အခန်း (၇၀-၇၂)
Vol. 5 Ch. 70-72
အခန်း (၇၀) - အခြေအနေ တင်းမာနေသော အဆင့် .. ခင်ဗျားတို့ရဲ့ သက်စောင့်စွမ်းအားက အကန့်အသတ်ရှိတယ်... ကျွန်တော်တို့ရဲ့ အသက်တွေက အကန့်အသတ်မရှိဘူး
~ကွေ့ယွမ်ဂိုဏ်း တောင်တံခါးဝ အပြင်ဘက်။
တစ်ချိန်က စိမ်းလန်းစိုပြေခဲ့သော၊ မတ်စောက်ကြမ်းတမ်းသော တောင်လမ်းလေးသည် ယခုအခါ လုံးဝ မီးလောင်တိုက်သွင်းခံထားရပြီး သေလွန်သော မြေရိုင်းပြင်ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားချေပြီ။
ပူပြင်းသော အပူလှိုင်းများသည် လေထုထဲတွင် တွန့်လိမ်နေပြီး... မန္တန်၏ အကြွင်းအကျန် မီးတောက်များသည် မြေကြီးပေါ်တွင် တဖျစ်ဖျစ် မြည်နေဆဲ ဖြစ်ကာ... ပြန့်ကျဲနေသော ဂေါ်ပြားခေါင်းများကို နီရဲသွားသည်အထိ အပူပေးထား၏။ လေထုထဲတွင် အသက်ရှူကျပ်လောက်သော မီးလောင်နံ့၊ ကန့်နံ့များနှင့် အပူရှိန်ပြင်းပြင်းကြောင့် ကျက်သွားသော မြေကြီးနံ့များ ပြည့်နှက်နေသည်။
အကြီးအကဲ ဟွမ်သည် မြေကြီးမှ (၃) ပေခန့်အကွာတွင် ဝေဟင်၌ ရပ်တန့်နေပြီး... ညစ်ညမ်းသော လေပူများကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။ သူ၏ တစ်ချိန်က အစွန်းအထင်းမရှိ သန့်ရှင်းခဲ့သော အနီရောင် ဝတ်ရုံသည် ယခုအခါ မီးခိုးမှိုင်းများ စွဲကပ်နေပြီး အနည်းငယ် ရှုပ်ပွနေပုံ ပေါက်နေသည်။
သူသည် သိုလှောင်အိတ်ထဲမှ အရည်အသွေးမြင့် ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး... ပဲစေ့များကဲ့သို့ များပြားလှသော 'ချီ ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံး' များကို လက်ဝါးထဲသို့ လောင်းထည့်ကာ... ပါးစပ်ထဲသို့ အတင်း ပစ်ထည့်လိုက်သည်။ ဒန်တျန် အတွင်းရှိ ကုန်ခမ်းမတတ် ဖြစ်နေသော ဝိညာဉ်စွမ်းအင်များ ဖြည်းညှင်းစွာ ပြန်လည် ပြည့်ဝလာသည်ကို ခံစားလိုက်ရမှသာ သူ၏ တင်းမာနေသော အာရုံကြောများ အနည်းငယ် ပြေလျော့သွားတော့သည်။
“ဟွန်း... ကိုယ့်အဆင့်အတန်း ကိုယ်မသိတဲ့ ပုရွက်ဆိတ်ဆိုတာ ပုရွက်ဆိတ်ပါပဲ...”
အကြီးအကဲ ဟွမ်သည် သူ့ရှေ့ရှိ လုံးဝ ရှင်းလင်းသွားပြီဖြစ်သော စစ်မြေပြင်ကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူ့အမြင်တွင်... စောစောက သူ၏ အားကောင်းသော "ဥက္ကာခဲ မိုးရွာသွန်းခြင်း" သည် ထို သေမျိုးများကို ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပြာကျသွားစေရန် လုံလောက်ပြီး... ထာဝရ ကျိန်စာသင့်သွားစေရန် လုံလောက်သည်ဟု ယူဆထား၏။ ဒါသည် အားကြီးသော 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူကို ပြစ်မှားခြင်း၏ တန်ဖိုးပင်။
သူသည် နောက်သို့ လှည့်လိုက်ပြီး... ဘေးဒုက္ခမှ လွတ်မြောက်လာကြသည့်၊ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေဆဲဖြစ်သော ဟွမ်မိသားစုဝင်များကို ကြည့်လိုက်သည်။
“ဘာရပ်ကြည့်နေကြတာလဲ... အမှိုက်သရိုက်တွေကို ရှင်းထုတ်လိုက်ရုံပဲဟာကို... ဒီလောက်တောင် ထိတ်လန့်နေစရာ လိုလို့လား... တပ်ပြန်စုကြ... ရှေ့က အတားအဆီးတွေကို ရှင်းပြီး ဆက်သွားမယ်... ဒီ ကွေ့ယွမ်ဂိုဏ်းထဲမှာ ပုန်းနေတဲ့ သူရဲဘောကြောင်တဲ့ ဂိုဏ်းချုပ်က ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...”
“ဟုတ်ကဲ့ပါ... အကြီးအကဲရဲ့ ဘုန်းတန်ခိုးကြီးမားလှပါတယ်...”
အကြီးအကဲ၏ အော်ဟစ်သံကြောင့် တပည့်များ သတိပြန်ဝင်လာကြပြီး... သူတို့၏ အကြီးမားဆုံး ခြိမ်းခြောက်မှုကြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းချနိုင်ကြ၏။ သူတို့သည် ခါးကို ပြန်မတ်လိုက်ကြပြီး ပျောက်ဆုံးသွားသော ကျင့်ကြံသူ၏ ဂုဏ်သိက္ခာကို ပြန်လည် ရယူရန် ကြိုးစားလိုက်ကြသည်။
အဖွဲ့သည် ပူနွေးနေဆဲဖြစ်ပြီး မီးခိုးအငွေ့တလူလူ ထွက်နေသော မြေမည်းကြီးကို နင်းဖြတ်လျက်... အဝေးမှ မှုန်ဝါးဝါး မြင်နေရသော ကွေ့ယွမ်ဂိုဏ်း တောင်တံခါးဝဆီသို့ ချီတက်ရန် ပြင်ဆင်လိုက်ကြသည်။
သို့သော်...၊
သူတို့ မီတာ (၁၀၀) ပင် မပြည့်အောင် လျှောက်လှမ်းပြီးခါစ... အဖွဲ့၏ လေထုသည် တင်းမာမှုမှ ပြေလျော့စ ပြုလာခါစ အချိန်လေးတွင်...။
ရင်းနှီးနေသော၊ ဖရိုဖရဲနိုင်သော၊ ကျောချမ်းစရာကောင်းသော အော်ဟစ်သံ ဆူညံသံကြီးများသည်... ရှေ့ရှိ တောင်တံခါးဝ အကွေ့မှနေ၍ ရုတ်တရက် ပေါက်ကွဲလာတော့၏။
“မြန်မြန်... မြန်မြန်... ညီအစ်ကိုတို့... မီအောင်လိုက်... မကျန်ခဲ့စေနဲ့... အီဗင့် မပြီးသေးဘူးဟေ့...”
“အတတ်ပညာရှင် အဖွဲ့က လုပ်ထားတဲ့ အဆိပ်တွေ ဘယ်မှာလဲ... ဒီတစ်ခေါက် ငါ့ကို များများပေး... စောစောက ငါ မသေခင် လုံလောက်အောင် မပစ်လိုက်ရဘူး... ရှုံးလိုက်တာကွာ...”
“ဟေ့ရောင်... မြေကြီးပေါ်က ဂေါ်ပြားကို မကောက်နဲ့... အဲ့ဒါ ငါ့အလောင်းက ကျန်ခဲ့တာ... တော်ကြာရင် ငါ့ကို ပြန်ပေးဖို့ မမေ့နဲ့နော်...”
