်ခု တည်ထောင်နိုင်ဖို့ ကူညီပေးသွားမှာပါ။ လက်ရှိ တပည့်ဦးရေက (၀) ဖြစ်ပါတယ်။ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကလည်း ပျက်စီးမတတ် ဖြစ်နေပါပြီ။ တပည့်တွေကို ချက်ချင်း လက်ခံပါ... ဒါမှမဟုတ်ရင်တော့ ဖျက်သိမ်းခံရပါလိမ့်မယ်...]
'နေစမ်းပါဦးကွ'
ကျန်းချန်က စနစ်၏ စကားကို ဖြတ်ပြောလိုက်သည်။
'ဖျက်သိမ်းမယ် ဆိုတဲ့ စကားကို လာမပြောနဲ့... ငါက အခု တောင်ပေါ်က ဆင်းပြေးတော့မှာ... မင်းသတ်ချင်ရင် သတ်လိုက်တော့... ဒီမှာ ဆက်နေရင်လည်း မိစ္ဆာကောင်တွေ စားပြီး သေမယ့်အတူတူတော့...'
ပြောပြောဆိုဆိုနှင့် သူက ခြေလှမ်း ပြင်လိုက်ပြန်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သေရမယ့်အတူတူတော့ လမ်းဘေးမှာ သေရင်း သဘာဝရှုခင်းလေး ဘာလေး ခံစားသွားတာကမှ တော်သေးသည် လေ။
[စနစ် - လက်ခံသူ... ကျေးဇူးပြု၍ စိတ်အေးအေးထားပါ...]
[စတင်ရမယ့် အခြေအနေက အရမ်း ခက်ခဲလွန်းတဲ့အတွက်၊ စနစ်ကနေ ‘ဘုံဖြတ်ကျော် ခေါ်ယူခြင်း’ အခွင့်အရေးကို ပေးအပ်ပါမယ်။ အိမ်ရှင်အနေနဲ့ ‘ဂြိုဟ်ပြာ’ က ဝိညာဉ်တွေကို ဆင့်ခေါ်နိုင်ပြီး၊ ခန္ဓာကိုယ် တည်ဆောက်ပေးကာ ဂိုဏ်းကို ပြန်လည် တည်ထောင်နိုင်ပါတယ်..]
ကျန်းချန်၏ ခြေလှမ်းများ ထပ်မံ ရပ်တန့်သွားပြန်သည်။
ဂြိုဟ်ပြာ... ဝိဉာဉ် ခန္ဓာကိုယ်တွေ...
ခေတ်လူငယ် တစ်ယောက်အနေနှင့် ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို သူ ကောင်းကောင်း နားလည်သည်။
ငါ့ကမ္ဘာက လူတွေပေါ့...
'မင်းပြောချင်တာက ငါ့ကမ္ဘာမြေက လူတွေကို ဒီကို ဆွဲခေါ်လို့ ရတယ်ပေါ့လေ...'
ကျန်းချန်က မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားခန်း ဝင်လိုက်သည်။
'နေပါဦး... လူအစစ်တွေ ခေါ်လာရင် ပြဿနာ မရှိဘူးလား... သူတို့မှာ မိသားစုတွေ ရှိတယ်လေ... ပြီးတော့ ဒီလို အန္တရာယ်များတဲ့ ကမ္ဘာမှာ သူတို့ သေသွားရင် ငါ ဘယ်လို လျော်ပေးရမလဲ'
[စနစ် - လက်ခံသူ စိတ်ပူရန် မလိုပါ။]
[အခု ခေါ်ယူတာက ဝိညာဉ်ပုံရိပ်ယောင်အနေနဲ့ပဲ ခေါ်ယူတာ ဖြစ်ပါတယ်။ စနစ်က စွမ်းအင်အကြွင်းအကျန်တွေကို အသုံးပြုပြီး ကွမ်တမ် ဆက်သွယ်ရေး စက်တောင့်တွေကို ဂြိုဟ်ပြာဆီ ပို့ဆောင်ပေးမှာပါ။ ကစားသမားတွေ အိပ်စက်နေချိန်မှာ သူတို့ရဲ့ စိတ်အာရုံကို ဒီဘက်ကမ္ဘာဆီ ပို့ဆောင်ပေးပြီး ခန္ဓာကိုယ် တည်ဆောက်ပေးသွားမှာပါ။]
[ဒီကမ္ဘာမှာ သေဆုံးသွားရင် စွမ်းအင်အနည်းငယ်လောက်ပဲ ကုန်ဆုံးမှာဖြစ်ပြီး ခန္ဓာကိုယ်ကို ပြန်လည် ဖန်တီးပေးနိုင်ပါတယ်။ မူလခန္ဓာကိုယ်ကိုတော့ ထိခိုက်မှု ရှိမှာ မဟုတ်ပါဘူး...]
