အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
အခန်း (၄၉) - စီးပွားရေး စစ်ဆင်ရေးကြီး ..ပစ်မှတ်က ဈေးတန်းဆီသို့... သိုလှောင်အိတ်အတွက်ဆိုရင် ဘာမဆို လုပ်မယ်ဟေ့
~(၃) ရက် ကြာပြီးနောက်...။
ကွေ့ယွမ်ဂိုဏ်း ရင်ပြင်တော်၏ အစွန်းတစ်ဖက်ရှိ ယာယီ ကုန်လှောင်ရုံ ဧရိယာ။
ယခုအချိန်၌ ဤနေရာကို 'ဘေးအန္တရာယ် ကျရောက်နေသော ဒေသ' ဟု ရိုးရိုးရှင်းရှင်း ဖော်ပြ၍ မရနိုင်တော့ပေ။ လက်တွေ့အားဖြင့် ဤနေရာသည် အသေးစား ဇီဝလက်နက် ယိုစိမ့်မှု ဖြစ်ပွားနေသော ကပ်ဘေးသင့် ဒေသတစ်ခုပမာ ဖြစ်နေတော့၏။
(၃) ရက်တာ 'ကုန်ထုတ်လုပ်မှု အရှိန်မြှင့်တင်ရေး လှုပ်ရှားမှုကြီး' ၏ ရလဒ်များကို သိုလှောင်ထားနိုင်ရန်အတွက် ကစားသမားများသည် သစ်သားတဲများနှင့် ကောက်ရိုးတဲများကို ကမန်းကတန်း ဆောက်လုပ်ခဲ့ကြသည်။ သို့သော် ယခုအခါ ထိုတဲများသည် အချိန်မရွေး ပေါက်ထွက်တော့မည့်အလား ယိုင်နဲ့နဲ့ ဖြစ်နေကြလေ၏။
ဘယ်ဘက်ခြမ်းရှိ တဲအိုကြီးထဲတွင် ဝိညာဉ်ဝါးကြွက် အရေခွံများကို တောင်လိုပုံ ထားလေရာ အသက်ရှူကျပ်လောက်အောင် ဆိုးရွားလှသော သွေးညှီနံ့နှင့် ဆီးနံ့များ ထောင်းထောင်းထနေသည်။
ရက်အနည်းငယ်ကြာအောင် အကြမ်းပတမ်း နေလှန်းထားခဲ့သဖြင့် အချို့အရေခွံများမှာ ငါးခြောက်များကဲ့သို့ တောင့်တင်းမာကျောနေကြပြီး၊ အချို့မှာမူ နည်းစနစ်မကျသော ပြုပြင်မှုများကြောင့် အမည်မသိ အရည်များ တစက်စက် ကျနေဆဲ ဖြစ်ချေ၏။ ယင်ကောင်စိမ်း အုပ်စုကြီးသည် တဝီဝီ မြည်သံပေးလျက် အပေါ်မှ ပျံဝဲနေကြပြီး တစ်ခါတစ်ရံ နိမ့်နိမ့်ပျံသန်းမိသော ယင်ကောင်အချို့မှာ အနံ့ဆိုး၏ ဒဏ်ကြောင့် မူးမေ့လဲကျကာ သေဆုံးကုန်ကြလေသည်။
ညာဘက်ခြမ်းရှိ တဲအိုကြီးကမူ ပို၍ပင် ဆိုးရွားလှသေးသည်။ ရိုးရှင်းသော သစ်သားသေတ္တာကြီး ဒါဇင်ပေါင်းများစွာကို ကွေ့ကောက်စွာ ဆင့်ထပ်ထားပြီး သေတ္တာကြားများမှ ထူးဆန်းသော အရောင်အသွေးရှိသည့် မီးခိုးငွေ့များ ရံဖန်ရံခါ ထွက်ပေါ်နေသည်။
ထိုအရာများသည်ကား... 'Breaking Bad' ပုံစံဖြင့် နေ့နေ့ညည မနားမနေ ထုတ်လုပ်ထားသော သောင်းနှင့်ချီသည့် 'ကံစမ်းမဲ ဆေးလုံး' များပင် ဖြစ်တော့သည်။ အစိမ်းရောင်၊ အမည်းရောင်၊ ခရမ်းရောင် စသဖြင့် အရောင်စုံလင်လှပြီး အချို့ဆေးလုံးများမှာ လက်ထဲတွင် ကိုင်ထားလျှင် တုန်ခါနေတတ်သလို၊ အချို့မှာမူ အသက်ရှူနေသကဲ့သို့ မကောင်းဆိုးဝါး အလင်းရောင်များ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတတ်ကြသည်။
ထူးဆန်းသော အနံ့ပေါင်းစုံ ရောနှောသွားသောအခါ မျက်စိဖြင့် မြင်နိုင်လောက်သည့် အဝါရောင်ဖျော့ဖျော့ အဆိပ်ငွေ့တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာလေသည်။ (၁၀) မီတာ ပတ်လည်အတွင်းတွင် မြက်ပင်တစ်ပင်မျှ မပေါက်ရောက်နိုင်တော့သလို မြေကြီးပေါ်မှ ပုရွက်ဆိတ်များပင် ထိုနေရာကို ရှောင်ကွင်း သွားလာနေကြရရှာ၏။
“မရတော့ဘူး... တကယ် မရတော့ဘူး... ဂိုဏ်းချုပ်ကြီးရေ... ဂိုဏ်း... ကုန်လှောင်ရုံက ပေါက်ထွက်တော့မယ်ဗျ... ထပ်ထည့်ရင် ပြိုတော့မယ်...”
