← Chapters

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁) - မိစ္ဆာဂူအား စူးစမ်းခြင်း (အပိုင်း ၂) .. ရုပ်ပိုင်းဆိုင်ရာ ကယ်တင်ခြင်းလား... မဟုတ်ပါဘူးခင်ဗျာ... ကျွန်တော်တို့က ဖြိုဖျက်ရေး လာလုပ်ကြတာပါ

~တောင်နောက်ကျောဘက်ရှိ စွန့်ပစ်ထားသော မိုင်းတွင်းဟောင်း။

မြေအောက် အနက် မီတာ (၃၀၀)။ ယဇ်ပလ္လင် ရှိသော လှိုဏ်ဂူ။

ယခုအချိန်၌ နှစ်ထောင်ပေါင်းများစွာ စာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ဤမြေအောက်နေရာကြီးသည်... သံချင်းရိုက်သံများ၊ ထူးဆန်းသော အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည့် ဆူညံပွက်လောရိုက်နေသော ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးတစ်ခု အဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့၏။

သွေးနီရောင် မိစ္ဆာအလင်းရောင်သည် လူတိုင်း၏ မျက်နှာကို မီးတောက်ကဲ့သို့ နီရဲသွားအောင် ဆေးခြယ်ပေးနေ၏။ သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှုဟူ၍ တစ်စက်မျှ မရှိဘဲ... ရွှေတောင် ငွေတောင်ကြီးကို မြင်လိုက်ရသကဲ့သို့ ရူးသွပ်သော စိတ်အားထက်သန်မှုများကိုသာ တွေ့မြင်နေရသည်။ မီးတုတ်ရောင်များသည် လှိုဏ်ဂူနံရံများပေါ်တွင် ဖရိုဖရဲ ကခုန်နေသော မိစ္ဆာအရိပ်မည်းကြီးများကို ထိုးကျနေစေသည်။

“ချဟေ့... စွမ်းရည်စာအုပ်အတွက်...”

“မွန်းစတား လုဟေ့... ဦးသူ ယူစတမ်း... နောက်ဆုံး အချက် လုပ်တဲ့သူ အတွေ့အကြုံမှတ် ရမယ်...”

(၅) စက္ကန့်လျှင် သွေး (၁) မှတ် လျော့ကျနေသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဒီဘာဖ်ကို ခံစားနေရသော ကစားသမား (၁၀၀) ကျော်သည် သွေးနံ့ရထားသော ပီရန်ညှာ ငါးအုပ်ကြီးပမာ ယဇ်ပလ္လင် ရှိရာနေရာကို ချက်ချင်း ဝိုင်းအုံ လွှမ်းခြုံသွားကြတော့သည်။

“ဘွန်း... ဂရား....”

ယဇ်ပလ္လင် အတွင်းရှိ ရှေးဟောင်း စိတ်ဆန္ဒ သည် အလွန်အမင်း ဒေါသထွက်သွားချေပြီ။ သူသည် ဤမျှ များပြားသော၊ ဤမျှ အကြောက်အလန့် ကင်းမဲ့ပြီး ရိုင်းစိုင်းသော ပုရွက်ဆိတ်အုပ်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

အစွန်းရောက် ဒေါသများဖြင့် ပြည့်နှက်နေသော ဝိညာဉ်ဟိန်းဟောက်သံကြီး နှင့်အတူ... ယဇ်ပလ္လင် ပတ်လည်ရှိ မြေမည်းများသည် အောက်ဘက်မှ ဧရာမ သတ္တဝါကြီးတစ်ကောင်က မွှေနှောက်လိုက်သကဲ့သို့ တဖန်ပြန်လည် ပြင်းထန်စွာ လှုပ်ရှားလာပြန်သည်။

“ဖောင်း... ဖောင်း... ဖောင်း...”

မြေကြီးထဲမှနေ၍ လက်ကောက်ဝတ်လောက် ထူထဲပြီး ဆူးများပါရှိသော နောက်ထပ် အနက်ရောင် မိစ္ဆာလက်တံ (၇) (၈) ချောင်းခန့် ထပ်မံ ပေါက်ကွဲထွက်လာ၏။ ၎င်းတို့သည် ဒေါသထွက်နေသော အဆိပ်မြွေကြီးများအလား ညှီစော်နံသော အနံ့ဆိုးများနှင့်အတူ... မာန်တက်နေသော ကျူးကျော်သူများကို ရက်စက်စွာ ရိုက်နှက် တိုက်ခိုက်တော့သည်။

စစ်မှန်သော "လူသား နှင့် မိစ္ဆာ စစ်ပွဲကြီး" စတင်တော့၏။

စောစောကမှ လက်တံ ရိုက်ချက်ကြောင့် လွင့်ထွက်သွားခဲ့သော ပင်မတင့်ခ် ဝမ်သဲ့ဖာသည် ယခုအခါတွင် (သက်တမ်းကုန်နေမှန်း မသိရသော တောထဲက ကောက်ရသည့်) အရည်အသွေးနိမ့် ကုသဆေးလုံး တစ်လုံးကို သောက်သုံးလိုက်ပြီးနောက်... နဂါးတစ်ကောင်လို ပြန်လည် တက်ကြွ လန်းဆန်းနေတော့၏။

ဝမ်သဲ့ဖာသည် (ကြွက်သားရေ ချပ်ဝတ် ဝတ်ထားသည့်) သူ့အသားထူမှုကို အားကိုးလျက်... ရှောင်တိမ်းခြင်း၊ နောက်ဆုတ်ခြင်း မပြုဘဲ... သူ့ဆီသို့ ရိုက်ချလိုက်သော လက်တံကြီး တစ်ခုဆီသို့ ခေါင်းနှင့် တိုးဝင်လိုက်၏။

“ဖြောင်း...”

လက်တံကြီးသည် သူ၏ ရိုးရှင်းသော ကြွက်သားရေ ချပ်ဝတ်ပေါ်သို့ အားကုန် ရိုက်မိသွားရာ မီးပွားများ လွင့်စင်သွားပြီး ကြွက်သားရေ အပိုင်းအစ အချို့ စုတ်ပြတ်ထွက်သွားသည်။ ဝမ်သဲ့ဖာ ယိုင်သွားပြီး လဲကျမတတ် ဖြစ်သွားကာ သူ့သွေးတန်း နောက်ထပ် တစ်ဆင့် လျော့ကျသွား၏။

သို့သော် သူသည် နောက်မဆုတ်ဘဲ... လက်တံ၏ အရှိန်ဟောင်းကုန်ပြီး အရှိန်သစ် မယူရသေးခင် စပ်ကြား ကာလကို အခွင့်ကောင်းယူကာ... ချောကျိပြီး တွန့်လိမ်နေဆဲ ဖြစ်သော အနက်ရောင် လက်တံကြီးကို ဖမ်းဆုပ်လိုက်ပြီး ဟိန်းဟောက်လိုက်၏။

“သောက်ကျိုးနည်း... မင်းကများ ဖက်တီးကြီး မျက်နှာကို ရိုက်ရဲတယ်ပေါ့... သေစမ်း...”

သူသည် လက်တံကို တုတ်ခိုင်သော လက်မောင်းနှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဖက်ထားလိုက်၏။... ကျန်လက်တစ်ဖက်မှ အနည်းငယ် ကောက်ကွေးနေပြီ ဖြစ်သော သံမဏိ ဂေါ်ပြားကြီးကို ဝှေ့ယမ်းကာ... သူ ဖက်ထားသော လက်တံပေါ်သို့ မိုးရွာသလို ထုနှက် တိုက်ခိုက်တော့သည်။ ပါးစပ်မှလည်း ကိုယ်တိုင် အသံဖော်၍ နောက်ခံစာသားများ ရွတ်ဆိုနေလေ၏။

“ရှစ်ဆယ်... ရှစ်ဆယ်... ရှစ်ဆယ်... မင်း မသေဘူးလား ကြည့်ရသေးတာပေါ့ကွာ...”

“ဒေါင်... ဒေါင်...”

