အကျဉ်းထောင်အတွင်းမှ ဆူညံသံများ (အပိုင်း ၂) - အဘိုးကြီး... ခင်ဗျားခေါင်းပေါ်မှာ မေးခွန်းသင်္ကေတ ရှိလား
Vol. 3 Ch. 45
~လျူယွမ် ဈေးတန်း အကျဉ်းထောင်။ အမှတ် (၄) အကျဉ်းခန်း။
နာရီဝက်ခန့် ကုန်ဆုံးသွားခဲ့၏။ အကျဉ်းခန်းအတွင်းရှိ လေထုမှာ အလွန်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းနေတော့၏။
မူလက ဤနေရာတွင် စုပြုံနေထိုင်နေကြသော အကျဉ်းသားဟောင်း အဘိုးကြီး လေးဦး ရှိ၏။ ၎င်းတို့သည် ဤနေရာ၏ အမှောင်ထုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့တွင် ကျင့်သားရနေခဲ့ကြပြီး၊ တစ်နေ့တစ်နေ့ ထောင့်တစ်နေရာ၌ သေနေ့စောင့်နေသည့် အသက်မဲ့ လူသေကောင်များပမာ ရှင်သန်နေခဲ့ကြခြင်း ဖြစ်၏။ ယနေ့... ဤအရူးတစ်သိုက် ရောက်မလာခင်အထိပေါ့။
ယခုအချိန်တွင်မူ ထိုအဘိုးကြီး လေးဦးမှာ ထောင့်တစ်နေရာတွင် တစ်ဦးကိုတစ်ဦး ဖက်ထားလျက် တုန်တုန်ယင်ယင်နှင့် အကျဉ်းခန်းအလယ်ကို စိုက်ကြည့်နေကြ၏။ သူတို့၏ မျက်လုံးများမှာ ထူးဆန်းသော သတ္တဝါကြီးများကို ကြည့်နေသည့်အလား ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။ ထိုနေရာတွင်မူ ထူးခြားဆန်းပြားလှသော ‘အကျဉ်းထောင် လက်ဖက်ရည်ဝိုင်း’ တစ်ခု ကျင်းပနေ၏။
“ဟိုးက အဘိုးကြီး... ကျွန်တော် ပြောနေတာ ကြားလား...”
ဝမ်သဲ့ဖာသည် ကောက်ရိုးပုံပေါ်တွင် ဇိမ်ကျကျ လှဲလျောင်းရင်း၊ ပါးစပ်တွင် မြက်ပင်တစ်ပင်ကို ခပ်ဟန်ကျကျ ကိုက်ထားကာ အကျဉ်းထောင်၏ ‘ဂိုဏ်းစတား’ ပုံစံ ဖမ်းနေ၏။
“ဟိုးထောင့်မှာ သွားကပ်မနေပါနဲ့ဗျာ... ဒီကိုလာပြီး စကားစမြည်လေး ဘာလေး ပြောရအောင်... ညကလည်း ရှည်သေးတယ်၊ အိပ်လို့လည်း မပျော်ဘူး... အားရင် ဝိုင်းဖွဲ့ စကားပြောကြတာပေါ့...”
ထောင့်တစ်နေရာရှိ ပိန်လှီသော တသီးပုဂ္ဂလ ကျင့်ကြံသူ အဘိုးကြီးမှာမူ တစ်ကိုယ်လုံး တုန်ရီနေပြီး မလှုပ်ရဲရှာချေ။
ဇာတ်ကောင် က ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည်ကို မြင်သောအခါ၊ ကျွမ်းကျင်ကစားသမား ‘ကောင်းကင်ခွင်း ဓားတစ်လက်’ က အနည်းငယ် စိတ်မရှည်ဖြစ်လာ၏။ သူသည် မတ်တတ်ရပ်လိုက်ပြီး အဘိုးကြီးဆီသို့ လျှောက်သွားကာ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်၏။ သူသည် အဘိုးကြီးကို အလွန် လေးနက်သော၊ စူးစမ်းလိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်မှာ ဘယ်ကရမှန်းမသိသော ပစ္စည်းအသစ်တစ်ခုကို စစ်ဆေးနေသည့်အလားပင်။
“အဘိုး... မကြောက်ပါနဲ့ဗျာ...”