ထောက်ပံ့ပို့ဆောင်ရေး စာရင်းသွင်းရာတွင် တာဝန်ကျနေသော ကစားသမားသည် နှာခေါင်းပေါက်နှစ်ဖက်လုံးကို ဂွမ်းလုံးကြီးများဖြင့် ပိတ်ဆို့ထားပြီး မျှော်လင့်ချက်မဲ့သော အသံအုပ်အုပ်ဖြင့် အော်ဟစ်လိုက်လေသည်။ သူ့နှာခေါင်းအာရုံခံစားမှုသည် ထာဝရ ပျက်စီးသွားတော့မည်ဟု ခံစားနေရ၏။
ထိုအချိန်၌... အနံ့ဆိုးထွက်နေသော ကုန်လှောင်ရုံ၏ လေညာဘက်တွင် ကွေ့ယွမ်ဂိုဏ်း၏ ထိပ်သီးခေါင်းဆောင်ကြီး (၃) ဦးဖြစ်သော ဝမ်သဲ့ဖာ၊ ‘ဇီဝဗေဒ ခွေးပေါက်လေး’ နှင့် ‘ကောင်းကင်ခွင်း ဓားတစ်လက်’ တို့သည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် အရေးပေါ် အစည်းအဝေး ကျင်းပနေကြသည်။ (၃) ဦးစလုံး၏ မျက်နှာထားမှာ အလွန်ပင် လေးနက်ခက်ထန်နေကြ၏။ တစ်ဝက်က အနံ့ဆိုးကြောင့် ဖြစ်ပြီး ကျန်တစ်ဝက်ကတော့ စိုးရိမ်ပူပန်မှုကြောင့် ဖြစ်ပေ၏။
“ညီအစ်ကိုတို့... အခြေအနေက မကောင်းဘူးကွ... ဒါက ကုန်ထုတ်လုပ်မှု လွန်ကဲခြင်း ပြဿနာပဲ...”
ဝမ်သဲ့ဖာသည် တုန်ခါနေသော သူ့ဗိုက်ခေါက်ကို ပုတ်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
“ငါတို့ ဒါတွေကို အမြန်မရောင်းရင်... ဒီအမှိုက်ပုံကြီးက ငါတို့လက်ထဲမှာတင် ပုပ်သိုးကုန်တော့မှာ... ငါတို့ တစ်ညလုံး မအိပ်မနေ လုပ်ထားတာတွေ အလကား ဖြစ်ကုန်မှာပေါ့...”
“ဒါပေမဲ့ ဟိုဘက်ကို ဘယ်လို သယ်သွားမလဲ... ဒါက အဓိက ပြဿနာပဲ...”
‘ဇီဝဗေဒ ခွေးပေါက်လေး’ သည် နှာခေါင်းပေါ်မှ လျှောကျနေသော မျက်မှန်ကို ပင့်တင်လိုက်ပြီး လက်ထဲမှ သစ်ကိုင်းခြောက်လေးဖြင့် မြေကြီးပေါ်တွင် တွက်ချက်ရေးဆွဲလိုက်သည်။
“ငါ့ရဲ့ အကြမ်းဖျင်း တွက်ချက်မှုအရဆိုရင်... ဒီကုန်ပစ္စည်းတွေရဲ့ စုစုပေါင်း ထုထည်နဲ့ အလေးချိန်က အနည်းဆုံး ‘စံချိန်မီ အဆင့်နိမ့် ဝိညာဉ်သိုလှောင်အိတ်’ (၂၀) လောက် လိုအပ်လိမ့်မယ်... ဒါမှ အကုန်လုံးကို တစ်ခါတည်း သယ်သွားလို့ရမှာ... ဒါပေမဲ့ အခုလောလောဆယ် ငါတို့ဆီမှာ တစ်လုံးတောင် မရှိဘူး...”
‘ဝိညာဉ်သိုလှောင်အိတ်’ ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ (၃) ဦးစလုံး၏ မျက်လုံးထဲတွင် နာကျင်မှုနှင့် ပြင်းပြသော တောင့်တမှု အရိပ်အယောင်များ ဖြတ်ပြေးသွားကြသည်။ သူတပါးက ပြိုင်ကားစီးနေချိန်တွင် ကိုယ်က သုံးဘီးကားလေးကိုသာ နင်းနေရသကဲ့သို့ ခံစားချက်မျိုးပင်။
“တခြားနည်းလမ်း မရှိတော့ဘူး...”
‘ကောင်းကင်ခွင်း ဓားတစ်လက်’ မတ်တပ်ထရပ်လိုက်၏။ တောင်လိုပုံနေသော ကုန်ပစ္စည်းများကို ကြည့်ရင်း အံကိုကြိတ်ကာ ခက်ခဲပြီး ကြေကွဲဖွယ်ကောင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေတော့သည်။
“တစ်ခုတည်းသော နည်းလမ်းကတော့... အရိုးရှင်းဆုံးနဲ့ အပင်ပန်းဆုံး နည်းလမ်းပဲ... ကျောပိုးပြီး သယ်ကြမယ်...”
