အခန်း (၁၂၇-၁၂၉)
Vol. 9 Ch. 127-129
အခန်း (၁၂၇) - ပြန်ပေးဆွဲခြင်း တာဝန်.. ကျွန်တော်တို့မှာ ပန်းချီဆရာ အညံ့စား တစ်ယောက် လိုအပ်နေတယ်
~ကွေ့ယွမ်ဂိုဏ်း။ ကျောက်ကွင်းပြင် ဘေးနားရှိ ဝက်ခြံကြီး၏ အနီးအနား၌၊
တိုက်ပွဲကြီး တစ်ခုမှာ ယခုလေးတင် ပြီးဆုံးသွားခဲ့သော်လည်း... လေထုအတွင်း၌မူ ယမ်းနံ့နှင့် သွေးညှီနံ့များမှာ ကိန်းဝပ်နေဆဲ ဖြစ်သည်။
တစ်ချိန်က ဒုစရိုက်မြို့တော်၏ အရှင်သခင်၊ ရွှေအမြုတေ အဆင့်သို့ တက်လှမ်းလုနီးပါး ဖြစ်ခဲ့သော ကျောက်ဝူကျိမှာမူ ယခုအခါ သူ၏ ဘဝတွင် အရှက်ရဆုံးသော အချိန်ကို ရင်ဆိုင်နေရရှာတော့၏။ သူသည် ဝိညာဉ်ချိပ်ပိတ်ကြိုး အမြောက်အမြားဖြင့် ဖက်ထုပ် တစ်ခုပမာ တင်းကျပ်စွာ အချည်ခံထားရပြီး... ဝမ်သဲ့ဖာ အလွန်ချစ်မြတ်နိုးသည့် အဆင့် (၂) သံခွံ တောဝက်ကြီး ‘ပက်ပါ’ ၏ လှောင်အိမ်အတွင်း၌ အတူတကွ ပိတ်လှောင်ခြင်း ခံထားရသည်။
ပက်ပါသည် သူ၏ အခန်းဖော် အသစ်ကို တော်တော်လေး စိတ်ဝင်စားပုံ ရသည်။ သူ၏ စိုစွတ်နေသော ဝက်နှာသီးဖြင့် ကျောက်ဝူကျိ၏ ဖြူနုနေသော ပါးပြင်ကို တစ်ချက်တစ်ချက် လာရောက် ပွတ်တိုက်ရင်း “ဝု... ဝု...” ဟု မြည်တမ်းနေသဖြင့်... မြို့စားမင်းကြီးခမျာ မျက်နှာကြီး ဖြူဖျော့လျက် အသက်ပင် ပြင်းပြင်း မရှူရဲရှာတော့ပေ။
ဝက်ခြံ၏ အပြင်ဘက်တွင်မူ တပည့်များစွာမှာ ဝိုင်းအုံ ကြည့်ရှုနေကြသည်။
“ကျွတ် ကျွတ်... ဒါ မြို့စားမင်းကြီး တဲ့လားဗျာ။ ကြည့်ရတာတော့ ငါတို့ ပက်ပါလောက်တောင် အားမရှိတဲ့ ပုံပဲ"
“ဟေ့... ငြိမ်ငြိမ်နေကြစမ်းပါ။ မှတ်တမ်း တင်ရဦးမယ်။ ဒါဟာ ငါတို့ ဖမ်းမိဖူးသမျှထဲမှာ အဆင့်အမြင့်ဆုံး ရန်သူ့ခေါင်းဆောင်ကြီးပဲ"
ထိုစဉ် ဂိုဏ်းချုပ် ကျန်းချန်သည် လူအုပ်၏ အနောက်ဘက်တွင် ဘွားခနဲ ပေါ်ထွက်လာသည်။ သူသည် ဝက်ခြံအနားသို့ တိုးမကပ်ဘဲ အဝေးမှနေ၍ နှာခေါင်းကို ရွံရှာစွာ အုပ်ထားမိ၏။ (ကြည့်ရသည်မှာ ပက်ပါ့ကို အစားကောင်းတွေ ကျွေးလွန်းသဖြင့် အနံ့မှာ အတော်လေး စူးရှနေပုံ ရသည်။)
“ဟမ်း...”
ကျန်းချန်က ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် ညွှန်ကြားချက် အသစ်တစ်ခုကို ထုတ်ပြန်လိုက်သည်။
“သူ့ကို ဖမ်းမိထားပြီဆိုမှတော့... သူ့ရဲ့ တန်ဖိုးကို ငါတို့ အပြည့်အဝ အသုံးချရမယ်လေ"
“အခု ဒုစရိုက်မြို့တော်မှာ ခေါင်းဆောင် မရှိတော့ဘူး။ ဒါဟာ ငါတို့ ဈေးခေါ်ဖို့ အကောင်းဆုံး အချိန်ပဲ။ မင်းတို့ထဲက တစ်ယောက်ယောက်က စာတစ်စောင် ရေးပြီး မြို့စားမင်း အိမ်တော်ကို ပို့လိုက်ကြစမ်း။ သူတို့ရဲ့ သခင်ကို ပြန်လိုချင်ရင် ရွေးနုတ်ဖိုး ပေးရမယ်လို့ ပြောလိုက်"
(အချက်ပေးသံ။ ဆာဗာလုံးဆိုင်ရာ တာဝန်အသစ် ထုတ်ပြန်လိုက်ပါပြီ။ ရက်စက်လှသော ဓားပြတစ်ဦး၏ ကိုယ်ပိုင်ကျင့်ဝတ် - ရွေးနုတ်ဖိုးတောင်းစာ ရေးသားခြင်း။)
(တာဝန် ဖော်ပြချက် - ပြန်ပေးဆွဲသူ တစ်ယောက် ဖြစ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ပညာရှင်ပီသရမယ်။ ဒုစရိုက်မြို့တော်ကို ခြောက်လှန့်နိုင်မယ့်၊ ပုံရော စာပါ ပါဝင်တဲ့ ဆွဲဆောင်မှုရှိသော ရွေးနုတ်ဖိုးတောင်းစာ တစ်စောင်ကို ဖန်တီးပြီး ပို့ဆောင်လိုက်ကြစမ်း။)
(ဆုလာဘ် - စာစောင်၏ အရည်အသွေးနှင့် ရရှိလာမည့် ရွေးနုတ်ဖိုး ပမာဏအပေါ် မူတည်ပြီး ဂိုဏ်းစုဆောင်းမှတ်များ ချီးမြှင့်မည်။)
“စာရေးရမှာလား။ အဲ့ဒါကတော့ ကျွန်တော့်အလုပ်ပဲဗျို့"
တပည့်များသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့၏။ သူတို့သည် တိုက်ခိုက်ရေးပိုင်းမှာ ပညာရှင် မဟုတ်ကြသော်လည်း... ပျော်စရာ ဖန်တီးဖို့ ဆိုရင်တော့ တကယ့်ကို အတည်အပေါက် လုပ်တတ်သူများ ဖြစ်ကြသည် မဟုတ်ပါလော။
ကျောက်ကွင်းပြင်ပေါ်ရှိ ကျောက်တုံးကြီး တစ်ခုပေါ်တွင် သားရေစာရွက် အချို့ကို ဖြန့်ခင်းလိုက်ကြသည်။ ‘ပညာတတ်’ အုပ်စု တစ်စုမှာ ဝိုင်းအုံကာ ပြန်ပေးဆွဲစာ၏ ပါဝင်မှုကို စတင် တိုင်ပင်ကြတော့၏။
“ငါက စာအရေးအသား တော်တယ်၊ငါပဲ ရေးမယ်"
လူငယ်လေး တကယ့် လုံအော့ထျန်က မင်တံကို ဆွဲယူလိုက်ပြီးနောက် မင်ရည်များကို စက္ကူပေါ်သို့ အားရပါးရ ပက်ဖြန်းကာ စတင် ရေးသားသည်။
“ငါတို့ဟာ ကွေ့ယွမ်ဂိုဏ်းရဲ့ ကောင်းကင်ခွင်း အဖွဲ့က ဖြစ်တယ်... မဟုတ်ဘူး... ကွေ့ယွမ်ဂိုဏ်းရဲ့... အစောင့်အရှောက်တွေပေါ့။ မင်းတို့ရဲ့ မြို့စားမင်းကို ငါတို့ ဖမ်းထားတယ်။ အခုချက်ချင်း ရွေးနုတ်ဖိုး လာပေးကြစမ်း။ မဟုတ်ရင်တော့ ငါတို့ သေချာပေါက်...”