ရှေ့ဆုံးမှ လျှောက်လာသော အကြီးအကဲ ဟွမ်၏ ခြေလှမ်းများသည် ရုတ်တရက် တောင့်တင်းသွားပြီး ရပ်တန့်သွားရ၏။ သူ့မျက်နှာပေါ်ရှိ မာန်တက်ပြီး ယုံကြည်မှုလွန်ကဲနေသော အမူအရာသည် ချက်ချင်း အေးခဲသွားပြီး... မျက်လုံးများ ပြူးကျယ်လာကာ... ရှေ့မှ လမ်းဆုံကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ နားထဲတွင် အူလာပြီး... သူများ စိတ်ကူးယဉ် အိပ်မက် မက်နေမိသလားဟု သံသယ ဝင်လာမိတော့သည်။
အနောက်မှ ဟွမ်မိသားစု တပည့်များအကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ တန်းစီနေသော လူအုပ်ကြီး တုန်ခါသွားပြီး... လူတိုင်း၏ မျက်နှာပေါ်တွင် သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ အလွန်အမင်း ထိတ်လန့်သော အမူအရာများ ပေါ်လာ၏။
“အဲ့ဒီ အသံက... ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ...”
“မဖြစ်နိုင်ဘူး... မီးလုံးထိပြီး ပြာကျသွားတာ ငါ ကိုယ်တိုင် မြင်လိုက်တာပဲဟာ... အစအနတောင် မကျန်တော့ဘူးလေ...”
နောက်တစ်စက္ကန့်တွင်... ရက်စက်ပြီး ယုတ္တိမရှိသော လက်တွေ့ဘဝကြီးသည် သူတို့၏ မျက်နှာကို ဖြောင်းခနဲ ရိုက်ချလိုက်ပြီး... သူတို့၏ ကျင့်ကြံခြင်းဆိုင်ရာ အသိပညာများကို လုံးဝ ရိုက်ချိုးပစ်လိုက်တော့သည်။
လူအုပ်စုကြီး တစ်ခုသည် မီးခိုးငွေ့များ ဖုံးလွှမ်းနေသော တောင်လမ်းအကွေ့မှနေ၍ ရုတ်တရက် ထွက်ပေါ်လာကြ၏။
အဲ့ဒီ လူအုပ်စုပါပဲ။
စုတ်ပြတ်နေသော ကြွက်သားရေ ချပ်ဝတ်များကို ဝတ်ဆင်ထားသည်။ လယ်ယာသုံး ကိရိယာမျိုးစုံနှင့် တုတ်ချောင်းများကို ကိုင်ဆောင်ထားသည်။ သူတို့၏ မျက်နှာပေါ်တွင် အိပ်မက်ဆိုး မက်စေနိုင်လောက်သော... စိတ်လှုပ်ရှားပြီး နှာဘူးဆန်သော ထိုအပြုံးများကိုပင် တပ်ဆင်ထားကြသည်။
သူတို့၏ အဝတ်အစားများ အနည်းငယ် ပိုသစ်လွင်နေသည်မှ လွဲ၍... တစ်ယောက်မှ ပျောက်ဆုံးသွားခြင်း မရှိချေ..။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
အကြီးအကဲ ဟွမ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားတော့၏။ သမိုင်းတွင် တစ်ခါမှ မကြုံဖူးသော စိုးရိမ်ပူပန်မှုနှင့် ယုတ္တိမရှိမှု ခံစားချက်များ ရင်ထဲမှ လှိုက်တက်လာသည်။ သူသည် နှစ်ပေါင်း (၂၀၀) ကြာ ကျင့်ကြံခဲ့ပြီး... မိစ္ဆာများနှင့် မွန်းစတားပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသော်လည်း... ဤကဲ့သို့ ထူးဆန်းအံ့သြဖွယ်ကောင်းသော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဝိညာဉ် လွင့်ပျောက်သွားပြီး... ရုပ်ခန္ဓာ ပြာကျသွားတာတောင်မှ... လက်ဖက်ရည် တစ်ခွက် သောက်စာ အချိန်မပြည့်ခင်မှာ ဘယ်လိုလုပ် အကောင်းပကတိ ပြန်ပေါ်လာနိုင်ရတာလဲ...။
“ဒါ... ဒါ အလွန်အမင်း အဆင့်မြင့်တဲ့ 'ပဉ္စလက် အခင်းအကျင်း'များလား...”
သူ့ဘေးနားရှိ 'လီ' အမည်ရှိ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် အကြီးအကဲ တစ်ဦးသည် အနည်းငယ် တုန်ယင်နေပြီး... မှော်ဓားကို ဆုပ်ကိုင်ထားသော လက်ဆစ်များ ဖြူဖွေးနေသည်။
“ဒါမှမဟုတ် ရှေးဟောင်း 'အစားထိုး ရုပ်သေး မန္တန်' လား... ဒါပေမဲ့ ဒါက သဘာဝကျလွန်းနေတယ်...”
“ဘာ မိစ္ဆာကောင်တွေပဲ ဖြစ်ဖြစ်ကွာ... ဘယ်လောက်ပဲ လာလာ... ငါ အကုန် သတ်ပစ်မယ်...”
အကြီးအကဲ ဟွမ်သည် မယုံကြည်နိုင်ခြင်းနှင့် စိုးရိမ်ပူပန်မှုများကြောင့် ပိုမို ဒေါသထွက်လာ၏။ သေမျိုး အုပ်စု တစ်စုကြောင့် သူ ကြောက်ရွံ့သွားသည် ဆိုခြင်းကို လုံးဝ (လုံးဝ) ဝန်မခံနိုင်ပေ။
သူသည် နောက်တစ်ကြိမ် လက်သင်္ကေတများ ပြုလုပ်လိုက်ပြန်သည်။ အခုမှ ပြန်လည် ပြည့်ဖြိုးစ ပြုလာသော၊ မငြိမ်သက်သေးသော ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲမှ တဖန်ပြန်လည် ပေါက်ကွဲထွက်လာပြန်၏။
“သေစမ်း...”
ပေါက်ကွဲအား ပြင်းထန်သော မီးလုံးကြီးများနှင့် မီးတောက်ဓားသွားများသည်... လေတိုးသံများ၊ ပူပြင်းသော အပူလှိုင်းများနှင့်အတူ... အသစ်ထွက်ပေါ်လာသော လူအုပ်ကြီးဆီသို့ ပြေးဝင်သွားကြသည်။
“ဘွန်း... ဘွန်း... ဘွန်း...”