ဒါကို ကြားလိုက်ရသည့်အခါ ကျန်းချန်၏ ထွက်ပြေးလိုစိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။
သူ့ခေါင်းထဲတွင် ရူးသွပ်ဖွယ်ကောင်းသော အကြံအစည်တစ်ခု ပေါ်ပေါက်လာ၏။
သေမှာကို မကြောက်ဘူး... ပြန်ပြီး ရှင်သန်နိုင်မယ်... ပြီးတော့ ခိုင်းတာ လုပ်မယ်…
တပည့်တွေ..အာ .. မဟုတ်ဘူး...
ဒါက စတုတ္ထကပ်ဘေးပဲ... အဲ... မှားလို့... အကောင်းဆုံး စစ်သည်တော်တွေပဲ...
'စနစ်... မင်း အွန်လိုင်းဂိမ်း ဝက်ဘ်ဆိုက် တစ်ခုလောက် ဖန်တီးပေးနိုင်မလား'
ကျန်းချန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး မာယာများပြည့်နေသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
'ကြည့်လိုက်ရင် အရမ်းမိုက်နေမယ်... ဒါပေမဲ့ ကြော်ငြာစရိတ် တစ်ပြားမှ မကုန်တဲ့ ပုံစံမျိုးလေ...'
[စနစ် - ဒါက ကလေးကစားစရာ အဆင့်ပါ...]
'ကောင်းပြီ'
ကျန်းချန်သည် လွယ်ထားသော အထုပ်ကို ဘေးသို့ ပစ်ချလိုက်သည်။ ဖုန်တက်နေသော ဂိုဏ်းချုပ် ထိုင်ခုံကြီးပေါ်တွင် ဝင်ထိုင်လိုက်၏။ သူ၏ မျက်လုံးများက အရောင်တောက်နေသည်။
'လုပ်မှ လုပ်ရင်တော့ အကြီးကြီး လုပ်ရမယ်...'
'ငါတို့က သူတို့ကို လိမ်ခေါ်... အဲ... ဖိတ်ခေါ်ရုံတင် မကဘူး... သူတို့ ဒီကို လာချင်လွန်းလို့ တောင်းပန်လာအောင်၊ နေရာလုကြအောင် လုပ်ရမယ်...'
'ဒါကို ကမ္ဘာမြေရဲ့ ပထမဆုံး (၁၀၀) ရာခိုင်နှုန်း အစစ်အမှန် ခံစားရမယ့် ကျင့်ကြံခြင်း ဂိမ်းအဖြစ် ငါ ပုံဖော်မယ်...'
......
တစ်နာရီခန့် ကြာပြီးနောက်။ ကမ္ဘာမြေ၊ တရုတ်နိုင်ငံ။
အချိန်ကား ညဉ့်နက်သန်းခေါင်ယံ အချိန် ဖြစ်ပေသည်။ တက္ကသိုလ် ယောကျ်ားလေး အဆောင်တစ်ခု အတွင်း၌ ဖြစ်၏။
ဝမ်သဲ့ဖာ (အွန်လိုင်း အမည် - ဒီဖရဲသီး မှည့်ပြီလား) သည် အင်တာနက် စာမျက်နှာများကို ပျင်းရိစွာ ကြည့်ရှုနေသည်။
ဝါရင့် ဂိမ်းကစားသူ တစ်ယောက်ဖြစ်သည့် သူသည် ပိုက်ဆံပေးမှ နိုင်မည့် မိုဘိုင်းဂိမ်း အပေါစားများကို ရွံမုန်းနေပြီ ဖြစ်သည်။
ပျင်းစရာ ကောင်းလိုက်တာ...