“တော်ပြီ... တော်ပြီ... တော်တော့။ မင်း ရေးတာက စာပေဆန်လွန်းတယ်။ အရှိန်အဝါ လုံးဝ မရှိဘူး"
ဝမ်သဲ့ဖာက မင်တံကို လုယူလိုက်ပြီး ခုနက ရေးထားသည်များကို ခြစ်ထုတ်ပစ်လိုက်သည်။ သူက မျက်နှာကြီး တင်းမာလျက် ဆိုလိုက်၏။
“ငွေညှစ်တဲ့ စာဆိုတာ ရိုးရှင်းပြီး ရက်စက်ရတယ်ဗျ။ ငါ့ကိုပဲ ကြည့်နေလိုက်တော့"
သူသည် စာလုံးကြီးများကို ကောက်ကောက်ကွေးကွေးဖြင့် စတင် ရေးသားတော့သည်။
(ကျောက်ဝူကျိ ငါတို့ လက်ထဲမှာ။ သူ့ကို အသက်ရှင်လျက် မြင်ချင်ရင် ပိုက်ဆံပေး။ ငါတို့ ဝိညာဉ်ကျောက်တုံး ငါးသောင်း... မဟုတ်ဘူး... တစ်သိန်း လိုချင်တယ်။ တစ်ပြား လျော့ရင်တော့ သူ့ခြေထောက်တွေကို တစ်နေ့ တစ်ချောင်းစီ ချိုးပစ်မှာနော်။)
စာရေးပြီးနောက် သူက အားမရသေးသဖြင့် စာဘေးနား၌ သွေးများ တစက်စက် ကျနေသော ဦးခေါင်းခွံ ပုံစံတစ်ခုကိုပါ ထပ်မံ ရေးဆွဲလိုက်သေး၏။
“ဘယ်လိုလဲ။ ကြောက်စရာ ကောင်းတယ် မဟုတ်လား" ဝမ်သဲ့ဖာက ဂုဏ်ယူစွာ ပြောလိုက်သည်။
“လက်ရေးကတော့ တကယ့်ကို စုတ်ပြတ်နေတာပဲ။ မူလတန်းကျောင်းသား ရေးထားသလိုပဲဗျာ" ဘေးနားက ကျွမ်းကျင် တပည့်တစ်ဦးက ဝင်၍ ကဲ့ရဲ့လိုက်သည်။
“ဒါတင်မကသေးဘူး... စာလေး တစ်ကြောင်းတည်းနဲ့ဆိုရင် သူတို့က ကျုပ်တို့ လိမ်နေတယ်လို့ ထင်နေဦးမယ်။ သက်သေပြဖို့ လိုတယ်ဗျ"
“ဟုတ်သားပဲ။ ဓာတ်ပုံ ရိုက်ရမယ်... မဟုတ်ဘူး... ပုံတူ ပန်းချီ ဆွဲရမယ်ဗျို့"
အားလုံးက တညီတညွတ်တည်း သဘောတူလိုက်ကြသည်။ သို့သော် ပြဿနာကတော့... ဘယ်သူ ပန်းချီ ဆွဲတတ်သလဲ ဆိုတာပင်။
“ကျွန်တော် ရှိတယ်လေ။ ကျွန်တော်က ပန်းချီကျောင်းသားဗျ"
လူအုပ်ကြားမှ ဝိညာဉ်ပန်းချီဆရာ ဟူသော အမည်ရှိသည့် တပည့်တစ်ဦးက ယုံကြည်ချက် အပြည့်ဖြင့် ရှေ့သို့ တိုးလာခဲ့၏။ သူသည် ပုံမှန်အားဖြင့် ဂိုဏ်း၏ နံရံများပေါ်တွင် စာများ၊ ပုံများ လျှောက်ရေးတတ်သူ တစ်ဦး ဖြစ်သည်။
“ကျွန်တော့်ကိုပဲ လွှတ်ထားလိုက်ပါ။ အပြင်က လူနဲ့ တထပ်တည်း တူစေရမယ် ခင်ဗျာ"
ဝိညာဉ်ပန်းချီဆရာ သည် မီးသွေးတံကို ယူကာ ဝက်ခြံအနားသို့ သွားလိုက်ပြီး... အထဲတွင် တုန်ရင်နေသော ကျောက်ဝူကျိကို အချိန်အတော်ကြာ အကဲခတ်နေသည်။
“မြို့စားမင်း ကျောက်... နည်းနည်းလောက် ပြုံးပြပါဦး။ အေး... အဲ့ဒါမျိုးပဲ။ မျက်နှာကို နည်းနည်းလောက် ပိုပြီး နာကျင်နေတဲ့ ပုံစံ လုပ်ပေးပါဦးဗျ။ ‘ငါတော့ သေတော့မယ်... လာကယ်ကြပါဦး’ လို့ ပြောနေတဲ့ ပုံစံမျိုးပေါ့ ခင်ဗျာ"
ကျောက်ဝူကျိခမျာမှာမူ ပင်ပန်းလွန်းသဖြင့် တောင့်တင်းလှသော အပြုံးတုကြီးကိုသာ အနိုင်နိုင် လုပ်ပြနေရရှာတော့သည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်...။
ဝိညာဉ်ပန်းချီဆရာ သည် သူ၏ လက်ရာမွန်ကြီးကို ထုတ်ပြလိုက်သည်။
နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
စက္ကူပေါ်ရှိ ပုံမှာမူ... ဝိုင်းစက်စက် အလုံးကြီး တစ်လုံးပေါ်တွင် အချောင်းလေး လေးချောင်း ထိုးထွက်နေသဖြင့် ခြေလက်များကို ကိုယ်စားပြုထားပုံ ရသည်။ မျက်နှာပေါ်တွင်မူ ကြက်ခြေခတ် နှစ်ခုမှာ မျက်လုံးများ ဖြစ်ပြီး၊ ကောက်ကွေးနေသော မြောင်းတစ်ခုမှာ ပါးစပ် ဖြစ်သည်။ ၎င်း၏ ဘေးနားတွင်မူ ဝက်တစ်ကောင်က ထိုအလုံးကြီးကို နမ်းနေသည့် ပုံစံကို ဆွဲထားခြင်းပင် ဖြစ်ချေတော့သည်။
“ဒါ... ဒါက...”