သူသည် ရုတ်တရက် လှည့်ထွက်လိုက်ပြီး ရင်ပြင်ဘက်သို့ မျက်နှာမူကာ ဟိန်းဟောက်လိုက်၏။
“အမိန့်ပေးလိုက်... ကုန်ထုတ်တာနဲ့ အမဲလိုက်တာတွေ အကုန်ရပ်... လူစုကြဟေ့... ဒုတိယအကြိမ်မြောက် ဈေးတန်း ချီတက်ပွဲအတွက် ပြင်ဆင်ကြ... အားလုံးကို ပြောလိုက်... ငတ်မသေချင်ရင် ရှိသမျှခွန်အားကို ထုတ်ပြီး ရုန်းကြလို့...”
---
နာရီဝက်ခန့် ကြာပြီးနောက်...။
ကွေ့ယွမ်ဂိုဏ်း ရင်ပြင်တော်။
အင်မော်တယ်ကျင့်ကြံခြင်း လောက၏ ထောက်ပံ့ပို့ဆောင်ရေး သမိုင်းတွင် မှတ်တမ်းတင်ရလောက်သည့် ထူးဆန်းသော ကုန်သည်အဖွဲ့ကြီးတစ်ခု စုဖွဲ့ပြီးတော့၏။ ချက်ချင်းချမ်းသာလိုသော မျှော်လင့်ချက် ရောင်ခြည်တန်းလေးကြောင့် အလွန်အမင်း ကြံ့ခိုင်သော ‘လူသား ကုလားအုတ်’ အဖြစ် အသွင်ပြောင်းလဲသွားကြသည့် ကစားသမား (၁၀၀) ကျော်ပင် ဖြစ်တော့သည်။
ရင်ပြင်တစ်ခုလုံးသည် အလုပ်ရှုပ်ခြင်း၊ ညည်းတွားခြင်းများဖြင့် ပွက်လောရိုက်နေသည်။ လူတိုင်းသည် တွေ့သမျှ ကြိုးများ၊ နွယ်ပင်များနှင့် စုတ်ပြတ်နေသော အဝတ်အစားဟောင်းများကို အသုံးပြု၍ ကုန်ပစ္စည်းများကို ကိုယ်ပေါ်တွင် ချည်နှောင်နေကြသည်။
အဓိက အားထားရမည့် ခွန်အားကြီး ကစားသမားများ၏ အခြေအနေမှာ အဆိုးရွားဆုံး ဖြစ်ချေ၏။ သူတို့တစ်ဦးစီသည် မိမိတို့ထက် ခေါင်းတစ်လုံးပိုမြင့်ပြီး (၂) ဆခန့် ပိုကျယ်သော ဧရာမ ဂုန်နီအိတ်ကြီးများကို ကျောပိုးထားကြရ၏။ အိတ်ထဲတွင်မူ လေးလံသော ကြွက်ရိုးများနှင့် မပြုပြင်ရသေးသော ကြွက်ရေခွံများ ပြည့်နှက်နေလေသည်။
အိတ်မလောက်သဖြင့် အချို့က ကြွက်ရေခွံများကို အိပ်ရာလိပ်ကဲ့သို့ လိပ်ကာ ကျောပေါ်တွင် သိုင်းလွယ်ထားကြသည်။ အဝေးမှ ကြည့်လျှင် ခြေထောက်နှစ်ချောင်းသာ ပါရှိသော မှော်အိတ်ကြီးများ ရွေ့လျားနေသကဲ့သို့ ထင်မှတ်ရ၏။
“သောက်ရမ်း လေးတာပဲကွာ... အနည်းဆုံး ပေါင် (၃၀၀) လောက်တော့ ရှိမယ်... ငါ့ခါး..ကျိုးပါပြီ...”
တောင့်တင်းသန်မာသော လူကြီး တစ်ဦးသည် ဝန်ပိလွန်းသဖြင့် ခါးပင် မဆန့်နိုင်ရှာပေ။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးပေါ်တွင် ခြေရာနက်ကြီးများ ထင်ကျန်ရစ်ခဲ့ပြီး မျက်နှာ တစ်ခုလုံး ခရမ်းရောင်သမ်းကာ နီရဲနေလေသည်။
‘ဆေးလုံး’ သယ်ဆောင်ရသော ကစားသမားများမှာ ဝန်ပေါ့ပါးသော်လည်း အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရရှာ၏။
“ဟေ့ရောင်... ငါနဲ့ ဝေးဝေးနေစမ်းပါ... မင်းကျောပိုးထားတဲ့ သေတ္တာထဲက မီးခိုးစိမ်းတွေ ထွက်နေတယ်ဟ... လေတိုက်လိုက်တိုင်း ငါ့သွေး တစ်စက္ကန့်ကို (၁) မှတ် လျော့နေသလို ခံစားရတယ်...”
“ပေါက်ကရတွေ ပြောမနေနဲ့... သည်းခံလိုက်စမ်းပါ... သွေးလျော့တာက မွဲတာထက် စာရင် တော်သေးတယ်... ဒါတွေ အကုန်လုံးက ပိုက်ဆံတွေကွ...”