‘ကောင်းကင်ခွင်း ဓားတစ်လက်’ က သူ၏ အသံကို တတ်နိုင်သမျှ နူးညံ့အောင် ပြုပြင်ပြီး မေးလိုက်၏။
“ကျွန်တော် သိချင်တာလေး တစ်ခုရှိလို့ပါ... အဘိုးရဲ့ ခေါင်းပေါ်မှာ ဟို... ဝါဝါတောက်တောက်နဲ့ မေးခွန်းသင်္ကေတကြီးများ ရှိနေမလားလို့ပါ...”
အဘိုးကြီးမှာ ကြောင်အမ်းသွားပြီး...
“မေးခွန်းသင်္ကေတ ဟုတ်လား... အဲဒါ ဘာကြီးလဲကွယ်... ငါ့မှာ ဘာမှ မရှိပါဘူး...”
“အာ... မင်းကလည်း မပြောတတ်လိုက်တာ...”
‘ကောင်းကင်ခွင်း ဓားတစ်လက်’ က စကားလုံးကို ပြောင်းလဲပြီး ထပ်ရှင်းပြလိုက်၏။
“အဘိုးမှာ ဘာများ နာကြည်းချက်တွေ ရှိလဲ... ဥပမာ - အဖေဖြစ်သူ အသတ်ခံလိုက်ရတာတို့၊ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ ရတနာ အခိုးခံရတာတို့... ဒါမှမဟုတ် ပျောက်ဆုံးနေတဲ့ ချောချောလှလှ မြေးမလေးကို ကယ်တင်ပေးဖို့ လိုအပ်နေတာမျိုးတို့ပေါ့...”
ဘေးနားရှိ ‘ရှန်နွန် ဆေးမြစ်စမ်းသပ်သူ’ ကလည်း တိုးကပ်လာပြီး မျှော်လင့်ချက်အပြည့်ဖြင့် ဝင်မေးလိုက်ပြန်၏။
“ဒါမှမဟုတ်ရင်ရော... ဒီ အကျဉ်းထောင်ထဲမှာ တစ်နေရာရာမှာ ဝှက်ထားတဲ့ သိုင်းကျမ်းတွေ ဘာတွေ ရှိလားဗျ... ပြိုင်ဘက်ကင်း သိုင်းကျမ်းတွေလေ...”
အကျဉ်းသားဟောင်းကြီးများမှာ ငိုချင်စိတ်ပင် ပေါက်သွားကြချေပြီ။
“အရှင်တို့ရယ်... ကျွန်တော်တို့က ဝိညာဉ်ကျောက်တုံးလေး တစ်တုံး ခိုးမိလို့ ဖမ်းခံရတာပါ... အဲဒါတွေ တစ်ခုမှ မသိပါဘူးဗျာ...” အဘိုးကြီးမှာ တောင်းပန်တိုးလျှိုးလျက် ရှိ၏။
“သောက်ကျိုးနည်း... ဒီ ဇာတ်ကောင်တွေက ဘာမှ မသိတဲ့ အသုံးမကျတဲ့ကောင်တွေပဲ... လျှို့ဝှက် တာဝန်လေး တစ်ခုတောင် မရှိဘူး...”