ဝမ်သဲ့ဖာ၏ နှုတ်ခမ်းများမှာ တုန်ခါနေသည်။ “မင်း ပြောတဲ့ ပန်းချီကျောင်းသား ဆိုတာ ဒါလား။ ဒါဟာ မူကြိုကျောင်းသား လက်ရာထက်တောင် နိမ့်နေသေးတယ် မဟုတ်လား"
“ဒါကို စိတ်ကူးယဉ် အနုပညာလို့ ခေါ်တယ်ဗျ။ ခင်ဗျားတို့ အနုပညာကို နားမလည်ကြဘူးလား" ဝိညာဉ်ပန်းချီဆရာ က ယုံကြည်ချက် အပြည့်ဖြင့် ပြန်ပြောလိုက်၏။ “ကြည့်စမ်းပါဦး... အသက်ဝင်လိုက်တာမှ လွန်ရောဗျာ။ အဲ့ဒီ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ကြက်ခြေခတ် မျက်လုံးလေးတွေကို ကြည့်လိုက်စမ်းပါဦး"
“ကဲပါ... ထားလိုက်ပါတော့၊ လူမှန်း သိသာရင် ပြီးတာပါပဲ"
အားလုံးက ထပ်ပြီး ငြင်းခုံမနေချေ။ မည်သို့ပင်ဖြစ်စေ သူတို့ ရောက်နေသည်မှာ ကျင့်ကြံခြင်း လောကကြီး မဟုတ်ပါလော။ ဤကဲ့သို့သော ထူးဆန်းလှသည့် ‘စိတ်ကူးယဉ် ပန်းချီ’ ကပင်လျှင် ပြန်ပေးသမားများမှာ နားလည်ရ ခက်သည့် အရူးအုပ်စု ဖြစ်ကြောင်း သက်သေပြပြီး ရန်သူကို ပို၍ ထိတ်လန့်စေနိုင်သည် မဟုတ်ပါလော။
စာလည်း ရပြီ၊ ပုံလည်း ဆွဲပြီးပြီဆိုတော့... နောက်ဆုံး အဆင့်ကတော့ စာပို့ဖို့ပဲ ဖြစ်သည်။
ဘယ်သူ သွားပို့မလဲ။
“ကျွန်တော် သွားမယ်ဗျို့"
လျင်မြန်မှုလိုင်းမှ တပည့်တစ်ဦးက စေတနာ့ဝန်ထမ်း လုပ်သည်။ သို့သော် ဝမ်သဲ့ဖာက တားလိုက်၏။ “ငါတို့ ကိုယ်တိုင် သွားရင် အဖမ်းခံရနိုင်တယ်၊သေမှာ မကြောက်တဲ့သူ... ဒါမှမဟုတ်... သေသင့်တဲ့သူ တစ်ယောက်ယောက်ကို ရှာရမယ်"
အားလုံး၏ အကြည့်များမှာ ထောင့်တစ်နေရာတွင် ဖမ်းဆီးခံထားရသော အနက်ရောင် ချပ်ဝတ် ကင်းတပ်သားများထံသို့ တပြိုင်နက်တည်း ကျရောက်သွားတော့၏။
ထိုလူများမှာ စောစောက တိုက်ပွဲတွင် အသက်မသေဘဲ ကျန်ရစ်သူများ ဖြစ်ကြသော်လည်း... ယခုအခါတွင်မူ ကြောက်လန့်လွန်းသဖြင့် ထောင့်တစ်နေရာတွင် ကုပ်ကုပ်လေး ရှိနေကြရရှာသည်။
“ဟဲဟဲ... မင်းပဲ ဖြစ်ရမယ်"
ဝမ်သဲ့ဖာသည် လျင်မြန်ပုံရသော ကင်းတပ်သား တစ်ဦးကို ကြက်ကလေး တစ်ကောင်ပမာ မယူလိုက်ပြီးနောက်... ငွေညှစ်စာကို သူ၏ ရင်ခွင်ထဲသို့ အတင်း ထိုးထည့်ပေးလိုက်သည်။
“နားထောင်စမ်း... ငါ မင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးမယ်။ ဒီစာကို မြို့စားမင်း အိမ်တော်က အိမ်တော်ထိန်းဆီကို အရောက် ပို့ပေးစမ်း"
“သူတို့ကို ပြောလိုက်... အချိန် သုံးရက်ပဲ ရှိတယ်လို့။ သုံးရက်အတွင်း ပိုက်ဆံ ရောက်မလာရင်တော့... မြို့စားမင်း ကျောက်ကို ဝက်သားကင် လုပ်ပြီး ဝက်တွေကို ပြန်ကျွေးပစ်မှာနော်။ နားလည်လား"
ကင်းတပ်သားမှာမူ အသက်ချမ်းသာ ရပြီ ဖြစ်သဖြင့် အလွန်ပင် ဝမ်းသာသွားပြီး ခေါင်းကို တရစပ် ညိတ်ပြလိုက်၏။ “နားလည်ပါပြီ... နားလည်ပါပြီ ခင်ဗျာ။ ကျွန်တော် သေချာပေါက် အရောက် ပို့ပေးပါ့မယ်"
“သွားတော့... လစ်လိုက်တော့"
အမိန့်သံအဆုံးတွင် ကင်းတပ်သားမှာ ခြေလေးဖက် ပါလျှင်ပင် ကောင်းဦးမည်ဟု တွေးကာ ဂိုဏ်းတံခါးပြင်ပသို့ အသည်းအသန် ပြေးထွက်သွားလေတော့သည်။
စာပို့သမား ထွက်ခွာသွားသည်နှင့် တပည့်များမှာ တဟားဟား ရယ်မောကုန်ကြတော့၏။
“ပိုက်ဆံ ရဖို့ကတော့ သေချာသလောက် ရှိနေပြီဗျို့"
စင်မြင့်ထက်တွင်မူ ကျန်းချန်သည် ထိုရွံရှာဖွယ် ကောင်းလှသော ငွေညှစ်စာနှင့် ဝိညာဉ်ပန်းချီကားကို ကြည့်ရင်း နားထင်ကို လက်ဖြင့် ဖိထားမိသည်။
အခြေအနေများမှာ အလွဲလွဲအချော်ချော် ဖြစ်နေသော်လည်း... ဤတပည့်များမှာမူ ‘လူဆိုး’ ဇာတ်ရုပ်ကို တကယ့်ကို ပီပြင်စွာ သရုပ်ဆောင်နေကြခြင်းပင် ဖြစ်ချေတော့၏။
“ဈေးကောင်း ရပါစေလို့ပဲ ဆုတောင်းရမှာပဲ" ကျန်းချန်က တီးတိုး ရေရွတ်လိုက်၏။
“ဘာပဲဖြစ်ဖြစ်... ဂိုဏ်းကို အဆင့်မြှင့်ဖို့ ဆိုရင် ပိုက်ဆံက ထပ်ပြီး လိုဦးမှာပဲ မဟုတ်လား"
အခန်း (၁၂၈) - ဈေးဆစ်ခြင်း ပညာရှင် ဝမ်သဲ့ဖာ.. ဒါဟာ သေကွင်းသေကွက် တိုက်ကွက်ပဲ
~နောက်တစ်နေ့ မွန်းတည့်ချိန်။ ကွေ့ယွမ်ဂိုဏ်း၏ တောင်တံခါး အပြင်ဘက်၌၊
နေရောင်ခြည်သည် ယနေ့တွင်လည်း အရှိန်အဟုန်ပြင်းစွာ တောက်ပလျက် ရှိသည်။ သို့သော်လည်း ထိုအပူရှိန်သည် ရုန်းရင်းဆန်ခတ် ဖြစ်ရပ်များကို ကြည့်ရှုလိုကြသော တပည့်များ၏ စိတ်အားထက်သန်မှုကိုမူ အနည်းငယ်မျှပင် လျော့ပါးစေခြင်း မရှိခဲ့ပေ။
တောင်တံခါးဝရှိ မြေကွက်လပ်တွင် အနက်ရောင်လေစခန်းမှ လုယက်လာသော ပျက်စီးယိုယွင်းနေသည့် သစ်သားစားပွဲကြီး တစ်လုံး ရှိနေသည်။ စားပွဲ၏ တစ်ဖက်တစ်ချက်တွင်မူ ကျောက်ထိုင်ခုံ အနည်းငယ် ရှိနေကြပြီး... ၎င်းမှာ နှစ်ဖက်အကြား ဆွေးနွေးပွဲ ကျင်းပရာ စစ်မြေပြင်ပင် ဖြစ်တော့၏။
စားပွဲ၏ တစ်ဖက်ခြမ်းတွင်မူ တန်ဖိုးကြီး ဝတ်ရုံကို ဆင်မြန်းထားသော်လည်း မျက်နှာမှာမူ အိုမင်းရော်ရော် ဖြစ်နေသည့် လူကြီးတစ်ဦး ထိုင်နေသည်။ သူကား ဒုစရိုက်မြို့တော် မြို့စားမင်း အိမ်တော်၏ အိမ်တော်ထိန်းချုပ်ကြီး အဘိုးဖူ ပင် ဖြစ်ချေတော့သည်။
မနေ့ညကတင် ထူးဆန်းလှသော ပုံဆွဲချက်များ၊ အရုပ်ဆိုးလှသော လက်ရေးများဖြင့် ရေးထားသည့် ငွေညှစ်စာကို မြင်လိုက်ရသည့်အပြင်... စာပို့လာသည့် ကင်းတပ်သားများ၏ ‘ငရဲခန်းအလား ကြောက်မက်ဖွယ် မြင်ကွင်း’ ဖော်ပြချက်များကြောင့် သူသည် မေ့လဲလုနီးပါး ဖြစ်ခဲ့ရရှာသည်။ သူ၏ သခင်ဖြစ်သူ အသက်ဘေးမှ လွတ်မြောက်ရန်အတွက် သူသည် တစ်ညလုံး ဝိညာဉ်ကျောက်တုံးများကို အသည်းအသန် စုဆောင်းကာ ယခုကဲ့သို့ အပြေးအလွှား ရောက်ရှိလာခြင်း ဖြစ်သည်။
သူ၏ မျက်နှာချင်းဆိုင်တွင်မူ နက်နဲလှသော ဂိုဏ်းချုပ် ကျန်းချန် ထိုင်နေသည် မဟုတ်ဘဲ... အပေါ်အင်္ကျီ မဝတ်ဘဲ ကြွက်သားရေ ချပ်ဝတ်ကိုသာ ဆင်မြန်းထားသည့် ဖက်တီး ဝမ်သဲ့ဖာ တစ်ယောက် ထိုင်နေသည်။ သူသည် ဖရဲသီး တစ်ခြမ်းကို အားရပါးရ ဝါးစားနေသဖြင့် ကြည့်ရသည်မှာ တကယ့် လူရမ်းကား တစ်ယောက်နှင့် တူနေတော့၏။
ဝမ်သဲ့ဖာ၏ အနောက်တွင်မူ ကောင်းကင်ခွင်း ဓားတစ်လက် နှင့် ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း အပါအဝင်... လက်ထဲတွင် ဂေါ်ပြားများနှင့် ပေါက်ချွန်းများကိုယ်စီ ကိုင်ဆောင်ထားကြသည့်၊ လူကို ဝါးမြိုတော့မည့်အလား စိုက်ကြည့်နေကြသော တပည့်တစ်သိုက်မှာလည်း ခန့်ညား (လူမိုက်ဆန်ဆန်) စွာ ရပ်နေကြသည်။
“အဟွတ်... အဟွတ်...”