ဂေါ်ပြားသည် လက်တံ၏ အလွန်အမင်း မာကျောသော အရေပြားကို ရိုက်မိရာ ကျွဲရေပြားဟောင်းကြီးကို ရိုက်မိသကဲ့သို့ မာကျောသည့် အသံအုပ်အုပ်များ ထွက်ပေါ်လာပြီး ဝမ်သဲ့ဖာ၏ လက်များ ထုံကျဉ်သွားစေသည်။ လက်တံပေါ်တွင်မူ အဖြူရောင် အရာမထင့်တထင် အချိုင့်ခွက်လေးများသာ ကျန်ရစ်ခဲ့၏။

စနစ်၏ အသိပေးချက် ကမူ အလွန်အမင်း အားပေးရာ ရောက်လှသည်။

[တိုက်ခိုက်မှု အောင်မြင်သည်။ သင်သည် မိစ္ဆာလက်တံကို အတင်းအကြပ် ထိခိုက်မှု (၂) မှတ် ပေးနိုင်ခဲ့သည်။ ]

“တောက်... ဒီကောင်ကြီးရဲ့ ကာကွယ်မှုက တကယ် မြင့်တာပဲဟ... ညီအစ်ကိုတို့... လာဝိုင်းကြ...”

ဝမ်သဲ့ဖာ ညာသံပေးလိုက်သည်။

အခြား ကစားသမားများလည်း ငြိမ်မနေကြပေ။ သူတို့၏ တစ်ဦးချင်း တိုက်ခိုက်မှု နိမ့်ကျပြီး ကာကွယ်မှုကို ဖောက်ထွင်းရန် ခက်ခဲကြောင်း သိထားကြသဖြင့်... အလိုအလျောက်ပင် "ဖြိုဖျက်ရေး အဖွဲ့ငယ်" များ ဖွဲ့စည်းလိုက်ကြ၏။

ကစားသမား (၅) (၆) ယောက်သည် လက်တံတစ်ခုကို ဝိုင်းလိုက်ကြသည်။ ခွန်အားကြီးသော (၂) ယောက်က ဝမ်သဲ့ဖာကို အတုယူကာ လက်တံကို မလှုပ်နိုင်အောင် အတင်း ဝင်ဖက်ထားကြ၏။ (သူတို့သည် မကြာခဏဆိုသလို ရုန်းကန်နေသော လက်တံကြီးကြောင့် လေပေါ်သို့ လွင့်စင်သွားပြီး ကျောက်နံရံနှင့် သွားဆောင့်မိလေ့ ရှိကြသည်)။ ကျန်သော သူများကမူ ချွန်ထက်သော ပေါက်ချွန်းများကို ကိုင်ဆောင်လျက်... လက်တံနှင့် မြေကြီး ဆက်စပ်နေသော အောက်ခြေ အရင်းပိုင်းကို အသည်းအသန် တူးဆွကြတော့၏။

“ညီအစ်ကိုတို့... အားစိုက်ဟေ့... အပေါက်ဖောက်ကွ...”

“သူ့အရေပြားက ဂရနိုက်ကျောက်တုံးထက် မာတယ်ဆိုတာ ငါ မယုံဘူး... သံတိုင်ကို ကြိတ်ရင်တောင် အပ်ဖြစ်သေးတာပဲကွ...”

ပေါက်ချွန်းသံများ၊ ထုနှက်သံများ တရစပ် ထွက်ပေါ်နေပြီး မီးပွားများ နေရာအနှံ့ လွင့်စင်နေသည်။ ရိုက်ချက်တစ်ခုစီသည် ဂဏန်းတစ်လုံးတည်း ထိခိုက်မှုလောက်သာ ပေးနိုင်သော်လည်း... ပေါက်ချွန်း အရေအတွက်က များလွန်းလှသည် မဟုတ်ပါလော။ ပုရွက်ဆိတ် အကောင်များရင် ဆင်တောင် သေနိုင်သည်လေ။

ဖရိုဖရဲ ဖြစ်နေမှုများအကြားတွင်... အတွေ့အကြုံရင့် ကန်ထရိုက်တာကြီး 'ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း' သည် မျက်ကွယ်ပြုထားမိသော အချက် တစ်ခုကို ရှာဖွေတွေ့ရှိသွား၏။

သူသည် ဆေးတံကို တစ်ချက် ဖွာလိုက်ပြီး... ရမ်းခါလာသော လက်တံတစ်ခုကို ပါးပါးလေး ရှောင်တိမ်းလိုက်ကာ အော်ဟစ်လိုက်သည်။

“လက်တံတွေကိုချည်းပဲ လိုက်ရိုက်မနေကြနဲ့... အဲ့ဒါတွေက ပြန်ပြည့်လာမှာ.. ပြန်ပေါက်လာမှာ... အဲ့ဒါက ရောဂါလက္ခဏာကိုပဲ ကုနေတာ... အမြစ်ပြတ်အောင် ကုတာ မဟုတ်ဘူး...”

သူသည် လက်ညှိုးကို မြှောက်လိုက်ပြီး... ယဇ်ပလ္လင် အောက်ခြေရှိ ထောင့်စွန်းတစ်နေရာတွင် အနည်းငယ် ငေါထွက်နေသော ဧရာမ အနက်ရောင် အုတ်မြစ်ကျောက်တုံးကြီးကို ညွှန်ပြလိုက်သည်။ သူ့မျက်လုံးများတွင် ကျွမ်းကျင်သူ ပီသသော အရောင်များ တောက်လောင်နေလေ၏။

“ဟိုမှာ... အုတ်မြစ် ပဲ... ငါ့အတွေ့အကြုံအရဆိုရင် အုတ်မြစ်သာ ကျိုးသွားရင်... ဒီ တရားမဝင် အဆောက်အဦး (ယဇ်ပလ္လင်) ကြီး ပြိုကျသွားလိမ့်မယ်...”

“ဟေ့... ဆောက်လုပ်ရေး အဖွဲ့သားတွေ... ပေါင်တူတွေ၊ သံတူရွင်းတွေ ပါတဲ့လူတွေ... ငါ့နောက် လိုက်ခဲ့... သူတို့အနောက်ဘက်ကို ပတ်သွားပြီး မြေကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်ကြမယ်...”

ထို့ကြောင့်... ခွန်အားလိုင်း ကစားသမား (၂၀) ကျော်သည် လက်တံများကို စွန့်လွှတ်လိုက်ပြီး ယဇ်ပလ္လင်၏ အနောက်ဘက်သို့ ပတ်သွားကြ၏။ သူတို့သည် ကီလို (၁၀) ကျော် လေးလံသော သံပေါင်တူကြီးများကို မကာ... ယဇ်ပလ္လင်၏ အလွန်အမင်း မာကျောသော မဟူရာကျောက် အောက်ခြေကို ကြမ်းတမ်းစွာ ဖြိုဖျက်ကြတော့သည်။

“ဒုတ်... အုန်း... အုန်း...”

တူတစ်ချက် ထုလိုက်တိုင်း မီးပွားများ လွင့်စင်သွားပြီး မြေအောက် လှိုဏ်ဂူတစ်ခုလုံး တုန်ခါသွားကာ ကျောက်စများနှင့် ဖုန်မှုန့်များ တဖွားဖွား ကျဆင်းလာသည်။

ယဇ်ပလ္လင် အတွင်းရှိ ရှေးဟောင်း မိစ္ဆာဝိညာဉ်ကြီးမှာမူ လုံးဝ (လုံးဝ) ကြောင်အမ်းအမ်း ဖြစ်သွားရှာ၏။

သူသည် နှစ်ထောင်ပေါင်းများစွာ နေထိုင်လာခဲ့ပြီး... တံဆိပ်ခတ်သူများ ၊ အဆင့်မြင့် ကျင့်ကြံသူများနှင့် ခမ်းနားကြီးကျယ်စွာ တိုက်ခိုက်ရမည့် ဇာတ်ဝင်ခန်းပေါင်း များစွာကို စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ဖူးသည်။ သို့သော်... တစ်နေ့သောအခါတွင် ကျင့်ကြံခြင်း အစောပိုင်းအဆင့်သာ ရှိသော အားနည်းသည့် ပုရွက်ဆိတ်အုပ်စုက... ဂေါ်ပြားတွေ၊ ပေါက်ချွန်းတွေ၊ ပေါင်တူတွေ ကိုင်ဆောင်ပြီး... ဖြိုဖျက်ရေး အဖွဲ့ တစ်ခုလို ဝိုင်းဖွဲ့ ဖြိုဖျက်တာ ခံရလိမ့်မည် ဟူ၍တော့ အိပ်မက်ထဲမှာတောင် မမက်ဖူးခဲ့ချေ။

သူ ဂုဏ်ယူဝင့်ကြွားခဲ့သော 'မိစ္ဆာအငွေ့အသက် တိုက်စားခြင်း' ကို ဒီလူတွေက အမြည်းစားသလို သဘောထားပြီး အသားခြောက် ဝါးရင်း ခံနိုင်ရည် ရှိနေကြသည်။

ကျောက်တုံးများကို အလွယ်တကူ ရိုက်ခွဲနိုင်သော သူ့လက်တံကြီးများကို ဒီလူအုပ်စုက အတင်း ဝိုင်းဖက်ထားပြီး "မြေစိုက်တိုင် ရိုက်ခြင်း" လေ့ကျင့်ရန် ပစ်မှတ်အဖြစ် အသုံးပြုနေကြ၏။

အရယ်ရဆုံးမှာ... သူ့အနောက်ဘက်က လူအုပ်စုက သူ့အောက်ခြေကို တကယ်ကြီး တူးဖြိုနေကြခြင်းပင်။ ပေါင်တူနှင့် ရိုက်လိုက်တိုင်း ဖြစ်ပေါ်လာသော တုန်ခါမှုသည် သူ့ကို ကာလကြာရှည် ပျောက်ဆုံးနေခဲ့သော ကြောက်ရွံ့မှုတစ်ခုကို ခံစားလာရစေသည်။

“ဂရား...........”