မီးတောက်များ ပေါက်ကွဲသွားပြီး အပျက်အစီးများ လွင့်စင်သွား၏။ အခုမှ ပြေးထွက်လာသော ကံဆိုးသည့် ကစားသမား (၁၀) ယောက်ခန့်သည် ချက်ချင်း လွင့်ထွက်သွားပြီး... ခန္ဓာကိုယ်များ အဖြူရောင် အလင်းတန်း အဖြစ် ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားကြသည်။
သို့သော်... ဤတိုက်ခိုက်မှုသည် ရည်ရွယ်ထားသလို ဟန့်တားနိုင်ခြင်း မရှိခဲ့ပေ။
ဤ "ပြန်လည်ရှင်သန်သူများ" အတွက်... သေဆုံးခြင်း ဆိုသည်မှာ ခေတ္တ အနားယူခြင်းမျှသာ ဖြစ်ပုံရ၏။
မကြာမီမှာပင်... ရင်းနှီးနေသော အော်ဟစ်သံများနှင့် ခြေသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
သူတို့ ပြန်လာကြပြီ.. ပြီးတော့ ဒီတစ်ခါမှာ... သူတို့ သင်ခန်းစာ ရသွားပုံရ၏။
ပေါ်လာသည်နှင့် တပြိုင်နက်... ဘယ်သူမှ ညွှန်ကြားစရာ မလိုဘဲ... ဒီကောင်တွေသည် ပျားအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ ချက်ချင်း လူစုခွဲလိုက်ကြတော့သည်။
ကျဉ်းမြောင်းသော တောင်လမ်းပေါ်တွင် ပစ်မှတ်အဖြစ် ငတုံးလို စုပြုံမနေကြတော့ဘဲ... နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ဖြန့်ခွဲလိုက်ကြ၏။ အချို့က မီးကျွမ်းနေသော သစ်ပင်များပေါ်သို့ မျောက်များကဲ့သို့ လျင်မြန်စွာ တက်ရောက် ပုန်းခိုကြသည်။ အချို့က ကျောက်တုံးကြီးများ နောက်ကွယ်တွင် ပုန်းကွယ်ပြီး... ထုံးမှုန့်အိတ်များကို ကိုင်လျက် ခေါင်းတစ်ဝက် ပြူကြည့်နေကြ၏။ အချို့ကမူ မြေကြီးပေါ်တွင် ဝပ်လိုက်ကြပြီး... မြေပြင် အနေအထားကို အသုံးပြုကာ လုံးဝ ပုန်းကွယ်နေကြလေသည်။
လူတိုင်းသည် ထို ညစ်တီးညစ်ပတ် အဆိပ်အိုးများနှင့် ထုံးမှုန့်အိတ်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲ။... မျက်လုံးစိမ်းများဖြင့် ဟွမ်မိသားစု၏ ကျင့်ကြံသူ အဖွဲ့ကြီးကို စိုက်ကြည့်နေကြသည်။ သားသတ်ရုံသို့ ပို့ဆောင်ခံရတော့မည့် သိုးဝဖြိုးဖြိုးကြီးများကို ကြည့်နေသကဲ့သို့ပင်။
ယခုတစ်ကြိမ်တွင်... အကြီးအကဲ (၃) ဦးနှင့် ဟွမ်မိသားစု တပည့်များ အားလုံး၏ မျက်နှာထားများ လုံးဝ (လုံးဝ) ပြောင်းလဲသွားချေပြီ။ သွေးဆုတ်သွားသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။
သူတို့ နောက်ဆုံးတွင် သဘောပေါက်သွားကြပြီ။ သူတို့ ရင်ဆိုင်နေရသည်မှာ သာမန် ကျင့်ကြံသူများ မဟုတ်ဘဲ... ဘယ်တော့မှ သတ်၍ မသေနိုင်သော၊ အမှန်တကယ် ကုန်ခမ်းသွားခြင်း မရှိသော စစ်တပ်ကြီး ဖြစ်နိုင်ကြောင်းကိုပေါ့။
တိုက်ပွဲသည် မျှော်လင့်ချက်မဲ့ပြီး နာကျင်စရာကောင်းသော အခြေအနေ တင်းမာမှု အဖြစ်သို့ တွန်းပို့ခံလိုက်ရတော့၏။
ကစားသမားများသည် သူတို့၏ နာမည်ကျော် အောက်တန်းကျသော နည်းဗျူဟာကို အပြည့်အဝ ထုတ်သုံးလိုက်ကြသည် - "အဆုံးမဲ့ ပြန်လည်ရှင်သန်ခြင်းဖြင့် အင်အားဖြုန်းတီးစေခြင်း ဗျူဟာ"။
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ဝါရင့်များကို ထိပ်တိုက်ရင်ဆိုင်၍ မနိုင်မှန်း သူတို့ သိကြသည်။ ထို့ကြောင့် သူတို့သည် အသက်များကို အရင်းပြုပြီး အချိန်ဆွဲကာ... ရန်သူကို တဖြည်းဖြည်း ချည်ပြီးတုတ်ပြီး တိုက်ခိုက်ခြင်း ကို ပြုလုပ်ကြ၏။
သူတို့သည် လူစုခွဲ နေရာယူခြင်းဖြင့်... အကြီးအကဲ ဟွမ်ကို ဧရိယာလိုက် မန္တန်များ ခဏခဏ မသုံးရဲအောင် (ဝိညာဉ်စွမ်းအင် ဖြုန်းတီးရာ ရောက်သဖြင့်) တားဆီးလိုက်ကြသည်။ တစ်ချိန်တည်းမှာပင်... ပြန်လည်ရှင်သန်ခြင်း ယန္တရားအား အသုံးပြုပြီး... အဆုံးမဲ့ သေမင်းခံတပ် ထိုးစစ်များဖြင့် နှောင့်ယှက် တိုက်ခိုက်ကြ၏။
စစ်မြေပြင်တွင် ကစားသမားများ၏ စိတ်လှုပ်ရှားစွာ အော်ဟစ် ပြောဆိုသံများ ပဲ့တင်ထပ်နေသည်။ ဟွမ်မိသားစု ကျင့်ကြံသူများ၏ နားထဲတွင်မူ... ထိုအသံများသည် နားညည်းစရာကောင်းသော၊ ထိုးဖောက်ဝင်ရောက်နိုင်သော အသံဆိုးများ ဖြစ်နေ၏။
“ညီအစ်ကိုတို့... သေမှာ မကြောက်နဲ့... (၁၀) စက္ကန့်ပဲ ကြာတာ... မျက်တောင်တစ်ခတ်အတွင်း ပြန်ရောက်လာမှာ... ပြေးဝင်ပြီး သူ့ကို တစ်ချက်လောက် ထိအောင် လုပ်... ဂုဏ်ပြုမှတ် ရမယ်...”
“သူတို့ကို အင်အားကုန်အောင် လုပ်... သူတို့ရဲ့ သက်စောင့်စွမ်းအားက အကန့်အသတ် ရှိတယ်... ငါတို့ရဲ့ အသက်တွေက အကန့်အသတ် မရှိဘူး... ဘယ်သူက ဘယ်သူ့ကို နိုင်မလဲ ကြည့်ရသေးတာပေါ့...”
ဤ အော်ဟစ်သံများသည် ဟွမ်မိသားစု ကျင့်ကြံသူများကို တုန်လှုပ်ချောက်ခြားစေပြီး ကျောချမ်းသွားစေသည်။ သူတို့သည် ဤမျှ စိတ်ပျက်စရာကောင်းသော၊ မျှော်လင့်ချက်မဲ့သော စစ်ပွဲမျိုးကို တစ်ခါမှ မတိုက်ခိုက်ဖူးခဲ့ချေ။
သတ်ဖြတ်ခြင်းသည် အောင်မြင်မှု ခံစားချက်အား မပေးစွမ်းနိုင်တော့ပေ။ ယင်းအစား... စက်ရုပ်ဆန်သော၊ ထုံကျင်သော၊ ထပ်ခါတလဲလဲ လုပ်ဆောင်ရသော အလုပ်တစ်ခု ဖြစ်လာသည်။
တစ်ယောက်ကို သတ်လိုက်တိုင်း... ထိုလူသည် အချိန်တိုအတွင်း သွေးအပြည့်ဖြင့် ပြန်လည် ရှင်သန်လာပြီး... ပိုမို နှာဘူးဆန်သော အပြုံး၊ ပိုမို ရွံရှာဖွယ်ကောင်းသော လက်နက်များဖြင့်... မိမိတို့၏ မစွမ်းဆောင်နိုင်မှုကို လှောင်ပြောင်သကဲ့သို့ အရှေ့တွင် ပြန်လည် ပေါ်ထွက်လာမြဲ ဖြစ်သည်။
သို့သော်... သူတို့၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်များကမူ... ပြင်းထန်သော မန္တန်များ ထုတ်လွှတ်ခြင်းနှင့် ဝိညာဉ်ဒိုင်းကာများကို ထိန်းသိမ်းထားရခြင်းတို့ကြောင့်... ရေကဲ့သို့ စီးဆင်းကုန်ဆုံးနေပြီး... ဘယ်တော့မှ ပြန်မလာတော့ချေ။
ဆေးလုံးများ ကုန်မတတ် ဖြစ်နေပြီ။ ဝိညာဉ်သွေးကြောများသည် အလွန်အကျွံ အသုံးပြုမှုကြောင့် ကိုက်ခဲ နာကျင်လာနေပြီ။
မျှော်လင့်ချက်မဲ့ခြင်း ဟူသော ခံစားချက်ကြီးသည် ဟွမ်မိသားစု အတွင်း၌ တိတ်တဆိတ် စတင် ပျံ့နှံ့လာနေသည်။
အခန်း (၇၁) - နောက်ဆုံးတိုက်ပွဲ (အပိုင်း ၁) .. ဘော့စ် ဟာကွက်ပြတဲ့ အချိန်...