အဘိုးဖူသည် သူ၏ ရင်ထဲမှ အရှက်တရားနှင့် စိုးရိမ်စိတ်များကို အတင်းဖိသိပ်ကာ ချောင်းတစ်ချက် ဟန့်လိုက်သည်။ သူသည် သူ၏ အိတ်အတွင်းမှ လေးလံလှသော ဝိညာဉ်သိုလှောင်အိတ် တစ်အိတ်ကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်၏။
“ဒီ... သူရဲကောင်းကြီး ခင်ဗျာ။ ဒါကတော့ စာထဲမှာ တောင်းထားတဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသောင်းပါပဲ။ ကျွန်တော် အကုန်လုံး ယူလာခဲ့ပါပြီ။ ဂိုဏ်းဘက်ကလည်း ကတိအတိုင်း ကျွန်တော်တို့ရဲ့ မြို့စားမင်းကြီးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်"
ဝိညာဉ်ကျောက်တုံး ငါးသောင်း တဲ့လား။
ဤကိန်းဂဏန်းကို ကြားလိုက်ရသည်နှင့် ကြည့်ရှုနေကြသော တပည့်များ၏ မျက်လုံးများမှာ ပြူးကျယ်သွားကြပြီး အသက်ရှူသံများပင် ပြင်းထန်လာကြသည်။ ဒါဟာ တကယ့်ကို ရတနာပုံကြီး မဟုတ်ပါလော။ ကျင့်စဉ်စာအုပ်တွေ ဘယ်လောက်တောင် ဝယ်လို့ရမလဲဗျာ။
သို့သော်လည်း အဓိက စကားပြောဆိုသူ ဝမ်သဲ့ဖာမှာမူ ထိုအိတ်ကို တစ်ချက်သာ ဝှေ့ကြည့်လိုက်ပြီး လက်ဖြင့်ပင် တို့ခြင်း မရှိပေ။
သူသည် ပါးစပ်ထဲမှ ဖရဲသီးစေ့ကို ဖြည်းညှင်းစွာ ထွေးထုတ်လိုက်ပြီးနောက်... သူ၏ ပဲစေ့လောက် ရှိသော မျက်လုံးစိမ်းလေးများဖြင့် အဘိုးဖူကို ခပ်စောင်းစောင်း ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
“ငါးသောင်း ဟုတ်လား။ အဘိုးကြီး... ခင်ဗျား ‘ကုန်ဈေးနှုန်း တက်တာ’ ဆိုတဲ့ စကားလုံးကို နားမလည်တာလားဗျ"
“ဗျာ... ဘာ... ဘာပြောလိုက်တာလဲ" အဘိုးဖူမှာ ကြောင်အသွားရရှာသည်။ “စာထဲမှာ ရှင်းရှင်းလင်းလင်းကြီး ငါးသောင်းလို့ ရေးထားတာလေ။ ခင်ဗျားတို့က အခုမှ ဈေးတင်ချင်နေတာလား"
“စာက မနေ့က ရေးတာဗျ။ ဒီနေ့တော့ ဈေးတက်သွားပြီလေ"
ဝမ်သဲ့ဖာက ဖရဲသီးခွံကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး စားပွဲကို “ဒုန်း” ခနဲ မြည်အောင် ရိုက်ကာ သူ၏ သရုပ်ဆောင်ချက်ကို စတင်လိုက်တော့သည်။
“ဒီဘက်ခေတ်မှာ ကုန်ဈေးနှုန်းတွေ ဘယ်လောက် မြန်မြန် တက်နေသလဲဆိုတာ ခင်ဗျား သိမှာပေါ့ဗျာ။ ကျုပ်တို့ ညီအစ်ကိုတွေ ခင်ဗျားတို့ မြို့စားမင်းကို ပြုစုစောင့်ရှောက်ပေးနေရတာ... ခါးတောင် ကျိုးတော့မတတ်ပဲဗျို့"
သူသည် သူ၏ ဝဖြိုးလှသော လက်ချောင်းများကို ထောင်ပြရင်း အကွက်ကျကျ တွက်ချက်ပြနေတော့၏။
“ပထမဆုံးကတော့ စားစရိတ်ပဲ။ ခင်ဗျားတို့ မြို့စားမင်းက စည်းစိမ်နဲ့ နေလာတဲ့သူလေ... သာမန် အစားအသောက်တွေကို သူ စားပါ့မလားဗျ။ အဲ့ဒါကြောင့် ကျုပ်တို့က သူ့အတွက် ‘အဆင့် (၂) မိစ္ဆာသားရဲနဲ့ အတူတူ စားသောက်ရမယ့် အစီအစဉ်’ ကို သီးသန့် လုပ်ပေးထားရတာဗျ (ပက်ပါနှင့်အတူ ဝက်စာ စားနေရခြင်းကို ဆိုလိုခြင်း ဖြစ်သည်)။ ဒီ ဟင်းချက်ပစ္စည်းတွေရဲ့ တန်ဖိုးက ဘယ်လောက် ရှိမလဲဆိုတာ ခင်ဗျား တွက်ကြည့်စမ်းပါ"
“ဒုတိယကတော့ လုံခြုံရေး စရိတ်ပဲဗျ။ သူ ထွက်မပြေးနိုင်အောင်... အဲ... သူ့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကျုပ်တို့က တစ်နေ့ ၂၄ နာရီပတ်လုံး လူလွှတ်ပြီး စောင့်ခိုင်းထားရတာ (ပက်ပါက စောင့်ကြည့်နေခြင်း ဖြစ်သည်)။ အဲ့ဒါကော ပိုက်ဆံ မပေးရဘူးလားဗျာ"
“ပြီးတော့ အရေးအကြီးဆုံး အချက်ကတော့... စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးပဲဗျို့"
ဝမ်သဲ့ဖာက သူ၏ ဟောင်းနွမ်းနေသော ကြွက်သားရေ ချပ်ဝတ်ကို လက်ညှိုးထိုးပြရင်း၊ မျက်နှာကို ရှုံ့မဲ့ကာ နာကျင်ဟန်ဖြင့် ဆိုလိုက်သည်။
“မနေ့က ခင်ဗျားတို့ မြို့စားမင်း အော်လိုက်တဲ့ အသံကြောင့် ကျုပ်မှာ ရင်တုန်ပန်းတုန် ဖြစ်သွားရတာ... အခုထိ ပြန်မကောင်းသေးဘူးဗျ။ အဲ့ဒါအတွက်ကော နစ်နာကြေး မပေးသင့်ဘူးလားဗျာ"