ကုန်သည်အဖွဲ့၏ ခေါင်းဆောင်ကြီး ဖြစ်သောကြောင့် ဝမ်သဲ့ဖာသည် ရှေ့ဆုံးမှ ဦးဆောင်ရလေသည်။
သူသည် အင်္ကျီဗလာဖြင့် တုန်ခါနေသော အဆီပြင်များကို လှစ်ဟထား၏။ ရင်ဘတ်ပေါ်တွင် ထူထဲသော လျှော်ကြိုးနှစ်ချောင်းကို ကြက်ခြေခတ်သဏ္ဌာန် သိုင်းစည်းထားရာ ကြိုးများသည် အသားထဲသို့ နစ်ဝင်နေလေသည်။ သူ့အနောက်တွင်မူ သစ်လုံးအချို့ကို ရိုက်နှက်ဆက်စပ်ထားသော ဖောင်ဖျက်စွတ်ဖားကြီးတစ်ခု ပါရှိပြီး ထိုအပေါ်တွင် ကုန်ပစ္စည်းများကို တောင်ငယ်လေးပမာ တင်ဆောင်ထားသဖြင့် ဆွဲလိုက်တိုင်း တကျွိကျွိ မြည်သံများ ထွက်ပေါ်နေသည်။
သူသည် လေကို ဝဝရှူသွင်းလိုက်ပြီး ကုန်းနေသော ကျောပြင်ကို အားယူကာ ဆန့်လိုက်သည်။ ထို့နောက် နောက်သို့လှည့်ကာ နာကျင်မှုနှင့် စိတ်အားထက်သန်မှု ရောပြွမ်းနေသော မျက်နှာဖြင့် အော်ဟစ်လိုက်လေသည်။
“အားလုံးပဲ... စိတ်ဓာတ်မကျနဲ့... ငါတို့က စစ်ဘေးရှောင် ဒုက္ခသည်တွေ မဟုတ်ဘူး... ကုန်ပစ္စည်းတွေ သွားရောင်းမှာ... ဈေးကွက်ကို သိမ်းပိုက်ကြမှာ... ဈေးတန်းထဲက တဖျပ်ဖျပ်လက်နေတဲ့ ဝိညာဉ်ကျောက်တုံးတွေကို တွေးကြည့်စမ်း... ငါတို့ အိပ်မက်မက်ခဲ့ရတဲ့ သိုလှောင်အိတ်တွေကို တွေးကြည့်စမ်း... ဒီလောက် ပင်ပန်းတာ ဘာမှုစရာ ရှိလဲ... ဒီတစ်ပွဲ နိုင်လိုက်ရင် ငါတို့ သူဌေးဖြစ်ပြီဟေ့...”
“ဝိညာဉ်ကျောက်တုံးတွေအတွက်... သိုလှောင်အိတ်တွေအတွက်... ချဟေ့...”
လေးနက်သော်လည်း ငွေမက်သော ကြွေးကြော်သံများကြားတွင်... ထူးဆန်းသော အနံ့ဆိုးပေါင်းစုံ ထွက်ပေါ်နေသည့်၊ အမှိုက်ပုံထဲမှ ကုန်းထလာသကဲ့သို့ ဖြစ်နေသည့် ဧရာမ ‘လူသား ကုန်သည်အဖွဲ့ကြီး’ သည် ယိမ်းထိုးလျက် ကွေ့ယွမ်ဂိုဏ်း၏ စောင်းနေသော တောင်တံခါးဝမှ ဖြည်းညှင်းစွာ ထွက်ခွာသွားကြလေတော့၏။
*
ပင်မနန်းဆောင်၏ မြင့်မားသော စင်မြင့်ထက်တွင်မူ...။
ကျန်းချန်သည် လက်ဖက်ရည်ခွက်ကို ကိုင်လျက် အစာသယ်နေသော ပုရွက်ဆိတ်များကဲ့သို့ ရွေ့လျားနေသည့် လူအုပ်ကြီးကို ကြည့်နေလေသည်။ သူတို့သည် တောင်အဆင်းလမ်း၏ အဆုံးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။ သူသည် လက်ဖက်ရည်ခွက်ကို တိတ်တဆိတ် ချလိုက်ပြီး ရင်ဘတ်ပေါ်တွင် လက်ဖြင့် ကြက်ခြေခတ် အမှတ်အသား ပြုလုပ်လိုက်လေ၏။
“လျူယွမ်ဈေးတန်းက မိတ်ဆွေ ကျင့်ကြံသူအပေါင်းတို့... ကံကောင်းကြပါစေဗျာ... ဈေးတန်းရဲ့ စီးပွားရေး စနစ်ကြီး... တောင့်ခံနိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်…”
အခန်း (၅၀) - အမှိုက်ပုံ တပ်မတော်ကြီး ချီတက်လာပြီ... တုန်လှုပ်ချောက်ခြားကြလော့ ဒေသခံ ကျင့်ကြံသူအပေါင်းတို့..