ယဇ်ပလ္လင်ကြီးသည် ပြောပြမတတ်သော အရှက်ရမှုကို ခံစားလိုက်ရသည်။ သူသည် ဆက်လက် သည်းမခံတော့ဘဲ... ဤပုရွက်ဆိတ်များကို ပေးဆပ်စေရန် ဆုံးဖြတ်လိုက်၏။

လှိုဏ်ဂူအလယ်ရှိ ကျောက်မည်းပြားကြီးပေါ်မှ သင်္ကေတများသည် ရုတ်တရက် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေရာမှ ရပ်တန့်သွားပြီး... မျက်စိကျိန်းလောက်အောင် တောက်ပသော သွေးနီရောင် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အလွန်အမင်း အေးစက်သော၊ ဆိုးညစ်သည့် ဝိညာဉ်လှိုင်းကြီး တစ်ခုသည် ယဇ်ပလ္လင်မှနေ၍ စက်ဝိုင်းသဏ္ဌာန် အပြင်ဘက်သို့ ပြင်းထန်စွာ ပျံ့နှံ့သွားလေ၏။

[ဘော့စ် စကေးလ်: မိစ္ဆာဝိညာဉ် တုန်ခါမှု - ဧရိယာလိုက် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု..]

အသည်းအသန် တိုက်ခိုက်နေကြသော ကစားသမား အားလုံးသည် ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားကြသည်။

ထိုခံစားမှုသည် ဆောင်းရာသီ အလယ်ခေါင်တွင် ရေခဲရေဖြင့် အလောင်းခံလိုက်ရသကဲ့သို့... အရိုးထဲထိ စိမ့်အောင် အေးခဲသွားပြီး ဝိညာဉ်ကိုပါ တောင့်တင်းသွားစေသည်။ အမြင်အာရုံများ ဝေဝါးလာပြီး သွေးနီရောင် ပုံရိပ်ယောင်များ ဖုံးလွှမ်းသွား၏။ နားထဲတွင် သရဲတစ္ဆေများ ငိုရှိုက်သံကဲ့သို့သော အသံများကို ကြားယောင်လာပြီး... အောက်ဆုံး အနက်ရှိုင်းဆုံး ချောက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ထိန်းချုပ်၍မရသော ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့သည် ရင်ထဲမှ လှိုက်တက်လာ၏။

“ဟာ... ဘာဖြစ်သွားတာလဲ... ငါ မလှုပ်နိုင်တော့ဘူး...”

“ဘာလို့ မျက်နှာပြင်ကြီးက နီရဲသွားတာလဲ... ငါ့ရဲ့ SAN Value တွေ အရူးလို ကျနေတာလား... ငါ... ငါ့ရဲ့ 'ရတနာလေး' ကို မြင်ယောင်နေမိသလိုပဲ...”

“ဒါ ..ဘော့စ် ရဲ့ အာတီမိတ် ပဲ... လူအုပ် ထိန်းချုပ် စွမ်းရည်ကွ... ငါတို့ အဖွဲ့လိုက် ပြောင်တော့မယ်...”

လူ (၁၀၀) ကျော်သည် ပြုစားခံလိုက်ရသကဲ့သို့ ချက်ချင်းပင် ကျောက်ရုပ် ဖြစ်သွားကြပြီး... ထူးဆန်းသော ကိုယ်ဟန်အနေအထား အမျိုးမျိုးဖြင့် တောင့်တင်းနေကြ၏။ အချို့က ဂေါ်ပြားကို မြှောက်ထားလျက်၊ အချို့က လက်တံကို ဖက်ထားလျက်၊ အချို့က ပေါင်တူ ရွယ်ထားလျက်တန်းလန်းပင်။

သူတို့၏ သွေးတန်းများသည် ပိုမို ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် စတင် လျော့ကျလာတော့၏။

ထိုအခါ၊ ယဇ်ပလ္လင် အတွင်းရှိ မိစ္ဆာဝိညာဉ်ကြီးသည် ကျေနပ်အားရစွာဖြင့် အေးစက်သော ရယ်သံကြီး ထုတ်လွှတ်လိုက်သည်။

'ဟွန်း... ပုရွက်ဆိတ်ဆိုတာ ပုရွက်ဆိတ်ပါပဲ... စစ်မှန်တဲ့ စွမ်းအားရှေ့မှာ တုန်လှုပ်ချောက်ခြားပြီး... မျှော်လင့်ချက်မဲ့စွာနဲ့ ငါ့အတွက် အာဟာရ ဖြစ်လာကြစမ်း...'

သို့သော်...။

သူသည် ဤသတ္တဝါအုပ်စု၏ ကြံ့ခိုင်မှု (နှင့် ရူးသွပ်မှု) ကို လျှော့တွက်ခဲ့မိချေသည်။

လူတိုင်း ထိန်းချုပ်ခံထားရပြီး အဖွဲ့လိုက် သေဆုံးတော့မည့် ဆဲဆဲတွင်...၊

မျှော်လင့်မထားသော အသံတစ်သံသည် သုသာန်တစပြင်ပမာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

လူအုပ်၏ အနောက်ဆုံးတွင်... ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ညံ့ဖျင်းသဖြင့် အနောက်ဘက်တွင် ပုန်းအောင်းနေခဲ့ကြသော "စက်ရုပ်အကသမား" အချို့သည် ကိုယ်ခန္ဓာ မလှုပ်ရှားနိုင်သော်လည်း ပါးစပ်က လှုပ်ရှားနိုင်ကြသေးသည်။

ဤ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုကို တွန်းလှန်ရန်အတွက်... သူတို့သည် အလိုအလျောက်ပင် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ကို ရှာဖွေပြီး အာရုံလွှဲရန် ကြိုးစားလိုက်ကြ၏။

ထို့နောက်... ကစားသမား တစ်ဦးသည် နှုတ်ခမ်းများ တုန်ယင်လျက်... သူတို့၏ DNA ထဲတွင် စွဲမြဲနေသော စည်းချက်တစ်ခုကို ကီးကြောင် အသံဖြင့် တိုးတိုးလေး စတင် ညည်းညူလိုက်၏။

“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း…”

အခန်း (၆၂) - မိစ္ဆာဂူအား စူးစမ်းခြင်း (အပိုင်း ၂) .. အတင်းအကြပ် "သင်္ချိုင်းကုန်းမှာ ကခိုင်းခြင်း" နဲ့ သေမင်းကို အန်တုသော တန်ပြန်တိုက်ခိုက်မှု

~မြေအောက် လှိုဏ်ဂူ။ ယဇ်ပလ္လင် အရှေ့။

အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။

ကစားသမား (၁၀၀) ကျော်သည် ထူးဆန်းသော ကိုယ်ဟန်အနေအထား အမျိုးမျိုးဖြင့် ကျောက်ရုပ်များအလား တောင့်တင်းနေကြ၏။ သူတို့သည် ဘဝခလုတ် ခေတ္တပိတ်ထားခြင်း ခံရသော 'မြေထည်စစ်သည်တော်' ရုပ်တုများပမာ ဖြစ်နေ၏။ သူတို့၏ မျက်လုံးထဲမှ အလင်းရောင်များသည် ကြောက်ရွံ့မှု၏ ဝါးမြိုခြင်းကို ခံနေရပြီး... ခေါင်းပေါ်ရှိ သွေးတန်းများသည် အပေါက်ပါနေသော ရေပုံးများကဲ့သို့ တရိပ်ရိပ် လျော့ကျနေ၏။ အချို့ဆိုလျှင် အသက်အန္တရာယ် စိုးရိမ်ရသည့် အဆင့် သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ယဇ်ပလ္လင် အတွင်းရှိ ရှေးဟောင်း မိစ္ဆာဝိညာဉ်ကြီးသည် ဤအရာအားလုံးကို ကျေနပ်အားရစွာဖြင့် ခံစားနေ၏။ သူသည် ဤပုရွက်ဆိတ်များ၏ ဝိညာဉ်မှ ထွက်ပေါ်လာသော မျှော်လင့်ချက်မဲ့မှုများကို အရသာခံနေ၏။ ၎င်းသည် သူ၏ အကောင်းဆုံး အာဟာရ ဖြစ်၏။ သူသည် နောက်ဆုံး ရိတ်သိမ်းမှုကြီး ပြုလုပ်ပြီး ဝိညာဉ်အားလုံးကို ဝါးမြိုပစ်ရန် ပြင်ဆင်လိုက်သည်။

'ကြောက်ရွံ့မှုတွေကြားမှာ ပျက်စီးသွားကြစမ်း...'