အဘိုးဖူမှာမူ ထိုကဲ့သို့သော လိမ်လည်လှည့်ဖြားသည့် စကားလုံးများကြောင့် ခေါင်းများပင် မူးနောက်လာရသည်။ သူ၏ သက်တမ်းတစ်လျှောက်တွင် ဤမျှလောက် အရှက်မရှိသော လူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“ဒါဆိုရင်... သူရဲကောင်းကြီးက ဘယ်လောက် လိုချင်လို့လဲ ခင်ဗျာ" အဘိုးဖူက တုန်ယင်နေသော အသံဖြင့် မေးလိုက်ရှာသည်။
ဝမ်သဲ့ဖာက လက်ညှိုးတစ်ချောင်းကို ထောင်ပြကာ အဘိုးဖူ၏ မျက်နှာရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။
“တစ်သိန်းလား ခင်ဗျာ" အဘိုးဖူ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားတော့၏။
“မဟုတ်ဘူးဗျ"
ဝမ်သဲ့ဖာက ခေါင်းကို ခါယမ်းလိုက်ရင်း ပါးနပ်လှသော ကုန်သည်ကြီး တစ်ဦးပမာ ပြုံးလိုက်သည်။
“ဝိညာဉ်ကျောက်တုံး တစ်သိန်း... ပြီးတော့ ဒုစရိုက်မြို့တော်ရဲ့ ဗဟို စီးပွားရေး နယ်မြေမှာ ရှိတဲ့ လမ်းမကြီး နှစ်ခုရဲ့ ပိုင်ဆိုင်မှု စာချုပ်ကိုပါ လိုချင်တယ်ဗျို့"
“ဘာ... ဘာပြောလိုက်တယ်ဗျ"
အဘိုးဖူသည် နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။
“ဒါဟာ မဖြစ်နိုင်တာဗျာ။ အဲ့ဒီ ပိုင်ဆိုင်မှု စာချုပ်တွေက မြို့စားမင်း အိမ်တော်ရဲ့ အခြေခံ အုတ်မြစ်တွေလေ... ခင်ဗျားတို့ကို ပေးဖို့ဆိုတာ လုံးဝ (လုံးဝ) မဖြစ်နိုင်ဘူးဗျ။ ဒါဟာ ဓားပြတိုက်နေတာပဲ မဟုတ်လား"
“ဟေး... ဒါကို ဘယ်လိုဖြစ်လို့ ဓားပြတိုက်တယ်လို့ ပြောရတာလဲဗျာ။ ဒါကို ‘စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု’ လို့ ခေါ်တယ်ဗျ"
ဝမ်သဲ့ဖာဘေးတွင် ရှိနေသော ကျွမ်းကျင် တပည့် ကောင်းကင်ခွင်း ဓားတစ်လက် က အချိန်ကိုက် ဝင်၍ ပြောလိုက်သည်။ သူသည် သူ၏ တောက်ပြောင်နေသော ဝိညာဉ်ဓားကို ဆွဲထုတ်လိုက်ပြီးနောက် ဓားပြားဖြင့် လက်ဝါးကို “ဖြတ်... ဖြတ်” မြည်အောင် ရိုက်လျက် ဆိုလိုက်၏။
“အိမ်တော်ထိန်းကြီး... သေချာ စဉ်းစားကြည့်ပါဦး။ ပိုက်ဆံဆိုတာ ပြန်ရှာလို့ ရတယ်၊ မြေကွက်ဆိုတာလည်း ပြန်လုလို့ ရတာပဲ။ ဒါပေမယ့် လူသာ မရှိတော့ရင်တော့... ကျွတ် ကျွတ်... မကြာသေးခင်ကမှ ဟို မိစ္ဆာ အကျိအချွဲလေးက ဗိုက် တော်တော် ဆာနေတယ်လို့ ကြားမိတယ်ဗျ"
စကားပင် မဆုံးသေးမီမှာပင် ဝေးကွာလှသော ဝက်ခြံဆီမှ စူးရှလှသော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ (အမှန်တော့ မြို့စားမင်း ကျောက် ဆီက ပေါက်စီကို ပက်ပါက လုစားလိုက်ခြင်း ဖြစ်သည်။)
“သခင်ကြီး..."
ထိုအသံကို ကြားလိုက်ရသည်နှင့် အဘိုးဖူ၏ စိတ်ပိုင်းဆိုင်ရာ ခံစစ်စည်းမှာ အပြီးတိုင် ပြိုလဲသွားတော့၏။
သူသည် ကျောက်ထိုင်ခုံပေါ်သို့ ဘုန်းခနဲ ပြန်ထိုင်လိုက်မိသည်။ သူ၏ ပုံစံမှာ တခဏချင်းမှာပင် အဆပေါင်းများစွာ အိုမင်းသွားသကဲ့သို့ ရှိနေတော့၏။ ဤကဲ့သို့သော စည်းကမ်းမရှိသည့် အရူးအုပ်စုနှင့် သူ ဈေးဆစ်၍ မရနိုင်ကြောင်းကို သဘောပေါက်သွားတော့၏။
“ကောင်းပါပြီ... ပေးပါ့မယ်... အကုန် ပေးပါ့မယ်...”
တုန်ယင်နေသော လက်များဖြင့် အဘိုးဖူသည် သူ၏ ဝတ်ရုံအိတ်အတွင်းမှ ဝါကျင့်ကျင့် သားရေစာချုပ် နှစ်စောင်ကို ထုတ်ပေးလိုက်ရသည်။ ၎င်းတို့မှာ ဒုစရိုက်မြို့တော်တွင် အစည်ကားဆုံး ဖြစ်သော လမ်းမကြီး နှစ်ခု၏ ပိုင်ဆိုင်မှု စာချုပ်များပင် ဖြစ်ချေတော့သည်။
“ဒါမှပေါ့ဗျာ"
ဝမ်သဲ့ဖာက စာချုပ်နှင့် ဝိညာဉ်ကျောက်တုံးများကို ဆတ်ခနဲ လုယူလိုက်ပြီးနောက်... ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးလိုက်သည်။ သူသည် အနောက်သို့ လှည့်ကာ တပည့်များကို အောင်ပွဲခံ လက်ဟန် ပြလိုက်တော့၏။
“ညီအစ်ကိုတို့ရေ... ဆွေးနွေးပွဲ အောင်မြင်တယ်ဗျို့။ ငါတို့ အခု မြို့ထဲမှာ နယ်မြေ ရပြီဟေ့"
“ဝါး... ဝမ်သဲ့ဖာကတော့ ရှယ်ပဲဗျာ"
“နောက်ဆို မှောင်ခိုဈေးကွက်မှာ ဆိုင်ဖွင့်ရင် အကာအကွယ်ခ ပေးစရာ မလိုတော့ဘူးပေါ့"
“ဂိုဏ်းချုပ်ကြီး သက်တော်ရာကျော် ရှည်ပါစေ။ စတုတ္ထကပ်ဘေး တွေ အောင်မြင်ပါစေဗျို့"
အောင်ပွဲခံ အော်ဟစ်သံများမှာ ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားလေတော့သည်။
ခန်းမဆောင်ကြီး၏ စင်မြင့်ထက်တွင်မူ...