ရုတ်တရက်ဆိုသလို သူ၏ ကွန်ပျူတာ မျက်နှာပြင်ပေါ်၌ ငါးစာချထားသည့် ဝက်ဘ်ဆိုက်တစ်ခုနှင့် တူသော ကြော်ငြာတစ်ခု ပေါ်လာ၏။
နောက်ခံပုံမှာ မဲနက်နေသော ကြယ်တာရာများ ဖြစ်ပြီး၊ သွေးရောင်လွှမ်းသော စာလုံးကြီးများ ရေးသားထားသည်။
[ဘဝရဲ့ အဓိပ္ပာယ်ကို သိချင်သလား... သင် တကယ်ပဲ ကျင့်ကြံခြင်း လမ်းစဉ်ကို လိုက်စားချင်သလား...]
[ကမ္ဘာ့ပထမဆုံး (၁၀၀) ရာခိုင်နှုန်း အစစ်အမှန် ခံစားရမယ့် ဗွီအာ ဂိမ်း (ဗွီအာ: အစစ်အမှန် ခံစားချက်ပေးနိုင်တဲ့ ပုံရိပ်ယောင် နည်းပညာ) - ကောင်းကင်ဘုံ လမ်းစဉ်။ စမ်းသပ် ကာလ စတင်နေပါပြီ။]
[ပထမအသုတ် - (၅) နေရာသာ။]
'တကယ်ကြီးလားကွာ... ဒီလို စာသားအပေါစားတွေ...'
ဝမ်သဲ့ဖာ နှာခေါင်းရှုံ့လိုက်မိသည်။
'ဒီဆောင်ပုဒ်က လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က သရဲဝတ္ထုတွေထဲမှာ ခေတ်စားခဲ့တဲ့ ဟာကြီးလေ... လိမ်တဲ့ကောင်တွေကလည်း နည်းနည်းပါးပါးတောင် ခေတ်မမီတော့ဘူးလား...'
ပါးစပ်ကသာ ပြောနေသော်လည်း သူ၏ လက်ချောင်းများကတော့ ရိုးသားလွန်းလှသည်။
(၁၀၀) ရာခိုင်နှုန်း အစစ်အမှန် ဆိုသည့် စကားလုံးက ဂိမ်းသမားများအတွက်တော့ ဆွဲဆောင်မှု ပြင်းထန်လွန်းသည်။ အတုမှန်း သိနေရင်တောင် ဘာတွေ လျှောက်ရေးထားလဲ ဆိုတာ သိချင်စိတ်ဖြင့် ဝင်ကြည့်မိတတ်သည် မဟုတ်ပါလော။
သူ နှိပ်လိုက်သည်။
စာမျက်နှာက ရှင်းလင်းလွန်းနေသည်။ [လျှောက်ထားရန်] ဆိုသည့် ခလုတ်တစ်ခုနှင့် လိပ်စာဖြည့်ရန် နေရာလွတ်တစ်ခုသာ ပါရှိသည်။
'လိပ်စာ ထည့်ရမယ် ဟုတ်လား...'
ဝမ်သဲ့ဖာ ရယ်လိုက်မိသည်။
'ဒါ ရှေးဟောင်း နည်းလမ်းကြီးလေ... ငါ့ဆီကို ဓားတွေ ပို့မလို့လား... ဒါမှမဟုတ် ပို့ဆောင်ခ တောင်းမလို့လား... ရတယ်လေ... ကျောင်းလိပ်စာ ပေးလိုက်မယ်... ဘာ အမှိုက်တွေ ရောက်လာမလဲ ကြည့်ရသေးတာပေါ့...'