သို့သော်... ဤ အရေးကြီးသော အခိုက်အတန့်၌...။

လူတန်းရှည်ကြီး၏ အနောက်ဘက် အစွန်ဆုံးမှ ထွက်ပေါ်လာသော... တိုးညှင်းသော်လည်း စိတ်ကို ဖမ်းစားနိုင်စွမ်းရှိသည့် ထိုအသံလေးများ... “ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...” ... သည် တစ်ခုတည်းသော ကွဲပြားခြားနားမှု ဖြစ်လာခဲ့၏။

အသံသည် အလွန် တိုးညှင်း၏။ အစပိုင်းတွင် ခြင်တစ်ကောင် ညည်းသံလောက်သာ ရှိ၏။ သို့သော် လုံးဝ တိတ်ဆိတ်နေသော မြေအောက် လှိုဏ်ဂူထဲတွင်မူ ထိုအသံသည် ထူးကဲစွာ ရှင်းလင်းပြတ်သားနေပြီး... နားထဲသို့ စူးရှစွာ တိုးဝင်ကာ ထိုးဖောက်နိုင်စွမ်း အလွန် မြင့်မားနေ၏။

ဤ ညှို့ဓာတ်ပြင်းသော စည်းချက်သည် တည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့... ဂယက်များကို လျင်မြန်စွာ ဖြစ်ပေါ်စေသည်။

အနီးဆုံးတွင် ရှိနေသော ကစားသမားများသည် ဦးဆုံး စတင် ကြားလိုက်ရသည်။

အစပိုင်းတွင် သူတို့၏ စိတ်အာရုံသည် မိစ္ဆာဝိညာဉ်၏ ကြောက်မက်ဖွယ် ဟိန်းဟောက်သံများနှင့် ပုံရိပ်ယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် လူသား၏ ဦးနှောက်သည် အံ့သြဖွယ် ကောင်းလှ၏။ ၎င်းသည် ပုံမှန် စည်းချက်ကျပြီး ဦးနှောက်ကို ဆေးကြောနိုင်စွမ်းရှိသော ဤစည်းချက်သံကို ဖမ်းယူနိုင်စွမ်းရှိသော သဘာဝ အရည်အချင်း ပါရှိ၏။

တဖြည်းဖြည်းနှင့်... ကြောက်မက်ဖွယ် ဟိန်းဟောက်သံများသည် သူတို့၏ စိတ်ထဲမှ မှေးမှိန်ပျောက်ကွယ်သွားပြီး... အဆုံးမဲ့ လည်ပတ်နေသော “ဒုန်း... ဒုန်း... ဒုန်း...” သံသရာ ဖြင့် အစားထိုး ဝင်ရောက်လာတော့သည်။

'လခွမ်း... ဒါ ဘယ်လို အောက်တန်းကျတဲ့ နောက်ခံဂီတ လဲဟ... ငါ့ခေါင်းထဲမှာ တဝဲလည်လည် ဖြစ်နေပြီ...'

'ဒီစည်းချက်က... တကယ်တော့ နားထောင်လို့ ကောင်းသားပဲ... ငါ သိပ်မကြောက်တော့ဘူး ထင်တယ်...'

ရုတ်တရက် ပေါ်လာသော ဤအရူးချီးပန်း သတင်းကြောင့် ကြောက်ရွံ့မှုများသည် အံ့ဖွယ်ကောင်းလောက်အောင် ကွယ်ပျောက်သွားတော့၏။

ထို့နောက်... အံ့သြဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။

ဦးနှောက်သည် ဤပြင်းထန်သော စည်းချက်၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီးနောက်... ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်ရန် ကြိုးစားလာ၏။ မိစ္ဆာဝိညာဉ်၏ 'မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ခြင်း' အာနိသင် ရှိနေဆဲ ဖြစ်သော်လည်း... ကစားသမားများ၏ ခန္ဓာကိုယ်များသည် ထိန်းချုပ်၍ မရနိုင်သော စည်းချက်အတိုင်း စက်ရုပ်ဆန်ဆန် အနည်းငယ် စတင် လှုပ်ရှားလာကြသည်။

ပထမဆုံး... လူတစ်ယောက်၏ လက်ချောင်းလေးသည် “ဒုန်း” ခနဲ အသံနှင့်အတူ အနည်းငယ် တုန်ခါသွားသည်။

ထို့နောက်... နောက်တစ်ယောက်၏ လည်ပင်းသည် “ချက်” ခနဲ အသံနှင့်အတူ အနည်းငယ် စောင်းသွားသည်။

မကြာမီတွင် ထိုတုန်ခါမှုများသည် ကူးစက်ရောဂါပမာ တစ်ခန်းလုံးသို့ ပျံ့နှံ့သွားတော့သည်။

မလှုပ်ရှားနိုင်ဘဲ ရပ်နေသော လူ (၁၀၀) ကျော်သည် ထူးဆန်းသော စွမ်းအားတစ်ခု၏ မောင်းနှင်မှုအောက်တွင် တပြိုင်နက်တည်း "စက်ရုပ်အက" ကို အတင်းအကြပ် ကနေရသကဲ့သို့ ဖြစ်နေကြလေ၏။

“ဒုန်း..”

လူတိုင်း ပခုံးကို တပြိုင်နက် တွန့်လိုက်ကြသည်။

“ချက်..”

လူတိုင်း ဒူးကို တပြိုင်နက် ကွေးလိုက်ကြသည်။ ကာယလေ့ကျင့်ခန်း လုပ်နေသကဲ့သို့ပင်။

“ဒုန်း... ဒုန်း... ဒုန်း..”

လူတိုင်း ဓာတ်လိုက်သကဲ့သို့ တုန်ခါသွားကြပြီး ခေါင်းများကို စည်းချက်ကျကျ ရှေ့နောက် လှုပ်ယမ်းလိုက်ကြသည်။

လှိုဏ်ဂူ၏ ထူးဆန်းထိတ်လန့်ဖွယ် ကောင်းသော လေထုသည် ချက်ချင်း ပျောက်ကွယ်သွားပြီး... အသက်ရှူကျပ်လောက်အောင် ရယ်စရာကောင်းသော၊ ယုတ္တိမရှိသော ခံစားမှုကြီးဖြင့် အစားထိုး ဝင်ရောက်လာ၏။ သွေးနီရောင် အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်မှာ ဤလူအုပ်ကြီး၏ ထူးဆန်းသော အကကို မီးထိုးပေးနေသကဲ့သို့ ရှိချေ၏။

ဒါ မိစ္ဆာစစ်မြေပြင် မဟုတ်တော့ဘူး... ဒါ ဧရာမ ဒစ္စကို ရုံကြီး ဖြစ်နေပြီ...။

ယဇ်ပလ္လင် အတွင်းရှိ မိစ္ဆာဝိညာဉ်ကြီးသည် လုံးဝ (လုံးဝ) ကြောင်အမ်းအမ်း ဖြစ်သွားရှာသည်။

သူသည် နှစ်ထောင်ပေါင်းများစွာ နေထိုင်လာခဲ့ပြီး... ကြောက်လွန်းလို့ သေးပါချသူများ၊ ဒူးထောက် အသနားခံသူများ၊ အသက်လု တိုက်ခိုက်သူများကို မြင်ဖူးခဲ့၏။

သို့သော်၊... စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ခံရပြီးနောက် အုပ်စုလိုက် မတ်တပ်ရပ်ပြီး တက်လျက်သား ကနေတာမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ပြီးတော့ ဒီအကက ဘာလို့ ဒီလောက် ညှို့ဓာတ်ပြင်းနေရတာလဲ...။ သူ့ရဲ့ မိစ္ဆာအသိစိတ်တောင်မှ စည်းချက်လိုက်ပြီး မလှုပ်ရှားမိအောင် မနည်း ထိန်းထားရသည်။

'ဒီသတ္တဝါတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ...'