ဤအလွဲလွဲအချော်ချော် ဆွေးနွေးပွဲကြီး တစ်ခုလုံးကို နားထောင်နေခဲ့သော ကျန်းချန်သည်... သူ၏ စာရင်းအတွင်းသို့ ရောက်ရှိလာသော ငွေပုံကြီးနှင့် တန်ဖိုးမဖြတ်နိုင်သော မြေစာချုပ် နှစ်စောင်ကို ကြည့်ကာ ကြိတ်၍ ပြုံးလိုက်မိသည်။
လုပ်ဆောင်ပုံ နည်းလမ်းတွေကတော့ တကယ့်ကို ရွံစရာ ကောင်းလှသော်လည်း... ရလဒ်မှာမူ အံ့သြဖွယ်ရာ ကောင်းလှပေသည် တကား။
ဤလမ်းမကြီး နှစ်ခုကို ရရှိလိုက်ခြင်းဖြင့် ကွေ့ယွမ်ဂိုဏ်းသည် ကျင့်ကြံခြင်း လောက၏ ဗဟိုချက်တွင် အောင်လံ စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ချေသည်။
“ကြည့်ရတာ... ငါတို့ရဲ့ ‘အထူး လုပ်ငန်းစဉ်’ တွေကို... တစ်လောကလုံး အတိုင်းအတာနဲ့ ချဲ့ထွင်ဖို့ အချိန်တန်ပြီ ထင်တယ်လေ...”
---
အခန်း (၁၂၉) - လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား.. ကွေ့ယွမ်ဂိုဏ်း၏ မှောင်ခိုရုံးခန်းမှ ကြိုဆိုပါ၏
~မွန်းတည့်ချိန်၏ ပြင်းပြသော နေရောင်ခြည်သည် ကွေ့ယွမ်ဂိုဏ်း၏ တောင်တံခါးဝတွင် တောက်ပလျက် ရှိသည်။
လက်မှတ်ရေးထိုးထားသော မြေစာချုပ်များနှင့် ဝိညာဉ်ကျောက်တုံးများ ပြည့်နှက်နေသည့် ဝိညာဉ်သိုလှောင်အိတ်ကို ကိုင်ဆောင်ကာ အဘိုးဖူ ထွက်ခွာသွားသည်နှင့်... ရိုးရှင်းပြီး ရက်စက်လှသော ‘ဓားစာခံ လွှတ်ပေးပွဲ’ အခမ်းအနားကို ချက်ချင်းပင် စတင်လိုက်တော့၏။ ခွန်အားလိုင်း တပည့် နှစ်ဦးသည် ခြေလက်များကို တင်းကျပ်စွာ အချည်ခံထားရပြီး ဝက်ခြံနံ့ နံစော်နေသော ကျောက်ဝူကျိကို အဝတ်စုတ် တစ်ထည်ပမာ မကာ တောင်ခြေရှိ လမ်းဘေး ချုံပုတ်ထဲသို့ ပစ်ထည့်လိုက်ကြသည်။
ဝမ်သဲ့ဖာသည် တောင်ကုန်းပေါ်တွင် ရပ်လျက် လက်ကိုင်ပုဝါလေး တစ်ထည်ကို ဝှေ့ယမ်းကာ မခွဲနိုင် မခွာရက် ဖြစ်နေသည့် အမူအရာဖြင့် အော်ပြောလိုက်၏။
“မြို့စားမင်းကြီးကျောက်... ခင်ဗျားရဲ့ အားလပ်ရက်ကတော့ ကုန်ဆုံးသွားပြီဗျို့။ နောက်လည်း အားရင် လာလည်ဦးနော်။ ကျွန်တော်တို့ရဲ့ ပက်ပါက ခင်ဗျားကို တကယ် လွမ်းနေမှာဗျ"
ကျောက်ဝူကျိမှာမူ မြက်တောထဲမှနေ၍ အသည်းအသန် လူးလဲထလိုက်ရရှာသည်။ သူ၏ ယခင်က ခန့်ညားလှသော မျက်နှာမှာ ယခုအခါ ဘယ်သူမှန်း မသိသာလောက်အောင်ပင် စုတ်ပြတ်နေတော့၏။ သူသည် တောင်ပေါ်မှ သူ့ကို ကြည့်ကာ မျက်နှာပြောင်ပြနေသည့် ‘မိစ္ဆာ’ အုပ်စုကို ကြည့်ရင်း ရန်တွေ့စကား ဆိုချင်သော်လည်း... လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသဖြင့် ဘာမှ မပြောနိုင်ရှာပေ။ နောက်ဆုံးတွင်မူ သူသည် အရှက်ရဖွယ် အော်ဟစ်ငိုယိုကာ မျက်နှာကို လက်ဖြင့် အုပ်လျက် အဘိုးဖူ ထွက်ခွာသွားသည့် ဘက်သို့ ယိုင်တိုင်တိုင်ဖြင့် ပြေးထွက်သွားလေတော့သည်။
ထို နိမိတ်မကောင်းသော လူကြီး ထွက်သွားသည်နှင့် ကွေ့ယွမ်ဂိုဏ်းအတွင်း၌ အောင်ပွဲခံ ပျော်ရွှင်မှုများမှာ တစ်ဟုန်ထိုး ပြန်လည် မြင့်တက်လာသည်။
ခန်းမဆောင်ကြီး၏ စင်မြင့်ထက်တွင်မူ ကျန်းချန်သည် သူ၏ လက်ထဲမှ ဝါကျင့်ကျင့် သားရေစာချုပ် နှစ်စောင်ကို ကြည့်နေမိ၏။ ၎င်းတို့မှာ ဒုစရိုက်မြို့တော်၏ အချက်အချာကျသော ဈေးတန်းကြီးများ ဖြစ်ကြကုန်၏။ ဤနေရာမျိုးသည် မြေတစ်လက်မလျှင် ရွှေတစ်လက်မ တန်ဖိုးရှိသည့် နေရာများပင် ဖြစ်သည်။
“စနစ်... တာဝန် ထုတ်ပြန်လိုက်စမ်း"
ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ နယ်မြေ ရလာပြီ ဖြစ်ရာ... ပြဿနာ မတက်မီ အမြန်ဆုံး သွားရောက် နေရာယူရန် လိုအပ်သည် မဟုတ်ပါလော။
(ဟေး... တပည့်တို့။ အရေးကြီး ကြေညာချက် လာပြီ။ အကြီးစား ဂိုဏ်းတော် တည်ဆောက်ရေး တာဝန် - နယ်မြေ ချဲ့ထွင်ခြင်း။)
(တာဝန် ဖော်ပြချက် - ငါတို့ရဲ့ ပြင်းထန်လှတဲ့ တိုက်ပွဲ... အမှန်တော့ ပြန်ပေးဆွဲတဲ့ အလုပ်ပေါ့... အဲ့ဒါ အောင်မြင်သွားတဲ့အတွက် ဒုစရိုက်မြို့တော်မှာ နယ်မြေအသစ် ရလာပြီ ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီနေရာကို သွားသိမ်းပြီး ကွေ့ယွမ်ဂိုဏ်းရဲ့ ‘မှောင်ခိုရုံးခန်း’ အဖြစ် ပြောင်းလဲပစ်ဖို့ ရှေ့ပြေးအဖွဲ့ လိုအပ်နေတယ်)
(တာဝန် ရည်မှန်းချက် -)
၁။ ဒုစရိုက်မြို့တော်သို့ သွားရောက်၍ မြေစာချုပ် လွှဲပြောင်းမှုကို အပြီးသတ်ရန်။
၂။ ဆိုင်ခန်းများကို ရှင်းလင်းပြီး ယုတ်မာသော ဈေးသည်များ ရှိပါက နှင်ထုတ်ရန်။
၃။ ဆိုင်းဘုတ်တင်ကာ တရားဝင် လုပ်ငန်း စတင်ရန်နှင့် ကွေ့ယွမ်ဂိုဏ်း၏ အချုပ်အခြာ အာဏာကို ပြသရန်။
“တက်ကြစမ်းဟေ့... နယ်မြေ သွားသိမ်းကြမယ်"
တာဝန် ကြေညာပြီးသည်နှင့် တိုက်ချင်ခိုက်ချင်စိတ်များ စုပြုံနေသော တပည့် အယောက် တစ်ရာကျော်မှာ... အားရပါးရ ဟိန်းဟောက်ကာ ဒုစရိုက်မြို့တော်ဆီသို့ စစ်ကြောင်းကြီး တစ်ခုပမာ ချီတက်သွားကြလေတော့သည်။
---
နှစ်နာရီခန့် ကြာပြီးနောက်။ ဒုစရိုက်မြို့တော်၊ အရှေ့ဈေး လမ်းမကြီးပေါ်၌၊