~နေမင်းကြီးသည် အနောက်ဘက် မိုးကုတ်စက်ဝိုင်းသို့ ဝင်ရောက်စပြုလာပြီ ဖြစ်ရာ... နေရောင်ခြည်များသည် သွေးကဲ့သို့ နီရဲနေ၏။
ကွေ့ယွမ်ဂိုဏ်း တောင်တံခါးဝ အပြင်ဘက်ရှိ မီးလောင်တိုက်သွင်း ခံထားရသော စစ်မြေပြင်ကြီးသည် မှိန်ဖျော့သော အလင်းရောင်အောက်တွင် ပိုမို သွေးပျက်ဖွယ် ကောင်းနေတော့သည်။ တိုက်ပွဲ စတင်ခဲ့သည်မှာ (၂) နာရီ တိတိ ကြာမြင့်ခဲ့တော့၏။ မိနစ်တိုင်း၊ စက္ကန့်တိုင်းသည် ဟွမ်မိသားစုအတွက် အလွန်အမင်း ကြီးမားသော ဒုက္ခဆင်းရဲကြီး ဖြစ်နေသည်။
မူလက ရှိခဲ့သော ကျောက်ပြားခင်း လမ်းမကြီးသည် ယခုအခါ အစအနပင် ရှာမရတော့ချေ။ ၎င်း၏ နေရာတွင် မန္တန်များဖြင့် ဗုံးကြဲခံထားရသကဲ့သို့ ဖြစ်နေသော ကျင်းခွက်များ၊ မီးကျွမ်းနေသော မြေမည်းများ၊ ထူထဲသော ထုံးမှုန့်လွှာများ၊ ခြောက်သွေ့သွားသော မည်းနက်စိမ်းဖန့်ဖန့် အဆိပ်ကွက်များနှင့်... ကျိုးပဲ့နေသော တုတ်ချောင်းများ၊ လိမ်ကောက်နေသော ဂေါ်ပြားခေါင်းများဖြင့် ပြည့်နှက်နေသည်။ လေထုထဲတွင် ချွေးနံ့၊ သွေးနံ့၊ အစားအစာ တူးနံ့၊ စူးရှသော ထုံးနံ့များနှင့်... ပျောက်ကွယ်သွားခြင်း မရှိသေးသော ဖျော့တော့သည့် မစင်နံ့များ ရောနှောနေပြီး အော့အန်ချင်စရာ ကောင်းလှ၏။
ယခုအချိန်၌ ဟွမ်မိသားစု၏ ကျင့်ကြံသူ တပ်မတော်ကြီးသည် ကနဦးက ရှိခဲ့သော မာန်မာနများ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး... ကျောရိုးမရှိသော လမ်းဘေးခွေးအုပ်ကြီးပမာ ဖြစ်နေကြရှာသည်။
ခေါ်ဆောင်လာခဲ့သော 'ချီ စုစည်းမှု အဆင့်' အထက်တန်းစား တပည့် (၇၀) ကျော်အနက်... မတ်တပ်ရပ်နိုင်သူ ထက်ဝက်ပင် မရှိတော့ချေ။ ကျန်ရစ်သူများသည်လည်း ဒဏ်ရာ ဗလပွနှင့် ဖြစ်နေကြသည်။ သူတို့၏ တခမ်းတနား ဝတ်ရုံများသည် အဆိပ်ရည်များကြောင့် ပေါက်ပြဲဆွေးမြေ့နေပြီး အတွင်းခံများပင် ပေါ်နေကာ... အရေပြားပေါ်တွင် ရွှံ့များနှင့် ဒဏ်ရာများ ပြည့်နှက်နေသည်။ သူတို့၏ မျက်လုံးများထဲတွင် ကျင့်ကြံသူ၏ မာန်မာနများ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး... နက်ရှိုင်းသော မောပန်းနွမ်းနယ်မှု၊ ထုံကျင်မှုနှင့်... ဤ "မသေနိုင်သော မိစ္ဆာတပ်မတော်" အပေါ် ထားရှိသည့် ဝိညာဉ်တွင်းအထိ စိမ့်ဝင်နေသော ကြောက်ရွံ့မှုများဖြင့် အစားထိုး ဝင်ရောက်နေတော့၏။
ထို့အပြင် တစ်ချိန်က မြင့်မြတ်ပြီး တန်ခိုးကြီးခဲ့သော 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ကျွမ်းကျင်သူ (၃) ဦးသည်လည်း ယခုအခါ အသက်ငွေ့ငွေ့သာ ကျန်တော့သည်အထိ ပင်ပန်းနွမ်းနယ်နေကြသည်။
အကြီးအကဲ ဟွမ် ကတော့ အခြေအနေ သိပ်မဆိုးလှသေးပေ။ ဘာပဲပြောပြော သူက 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' (အထွတ်အထိပ်) ရောက်နေသူ ဖြစ်ပြီး နက်ရှိုင်းသော စွမ်းရည်များ ရှိသဖြင့် ဆရာသခင် တစ်ဆူ၏ ဟန်ပန်ကို မနည်း ထိန်းသိမ်းထားနိုင်၏။ သို့သော် သူ့မျက်နှာသည် အလွန်အမင်း မည်းမှောင်နေပြီး... ရံဖန်ရံခါတွင် 'ချီ ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံး' များကို လက်တစ်ဆုပ်စာ ခပ်ပြီး ပါးစပ်ထဲ အတင်း ပစ်ထည့်နေရကာ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
သို့သော်... အခြား အဆင့်နိမ့်နှင့် အလယ်အလတ် အဆင့်ရှိ အိမ်တော်ထိန်း (၂) ဦး၏ အခြေအနေမှာမူ စိတ်ချရသည့် အနေအထား မရှိတော့ပေ။ သူတို့သည် ပြင်းထန်စွာ ဟောဟိုက်နေကြပြီး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကာ ကျောပြင်တွင် ချွေးများဖြင့် ရွှဲနစ်နေသည်။ လက်ဆစ်များ ဖြူဖွေးနေသည်အထိ 'အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး' များကို ဆုပ်ကိုင်ထားပြီး ဝိညာဉ်စွမ်းအင်များကို အသည်းအသန် စုပ်ယူနေကြ၏။ သို့သော် ဤနှုန်းထားသည် သူတို့၏ စွမ်းအင် ကုန်ဆုံးမှုနှုန်းကို မီအောင် လိုက်နိုင်ခြင်း မရှိချေ။
အထူးသဖြင့်... အကြီးအကဲ ဟွမ်ကို အထင်ကြီးစေရန် မီးမန္တန်များကို အားကြိုးမာန်တက် ပစ်လွှတ်ခဲ့သော... 'လီ' အမည်ရှိ အိမ်တော်ထိန်းသည် အဆိုးရွားဆုံး ခံစားနေရ၏။ အကျိုးဆက်များ ပေါ်လာချေပြီ။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းမတတ် ဖြစ်နေပြီး ဒန်တျန် သည် ဟာလာဟင်းလင်း ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော 'ကာကွယ်ရေး ဝိညာဉ်အလင်းရောင်' သည်ပင်လျှင် လေထဲက ဖယောင်းတိုင်မီးကဲ့သို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး... နဖူးပေါ်တွင် အေးစက်သော ချွေးသီးများ စီးကျနေ၏။
ဟွမ်မိသားစု၏ သနားစရာ အခြေအနေနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်နေသည်မှာ... ကစားသမားများ၏ ရူးသွပ်ဖွယ်ရာ စိတ်လှုပ်ရှား တက်ကြွမှုပင် ဖြစ်တော့သည်။
သူတို့အတွက် ဒါသည် ရက်စက်ကြမ်းကြုတ်သော စစ်ပွဲ တစ်ခု မဟုတ်ပေ။ သမိုင်းတွင် တစ်ခါမှ မကြုံဖူးသော အကြီးစား "အဖွဲ့လိုက် ပျော်ပွဲစား ခရီးထွက်ခြင်း" တစ်ခု၊ အတွေ့အကြုံရမှတ် နှင့် ဂုဏ်ပြုမှတ်များ ကြိတ် ရန် နိမ္ဗာန် တစ်ခုသာ ဖြစ်၏။
ပြန်လည်ရှင်သန်ရာ နေရာ (ရင်ပြင်တော်) နှင့် စစ်မြေပြင်ကြားတွင် အလုပ်ရှုပ်နေသော "ကုန်ထုတ်လုပ်မှု လိုင်း" တစ်ခု ဖြစ်ပေါ်နေသည်။
အခုမှ ပြန်လည်ရှင်သန်လာသော ကစားသမား တစ်ဦးသည် စွမ်းအင်အပြည့်ဖြင့် စစ်မြေပြင်ထဲသို့ ဝင်ရောက်လာပြီး ဟစ်ကြွေးလိုက်သည်။
“ညီအစ်ကိုတို့... ငါ ပြန်လာပြီဟေ့... စောစောက ငါ ဟို အခြေခံအုတ်မြစ် အဆင့် ဘော့စ် (ဘော့စ်) ရဲ့ ဖင်ကို ကိုင်လိုက်ရတယ်... တန်တယ်ဟေ့... တန်တယ်...”