မိစ္ဆာဝိညာဉ်ကြီး၏ အာရုံစူးစိုက်မှု လုံးဝ လွဲသွားခဲ့တော့၏။ သူ၏ မူလက ပြီးပြည့်စုံသော စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုသည် ရုတ်တရက် ဖြစ်ပေါ်လာသော ဤယုတ္တိမဲ့မှုနှင့် စိတ်အာရုံ ပြန့်ကျဲမှုတို့ကြောင့် အနည်းငယ် လျော့ရဲသွားတော့သည်။

အခုပဲ... အခွင့်အရေးက မျက်တောင်တစ်ခတ်ပဲ ရမှာ...။

“ဖောက်ထွက်စမ်း...”

ကျွမ်းကျင်ကစားသမား 'ကောင်းကင်ခွင်း ဓားတစ်လက်' သည် သူ၏ သန်မာသော စိတ်ဆန္ဒကြောင့် ချုပ်နှောင်မှုမှ ပထမဆုံး လွတ်မြောက်လာခဲ့သည်။ သူသည် ဟိန်းဟောက်လိုက်ပြီး လျှာကို ကိုက်ကာ စိတ်ကို ရှင်းလင်းလိုက်သည်။ ထို့နောက် ယိမ်းထိုးနေသော ခန္ဓာကိုယ်ကို ထိန်းရန်အတွက် ရှည်လျားသော ဓားကို မြေကြီးပေါ်သို့ စိုက်ချလိုက်၏။

ထို့နောက်တွင်... ပိုမိုများပြားသော လူများသည် ထို တောင့်တင်းနေသော အခြေအနေမှ ပြန်လည် သတိဝင်လာကြသည်။

“ဘုရားရေ... စောစောက ဘာဖြစ်သွားတာလဲ... ငါ အဆင့်မြင့် နတ်ဝင်သည် အကကို အတင်း ကခိုင်းခံလိုက်ရသလို ခံစားရတယ်...”

“ပေါက်ကရတွေ ပြောမနေနဲ့... ဘော့စ်ရဲ့ ထိန်းချုပ်မှု ပျက်သွားပြီ... အခုပဲ... သူ အားနည်းနေတုန်း...”

ယဇ်ပလ္လင်၏ အနောက်ဘက်တွင်... အံကိုကြိတ်ပြီး တောင့်ခံနေခဲ့သော ဦးလေးကျန်းသည် နောက်ဆုံးတွင် ပြန်လည် လှုပ်ရှားနိုင်သွားတော့၏။

သူသည် သူ့ရှေ့ရှိ အပေါက်ကြီးများ ဖြစ်နေပြီဖြစ်သော မဟူရာကျောက် အောက်ခြေကို ကြည့်လိုက်ရာ... မျက်လုံးထဲတွင် ရက်စက်သော အရောင်များ လက်သွား၏။ သူသည် လက်ဝါးပေါ်သို့ သွေးစများ ပါဝင်နေသော တံတွေးတစ်လုပ် ထွေးလိုက်ပြီး လက်ဝါးချင်း ပွတ်သပ်ကာ... ပေါင် (၈၀) လေးလံသော သံပေါင်တူကြီးကို ပြန်လည် မလိုက်၏။

“ညီအစ်ကိုတို့... သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူး... အားလုံး ဝိုင်းချဟေ့...”

ဦးလေးကျန်းသည် ရှိသမျှ ခွန်အားကို စုစည်းလိုက်ပြီး နောက်ဆုံးအကြိမ် ဟိန်းဟောက်လိုက်ရာ လက်မောင်းကြွက်သားများ ဖုထစ်တက်လာ၏။

“ရိုက်ခွဲလိုက်... သူ့အသိုက်ကို ဖြိုချလိုက်...”

“ဘွန်း.........”

ပြိုင်တူနီးပါး ဆိုသလိုပင်... လက်စားချေလိုစိတ်ဖြင့် ပြည့်နှက်နေသော ပေါင်တူ (၁၀) ချောင်းကျော်သည် အောက်ခြေရှိ အကြီးမားဆုံး အက်ကွဲကြောင်းကြီးပေါ်သို့ ပြင်းထန်စွာ ပစ်ဆောင့်မိသွားကြတော့သည်။

“ဂွမ်း...”

နားညည်းစရာကောင်းသော ကွဲအက်သံကြီးသည် ဟာလာဟင်းလင်း ဖြစ်နေသော လှိုဏ်ဂူထဲတွင် ပဲ့တင်ထပ်သွားသည်။ ဖျက်ဆီး၍ မရနိုင်ဟု ထင်ရသော ယဇ်ပလ္လင် အောက်ခြေသည် နောက်ဆုံးတွင် ဤရက်စက်သော ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးမှုအား ဒူးထောက် အရှုံးပေးလိုက်ရပြီး... ကြီးမားသော အပေါက်ကြီး ဖြစ်ပေါ်ကာ ပေါက်ကွဲထွက်သွားတော့သည်။ အတွင်းမှ တောက်ပနေသော အူတိုင် ပေါ်ထွက်လာလေ၏။

“ဝှစ်... ဖူး....”

ယဇ်ပလ္လင်၏ အသည်းနှလုံး ဖြစ်သော... အနီရောင် အလင်းတန်းများ ထုတ်လွှတ်နေခဲ့သည့် သင်္ကေတ ကျောက်ပြားကြီးသည်... မီးအားပြတ်သွားသော မီးသီး တစ်လုံးပမာ ချက်ချင်း မှိန်ဖျော့သွား၏။

ရုတ်တရက်၊ လေထဲတွင် ရူးသွပ်စွာ ဝှေ့ယမ်းနေခဲ့သော အနက်ရောင် လက်တံကြီးများသည် ကျောရိုးနုတ်ယူခံလိုက်ရသကဲ့သို့ မြေကြီးပေါ်သို့ ခွေခွေလေး ပြုတ်ကျသွားပြီး... စူးရှသော အနက်ရောင် မီးခိုးငွေ့များ အဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ပတ်ဝန်းကျင်တွင် လွှမ်းခြုံထားသော ဖိနှိပ်မှုပြင်းထန်သည့် မိစ္ဆာအငွေ့အသက်များသည်လည်း လျင်မြန်စွာ ကွယ်ပျောက်သွားလေ၏။

မြေအောက် လှိုဏ်ဂူကြီးသည် မူလ တိတ်ဆိတ်ငြိမ်သက်မှုသို့ ပြန်လည် ရောက်ရှိသွားသည်။

တစ်ခုတည်းသော ကြားနေရသည့် အသံများမှာ... လူ (၁၀၀) ကျော်၏ ပြင်းထန်သော အသက်ရှူသံများနှင့် စိတ်လှုပ်ရှားမှုကြောင့် မြန်ဆန်နေသော နှလုံးခုန်သံများသာ ဖြစ်၏။

သူတို့ နိုင်ခဲ့ပြီ။

သမိုင်းတွင် တစ်ခါမှ မရှိဖူးသော... အနည်းငယ်ပင် ရှက်စရာကောင်းသော (ကခုန်ခြင်း) နည်းလမ်းကို အသုံးပြုပြီး... အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများပင် အလွယ်တကူ ရန်မစရဲသော ဤမိစ္ဆာ ယဇ်ပလ္လင်ကြီးကို... သူတို့ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြတော့၏။

အခန်း (၆၃) - တိုက်ပွဲဝင်ပစ္စည်း စာရင်းကောက်ယူခြင်း .. ဒါလေးပဲလား... ခင်ဗျားတို့က ဒါကိုများ ထိပ်တန်းပစ္စည်းလို့ ခေါ်နေကြတာလား

~မြေအောက် လှိုဏ်ဂူ။ ယဇ်ပလ္လင် အပျက်အစီးများ ရှေ့။

ယဇ်ပလ္လင်၏ အူတိုင် မီးငြိမ်းသွားသည်နှင့် တစ်ပြိုင်နက်... ဖိနှိပ်မှုပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော ထို 'မြင့်မြတ်သော အရှိန်အဝါ' (Divine Might) ကြီးသည် နောက်ဆုံးတွင် လုံးဝ ကွယ်ပျောက်သွားခဲ့တော့၏။

လူ (၁၀၀) ကျော်သည် မြေကြီးပေါ်တွင် ပုံလျက်သား လဲကျသွားကြသည်။ သူတို့သည် (၅) ကီလိုမီတာ အလေးချိန်စီး တာဝေးပြေးပွဲကြီးကို အခုလေးတင် ပြီးဆုံးသွားသကဲ့သို့ အသက်ကို ပြင်းပြင်းထန်ထန် ရှူရှိုက်နေကြသည်။ လေထုထဲတွင် ချွေးနံ့၊ ဖုန်နံ့နှင့် ရက်လွန်လက်တံဟောင်းကြီး၏ ညှီစော်နံများအပြင်... သေမင်းလက်တွင်းမှ လွတ်မြောက်လာသော သူများ၏ မောပန်းနွမ်းနယ်မှုများ ပြည့်နှက်နေ၏။

“ဟူး.... ဟူး.... မောလိုက်တာကွာ....”