သူ လိပ်စာကို ရိုက်ထည့်လိုက်ပြီး အတည်ပြု ခလုတ်ကို နှိပ်လိုက်သည်။
ရုတ်တရက် မျက်နှာပြင်တွင် စာတန်းများ လက်ခနဲ ပေါ်လာ၏။
[ဂုဏ်ယူပါသည်။ စမ်းသပ် ကစားခွင့် ရရှိသွားပါပြီ။ ဆက်သွယ်ရေး စက်တောင့်ကို ပို့ဆောင်နေပါပြီ။ ရောက်ရှိချိန် - မိနစ် (၂၀)။]
'မိနစ် (၂၀) တဲ့လား...လခွမ်း..အစားအသောက် လိုက်ပို့တာ မှတ်နေလား...'
သူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လက်ပ်တော့ကို ပိတ်ကာ သွားတိုက်ရန် ရေချိုးခန်းဘက်သို့ ထွက်လာခဲ့လိုက်သည်။
သို့သော်...
တိတိကျကျ မိနစ် (၂၀) ကြာပြီးနောက်၊
“ဒေါက်... ဒေါက်... ဒေါက်...”
အဆောင်တံခါး ခေါက်သံ ထွက်ပေါ်လာ၏။
ပါးစပ်ထဲတွင် သွားတိုက်ဆေး အမြှုပ်များ ပွနေသော ဝမ်သဲ့ဖာ တံခါးကို ဖွင့်လိုက်သောအခါ... ကျောက်ရုပ်တစ်ရုပ်လို တောင့်ခဲသွားတော့သည်။
စာပို့သမားလည်း မရှိ၊ အစားအသောက် ပို့သူလည်း မရှိ။
ငွေရောင် တောက်ပနေသော ခေတ်မီ စက်တောင့်ကြီးတစ်ခု လေထဲတွင် ပျံဝဲနေသည်ကို တွေ့လိုက်ရ၏။
ဟုတ်သည်။ လေထဲတွင် ပျံဝဲနေခြင်း ဖြစ်သည်။ ကြမ်းပြင်မှ (၃) စင်တီမီတာခန့် အကွာတွင် ဘာအထောက်အပံ့မှ မပါဘဲ၊ အသံတစ်ချက်ပင် မထွက်ဘဲ ငြိမ်သက်စွာ ရှိနေ၏။
စက်တောင့်၏ မျက်နှာပြင်ပေါ်တွင် ရှေးဟောင်း စာလုံးနှစ်လုံး တောက်ပနေသည်။
[ကွေ့ယွမ်]
“ဘာ... ဘာကြီးလဲဟ...”
ဝမ်သဲ့ဖာလက်ထဲမှ သွားပွတ်တံ မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။
သူ့ဖုန်းထဲသို့ မသိသော နံပါတ်တစ်ခုမှ စာတို ဝင်ရောက်လာ၏။
[ပစ္စည်း ပို့ဆောင်ပြီးပါပြီ။ ကျေးဇူးပြု၍ အတွင်းသို့ ဝင်ရောက်ပြီး သင်၏ ကျင့်ကြံခြင်း ခရီးစဉ်ကို စတင်လိုက်ပါ။ မှတ်ချက် - စက်တောင့်ထဲတွင် (၃) လစာ အာဟာရ ဖြည့်စွက်ရည်များ ပါဝင်သဖြင့် စိတ်အေးချမ်းသာစွာ ကစားနိုင်ပါသည်။]
ဝမ်သဲ့ဖာ၏ အသက်ရှူသံများ မြန်ဆန်လာသည်။
သိပ္ပံကျောင်းသား တစ်ယောက်အနေဖြင့် သူသည် ဤကဲ့သို့ လေပေါ်ပျံဝဲသော နည်းပညာမျိုး မည်မျှ မြင့်မားသည်ကို ကောင်းကောင်း သိသည်။
ဒါက ခေတ်လွန် နည်းပညာပဲ... နိုင်ငံတော် အဆင့် ဓာတ်ခွဲခန်းတွေတောင် ဒါမျိုး မလုပ်နိုင်သေးဘူး...
'ဒါ... တကယ်ကြီးလား...'