မြေကြီးပေါ်ရှိ မပျောက်ကွယ်သေးသော ကစားသမား အလောင်းများသည် ရန်သူ့ခြေထောက်ကို ဖက်တွယ်ထားသည့် ပုံစံအတိုင်း ရှိနေဆဲဖြစ်ပြီး... မျက်နှာပေါ်တွင် ငြိမ်းချမ်းသော (သို့မဟုတ် အနည်းငယ် ပုံမှန်မဟုတ်သော) အပြုံးများ ရှိနေကြ၏။
သူတို့သည် ရန်သူကို လုံးဝ ဂရုမစိုက်ဘဲ စစ်မြေပြင် အတွေ့အကြုံများကို ကျယ်လောင်စွာ ဖလှယ်နေကြသေးသည်။
'ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း' သည် ကျောက်တုံးကြီးတစ်ခု နောက်ကွယ်တွင် ပုန်းအောင်းရင်း ဆေးတံဖွာလျက် စစ်ဗိုလ်ချုပ်ကြီး တစ်ဦးပမာ လက်ဟန်ခြေဟန်ဖြင့် ညွှန်ကြားနေသည်။
“ဆောက်လုပ်ရေး အဖွဲ့... ထိပ်တိုက် မတိုးနဲ့... သူတို့ ခြေဖနောင့်အောက်ကို တူး... မြေပြင် အတားအဆီးတွေ လုပ်... လမ်းဖြတ်တောက်... သူတို့ ခြေခေါက်လဲအောင် လုပ်...”
ဤ ဖရိုဖရဲနိုင်သော၊ ယုတ္တိမရှိသော၊ သို့သော် သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းသည်... ဟွမ်မိသားစု ကျင့်ကြံသူများကို အဆုံးစွန် မျှော်လင့်ချက်မဲ့မှု အခြေအနေ ဆီသို့ တွန်းပို့နေ၏။ သူတို့သည် လူသားများနှင့် တိုက်ခိုက်နေရခြင်း မဟုတ်ဘဲ... အဆုံးသတ် မရှိသော အရူးအုပ်စုကြီးနှင့် တိုက်ခိုက်နေရသည်ဟု ခံစားနေရသည်။
နောက်ဆုံးတွင်... မျှော်လင့်ထားသည့်အတိုင်း .. မမျှော်လင့်ထားသော အချိန်၌... စစ်ပွဲ၏ အချိုးအကွေ့ တစ်ခု ဖြစ်ပေါ်လာ၏။
ဝိညာဉ်စွမ်းအင် ကုန်ခမ်းမှု အဆိုးရွားဆုံး ဖြစ်နေသော အိမ်တော်ထိန်း လီ သည်... ဘေးဘက်မှ ကစားသမားတစ်ဦး ပစ်လိုက်သော ပွက်ပွက်ဆူနေသည့် အဆိပ်အိုးကို ရှောင်တိမ်းရင်း... မီးကျွမ်းနေသော ကျောက်တုံးပွပွ တစ်ခုကို တက်နင်းမိကာ ချက်ချင်း ဟန်ချက်ပျက်သွားသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ကာကွယ်ရေး ဝိညာဉ်အလင်းရောင်သည် နှစ်ချက်ခန့် လက်ခနဲ ဖြစ်သွားပြီးနောက်... တစ်ခဏတာမျှ ငြိမ်းသွားကာ... သူ၏ အကာအကွယ်မဲ့နေသော ရုပ်ခန္ဓာကို ဖော်ပြလိုက်မိ၏။
သူသည် အတွေ့အကြုံရင့်သူ ဖြစ်သဖြင့် ချက်ချင်း ဟန်ချက် ပြန်ထိန်းပြီး ဒိုင်းကာကို ပြန်ဖွင့်နိုင်ခဲ့သော်လည်း... ဤ တိုတောင်းလှသော "ဟာကွက်"အခိုက်အတန့်လေးကို... အမှောင်ထဲတွင် မြွေဆိုး တစ်ကောင်လို စောင့်ကြည့်နေခဲ့သော ကျွမ်းကျင်ကစားသမား 'ကောင်းကင်ခွင်း ဓားတစ်လက်' က တိကျစွာ ဖမ်းမိလိုက်သည်။
အခွင့်အရေးပဲ... တစ်သက်မှာ တစ်ခါရမယ့် အခွင့်အရေး...။
“ညီအစ်ကိုတို့... ဟိုဘက်ကို ကြည့်လိုက်... ဟို အပြာရောင် ဝတ်ရုံနဲ့ အဘိုးကြီး... အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်က ကောင်...”
'ကောင်းကင်ခွင်း ဓားတစ်လက်' သည် ပုန်းအောင်းနေသော သစ်ပင်ထိပ်ဖျားမှ ခုန်ဆင်းလိုက်ပြီး ရှိသမျှ အားကုန်သုံးကာ ဟိန်းဟောက်လိုက်၏။ စိတ်လှုပ်ရှားမှုကြောင့် အက်ကွဲနေသော သူ့အသံသည် ဆူညံနေသော စစ်မြေပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
“သူ့ သက်စောင့်စွမ်းအား ကုန်နေပြီ... သူ့ဒိုင်းကာ ကွဲတော့မယ်... သူ အားနည်းနေပြီ..”
“အခုပဲ... ကျန်တဲ့ကောင်တွေကို ထားလိုက်... သူ့ကို ဝိုင်းချ... လူအုပ်နဲ့ ဖိသတ်ကြ...”
“ဘော့စ် က ပစ္စည်းကောင်းတွေ.. ဒရော့မှာဟေ့....”
"အုန်း"
ထိုစကားသည် စစ်ချီတံပိုးမှုတ်လိုက်သကဲ့သို့... သို့မဟုတ် ပီရန်ညှာ ငါးကန်ထဲသို့ အသားလတ်လတ်ဆတ်ဆတ် တစ်တုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားတော့၏။
မူလက ဟိုနားသည်နား လျှောက်သွားပြီး နှောင့်ယှက် တိုက်ခိုက်နေကြသော (ပြန်လည်ရှင်သန်လာသူများ အပါအဝင်) ကစားသမား ရာပေါင်းများစွာသည် တပြိုင်နက်တည်း တစ်စက္ကန့်မျှ ရပ်တန့်သွားကြသည်။
နောက်တစ်စက္ကန့်တွင်... နေဝင်ရီတရော အချိန်ကာလ၌ ရေတွက်၍ မရနိုင်သော မျက်လုံးစိမ်းများ လင်းလက်လာကြ၏။ ညမှောင်မိုက်ချိန်တွင် သားကောင်ကို တွေ့လိုက်ရသော ဝံပုလွေအုပ်ကြီးပမာ... အားလုံးသည် ပြွန်ဝကို လှည့်လိုက်ကြပြီး... ယိမ်းယိုင်နေကာ ကြောက်ရွံ့တုန်လှုပ်နေသော အိမ်တော်ထိန်း လီ ကို ချိန်ရွယ်လိုက်ကြသည်။
“ချဟေ့... ဖာ့စ်တ်ကေးလ် ယူမယ်...”
“ငါ့ကို မတွန်းနဲ့ကွ... ငါ အရင်ဆုံး ထိချင်တာ...”
“ဂေါ်ပြားအဖွဲ့... အဆင်သင့် ပြင်ထား... ခေါင်းကို ရိုက်ခွဲ... အီကွစ်တွေ လုကြ...”