ဝမ်သဲ့ဖာသည် မျက်နှာပေါ်မှ သွေးစများနှင့် အညစ်အကြေးများကို သုတ်ဖယ်လိုက်သည်။ သူ့လက်မောင်းတစ်ခုလုံး ကျိုးတော့မတတ် နာကျင်နေပြီး ကြွက်သားရေ ချပ်ဝတ်တန်ဆာမှာလည်း လုံးဝ စုတ်ပြတ်သတ်သွားခဲ့ပြီ။ လူသားဒိုင်းကာ အဖြစ် တာဝန်ယူရင်း လက်တံရိုက်ချက် အနည်းဆုံး (၁၀) ချက်လောက် အခံရခက်ခဲ့သောကြောင့်... သူ့သွေး (HP) သည် အကြိမ်ပေါင်းများစွာ ကုန်မတတ် ဖြစ်ခဲ့ရပြီး ယခုအခါ တစ်ကိုယ်လုံး ပြုတ်ထွက်တော့မတတ် ကိုက်ခဲနေ၏။

“စောစောက... ငါ ကလိုက်မိသလား...”

ဘေးနားရှိ လျင်မြန်မှုလိုင်း ကစားသမားတစ်ဦးသည် ပေါင်ခြံကို ပွတ်သပ်ရင်း မယုံကြည်နိုင်သော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။ ကြိမ်နှုန်းမြင့်မားသော “ဒုန်း... ဒုန်း...” စည်းချက်ကြောင့် ထိုနေရာသည် အလွန်အမင်း နာကျင်ကိုက်ခဲနေပြီး လမ်းပင် ကောင်းကောင်း မလျှောက်နိုင်တော့ချေ။

“ငါ့ရဲ့ သိက္ခာတရားတွေ... ဒီ ယဇ်ပလ္လင်ကြီးနဲ့အတူ ကြေမွသွားပြီလို့ ခံစားရတယ်... ဘယ်သူမှ ငါ့ရဲ့ အရှက်ရစရာ ဘဝမှတ်တမ်းကို ဗီဒီယို မရိုက်ထားပါစေနဲ့လို့ ဆုတောင်းပါတယ်...”

ခဏတာ ဉာဏ်အလင်းပွင့်သွားကြပြီးနောက်...၊

ဘယ်သူ့ အကြည့်က စတင် ကျရောက်သွားမှန်း မသိလိုက်ရဘဲ... အားလုံး၏ အာရုံသည် ရှေ့ရှိ ကြေမွပျက်စီးနေသော မဟူရာကျောက် အောက်ခြေ အပျက်အစီးပုံကြီးဆီသို့ ရောက်ရှိသွားကြသည်။

အပျက်အစီးများ၏ အလယ်ဗဟို... သင်္ကေတ ကျောက်ပြားကြီး တည်ရှိခဲ့သော နေရာတွင်... ဖျော့တော့သော်လည်း အလွန်အမင်း ဆွဲဆောင်မှုရှိသော အလင်းတန်းလေး အနည်းငယ် ထွက်ပေါ်နေသည်ကို တွေ့လိုက်ရ၏။

စစ်နိုင်ပစ္စည်းများ၏ အလင်းရောင်ပါတကား...။

“ဟေး... အလင်းရောင်ဟေ့...”

ထိုစကားတစ်ခွန်းသည် စိတ်ကြွဆေး တစ်မျိုးကဲ့သို့ပင်။ လူတိုင်း၏ မောပန်းနွမ်းနယ်မှုများနှင့် ကြွက်သားနာကျင်မှုများကို ချက်ချင်း ပျောက်ကင်းသွားစေသည်။

“အီကွစ်... အီကွစ် ကျတယ်ဟေ့...”

“ညီအစ်ကိုတို့... အခိုက်အတန့် ရောက်လာပြီ... ဒီဘော့စ်က ဘာတွေ ဒရော့သွားလဲ ကြည့်ကြစမ်း...”

“ဝှစ်...”

လူ (၁၀၀) ကျော်သည် ဇွန်ဘီများပမာ မြေကြီးပေါ်မှ ‘ဝုန်း’ ခနဲ ကုန်းထလိုက်ကြသည်။ ဒဏ်ရာများကို လုံးဝ ဂရုမစိုက်တော့ဘဲ အပျက်အစီးပုံကြီးကို ဝိုင်းအုံလိုက်ကြပြီး... ခေါင်းကြီးကို အထဲထိ ထိုးထည့်ကြည့်ချင်သကဲ့သို့ လည်ပင်းများကို ဆန့်ထုတ်ကာ စိုက်ကြည့်နေကြ၏။

သို့သော်... ဘယ်သူမှ ဦးဆုံး လက်လှမ်းပြီး မကောက်ရဲကြပေ။

ဒါသည် စည်းကမ်း ဖြစ်သည်။ ဘော့စ် အလောင်းကောင်ကို ဖွင့်ခြင်း.. ဤ မွန်မြတ်သော တာဝန်ကို... အဖွဲ့ထဲတွင် ကံအကောင်းဆုံး လူကသာ လုပ်ဆောင်ရမည်။ မဟုတ်လျှင် အမှိုက်တွေချည်း ကျလာပါက ထိုလူသည် ဝိုင်းဆဲခံရပြီး မီးရှို့အသတ်ခံရပေလိမ့်မည်။

“ဘယ်သူဖွင့်မလဲ... ဘယ်သူ ကံကောင်းလဲ...”

လူတိုင်း အချင်းချင်း ဗျာများစွာ ကြည့်လိုက်ကြသည်။

နောက်ဆုံးတွင်... အားလုံး၏ မျက်လုံးများသည် ‘ရှန်နွန် ဆေးမြစ်စမ်းသပ်သူ’ ဆီသို့ ရောက်ရှိသွားကြသည်။

အကြောင်းပြချက်က ရိုးရှင်းသည်။

‘ ဒီကောင်က ဆေးဖော်စပ်ခန်းမှာ သေချာပေါက် ဝမ်းသွားစေမယ့် အဆိပ်ဆေးလုံးတွေ အများကြီး စားခဲ့တာတောင် မသေတဲ့အပြင်... ကိုယ်ခန္ဓာကနေ အလင်းရောင်တောင် ထွက်လာသေးတယ်လေ။ ဒီလောက် ကံကောင်းတဲ့ကောင် ဘယ်မှာ ရှိဦးမလဲ။ ကံတရားရဲ့ ဖေးမမှုကို ခံထားရသူပဲ။’

“ငါ... ငါလား... မလုပ်ရဲပါဘူးကွာ... ငါ့လက်က မည်းတယ် (ကံဆိုးတယ်)...”

‘ရှန်နွန်’ သည် လက်များကို ပွတ်သပ်ရင်း ငြင်းဆန်ရန် ကြိုးစားရှာသည်။

“စကားများမနေနဲ့... မင်းပဲ လုပ်...”

ဝမ်သဲ့ဖာက သူ့ကို ရှေ့သို့ တွန်းပို့လိုက်၏။

“မြန်မြန်လုပ်... ဟိုဘက်က ရေအိုင်မှာ လက်သွားဆေးလိုက်ဦး... အမှိုက်တွေ ပါမလာစေနဲ့... အမှိုက်တွေ နှိုက်မိလာရင် ဒီည ထမင်းမကျွေးဘူး...”