~လျူယွမ်ဈေးတန်း... မြောက်ဘက် ဂိတ်ပေါက်ဝ။
အချိန်ကား နေ့လယ်ခင်း အချိန်ကာလ ဖြစ်ပေ၏။
ယနေ့တွင် ဈေးတန်းတံခါးဝသည် ပုံမှန်ထက် ပိုမိုစည်ကားနေလေ၏။ ပြီးခဲ့သော တစ်ခေါက်က ကံဆိုးမိုးမှောင်ကျခဲ့ရသည့် အစောင့်နှစ်ဦးမှာပင် တာဝန်ကျနေဆဲ ဖြစ်ရှာသည်။
ရုတ်တရက်ဆိုသလိုပင်... မြေပြင်ကြီးသည် သိသိသာသာ တုန်ခါသွားတော့သည်။ တောရိုင်းသားရဲအုပ်ကြီး ချီတက်လာသကဲ့သို့ “ဂူဂူဂါဂါ” မြည်ဟိန်းသံကြီး တစ်ခုသည် တဖြည်းဖြည်း ကျယ်လောင်လာလေ၏။
အစောင့်များသည် သတိကြီးစွာဖြင့် လမ်းမကြီး၏ အဆုံးဘက်သို့ မော့ကြည့်လိုက်ကြသည်။ ဝေးကွာသော မိုးကုတ်စက်ဝိုင်းဆီတွင် အဝါရောင် ဖုန်လုံးကြီးတစ်ခုသည် ကောင်းကင်ယံကို ဖုံးလွှမ်းသွားသည်အထိ လွင့်ပျံတက်လာလေသည်။ ထိုဖုန်လုံးကြီးထဲမှ ဧရာမ အရိပ်မည်းကြီးများ ပါဝင်သော ထူးဆန်းအံ့ဖွယ် လူတန်းရှည်ကြီးတစ်ခုသည် ဖြည်းညှင်းစွာ... သို့သော် ခိုင်မာသော ခြေလှမ်းများဖြင့် ချီတက်လာနေကြသည်။
“ဟိုဟာ ဘာကြီးလဲဟ... ကုန်သည်အဖွဲ့ကြီး တစ်ခုလား...”
ထိုလူအုပ်ကြီး နီးကပ်လာသည်နှင့်အမျှ ချွေးစော်၊ တိရစ္ဆာန်သားရေဟောင်းများ၏ ပုပ်စော်နှင့် ဖော်ပြရန်ခက်ခဲသော စူးရှသည့် ဆေးနံ့ပေါင်းစုံ ရောနှောထားသည့် အနံ့ဆိုးကြီးသည် လေအဝှေ့နှင့်အတူ သူတို့ထံသို့ တိုးဝင်လာလေတော့သည်။
“အား... ဘာအနံ့ကြီးလဲကွ...”
အစောင့်နှစ်ဦးမှာ အနံ့ဆိုး၏ ဒဏ်ကြောင့် နေရာမှာတင် ပျို့အန်မတတ် ဖြစ်သွားကြရရှာ၏။
နောက်ဆုံးတွင် သူတို့သည် ထိုလူအုပ်ကြီး၏ သရုပ်မှန်ကို မြင်တွေ့လိုက်ကြရတော့၏။ စုတ်ပြတ်သတ်နေပြီး ရွှံ့နွံများ ပေကျံနေသော ဗလကြီး (၁၀၀) ကျော်... သူတို့တစ်ဦးစီသည် မိမိတို့အရပ်ထက် ပိုမြင့်မားသော ‘တောင်ကုန်းငယ်’ ပမာ ကုန်ပစ္စည်းများကို ကျောပိုးထားကြသည်။ အမှိုက်ပုံတစ်ခုလုံးကို ကုန်းရုန်းလုယူလာခဲ့ကြသည့် အလုပ်သမားအဖွဲ့ကြီးသဖွယ် ခြေလှမ်းလှမ်းလိုက်တိုင်း မြေကြီးပေါ်တွင် နက်ရှိုင်းသော ခြေရာကြီးများ ထင်ကျန်ရစ်ခဲ့လေသည်။
“ရပ်လိုက်စမ်း... မင်းတို့ ဘာလုပ်ကြမလို့လဲ...”
အစောင့်သည် ပျို့တက်လာသော အာခေါင်ကို အတင်းထိန်းလျက် တားဆီးရန် ရှေ့တိုးလိုက်၏။ သို့သော် ဦးဆောင်လာသူ အင်္ကျီဗလာနှင့် ဝဖြိုးဖြိုးလူ (ဝမ်သဲ့ဖာ) ၏ မျက်နှာကို မြင်လိုက်ရသောအခါ အစောင့်မှာ မျှော်လင့်ချက်မဲ့သွားရှာသည်။
“မင်းတို့ကောင်တွေပဲလား... ကွေ့ယွမ်ဂိုဏ်းက... ဒုက္ခသည်အဖွဲ့ကြီး မဟုတ်လား...”
ဝမ်သဲ့ဖာသည် မောပန်းနွမ်းနယ်စွာဖြင့် ကျောပေါ်မှ ကုန်ပစ္စည်းများကို မြေကြီးပေါ်သို့ ‘ဝုန်း’ ခနဲ ပစ်ချလိုက်ရာ မြေကြီးပင် (၃) ခါတုန်သွားလေသည်။ သူသည် အမောဖြေရင်း သွားမရှိသော ပါးစပ်ဖြင့် ဖြီးဖြီးကြီး ပြုံးပြလိုက်သည်။
“ဆရာသမား... မတွေ့တာတောင် ကြာပြီနော်... ကျွန်တော်တို့က... စီးပွားရေး အကြီးကြီး လာလုပ်ကြတာဗျ...”