ယနေ့ ဒုစရိုက်မြို့တော်အတွင်းရှိ လေထုမှာ ထူးဆန်းစွာ ခြောက်ခြားနေသည်။ ယခင်က လမ်းပေါ်တွင် မောက်မာစွာ လျှောက်လှမ်းတတ်သည့် မှောင်ခို ကျင့်ကြံသူများမှာ ယခုအခါ နံရံများကို ကပ်လျက် လိမ်မာစွာ သွားလာနေကြရရှာ၏။ သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး လမ်းမအလယ်မှ ချီတက်လာသည့် လူအုပ်ကြီးကို ကြောက်လန့်တကြား ကြည့်နေကြသည်။
ကြည့်ပါဦး... ဒါ ဘယ်လို အဖွဲ့အစည်းကြီးလဲ။
အရွယ်အစား မတော်သော ဝတ်ရုံများကို ဆင်မြန်းထားပြီး ခါးတွင်လည်း ဝိညာဉ်သိုလှောင်အိတ်များ ဆွဲလျက်၊ ပုခုံးပေါ်တွင် ဂေါ်ပြားများနှင့် ပေါက်ချွန်းများကိုယ်စီ ထမ်းထားကြသည့် ‘ထူးဆန်းသော လူ’ အယောက် တစ်ရာကျော်မှာ... မိမိတို့ နယ်မြေကို စစ်ဆေးနေသည့် ဓားပြများပမာ မောက်မာစွာ လျှောက်လှမ်းနေကြခြင်းပင် ဖြစ်ချေတော့သည်။
သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ကြက်ပျံမကျ စည်ကားနေသော လမ်းများမှာ ချက်ချင်းပင် ရှင်းလင်းသွားရသည်။ အကာအကွယ်ခ တောင်းရသည်ကို ဝါသနာပါသော မြို့တံခါး စောင့်များပင်လျှင်... ခေါင်းတုံးနှင့် ဝဖြိုးလှသော ခေါင်းဆောင် ဖက်တီး ဝမ်သဲ့ဖာကို မြင်လိုက်ရသည်နှင့် ကြောက်လန့်တကြား မျက်နှာ လွှဲသွားကြရှာတော့၏။
မြို့စားမင်း ပြန်ပေးဆွဲခံရသည့် သတင်းနှင့် သံမဏိကင်းတပ် ဗိုလ်မှူး တစ်ချက်တည်းနှင့် အသက်ပျောက်သွားသည့် သတင်းမှာ တစ်မြို့လုံး ပျံ့နှံ့နေပြီ မဟုတ်ပါလော။ ဤ မိစ္ဆာ အုပ်စုကို ဘယ်သူကများ သွားပြီး ရန်စရဲပါ့မလဲ။
“ရောက်ပြီဗျို့... ဒီနေရာပဲ"
ဝမ်သဲ့ဖာက ရပ်လိုက်ပြီး ရှေ့ရှိ စည်ကားလှသော လမ်းမကြီးကို ညွှန်ပြလိုက်သည်။
ဤနေရာမှာ မူလက မှောင်ခိုဈေးကွက်၏ အစည်ကားဆုံး နေရာ ဖြစ်ပြီး ဆိုင်ခန်းများ၊ ကာစီနိုများနှင့် ဖျော်ဖြေရေး ရုံများ ပြည့်နှက်နေသော နေရာ ဖြစ်၏။ သို့သော်လည်း ယခုအခါတွင်မူ ထိုမြေကွက်များကို ပြင်းထန်သော ‘ကွေ့ယွမ် မိစ္ဆာဂိုဏ်း’ ဆီသို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း ကြားသိရသဖြင့်... မူလ ဈေးသည်များမှာ အထုတ်အပိုးများ သိမ်းကာ အသည်းအသန် ထွက်ပြေးကုန်ကြသဖြင့် ဆိုင်ခန်းအလွတ်များသာ ကျန်ရစ်တော့၏။
“ဝါး... ဒီနေရာကတော့ တကယ့်ကို ရှယ်ပဲဗျာ"
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်းသည် ဆေးတံကို ဖွာလျက်၊ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝါရင့် ကန်ထရိုက်တာ တစ်ဦးပမာ လမ်းတစ်လျှောက် လှည့်လည် ကြည့်ရှုနေသည်။ သူသည် ရံဖန်ရံခါတွင် နံရံများကို ဂေါ်ပြားဖြင့် ခေါက်ကြည့်ကာ ပညာရှင်ဆန်ဆန် ဝေဖန်နေတော့၏။
“ဒီနံရံက မကောင်းဘူးဗျ။ အလေးချိန် ခံနိုင်ရည်ပိုင်းမှာ ပြဿနာ ရှိတယ်။ ဖြိုပြီး အသစ် ပြန်ဆောက်ရမယ်။ ဒီလမ်းမျက်နှာပြင်ကလည်း အရမ်း ချောလွန်းတယ်ဗျာ။ ချော်လဲနိုင်တယ်။ မြောင်းလေးတွေ ပြန်ဖော်မှ ဖြစ်မယ်။ ဟိုဘက်က အဆောက်အဦးကတော့ ခန့်ညားသားပဲ။ ဒါပေမယ့် ဖုန်းရွှေကတော့ လုံးဝ မကိုက်ဘူးဗျို့။ အိမ်သာနဲ့ တည့်တည့် တိုးနေတာကို... ပြင်ရမယ်... ပြင်ရမယ်"
ထိုအချိန်တွင် ကောင်းကင်ခွင်း ဓားတစ်လက်သည် တပည့်များကို ဦးဆောင်ကာ ‘သန့်ရှင်းရေး’ လုပ်ငန်းကို စတင်နေသည်။ အချို့သော ဆိုင်ရှင်များမှာ မပြေးနိုင်သေးဘဲ ဆိုင်အတွင်း၌ ပုန်းအောင်းကာ ချောင်းကြည့်နေကြခြင်း ဖြစ်၏။
“ထွက်လာကြစမ်း။ အကုန် ထွက်လာကြစမ်းပါ"
ကောင်းကင်ခွင်း ဓားတစ်လက်က ဓားကို မြေကြီးမှာ စိုက်လိုက်ပြီး လမ်းထောင့်တွင် ရပ်ကာ အော်ဟစ်လိုက်သည်။
“ဒီနေ့ကစပြီး ဒီလမ်းမကြီးဟာ ‘ကွေ့ယွမ်ဂိုဏ်း’ ရဲ့ အပိုင် ဖြစ်သွားပြီ။ အသက်မသေချင်တဲ့သူတွေ အခုချက်ချင်း ဆင်းပေးကြ။ ဆက်နေချင်တဲ့သူတွေကတော့ ကျုပ်တို့နဲ့ စာချုပ်အသစ် ချုပ်ရမယ်။ အကာအကွယ်ခ... အဲ... မဟုတ်ဘူး... အိမ်ရာ စီမံခန့်ခွဲမှု စရိတ် ပေးရမယ်ဗျို့"
အမှောင်ရိပ်ထဲမှ မှောင်ခို လူမိုက်အချို့မှာ အစပိုင်းတွင် ပြန်လည် တိုက်ခိုက်ချင်သော်လည်း... တပည့်များ ထမ်းလာသော သွေးစွန်းနေသည့် ပေါက်ချွန်းများကို မြင်လိုက်ရသည့်အပြင်၊ မြို့စားမင်းကြီး၏ ကံကြမ္မာကို တွေးမိလိုက်သည်နှင့် ချက်ချင်းပင် လန့်သွားကြကာ အနောက်ပေါက်မှနေ၍ တိတ်တဆိတ် ထွက်ပြေးကုန်ကြတော့၏။
မကြာမီမှာပင် လမ်းမကြီး နှစ်ခုလုံးမှာ ရှင်းလင်းသွားတော့၏။
နောက်တစ်ဆင့်မှာမူ အမွန်မြတ်ဆုံး ဖြစ်သော ‘ဆိုင်းဘုတ်တင်ပွဲ’ အခမ်းအနားပင် ဖြစ်ချေတော့သည်။
ဝိညာဉ်ပန်းချီဆရာ ပြန်လည် ရောက်ရှိလာတော့၏။ သူသည် ဘယ်က ရလာမှန်း မသိသော ဧရာမ သစ်သားပြားကြီး တစ်ခုပေါ်တွင်... ဆေးနီများ သို့မဟုတ် မိစ္ဆာသားရဲ သွေးများဖြင့် စာလုံးကြီးများကို နဂါးပျံ ဝဲကူးနေသလိုလို၊ တီကောင် တွန့်လိမ်နေသလိုလို ရေးသားလိုက်သည်။ လက်ရေးမှာ အရုပ်ဆိုးလွန်းလှသဖြင့် လူတိုင်းမှာ အချိန်အတော်ကြာအောင် ဖတ်လိုက်ရရှာ၏။
(ကွေ့... ယွမ်... ဂိုဏ်း... ဒု... စ... ရိုက်... မြို့... တော်... ရုံး... ခန်း...)