ထို့ကြောင့်... လူ (၁၀၀) ကျော်၏ စောင့်ကြည့်မှုအောက်တွင်... ‘ရှန်နွန်’ သည် အနီးနားရှိ ရေအိုင်လေးဆီသို့ လေးနက်စွာ လျှောက်သွားပြီး ရွှံ့ရည်များဖြင့် လက်ဆေးကာ အဝတ်အစားတွင် သုတ်လိုက်သည်။ ထို့နောက် လေကို ဝဝရှူသွင်းပြီး... တုန်ယင်နေသော လက်များဖြင့် တောက်ပနေသော အပျက်အစီးပုံထဲသို့ နှိုက်လိုက်တော့၏။

[(၁) ကြိမ်မြောက် နှိုက်ခြင်း]

လူတိုင်း အသက်ရှူအောင့်ပြီး စောင့်ကြည့်နေကြစဉ်... သူသည် မည်းနက်ပြီး ပျော့စိစိနိုင်သော၊ အနည်းငယ် လှုပ်ရှားနေသေးသည့် အရာဝတ္ထု တစ်ခုကို ဆွဲထုတ်လိုက်၏။

ထိုအရာသည် လူခေါင်းခန့် အရွယ်အစားရှိပြီး ပျို့အန်ချင်စရာကောင်းသော ညှီစော်နံ့နှင့် အချိုနံ့ ရောပြွမ်းနေသည်။ အရေခွံမှာ စေးကပ်နေပြီး အနက်ရောင် အကျိအချွဲများ တစက်စက် ကျနေသဖြင့် ကြည့်ရတာ ရွံစရာ ကောင်းလှ၏။

[ပစ္စည်း အမည်: မိစ္ဆာ အကျိအချွဲ အမြုတေ (အသက်ရှိ)]

[ရှင်းလင်းချက်: ယဇ်ပလ္လင်ရှိ မိစ္ဆာအငွေ့အသက်များ၏ ကာလကြာရှည် ပြုစုပျိုးထောင်မှုကြောင့် မွေးဖွားလာသော အဆင့်နိမ့် မိစ္ဆာအမြုတေ။ အလွန်အမင်း ပြင်းထန်သော စေးကပ်မှုနှင့် အနည်းငယ်သော တိုက်စားမှု အာနိသင် ရှိသည်။ အသုံးပြုပုံ မသိရ (နံရံဆေးသုတ်ရာတွင် သုံးနိုင်မလား... သို့မဟုတ် နောက်ပြောင်ကျီစယ်သည့် ကိရိယာ အဖြစ် သုံးမလား?)]

တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်းသည် နှပ်ချေးကဲ့သို့ ဖြစ်နေသော ဤအရာဝတ္ထုကို စိုက်ကြည့်ရင်း... မျက်နှာထား အမျိုးမျိုး ပြောင်းလဲသွားကာ ရွံရှာမှုများ ပြည့်နှက်နေကြ၏။

ဒါလေးပဲလား...။

ကျွမ်းကျင်ကစားသမား 'ကောင်းကင်ခွင်း ဓားတစ်လက်' ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ရွဲ့သွားပြီး သစ္စာဖောက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

“ငါတို့ အကြာကြီး အသေအလဲ တိုက်ခိုက်ခဲ့ရတာ... အဖွဲ့လိုက် ပြောင်မလို ဖြစ်ခဲ့ရတာ... နောက်ဆုံးကျတော့ နှပ်ချေးတစ်တုံးပဲ ရတယ် ဟုတ်လား... ဒီကောင်ကြီးက စွမ်းရည်စာအုပ် နဲ့ လဲလို့ ရပါ့မလား...”

“ဟေး... ဟေး... ဟေး... အဲ့လို မပြောနဲ့လေ...”

စားဖိုမှူး 'ကျောက်ကပ်ကြော်' ၏ မျက်လုံးများ အရောင်တောက်လာသည်။ သူသည် အနားကပ်ပြီး နမ်းကြည့်လိုက်ရာ အတော်လေး သဘောကျသွားပုံ ရ၏။

“ဒီအနံ့က... အချဉ်ဖောက်တာ လွန်သွားတဲ့ တို့ဟူးပုပ် အနံ့နဲ့ တူတယ်... ပင်လယ်စာ အနံ့လေးလည်း ပါတယ်... ဟင်းပွဲအသစ် တစ်ခုလောက် တီထွင်လို့ ရမလား... 'ပုံစံသစ် သူတောင်းစား ကြက်ကင်' အစာသွပ် အနေနဲ့ သုံးမလား... ဒါမှမဟုတ် ဈေးတန်းက လူတွေကို နောက်ပြောင်ဖို့ 'အစာအိမ် ဖျက်ဆီးရေး ဟင်းပွဲ' လုပ်မလား...”

လူတိုင်း နောက်တစ်လှမ်း ဆုတ်လိုက်ကြပြီး သူ့ကို ဉာဏ်ရည်မမီသော လူတစ်ယောက်အား ကြည့်သကဲ့သို့ သနားစရာ မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

[(၂) ကြိမ်မြောက် နှိုက်ခြင်း]

'ရှန်နွန်' သည် ကြီးမားသော ဖိအားအောက်တွင်... နောက်တစ်ကြိမ် ထပ်နှိုက်လိုက်ပြီး အကြာကြီး မွှေနှောက် ရှာဖွေလိုက်သည်။

ယခုတစ်ကြိမ်တွင်... သူသည် (၁.၅) မီတာခန့် ရှည်လျားပြီး မည်းနက်နေသော၊ ချွန်ထက်သည့် ဆူးများဖြင့် ဖုံးလွှမ်းနေသော အရိုးတုတ်ကြီး တစ်ချောင်းကို ဆွဲထုတ်လိုက်၏။

အရိုးကို ထုတ်လိုက်သည်နှင့် ပတ်ဝန်းကျင် အပူချိန်သည် ဒီဂရီအနည်းငယ် ကျဆင်းသွားသကဲ့သို့ ဖြစ်သွားပြီး... တိုးညှင်းသော်လည်း စိတ်အနှောင့်အယှက် ဖြစ်စေသော၊ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည့် ငိုရှိုက်သံသဲ့သဲ့ကို ကြားလိုက်ရ၏။

[ပစ္စည်း အမည်: ငိုရှိုက်နေသော မိစ္ဆာအရိုး (လက်နှစ်ဖက်ကိုင် တုံးလက်နက် / ကုန်ကြမ်းပစ္စည်း)]

[အဆင့်: အလယ်အလတ် အဆင့်]

[မှော်လက်နက် (ကျိုးပဲ့နေသည်)]

[ရှင်းလင်းချက်: ယဇ်ပလ္လင် ပူဇော်သက္ကာ၏ ခြေထောက်အရိုးမှ ဖြစ်ပေါ်လာပြီး မိစ္ဆာအငွေ့အသက် တိုက်စားခံထားရသည်။ အလွန်အမင်း မာကျော၏။ တိုက်ခိုက်သည့်အခါတွင် မနှစ်မြို့ဖွယ်ရာ အသံဆိုးများ ထုတ်လွှတ်နိုင်ခြေ ရှိပြီး... ရန်သူ (နှင့် မဟာမိတ်များ) ကို အသေးစား စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု နှင့် အကြားအာရုံ ထိခိုက်မှုများ ဖြစ်စေနိုင်သည်။]

“ဟာ... မှော်လက်နက်ဟေ့... အလယ်အလတ်အဆင့် တောင်မှ...”

ကျိုးပဲ့နေပြီး ဒီဘာဖ် ပါနေသော်လည်း... ဒါသည် သူတို့ မြင်ဖူးသမျှထဲတွင် အဆင့်အမြင့်ဆုံး ပစ္စည်း ဖြစ်၏။ သူတို့ ကိုင်ဆောင်ထားသော ဂေါ်ပြားများထက် အများကြီး သာလွန်သည် မဟုတ်ပါလော။

ဆယ်ကျော်သက် စိတ်ကူးယဉ်ရောဂါသည် ကောင်လေး 'စစ်မှန်သော လုံအော့ထျန်' သည် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ သူသည် စေးကပ်နေသည်ကို ဂရုမစိုက်ဘဲ မိစ္ဆာအရိုးကို လုယူလိုက်ပြီး... သူ အထာအကျဆုံးဟု ထင်ရသော ပို့စ်ကို ပေးကာ ဆယ်ကျော်သက် စတိုင်လ်ဖြင့် ကျယ်လောင်စွာ ကြေညာလိုက်၏။

“ဟားဟားဟား... ငါ့ရဲ့ မိစ္ဆာလက်နက်... ဒါကမှ ငါ့ရဲ့ သဘာဝနဲ့ တကယ်ကိုက်ညီတဲ့ လက်နက်ကွ... တုန်လှုပ်ချောက်ခြားကြစမ်း... သေမျိုးတို့... အနက်ရှိုင်းဆုံး ချောက်ကမ်းပါးဆီက ကြောက်မက်ဖွယ်ရာကို ခံစားကြ..”