ဂေါ်ပြားများ၊ ပေါက်ချွန်းများ၊ တုတ်ချောင်းများနှင့် ကျောက်တုံးကြီးများကို ကိုင်ဆောင်ထားသော လူရာပေါင်းများစွာသည်... တားဆီး၍ မရနိုင်သော ရွှံ့နွံမြေ ပြိုကျမှုကြီးအသွင် စုစည်းသွားကြပြီး... အရာရာကို ဝါးမြိုပစ်မည့် အရှိန်အဝါဖြင့် အိမ်တော်ထိန်း လီ ဆီသို့ ရူးသွပ်စွာ ဝင်ရောက် စီးနင်းကြတော့သည်။
မြင်ကွင်းသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ခမ်းနားကြီးကျယ်လှပေ၏။
အခန်း (၇၂) - နောက်ဆုံးတိုက်ပွဲ (အပိုင်း ၂) .. ပုရွက်ဆိတ်အုပ်၏ စားသောက်ပွဲကြီးနှင့် အင်မော်တယ် ဆရာသခင်၏ နေဝင်ချိန်
~ကျွမ်းကျင်ကစားသမား 'ကောင်းကင်ခွင်း ဓားတစ်လက်' ၏ ဒေါသတကြီး ဟိန်းဟောက်သံကြီး စစ်မြေပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်နှင့် တပြိုင်နက်... တိုက်ပွဲတစ်ခုလုံးသည် တာကျိုးသွားသော ရေလှိုင်းလုံးကြီးများပမာ ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိသွားတော့သည်။
စစ်မြေပြင်၏ အစွန်းတစ်ဖက်တွင် လှည့်ပတ်သွားလာရင်း... ရန်သူကို ထုံးမှုန့်များ၊ အဆိပ်ရည်များဖြင့် ရွံရှာဖွယ်ကောင်းအောင် လုပ်ရန် အခွင့်ကောင်းချောင်းနေကြသော ကစားသမား ရာပေါင်းများစွာသည်... ဝံပုလွေဘုရင်၏ တိုက်ပွဲခေါ်သံကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။ မှိန်ဖျော့သော နေဝင်ရီတရော အလင်းရောင်အောက်တွင်... ရေတွက်၍မရနိုင်သော မျက်လုံးစိမ်းများသည် တပြိုင်နက်တည်း အရောင်တောက်လာကြပြီး... ဝိညာဉ်စွမ်းအင် ကုန်ခမ်းနေသဖြင့် ယိမ်းယိုင်နေသော အပြာရောင် ပုံရိပ် (အိမ်တော်ထိန်း လီ) ကို ပစ်မှတ် (Lock) ထားလိုက်ကြ၏။
“ချဟေ့... ရွှေတောင် ငွေတောင်ကြီး... အဲ... အီကွစ်တွေအတွက်...”
“ဖာ့စ်တ်ကေးလ် ကွ... ညီအစ်ကိုတို့... မြန်မြန်လုပ်... နောက်ကျရင် ကျန်မှာ မဟုတ်ဘူး...”
ကောက်ကွေးနေသော ဂေါ်ပြားများ၊ ကျိုးပဲ့နေသော ပေါက်ချွန်းများနှင့်... လူခေါင်း (၂) လုံးစာလောက် ရှိသော ကျောက်တုံးကြီးများကို ကိုင်ဆောင်ထားသည့် လူ (၁၀၀) ကျော်သည်... အရာရာကို ဝါးမြိုပစ်တော့မည့် အရှိန်အဝါဖြင့် ရူးသွပ်သော ရွှံ့နွံမြေပြိုကျမှုကြီး (Mudslide) တစ်ခုအဖြစ် စုစည်းသွားပြီး... အိမ်တော်ထိန်း လီ ဆီသို့ လှိမ့်ဝင်သွားကြတော့သည်။
“မင်း... မင်းတို့ ဘာလုပ်ချင်တာလဲ... ရှေ့တိုးမလာနဲ့... ဖယ်ကြစမ်း... ငါက 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူကွ...”
အိမ်တော်ထိန်း လီ သည်... ရွှံ့များ သွေးများ ပေကျံနေပြီး စိတ်လှုပ်ရှားမှုကြောင့် ပုံပျက်နေသော မျက်နှာများနှင့်... သူ့ဆီသို့ လှမ်းလာနေကြသော ထူထပ်သိပ်သည်းလှသည့် ညစ်ပတ်ပေရေနေသော လက်များကို ကြည့်ရင်း... "အပေါက်အပြောက် များလွန်း၍ ကြောက်ရွံ့ခြင်း" နှင့် ဝိညာဉ်တွင်းအထိ တုန်လှုပ်ချောက်ခြားခြင်း ဆိုသည်မှာ ဘာလဲဆိုတာကို ဘဝမှာ ပထမဆုံးအကြိမ် နားလည်သွားရရှာသည်။
သူက ထောင်သောင်းချီသော လူများ၏ လေးစားမှုကို ခံရသည့် ဂုဏ်သရေရှိ 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ အစားအသောက် လုနေကြသော သူတောင်းစားများကဲ့သို့ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူ ဘယ်တုန်းက မြင်ဖူးခဲ့သနည်း။
အလွန်အမင်း ထိတ်လန့်တကြား ဖြစ်နေချိန်တွင်... သူသည် တိုက်ခိုက်မှုကို တားဆီးရန် မန္တန်တစ်ခု ထုတ်လွှတ်ဖို့အတွက် ကိုယ်ခန္ဓာအတွင်းရှိ နောက်ဆုံးလက်ကျန် ဝိညာဉ်စွမ်းအင် အနည်းငယ်ကို အသည်းအသန် စုစည်းရန် ကြိုးစားလိုက်၏။ သူ့လက်များသည် ရူးသွပ်စွာ လက်သင်္ကေတများ ပြုလုပ်နေသည်။
သို့သော် ဝိညာဉ်သွေးကြောများသည် ခြောက်သွေ့နေသော မြစ်ကြမ်းပြင်ကဲ့သို့ ဟာလာဟင်းလင်း ဖြစ်နေလေပြီ။ မီးခြစ်ဆံ မီးတောက်ထက်ပင် သေးငယ်သော ပုံသဏ္ဌာန်မမှန်သည့် မီးလုံးလေး အနည်းငယ်လောက်ကိုသာ မနည်း ညှစ်ထုတ်နိုင်လိုက်သည်။ ထိုမီးလုံးလေးများသည် မီတာဝက်ပင် မရောက်လိုက်ဘဲ... လှိမ့်ဝင်လာသော လူအုပ်ကြီး၏ ခြေဖဝါးအောက်တွင် အသံပင် မထွက်နိုင်ဘဲ နင်းချေ ဖျက်ဆီးခံလိုက်ရ၏။
သူ နောက်ဆုတ်ပြီး ထွက်ပြေးချင်သော်လည်း... နောက်ပြန်လှည့်ကြည့်လိုက်သောအခါ... သူ့အနောက်ဘက်တွင် ရှိနေသော ဟွမ်မိသားစု တပည့်များသည်လည်း ကြောက်လန့်တကြားဖြင့် ဒုက္ခရောက်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့သည်လည်း ထိုရူးသွပ်သော အရှိန်အဝါကြီးကို ကြောက်လန့်ပြီး ဆုတ်ခွာစရာ နေရာမရှိ ဖြစ်နေကြရှာသည်။
“သွားစမ်း... ပုရွက်ဆိတ်ကောင်တွေ... ခွင့်မလွှတ်ဘူး...”