တုန်ရီနေသော လက်များဖြင့် အေးစက်ပြီး ချောမွတ်နေသော သတ္တုကို သူ စမ်းသပ် ကိုင်တွယ်ကြည့်လိုက်သည်။ အဆင့်မြင့်လွန်းသော အထိအတွေ့ကြောင့် ကြက်သီးများပင် ထသွားရ၏။
သူ တွေဝေမနေတော့ပေ။
ဂိမ်းကစားသူ တစ်ယောက်အနေနှင့် ဤမျှ နည်းပညာမြင့်သော ပစ္စည်းကို လက်လွှတ်ခံမည် မဟုတ်ပေ။ ဂြိုဟ်သားတစ်ကောင် ထွက်လာရင်တောင် သူ ဝင်ကြည့်မိမှာ သေချာသည်။
သူ စက်တောင့်ကြီးကို အခန်းထဲသို့ ဆွဲသွင်းလိုက်သည်။ တံခါးကို ဂျက်ချလိုက်ပြီး၊ ရိုသေလေးစားစွာဖြင့် အတွင်းသို့ ဝင်ရောက် လှဲလျောင်းလိုက်၏။
အဖုံး ပိတ်သွား၏။
အမှောင်ထု ကျရောက်လာပြီးနောက်၊ ခံ့ညားထည်ဝါသော စက်ရုပ်အသံကြီးတစ်ခု သူ၏ ဦးနှောက်ထဲတွင် ဟိန်းထွက်လာသည်။
[အာရုံကြော ချိတ်ဆက်မှု အောင်မြင်ပါတယ်... ဘုံဖြတ်ကျော်ခြင်း စတင်ပါတော့မယ်...]
[ကောင်းကင်ဘုံ လမ်းစဉ် ဂိမ်းကမ္ဘာမှ ကြိုဆိုပါတယ်။]
......
အခြားကမ္ဘာတစ်ခု၊
ကွေ့ယွမ်ဂိုဏ်း။
ကွေ့ယွမ်ဂိုဏ်း၏ ကျိုးပဲ့နေသော တံတိုင်းများကြား၌ လရောင်က ဖြာကျနေသဖြင့် ပို၍ပင် ခြောက်ကပ်နေသယောင် ရှိပေသည်။
ကျန်းချန် သည် အသစ်ပြန်လည် ပြင်ဆင်ထားသော နေရာရွှေ့ပြောင်း အခင်းအကျင်း၏ ရှေ့တွင် ရပ်နေသည်။ အလင်းတန်း (၅) ခု တောက်ပလာသည်ကို သူ ကြည့်နေလိုက်သည်။
သူသည် တွန့်ကြေနေသော အင်္ကျီလည်ပင်းစကို ဆွဲဆန့်လိုက်ပြီး၊ ခန့်ညားထည်ဝါသော ဂိုဏ်းချုပ် တစ်ပါး၏ ဟန်ပန်ကို အပြည့်အဝ ဖမ်းယူလိုက်၏။
လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။ ဝတ်ရုံရှည်က လေအဝှေ့တွင် လှုပ်ခတ်သွား၏။
'သူတို့ ရောက်လာကြပြီပဲ...'
သူ တီးတိုး ရေရွတ်လိုက်သည်။ မျက်လုံးများထဲတွင် ကောက်ကျစ်မှုနှင့် မျှော်လင့်ချက် ရောင်ခြည်များ ယှက်သန်းနေ၏။
'ငါ့ရဲ့ စတုတ္ထကပ်ဘေး တပ်မတော်ကြီး... ထောင်ချောက်ထဲကို ဝင်လာတာ ကြိုဆိုပါတယ်ဟေး…’
[t.n: ဤနေရာ၌ ကစားသမားများအား ‘စတုတ္ထကပ်ဘေး’ ဟု ခေါ်ဆိုခြင်းမှာ သူတို့သည် သေဆုံးလျှင် ပြန်လည် ရှင်သန်နိုင်သည် ဖြစ်ရာ၊ မည်သည့်အရာကိုမျှ မကြောက်ဘဲ ဖျက်ဆီးတတ်သောကြောင့် ဖြစ်ပါသည်။]