သူသည် (၂) ချက်ခန့် စမ်းသပ် ဝှေ့ယမ်းလိုက်သည်။

“အီး.... ဂါး....”

ကျောက်သင်ပုန်းကို လက်သည်းဖြင့် ကုတ်လိုက်သကဲ့သို့ စူးရှပြီး နားညည်းစရာ ကောင်းသော အသံဆိုးကြီး အရိုးထဲမှ ထွက်ပေါ်လာ၏။

အနီးဆုံးတွင် ရှိသော ကစားသမားများသည် နားများကို အတင်း ပိတ်လိုက်ကြပြီး မျက်နှာများ စိမ်းပုပ်သွားကြကာ ဦးနှောက်များ ဆူပွက်သွားမတတ် ခံစားလိုက်ရသည်။

“သောက်ကျိုးနည်း... ခွေးကောင်... ဒီလက်နက်က ရန်သူကို မထိခင် ငါတို့လူအချင်းချင်း အရင် သေမှာကွ... ပြန်သိမ်းလိုက်... ဒါ စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုပဲ...”

[(၃) ကြိမ်မြောက် နှိုက်ခြင်း (နောက်ဆုံး ကံစမ်းမဲ)]

အပျက်အစီးပုံထဲတွင် အတောက်ပဆုံး အလင်းစက်လေး တစ်ခုသာ ကျန်ရှိတော့သည်။ လူတိုင်း အသက်ရှူအောင့်ထားကြသည်။ အောင်မြင်မလား၊ ကျရှုံးမလား ဆိုတာ ဒီအခိုက်အတန့် အပေါ်မှာ မူတည်နေပြီ။

'ရှန်နွန်' သည် မြေကြီးပေါ်တွင် ဝပ်လျက်သား ဖြစ်နေပြီး... နောက်ဆုံးသော စစ်နိုင်ပစ္စည်းကို ကော်ထုတ်ရန် လက်ကို အဆုံးထိ ထိုးထည့်လိုက်သည်။

ထွက်လာသော ပစ္စည်းမှာ... လက်ဖဝါးလောက်သာ ရှိပြီး ပုံသဏ္ဌာန် မမှန်သော သွေးနီရောင် သလင်းကျောက် အပိုင်းအစ တစ်ခု ဖြစ်၏။ ၎င်းသည် နှလုံးခုန်နေသကဲ့သို့ ထူးဆန်းသော်လည်း သန့်စင်သော စွမ်းအင် အတက်အကျများကို ထုတ်လွှတ်နေပြီး... မြင်လိုက်ရုံနှင့် ရင်ထဲတွင် တုန်လှုပ်သွားစေသည်။

[ပစ္စည်း အမည်: ရှေးဟောင်း မှော်အခင်းအကျင်း အူတိုင် အပိုင်းအစ (အထူး ပစ္စည်း)]

[ရှင်းလင်းချက်: ကြီးမားပြီး ကြမ်းတမ်းသော မိစ္ဆာလမ်းစဉ် မူလစွမ်းအင်များ ပါဝင်သည်။ အလွန်အမင်း အန္တရာယ်များသည်။ သတိပေးချက်: ကြီးမားသော စိတ်ဆန္ဒ နှင့် ကံတရား မရှိသူများ ဤပစ္စည်းကို တိုက်ရိုက် မထိတွေ့သင့်၊ အသုံးမပြုသင့်ပါ။ သို့မဟုတ်ပါက ချက်ချင်း မိစ္ဆာအဖြစ် ပြောင်းလဲသွားခြင်း သို့မဟုတ် ပေါက်ကွဲသေဆုံးခြင်း အန္တရာယ် ရှိသည်။ မှတ်ချက်: တစ်စုံတစ်ယောက် (အမည်မဖော်လိုသော ဂိုဏ်းချုပ်များ) သည် ဤကဲ့သို့သော ပစ္စည်းများကို ဈေးကောင်းပေးပြီး ဝယ်ယူနေပုံရ၏။]

ဤရှင်းလင်းချက်ကို မြင်လိုက်ရသောအခါ ကစားသမားများသည် တိကျသော အသုံးပြုပုံကို မသိကြသော်လည်း အထင်ကြီး လေးစားသွားကြသည်။

“ဒါ ပစ္စည်းကောင်း ဖြစ်မယ့်ပုံပဲ...”

“'အထူး ပစ္စည်း'တဲ့... ဒါ တာဝန် တူးလ် ဖြစ်ရမယ်... ပင်မ ဇာတ်လမ်းတာဝန်ရဲ့ သော့ချက်တောင် ဖြစ်နိုင်တယ်...”

“'တစ်စုံတစ်ယောက်က ဈေးကောင်းပေး ဝယ်နေတယ်' တဲ့... ညီအစ်ကိုတို့... ငါတို့ သူဌေးဖြစ်တော့မှာလား... ဒါ သေချာပေါက် ပေါက်ဈေး ရှိတယ်...”

ဝမ်သဲ့ဖာသည် အနီရောင် သလင်းကျောက်ကို အဝတ်စုတ်ဖြင့် သေသေချာချာ ထုပ်ပိုးလိုက်ပြီး... ဗလာဖြစ်နေသော သူ့သိုလှောင်အိတ်ထဲသို့ ထည့်ကာ ကပ်စေးနှဲကြီး တစ်ယောက်လို ပြုံးလိုက်၏။

“ဟီးဟီး... ဘာပဲဖြစ်ဖြစ် ဒီခရီးက အလကား မဖြစ်ဘူးကွ... ဒီကျောက်တုံးလေး တစ်တုံးတည်းနဲ့တင် ဂိုဏ်းချုပ်ဆီ ပြန်ယူသွားရင် ဂုဏ်ပြုမှတ် အများကြီး ရမှာ သေချာတယ်... ငါ့ရဲ့ ရေဇလုံလောက်ရှိတဲ့ မီးလုံးကြီးတော့ စိတ်ချရပြီ...”

လက်ထဲတွင် ရရှိထားသော ထူးဆန်းသည့် စစ်နိုင်ပစ္စည်း (၃) ခုကို ကြည့်ရင်း... (နှပ်ချေးတစ်တုံး၊ ဆူညံသော အရိုးတစ်ချောင်း၊ အန္တရာယ်ရှိသော ကျောက်နီတစ်တုံး)။

ကစားသမား (၁၀၀) ကျော်သည် ပါးစပ်က ရွံရှာသည်ဟု ပြောနေကြသော်လည်း စိတ်ထဲတွင်မူ တိတ်တခိုး ပျော်ရွှင်နေကြသည်။

ဘာပဲဖြစ်ဖြစ်... ဒါသည် သူတို့ ကိုယ်ပိုင် အင်အား (နှင့် အနည်းငယ်သော အရူးထမှု) ကို အသုံးပြုပြီး အနိုင်ယူခဲ့သော ပထမဆုံး ဘော့စ်ကြီး ဖြစ်သည် မဟုတ်ပါလော။ ဤ အောင်မြင်မှု ခံစားချက်သည် မည်သည့် ပစ္စည်းကိရိယာထက်မဆို ပိုမို အရေးကြီး၏။

“ပြန်ကြစို့... ညီအစ်ကိုတို့... အိမ်ပြန်ကြစို့...”

“ဂိုဏ်းချုပ်ဆီသွားပြီး ဆုသွားတောင်းမယ်... ငါ 'လေဓားသွား ကျင့်စဉ်' နဲ့ လဲချင်တယ်...”

ရယ်မောသံများနှင့် အောင်ပွဲခံ ကြွေးကြော်သံများအကြားတွင်... မောပန်းနွမ်းနယ်သော်လည်း စိတ်လှုပ်ရှားနေသော ဖြိုဖျက်ရေး အဖွဲ့ကြီးသည် စစ်နိုင်ပစ္စည်းများကို သယ်ဆောင်ပြီး အချင်းချင်း တွဲကူလျက် အိမ်ပြန်ခရီးကို စတင်လိုက်ကြ၏။

သူတို့ မသိလိုက်သည်မှာ... ဝမ်သဲ့ဖာက သိုလှောင်အိတ်ထဲသို့ ပေါ့ပေါ့ပါးပါး ထိုးထည့်လိုက်သော ကြက်သွေးရောင် သလင်းကျောက်လေးသည်... တစ်စုံတစ်ခုကို လှမ်းခေါ်နေသကဲ့သို့ သဲ့သဲ့မျှ တောက်ပနေကြောင်းနှင့်... ပိုမိုကြီးမားသော မုန်တိုင်းကြီးတစ်ခု ကျရောက်လာတော့မည် ဖြစ်ကြောင်းကိုပင်...။

All Chapters