မျှော်လင့်ချက်မဲ့နေသော ဤမြင့်မြတ်သည့် ကျင့်ကြံသူကြီးသည်... နောက်ဆုံးတွင် ဟန်ချက်ပျက်နေသော သေမျိုး စစ်သည်နှယ်... သူ၏ တုံးနေပြီ ဖြစ်သော အဆင့်မြင့် မှော်ဓားကြီးကို ရမ်းကားစွာ ဝှေ့ယမ်းပြီး... ရှေ့ဆုံးမှ ပြေးဝင်လာသော ကစားသမားများကို ဖြစ်သလို ခုတ်ပိုင်းရုံမှတပါး အခြား မတတ်နိုင်တော့ချေ။
သို့သော် ဒါက အရာမထင်ပေ။
စတုတ္ထကပ်ဘေးများ၏ အကြောက်စရာ အကောင်းဆုံး အချက်မှာ... သူတို့သည် သေရမှာကို မကြောက်ခြင်းပင်။ အနည်းငယ် လဲကျသွားသည်နှင့် အဖြူရောင် အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး... နောက်ထပ် လူ (၁၀) ဂဏန်းခန့်က နေရာလွတ်ကို ချက်ချင်း အစားထိုး ဝင်ရောက်လာကြသည်။ အစားထိုး ဝင်ရောက်လာသူများသည် ပိုမို စိတ်လှုပ်ရှားနေကြပြီး... ရှေ့က ကျဆုံးသွားသူများ၏ စွန့်လွှတ်အနစ်နာခံမှုသည် သူတို့အတွက် လမ်းခင်းပေးခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားကြပုံရသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင်... အထီးကျန်ပြီး အကူအညီမဲ့နေသော အိမ်တော်ထိန်း လီ ၏ အပြာရောင် ပုံရိပ်သည်... ဆီပူအိုးထဲ ကျသွားသော ရေစက်ကလေးပမာ... လှိမ့်ဝင်လာသော လူအုပ်ကြီး၏ ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရတော့သည်။
"ပုရွက်ဆိတ်များက ဆင်ကို သတ်ဖြတ်ခြင်း" ဟူသော တုန်လှုပ်ဖွယ်ရာ မြင်ကွင်းသည်... အင်မော်တယ်လောကတွင် တကယ်ကြီး ဖြစ်ပျက်လာခဲ့တော့၏။
“ခြေထောက်ကို ဆွဲထား... သူ့ကို ပြေးခွင့် မပေးနဲ့... ကြိုးပါတဲ့ကောင် ရှိလား... တုတ်ထားလိုက်...”
“လက်ကို ဖိထား... မန္တန် ရွတ်ခွင့် မပေးနဲ့... ငါ ကိုက်သတ်ပစ်မယ်...”
“ဘယ်ကောင် ငါ့ဘောင်းဘီကို လာဆွဲနေတာလဲ... ဘော့စ် ချနေတာနော်... လေးနက်ကြစမ်းပါ... အခွင့်ကောင်းယူပြီး လာမထိနဲ့...”
“ရှစ်ဆယ်... ရှစ်ဆယ်... ရှစ်ဆယ်...”
ဒါကတော့ 'ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း' က ပေါင် (၈၀) သံပေါင်တူကြီးနှင့် အိမ်တော်ထိန်း လီ ၏ တန်ဖိုးကြီး ကာကွယ်ရေး သံချပ်အင်္ကျီပေါ်ကို ထုနှက်နေသော အသံအုပ်အုပ်ကြီးတွေပင် ဖြစ်ပါသည်။
ပုံမှန်ဆိုလျှင် သေမျိုးများကို မြေမှုန်ကဲ့သို့ သဘောထားပြီး မိုးမမြင် လေမမြင် ပြုမူတတ်သော ဂုဏ်သရေရှိ 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူကြီးသည်... ယခုအခါတွင် ချီ စုစည်းမှု အဆင့် (၃) (၄) လောက်သာ ရှိသော အကောင်ပေါက်စလေးများ၏ ပွတ်သပ် အရှက်ခွဲခြင်းကို ခံနေရရှာ၏။
ဝိညာဉ်စွမ်းအင် ကုန်ခမ်းမှုကြောင့် အလွန်အမင်း ပါးလွှာနေပြီ ဖြစ်သော သူ၏ 'ကာကွယ်ရေး ဝိညာဉ်အလင်းရောင်' သည်... မြောက်များလှစွာသော ဂေါ်ပြားများ၊ ပေါက်ချွန်းများနှင့် ကျောက်တုံးများ၏ အပြင်းစား ရိုက်ချက်များအောက်တွင်... အသက် တစ်ရှူစာမျှသာ ခံနိုင်ရည်ရှိလိုက်ပြီး... ဆပ်ပြာပူဖောင်းကဲ့သို့ ပေါက်ကွဲ ပျက်စီးသွားတော့သည်။
ထို့နောက် ချက်ချင်းပင်... လက်သီးများ၊ ခြေထောက်များနှင့် ကိရိယာတန်ဆာပလာများ၏ တိုက်ခိုက်မှုများသည် သူ၏ ရုပ်ခန္ဓာပေါ်သို့ မိုးရွာသလို ကျရောက်လာ၏။
ကြီးမားသော အဆင့်ကွာခြားချက် နှင့် ကာကွယ်ရေး ပစ္စည်းများ ရှိနေခြင်းကြောင့်... ကစားသမား တစ်ဦးချင်းစီ၏ တိုက်ခိုက်မှုသည် သနားစရာကောင်းလောက်အောင် နည်းပါးလှသည်။ အများစုမှာ ကာကွယ်မှုကိုပင် မဖောက်ထွင်းနိုင်ဘဲ... သူ့ခေါင်းပေါ်တွင် "-1" ၊ "-2" စသော အတင်းအကြပ် သွေးနုတ်သည့် ကိန်းဂဏန်းလေးများသာ ပေါ်နေသည်။
သို့ရာတွင်၊ လူအုပ်က များလွန်းသည်လေ...။
လူ ရာပေါင်းများစွာ ဝိုင်းပြီး တိုက်ခိုက်နေတာ... တစ်ယောက် တစ်ချက် ရိုက်ရင်တောင် ရာပေါင်းများစွာ ထိနေလေပြီ...။ ရေတစ်စက်ချင်း ကျပါများလျှင် ကျောက်တုံးတောင် ပေါက်နိုင်သေးသည်ပဲ... နည်းနည်းချင်းစီ စုပေါင်းလိုက်တော့... 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ရုပ်ခန္ဓာကြီးလည်း ယခုလို ဆက်တိုက် ပွတ်တိုက်စားသုံးမှုကို အဘယ်သို့ ခံနိုင်ပါ့မည်နည်း။
“အား... ခွေးကောင်တွေ... ငါ့ကို လွှတ်... မင်းတို့အကုန် သေဆိုးနဲ့ သေရစေမယ်...”
“ငါ့ဆံပင်... ဘယ်ကောင် ငါ့ဆံပင်ကို ဆွဲတာလဲ... နာလိုက်တာ... လွှတ်စမ်း...”
“ငါ့ သိုလှောင်အိတ်... သိုလှောင်အိတ်ကို မလုနဲ့လေကွာ... အဲ့ဒါ ငါ့မှာ ရှိသမျှ အကုန်ပဲ... ဓားပြကောင်တွေ...”