“ဟုတ်တယ်ဗျ။ ဒါပဲပေါ့" ဝိညာဉ်ပန်းချီဆရာက ဂုဏ်ယူစွာ ပြောလိုက်သည်။ “ဘေးနားမှာ ဦးခေါင်းခွံ ပုံလေးပါ ထည့်ဆွဲထားတယ်ဗျ။ ဒီအရပ်က ဓလေ့နဲ့ ကိုက်အောင်လို့လေ။ ဒါမှ ကျုပ်တို့က ပိုပြီး လူမိုက်ဆန်မှာ မဟုတ်လား ခင်ဗျာ"
“တင်လိုက်ကြစမ်းဟေ့။ အမြင့်ကြီးမှာ ချိတ်လိုက်ကြစမ်း"
ခွန်အားလိုင်း တပည့် အချို့သည် လူလှေကား လုပ်ကာ... ‘လူဆိုး အင်အားစု’ အရှိန်အဝါများ အပြည့်အဝ ထွက်ပေါ်နေသည့် ထို အရုပ်ဆိုးလှသော ဆိုင်းဘုတ်ကြီးကို လမ်းထိပ်ရှိ ခမောက်တိုင်ကြီးပေါ်တွင် စောင်းတစောင်းဖြင့် ချိတ်ဆွဲလိုက်ကြလေတော့သည်။
“ဖြောက်... ဖြောက်... ဖြောက်...”
မည်သူက စတင်လိုက်သည် မသိသော်လည်း တပည့်များသည် သူတို့၏ ဝိညာဉ်သိုလှောင်အိတ်များထဲမှ ယမ်းမှုန့်နှင့် စက္ကူနီများဖြင့် ကိုယ်တိုင် လုပ်ထားသော ယမ်းကွင်းများကို ထုတ်ကာ ပစ်ဖောက်ကြတော့၏။ မီးခိုးများမှာ လေထုအတွင်း ပြည့်နှက်သွားပြီး စက္ကူစများမှာလည်း နေရာအနှံ့ လွင့်ပျံနေသည်။
မူလက မှောင်မိုက်ပြီး သွေးညှီနံ့များဖြင့် အသက်ရှူကျပ်နေခဲ့သော ဒုစရိုက်မြို့တော်ကြီးမှာ... ယခုအခါ ကုန်တိုက်ကြီး တစ်ခု ဖွင့်ပွဲ လုပ်နေသကဲ့သို့ ထူးဆန်းလှသော ပျော်ရွှင်စရာ မြင်ကွင်းကြီးအဖြစ် ပြောင်းလဲသွားရရှာတော့သည်။
ကြည့်ရှုနေကြသော ဒေသခံ မှောင်ခိုသမားများမှာမူ ကြောင်အမ်းအမ်း ဖြစ်နေကြရလေပြီ။ သူတို့သည် ဂိုဏ်းများ နယ်မြေလုသည်ကို မြင်ဖူးသည်၊ လူသတ်ပြီး ပစ္စည်းသိမ်းသည်ကို မြင်ဖူးသည်၊ သို့သော်လည်း... မိစ္ဆာကျင့်ကြံသူတွေက ယမ်းကွင်းတွေ ဖောက်၊ ဆိုင်းဘုတ်စုတ်တွေ ချိတ်ပြီး အားရပါးရ ပျော်နေကြသည့် ‘ဖွင့်ပွဲ အခမ်းအနား’ မျိုးကိုတော့ တစ်ခါမှ မမြင်ဖူးကြပေ။
“ဒါ... ဒါက ဟို နာမည်ကြီးနေတဲ့ ကွေ့ယွမ်ဂိုဏ်း တဲ့လားဗျာ"
“ငါ ခံစားနေရတာ.. သူတို့ရဲ့ ဦးနှောက်တွေက သိပ်ပြီး မမှန်သလိုမျိုး ဖြစ်နေသလိုပဲ "
သို့သော်လည်း... ဒေသခံများ ဘာပဲတွေးတွေး ဂရုစိုက်မနေပေ။
ယမ်းကွင်းသံများ ငြိမ်သက်သွားသည်နှင့် ဝမ်သဲ့ဖာသည် ခါးကို ထောက်ကာ လူအုပ်ကြီးကို ကျယ်လောင်စွာ ကြေညာလိုက်သည်။
“တာအိုရောင်းရင်းတို့... မိစ္ဆာခေါင်းဆောင်တို့ရေ... နားထောင်ကြစမ်းပါ"
“ကွေ့ယွမ်ဂိုဏ်းရဲ့ ရုံးခန်းကို ဒီနေ့မှာ တရားဝင် တည်ထောင်လိုက်ပြီပဲ ဖြစ်တယ်"
“ပစ္စည်း ဝယ်ချင်တာပဲ ဖြစ်ဖြစ်၊ ခိုးရာပါ ပစ္စည်းတွေ လာရောင်းချင်တာပဲ ဖြစ်ဖြစ်... လူငှားပြီး ရိုက်ခိုင်းချင်တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အရိုက်ခံချင်တာပဲ ဖြစ်ဖြစ်... ဝိညာဉ်ကျောက်တုံးသာ ရှိပါစေ၊ ကွေ့ယွမ်ဂိုဏ်းက အကုန်လုံးကို လက်ခံပေးမှာနော်"
“ကျုပ်တို့ရဲ့ ဆောင်ပုဒ်ကတော့... ‘ခင်ဗျားတို့ မတွေးရဲတာ ဘာမှမရှိဘူး၊ ကျုပ်တို့ မလုပ်ရဲတာ ဘာမှမရှိဘူး’ ဆိုတာပဲ ခင်ဗျာ"
ဤနေ့သည်... ဒုစရိုက်မြို့တော် သမိုင်းစာမျက်နှာ၏ အခန်းကဏ္ဍ အသစ်တစ်ခု စတင်လိုက်သည့် နေ့ပင် ဖြစ်သည်။
အန္တရာယ်ရှိလှသော..အဲ.. မဟုတ်သေး... တောက်ပလှသော ကြယ်ပွင့်အသစ် ဖြစ်သည့် စတုတ္ထကပ်ဘေး အုပ်စုသည်... ဤ ဖရိုဖရဲ ဖြစ်နေသော နယ်မြေအတွင်း၌ အခြေချ နေထိုင်နိုင်ခဲ့ကြပြီ တကား။