“စီးပွားရေး ဟုတ်လား... မင်းတို့ တောင်တစ်လုံးလုံးကို ပြောင်အောင် ခုတ်လာကြတာလား... စည်းကမ်းဟောင်းအတိုင်းပဲ... မြို့ဝင်ကြေး တစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး...”
ပိုက်ဆံအကြောင်း ကြားလိုက်သည်နှင့် ကစားသမားများ၏ မျက်နှာများ ချက်ချင်း ညှိုးကျသွားကြတော့သည်။
“အမ်... ဆရာသမား... ပစ္စည်းနဲ့ ပေးလို့ မရဘူးလားဗျာ...”
ဝမ်သဲ့ဖာသည် အိတ်ကို ဖြေလျော့လိုက်ပြီး အတွင်းမှ ပြည့်သိပ်နေသော ‘ဝိညာဉ်ဝါးကြွက်’ အစွယ်များကို ထုတ်ပြလိုက်လေသည်။
“ဒါတွေက မာကျောတဲ့ ငွေကြေးတွေပါဗျ... မြို့ဝင်ကြေးအတွက် လောက်ငပါသေးတယ်...”
အနောက်မှ အဆိပ်ဆေးလုံး သယ်လာသူကလည်း ‘မဟာ ခွန်အားတိုး ဆေးလုံး’ ကို လာရောက် ကြော်ငြာလေ၏။
သွေးနံ့နှင့် ထူးဆန်းသော အနံ့ဆိုးများ ထွက်နေသည့် ‘မာကျောသော ငွေကြေး’ ပုံကြီးကို ကြည့်ရင်း အစောင့်၏ မျက်နှာမှာ စိမ်းပုပ်သွားတော့သည်။ သို့သော် ‘ပိုက်ဆံမရှိရင် အတင်းဝင်မယ်’ ဆိုသည့် လူအုပ်ကြီး၏ အမူအရာကို မြင်လိုက်ရသဖြင့် အံကိုကြိတ်ကာ လိုက်လျောလိုက်ရရှာသည်။
“ရပြီ... ရပြီ... အခု ဝင်ကြတော့... တံခါးဝမှာ ပိတ်မနေနဲ့... နောက်တစ်ခါ ဒီအမှိုက်သရိုက်တွေ ယူမလာနဲ့နော်...”
ကြွက်အစွယ်ပုံကြီးနှင့် လူသေစေနိုင်သော ဆေးပုလင်း အချို့ကို ထားရစ်ခဲ့ပြီးနောက်... ဤဧရာမ ‘အမှိုက်ပုံ တပ်မတော်ကြီး’ သည် သန့်ရှင်းသပ်ရပ်သော လျူယွမ်ဈေးတန်း အတွင်းသို့ ရွှံ့နွံမြေပြိုကျသကဲ့သို့ ဒလဟော ဝင်ရောက်သွားကြလေတော့သည်။
---
လျူယွမ်ဈေးတန်း... တသီးပုဂ္ဂလ ကျင့်ကြံသူများ၏ ကုန်သွယ်ရေး ဇုန်။
ဤအချိန်သည် ဈေးတန်း၏ အစည်ကားဆုံး အချိန်လည်း ဖြစ်သည်။ ရုတ်တရက်ဆိုသလိုပင် ဧရာမ အရိပ်ကြီးတစ်ခုသည် ဧရိယာတစ်ခုလုံးကို လွှမ်းမိုးသွားလေသည်။ လူတိုင်းသည် ရုတ်တရက် ပေါ်လာသော ‘ကျောပိုးအိတ်အဖွဲ့’ ကြီးကို ထိတ်လန့်တကြား မော့ကြည့်လိုက်မိကြ၏။ သူတို့သည် ဈေးတန်း၏ အချက်အချာကျသော အကောင်းဆုံး နေရာဆီသို့ တည့်မတ်စွာ ဦးတည်သွားနေကြခြင်း ဖြစ်သည်။
“ညီအစ်ကိုတို့... ပစ္စည်း ချဟေ့...”
စစ်သေနာပတိချုပ် ဝမ်သဲ့ဖာ၏ အမိန့်သံ ထွက်ပေါ်လာသည်။
“ဝုန်း... ဝုန်း... ဝုန်း...”
ဧရာမ အိတ်ကြီး (၁၀၀) ကျော်သည် မြေကြီးပေါ်သို့ ပြိုင်တူနီးပါး ပြုတ်ကျသွားလေသည့်အခိုက်၊ အသေးစား ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ နားကွဲမတတ် မြည်ဟိန်းသံကြီး ထွက်ပေါ်လာပြီး ဖုန်မှုန့်များ တလူလူ လွင့်ပျံတက်လာလေသည်။
“ရွှီ...”