အိမ်တော်ထိန်း လီ ၏ အရှက်ရမှု၊ နာကျင်မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသော အော်ဟစ်သံများနှင့် ကျိန်ဆဲသံများသည်... ကစားသမားများ၏ စိတ်လှုပ်ရှားဖွယ် ကြွေးကြော်သံများအောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။
အဝေးမှ ကုန်းမြင့်ပေါ်တွင် ရပ်နေသော အကြီးအကဲ ဟွမ်သည် လုံးဝ (လုံးဝ) ကျောက်ရုပ် ဖြစ်သွားရှာသည်။ သူသည် ဤအဖြစ်အပျက် အားလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံနေရသော်လည်း... သူ့ခန္ဓာကိုယ်သည် အေးခဲသွားသကဲ့သို့ မလှုပ်ရှားနိုင် ဖြစ်နေသည်။
သူ့မျက်နှာပေါ်ရှိ အမူအရာသည် ဒေါသနှင့် အထင်သေးမှုမှ... နက်ရှိုင်းသော ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှု အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွား၏။
အင်မော်တယ်လောကကို လွှမ်းမိုးထားသင့်သော အားကြီးသည့် 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူ ဖြစ်သည့် သူ့မိတ်ဆွေသည်... သေမျိုး ပုရွက်ဆိတ် အုပ်စုတစ်စု၏ အမိမြေတွင်... အခေတ်နောက်ကျဆုံး၊ အရိုင်းစိုင်းဆုံးနှင့် အရှက်ရဆုံး နည်းလမ်းဖြင့်... ဖြည်းညှင်းစွာနှင့် နာကျင်စွာ အရှင်လတ်လတ် မြှုပ်နှံခြင်း ခံနေရသည်ကို သူ စောင့်ကြည့်နေရသည်။
ထိုအခိုက်အတန့်၌... အိမ်တော်ထိန်း လီ ၏ တဖြည်းဖြည်း တိုးညှင်းပျောက်ကွယ်သွားသော အော်ဟစ်သံများနှင့်အတူ... အကြီးအကဲ ဟွမ်၏ တစ်ဘဝလုံး တည်ဆောက်ထားခဲ့သည့် 'ကျင့်ကြံခြင်းဆိုင်ရာ ကမ္ဘာအမြင်' သည်လည်း 'ဘွန်း' ခနဲ ပြိုကျပျက်စီးသွားခဲ့တော့၏။
ကစားသမား ရာပေါင်းများစွာ၏ အောက်ဘက်တွင်... အိမ်တော်ထိန်း လီ ၏ ရုန်းကန်မှုများသည် တဖြည်းဖြည်း အားနည်းလာသည်။
သူ့ ဝိညာဉ်စွမ်းအင် အကုန် ခမ်းသွားလေပြီ။ သူ၏ အလွန် ကာကွယ်မှု ကောင်းပါသည် ဆိုသော ဝတ်ရုံကြီးလည်း အစိစိအမွှာမွှာ ဖြစ်သွားပြီ။ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ၊ ဂေါ်ပြားရာတွေ၊ ဖိနပ်ရာတွေ၊ သွားရာတွေနှင့် ပြည့်နှက်နေရ၏။ သူ သေသေချာချာ ထိန်းသိမ်းထားခဲ့သည့် မျက်နှာအိုကြီးတောင်မှ ရွှံ့တွေထဲမှာ အနင်းခံရလွန်း၍ ဝက်ခေါင်းလို ရောင်ကိုင်းနေရပြီ။
သူ အိပ်မက်ထဲမှာတောင် မမက်ဖူးခဲ့ပါ...။ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ပြီး ဆင်းရဲဒုက္ခပေါင်းများစွာကို ကျော်ဖြတ်ကာ 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' သို့ ရောက်ရှိပြီး လူအများအပေါ်မှ စိုးမိုးနိုင်သူ ဖြစ်လာခဲ့သော်လည်း... နောက်ဆုံးတွင် သေမျိုးများ၏ ရန်ပွဲထက်ပင် ဆိုးရွားသော၊ အလွန်အမင်း စိတ်ပျက်စရာကောင်းသည့် အခြေအနေမျိုးဖြင့် ဇာတ်သိမ်းရလိမ့်မည်ဟု ထင်မထားခဲ့ချေ။
သူ့ဘဝ၏ နောက်ဆုံး အခိုက်အတန့်မှာ... လူအုပ်ကြားထဲကနေ ကောင်းကင်ပြာကြီးကို မြင်ရမည့်အစား... နှစ်သစ်ကူးပွဲတော်မှာ ဝက်သားတုံး ဝေနေသလိုမျိုး... စိတ်လှုပ်ရှားမှုတွေ၊ လောဘတွေနှင့် ပြည့်နှက်နေသော မျက်နှာတွေကိုသာ မြင်တွေ့လိုက်ရရှာသည်။
“မိစ္ဆာတွေ... မင်းတို့ကောင်တွေ အကုန်လုံးက မိစ္ဆာတွေပဲ...”
အိမ်တော်ထိန်း လီ သည် နောက်ဆုံး လက်ကျန် အသက်ရှူသံဖြင့် မျှော်လင့်ချက်မဲ့စွာ ကျိန်ဆဲလိုက်ပြီး... ခေါင်းတစ်ဖက်သို့ စောင်းကျသွားကာ မျက်လုံးများ အလင်းရောင် ကွယ်ပျောက်သွားတော့၏။
'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ၏ အားကြီးသော ပုဂ္ဂိုလ်တစ်ဦးသည်... ဖရိုဖရဲ ဂေါ်ပြားရိုက်ချက်များအောက်တွင် သားကောင် ဖြစ်သွားခဲ့ရတော့သည်။
အိမ်တော်ထိန်း လီ အသက်ပျောက်သွားသည့် တခဏ၌...၊
ဝိုင်းဝန်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြပြီး သူ့ကို အနည်းဆုံး ထိခိုက်မှု တစ်ခုလောက် ပေးနိုင်ခဲ့သော ကစားသမား အားလုံးသည်... ကောင်းကင်ဘုံမှ တေးဂီတကဲ့သို့ သာယာနာပျော်ဖွယ် ကောင်းလှသော စနစ် အသိပေးသံ တစ်ခုကို တပြိုင်နက်တည်း ကြားလိုက်ကြရ၏။
[ကမ္ဘာလုံးဆိုင်ရာ ကြေညာချက်.. ကစားသမား "ကောင်းကင်ခွင်း ဓားတစ်လက်"၊ "ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း"၊ "ဝမ်သဲ့ဖာ" နှင့် အခြားသော လူ (၁၀၀) ကျော်တို့သည် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ပြီး... ရန်သူ့ အဖွဲ့အစည်းမှ 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူ အား အောင်မြင်စွာ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါသည်..]
[မော်ကွန်းဝင် အောင်မြင်မှု ရရှိသည်: ဆာဗာ တစ်ခုလုံးတွင် 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ကို ပထမဆုံး သတ်ဖြတ်နိုင်ခြင်း (ဖာ့စ်တ်ကေးလ်)..]
[ဆုလာဘ်များ ဖြန့်ဝေပြီးပါပြီ: ပါဝင်သူ အားလုံးသည် ကြီးမားသော အတွေ့အကြုံ ရမှတ်များ ရရှိသည် (ချက်ချင်း လယ်ဗယ် တက်သွားသည်).. ဂိုဏ်း ဂုဏ်ပြုမှတ် +၅၀၀.. သီးသန့် ကန့်သတ်ထုတ်ဝေသော ဘွဲ့ထူး "အင်မော်တယ် သတ်ဖြတ်သူ (အတု)" ကို ရရှိသည်..]
"အုန်း"
လူအုပ်ကြီး တပြိုင်နက် ပေါက်ကွဲသွားတော့သည်။ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများသည် ယခင် တိုက်ပွဲ အော်ဟစ်သံများကိုပင် လွှမ်းမိုးသွား၏။
“ဘုရားရေ... ငါတို့ တကယ် သတ်နိုင်လိုက်ပြီ... 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ကွ... ငါတို့ 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ကို သတ်လိုက်နိုင်ပြီ...”
“ဖာ့စ်တ်ကေးလ် အောင်ပွဲ ဟေ့... မိုက်တယ်ကွာ... စခရင်ရှော့ ရိုက်ပြီး ဝီချတ်မူးမန့်မှာ တင်လိုက်ဦးမယ်... ဒီဘဝတော့ တန်ပါပြီ...”
“အတွေ့အကြုံမှတ်တွေ အများကြီးပဲ... ငါ လယ်ဗယ် တက်သွားပြီ... ဟားဟားဟား... ငါ အခုဆိုရင် ချီစုစည်းမှု အဆင့်ငါး မာစတာ ဖြစ်သွားပြီ... ဘယ်သူမှ ငါ့ကို တားလို့မရတော့ဘူး...”
“မြန်မြန်... ဘာတွေ ဒရော့လဲ ကြည့်ကြစမ်း... သိုလှောင်အိတ် ဘယ်သူရလဲ... ကံကောင်းတဲ့သူ ယူကွာ...”
ကစားသမားများသည် အိမ်တော်ထိန်း လီ ၏ အနည်းငယ် ပုံပျက်နေပြီ ဖြစ်သော "အလောင်းကောင်" ပေါ်မှ ဆင်းလိုက်ကြပြီး... အချင်းချင်း ဖက်လဲတကင်းဖြင့် ဤ သမိုင်းဝင် အခိုက်အတန့်ကို အောင်ပွဲခံ ကြွေးကြော်နေကြ၏။
စစ်မြေပြင် တစ်ခုလုံးသည် ပျော်ပွဲရွှင်ပွဲကြီး အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး... အဝေးမှ အထီးကျန်ကာ တုန်လှုပ်နေသော အကြီးအကဲ ဟွမ်၏ ပုံရိပ်ကိုသာ ချန်ထားရစ်ခဲ့တော့သည်။