NPC ကျင့်ကြံသူ (က) - "ဟေ့လူ... ကြားပြီးပြီလား။ ကွေ့ယွမ်ဂိုဏ်း ဆိုတာ မိစ္ဆာဂိုဏ်းဗျ။ အဲဒီက ဂိုဏ်းသားတွေက သေမှာကို မကြောက်ကြဘူးတဲ့။ ပြီးတော့ တိုက်ခိုက်ရင်လည်း အောက်ပိုင်းတိုက်ကွက်တွေချည်းပဲ သုံးတာ... ဆိုးတာက တိုက်ပွဲသွားရင် အိတ်ထဲမှာ 'ချေး' တွေ ထည့်သွားကြသတဲ့ဗျ..." NPC ကျင့်ကြံသူ (ခ) - "ကြောက်စရာကောင်းလိုက်တာဗျာ... ပြီးခဲ့တဲ့တစ်ခေါက်က ကျုပ်မြင်လိုက်ရတာဆို ဒူးတောင်တုန်တယ်။ သူတို့ကောင်တွေ ဒါဇင်လိုက်ကြီး မိစ္ဆာယဇ်ပလ္လင်နားမှာ ဝိုင်းပြီး 'က' နေကြတာ... မိစ္ဆာကောင်ခမျာ ဘာလုပ်ရမှန်းမသိဘဲ စိတ်ဓာတ်တွေကျပြီး ဝိညာဉ်ကွဲကြေသွားရှာတယ်..." ရတနာဆောင် ပိုင်ရှင် - "မပြောပါနဲ့တော့ဗျာ... အဲဒါ ဓားပြတွေ... ဓားပြတွေ... ပြီးခဲ့တဲ့တစ်ခေါက်က လူတစ်ရာလောက် ကျုပ်ဆိုင်ကို ဝိုင်းပြီး ဈေးဆစ်ကြတာလေ... ကျုပ်ဖြင့် အသက်ထွက်မတတ်ပဲ..." ကွေ့ယွမ်ဂိုဏ်းချုပ် ကျန်းချန် (မျက်နှာကို လက်ဝါးဖြင့် အုပ်လျက်) - "ငါ မောလှပြီ... ဖျက်သိမ်းပစ်လိုက်ကြစို့... ဒီသောက်ကလေးတွေကို ထိန်းရတာ ခက်ခဲလွန်းတယ်..." ကစားသမား (မျက်နှာတွင် စိတ်လှုပ်ရှားမှု အပြည့်ဖြင့်) - "ဂိုဏ်းချုပ်ကြီးကလည်း စိတ်မလျှော့လိုက်ပါနဲ့ဗျာ... Event အသစ် ဘယ်တော့စမှာလဲ... ဟိုဘက် ချင်းယန်ဂိုဏ်းက စောင့်ရှောက်ရေးသားရဲကြီးက တော်တော်အသားတက်နေပြီတဲ့... ဘယ်တော့သွားပြီး စွပ်ပြုတ်လုပ်ကြမလဲဟင်... ဆာနေပြီဗျ..." *** ဒါကတော့ ဂိုဏ်းချုပ်ဖြစ်ဖို့ အတင်းအကျပ် တွန်းအားပေးခံရတဲ့ လူတစ်ယောက်နဲ့... ပြဿနာရှာဖို့ကလွဲရင် ဘာမှမလုပ်တတ်တဲ့ "ပေါက်ကရ" ဂိမ်းသမားတစ်သိုက် တို့ ပေါင်းပြီး ကျင့်ကြံခြင်းလောကကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် မွှေနှောက်မယ့် ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (မှတ်ချက်- ထမင်းစားရင်း ဖတ်ပါက သီးတတ်သဖြင့် သတိထား ဖတ်ရှုပါရန်။) ပုံမှန် သိုင်းကားတွေလို ဇာတ်လိုက်တစ်ယောက်တည်း စွမ်းနေတာမျိုး မဟုတ်ဘဲ၊ "Gamer" တွေ ကျင့်ကြံခြင်းလောကထဲ ရောက်သွားရင် ဘယ်လောက် ပျက်စီးမလဲ ဆိုတာကို မြင်ရမှာပါ။ ဂိမ်းလောကမှာ ကစားသမားတွေကို "စတုတ္ထမြောက် ကပ်ဘေး" လို့ တင်စားကြပါတယ်။ သူတို့က မသေဘူး၊ မမောဘူး၊ အတွေ့အကြုံမှတ် ရဖို့ဆို ဘာမဆို လုပ်ရဲကြတယ်။ ဒီသဘောတရားကို သိုင်းလောကထဲ ထည့်ရေးထားတာပါ။