အိတ်များကို ဖြေလျော့လိုက်သည်နှင့် ရေတွက်၍ မရနိုင်သော ကြွက်သားရေခြောက်များ၊ ဖြူဖွေးနေသော အရိုးများနှင့် သရဲမီးကဲ့သို့ အလင်းရောင်ထွက်နေသည့် အဆိပ်ဆေးလုံး သေတ္တာများသည် ရေကာတာကျိုးသကဲ့သို့ ဒလဟော စီးဆင်းကျလာတော့၏။
မိနစ်ပိုင်းအတွင်းမှာပင်... ပြားပ်ပြီး ရှင်းလင်းနေသော ဈေးတန်းအလယ်ခေါင်သည် အဆင့်နိမ့် ကုန်ကြမ်းများနှင့် အမည်မသိ ဆေးလုံးများဖြင့် တည်ဆောက်ထားသော (၃) မီတာကျော် မြင့်သည့် ‘အမှိုက်တောင်ကြီး’ အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုအရာမှ ထွက်ပေါ်လာသော ထူးဆန်းသည့် အနံ့ဆိုးကြီးသည် မီတာရာပေါင်းများစွာ အကွာအဝေးထိ ချက်ချင်း လွှမ်းခြုံသွားတော့၏။
ဘေးပတ်ဝန်းကျင်မှ တသီးပုဂ္ဂလ ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသားဖြင့် ငေးမောနေမိကြသည်။ ဤမျှ များပြားလှသော ‘လက်ကား အမှိုက်ပုံ’ ကြီးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။
“ဒီအရူးတွေ ဘာလုပ်ကြမလို့လဲ... ဈေးတန်းကို မြေဖို့မလို့လား...”
အားလုံး၏ အံ့အားသင့်နေသော၊ မရေမရာ ဖြစ်နေသော အကြည့်များအောက်တွင်... ဝမ်သဲ့ဖာသည် ‘အမှိုက်တောင်’ ပေါ်သို့ မောပန်းကြီးစွာဖြင့် တွားတက်သွားလေ၏။ တောင်ထိပ်သို့ ရောက်သောအခါ အောက်ဘက်မှ ကြောင်အမ်းအမ်း ဖြစ်နေသော ‘အလားအလာရှိသည့် ဖောက်သည်များ’ ကို ငုံ့ကြည့်လိုက်ပြီး လေကို ဝဝရှူသွင်းလိုက်သည်။
“အဟမ်း... အင်မော်တယ်လောကက မိတ်ဆွေ ကျင့်ကြံသူအပေါင်းတို့... မင်္ဂလာ နေ့လယ်ခင်းပါခင်ဗျာ...”
ခေတ်သစ် ဈေးကွက်ရှာဖွေရေး၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အဖွင့်စကားသည် ရှေးဆန်သော ဈေးတန်းတစ်ခုလုံးကို ရိုက်ခတ်သွားလေတော့သည်။
ထိုနည်းနှင်နှင်၊ မုန်တိုင်းသစ် တစ်ခု စတင်တော့၏။
အခန်း (၅၁) - ဈေးတန်း မုန်တိုင်း (အပိုင်း ၂) - (၉၉၈) မဟုတ်ဘူးနော်... (၉.၈) တည်း..
~လျူယွမ်ဈေးတန်း... တသီးပုဂ္ဂလ ကျင့်ကြံသူများ၏ လွတ်လပ်စွာ ကုန်သွယ်ရာ ဇုန်။
ထူးဆန်းသော အနံ့ဆိုးပေါင်းစုံ ရောပြွမ်းထွက်နေသည့် (၃) မီတာကျော် မြင့်မားသော ‘အမှိုက်တောင်’ ပေါ်တွင်... ဝမ်သဲ့ဖာသည် မတ်တပ်ရပ်နေလေသည်။ သူသည် လေကို ဝဝရှူသွင်းလိုက်ပြီး ဝိညာဉ်စွမ်းအင်ကို လည်ချောင်းဝသို့ ပို့လွှတ်ကာ သူ့ကိုယ်သူ ‘လူသား အသံချဲ့စက်’ အဖြစ် ပြောင်းလဲလိုက်၏။
“အဟမ်း... မင်္ဂလာပါဗျာ... ဟယ်လို ..တက်စတင်း...”
ဧရာမ အသံလှိုင်းကြီးသည် လမ်းဘေးဈေးသည်တန်း တစ်ခုလုံးအပေါ်သို့ ပေါက်ကွဲထွက်သွားလေသည်။
ဒေသခံ ‘တသီးပုဂ္ဂလ ကျင့်ကြံသူ’ အားလုံး၏ ကြောက်ရွံ့ထိတ်လန့်ပြီး ကြောင်အမ်းအမ်း ဖြစ်နေသော အကြည့်များအောက်တွင်... ဝမ်သဲ့ဖာသည် အင်မော်တယ်လောက၏ စီးပွားရေး သမိုင်းတွင် မှတ်တမ်းတင်ရမည့် မိန့်ခွန်းရှည်ကြီးကို စတင် ပြောကြားလိုက်လေတော့သည်။
“ချစ်လှစွာသော မိတ်ဆွေ ကျင့်ကြံသူအပေါင်းတို့... ချစ်လှစွာသော စီနီယာ နောင်တော်ကြီးများခင်ဗျာ... ဒီအခွင့်အရေးကြီးကို လက်လွတ်မခံကြပါနဲ့ဗျ...”