ကစားသမားများမှာ စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူရင်း လှည့်ထွက်သွားကြပြန်၏။
ထို့နောက်တွင်မူ အကျဉ်းခန်းအတွင်းရှိ လေထုမှာ နောက်တစ်ကြိမ် ထပ်မံ ပြောင်းလဲသွားပြန်တော့သည်။
စက်ရုပ်အက ကသူများက ကျဉ်းမြောင်းလှသော နေရာလွတ်ထဲတွင် လက်ထောက်ကခုန်ခြင်း၊ ခေါင်းဖြင့် ထောက်ကာ လှည့်ခြင်းများကို လေ့ကျင့်နေကြ၏။ စားဖိုမှူး ‘ကျောက်ကပ်ကြော်’ ကမူ မြေကြီးပေါ်တွင် ဟင်းချက်နည်း အသစ်များကို စဉ်းစားကာ လက်ညှိုးဖြင့် ဝိုင်းဝိုင်းလည်အောင် ပုံဆွဲနေတော့၏။
အဆိုးရွားဆုံးမှာ ‘လျန်ရှန်းပို နှင့် ကျူးယွီ’ ဟု အမည်ရသော ဆောက်လုပ်ရေး ဝါသနာရှင် နှစ်ဦးပင် ဖြစ်ချေ၏။ သူတို့သည် ဘယ်ကရမှန်း မသိသော သစ်သား ဇွန်းအကျိုး နှစ်ချောင်းကို ကိုင်ကာ၊ အကျဉ်းခန်း၏ အမှောင်ဆုံး ထောင့်တစ်နေရာတွင် ဖင်ဗူးတောင်း ထောင်လျက် နံရံခြေရင်းမှ မြေကြီးများကို အသည်းအသန် တူးဆွနေကြသည်။
“ရှူး... အသံတိုးတိုးလုပ်လေ...”
တစ်ယောက်က အလွန် လေးနက်သော မျက်နှာပေးဖြင့် ပြောလိုက်၏။
“ငါကြည့်ဖူးတဲ့ ‘အကျဉ်းထောင်မှ ဖောက်ထွက်ခြင်း’ ဇာတ်လမ်းတွဲ အပိုင်း (၅၀၀) ရဲ့ အတွေ့အကြုံအရ... ဒီနေရာက မြေကြီးက အပျော့ဆုံးပဲ.. ငါတို့သာ ဇွဲမလျှော့ဘဲ (၃) နှစ်ကနေ (၅) နှစ်လောက် တူးမယ်ဆိုရင်... အပြင်ဘက် မိလ္လာပိုက်လိုင်းဆီ ရောက်သွားမယ့် မြေအောက်လှိုဏ်ဂူကြီး တစ်ခုကို သေချာပေါက် ရနိုင်တယ်ဟေ့..”
“နေဦး... ညီအစ်ကို... ငါတို့က မနက်ဖြန် ဒဏ်ငွေဆောင်ပြီး ပြန်လွတ်မှာ မဟုတ်ဘူးလား...” နောက်တစ်ယောက်က ကြောင်တောင်တောင်နှင့် မေးလိုက်၏။
“မင်းက ဘာမှ မသိဘူးပဲ.. ဒါကို ခံစားချက် အနှစ်သာရ လို့ ခေါ်တယ်ကွ.. ထောင်ထဲရောက်ပြီး မြေကျင်းလေး တစ်ကျင်းတောင် မတူးရဘူးဆိုရင်... ဒါကို ထောင်ကျတယ်လို့ ခေါ်လို့ ရမလား...”
ထောင့်တစ်နေရာမှ အကျဉ်းသားဟောင်း လေးဦးမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း... အချို့က လက်ထောက်ကခုန်နေသည်၊ အချို့က ပုံဆွဲနေသည်၊ အချို့ကမူ ဇွန်းနှင့် နံရံကို တူးနေသည်...။
သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ တစ်ဦး၏ မျက်လုံးထဲတွင် တစ်ဦးက မျှော်လင့်ချက်ကင်းမဲ့မှုနှင့် မိမိကိုယ်ကိုယ် သံသယဖြစ်မှုများကို မြင်လိုက်ကြရ၏။
“ငါတို့... ရူးသွားကြပြီလား...”