ဝမ်သဲ့ဖာက တွန့်ကြေနေပြီး သွေးနံ့ထွက်နေသော ‘ဝိညာဉ်ဝါးကြွက်’ အရေခွံတစ်ခုကို ဆွဲယူလိုက်ပြီး အားရပါးရ ခါယမ်းပြလိုက်သည်။
“ကြည့်ကြစမ်းပါ... ဒါ ဘာကြီးလဲဗျ... ခင်ဗျားတို့ ထင်နေတာက ဒါ သာမန် ကြွက်ရေခွံလေး တစ်ခုလို့ ထင်နေတာမလား... မှားပါတယ်ခင်ဗျာ... မှားပါတယ်... ဒါဟာ ရှေးဟောင်း ကမ္ဘာမြေလှုပ် ကြွက်နတ်ဘုရားကြီးရဲ့ အရေခွံပါ... ချန်ဝူ တောင်တန်းကြီးရဲ့ နက်ရှိုင်းတဲ့ နေရာကနေ ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရတွေကို စုပ်ယူပြီး ကပ်ဘေးပေါင်း (၈၁) ပါးကို ကျော်ဖြတ် ကြီးပြင်းလာခဲ့တဲ့ ကြွက်နတ်ဘုရားကြီးပါ...”
အောက်ဘက်မှ ‘တသီးပုဂ္ဂလ ကျင့်ကြံသူ’ များမှာ နှုတ်ခမ်းများ တွန့်ရွဲ့ကုန်ကြသည်။
'ဘာ ကမ္ဘာမြေလှုပ် ကြွက်နတ်ဘုရားလဲကွ... ဒါ အတွေ့ရအများဆုံး အဆင့် (၁) မိစ္ဆာသားရဲ ‘ဝိညာဉ်ဝါးကြွက်’ မဟုတ်ဘူးလား...'
ဝမ်သဲ့ဖာသည် လူအုပ်ကြီး၏ အထင်သေးသော အကြည့်များကို လုံးဝ ဂရုမစိုက်ဘဲ အလွန်အမင်း နာကျင်ခံစားနေရသော မျက်နှာထားဖြင့် ဆက်လက် သရုပ်ဆောင်လေသည်။
“မူလကတော့... ကျွန်တော်တို့ဂိုဏ်းက ဒီ ထိပ်တန်း ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုပြီး ကိုယ်ပိုင် ထိပ်တန်း မှော်လက်နက်တွေ သွန်းလုပ်ဖို့ စီစဉ်ထားခဲ့တာပါ... ဒါပေမဲ့ဗျာ... ကျွန်တော်တို့ ဂိုဏ်းချုပ်လေ... အဲ့ဒီ သောက်ကျိုးနည်း ဂိုဏ်းချုပ် ကျန်းချန်လေ... သူက လူစိတ်မရှိဘူးဗျ... ဂိုဏ်းရဲ့ လည်ပတ်ငွေ အကုန်လုံးကို ယူပြီး ထွက်ပြေးသွားပါပြီဗျာ... ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိတော့လို့ လုပ်ခလစာအစား ဒီပစ္စည်းတွေကိုပဲ ယူလိုက်ရတာပါ...”
(ကွေ့ယွမ်ဂိုဏ်းထဲတွင် လက်ဖက်ရည်ထိုင်သောက်နေသော ကျန်းချန်တစ်ယောက် မြေကြီးပါ တုန်ခါသွားလောက်အောင် (၃) ကြိမ်ဆက်တိုက် နှာချေလိုက်မိလေသည်။)
“ကျွန်တော်တို့ရဲ့ အရင်းအနှီး ပြန်ရဖို့အတွက်... ထမင်းပူပူလေး တစ်နပ် စားရဖို့အတွက်... ဒီနေ့ ကျွန်တော်တို့ မျက်ရည်ခံထိုးပြီး လျှော့ဈေးနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်...”
ဝမ်သဲ့ဖာသည် ကြွက်ရေခွံကို မြှောက်ပြလိုက်ပြီး လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်လေသည်။
“ရတနာဂေဟာမှာဆိုရင် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးလောက် ပေါက်ဈေးရှိတဲ့ ဒီ ထိပ်တန်း သားရေပြားကို... ဒီနေ့ (၉၉၈) တုံး မရောင်းပါဘူး... (၉၈) တုံး လည်း မရောင်းပါဘူး... (၁) တုံးတည်းပါ... ဟုတ်ပါတယ်... ခင်ဗျားတို့ နားကြားမမှားပါဘူး... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁) တုံးတည်းနဲ့ ယူသွားကြပါ...”
“ဘွန်း...”
ဈေးနှုန်းကို ကြေညာလိုက်သည့် တစ်ခဏ၌ စိတ်ဝင်တစား ကြည့်ရှုနေကြသော ‘တသီးပုဂ္ဂလ ကျင့်ကြံသူ’ များ၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။
'ဝိညာဉ်ကျောက်တုံး (၁) တုံးတည်း ဟုတ်လား... ဒါက ယုံနိုင်စရာမရှိအောင် သက်သာလွန်းတယ်...'
သို့သော် ဒါတင် မကသေးပေ။
ဝမ်သဲ့ဖာသည် မျက်လှည့်ပြလိုက်သကဲ့သို့ ကျန်လက်တစ်ဖက်ဖြင့် အရောင်စုံလင်လှသော ‘ကံစမ်းမဲ ဆေးလုံး’ တစ်ဆုပ်ကို ဆွဲယူလိုက်ပြန်သည်။
“ဒါပဲလားလို့ ခင်ဗျားတို့ ထင်နေတာလား... သိပ်ရိုးတာပဲဗျာ... ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ ဖောက်သည်ဟောင်း၊ ဖောက်သည်သစ်တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီနေ့ အထူး ပရိုမိုးရှင်း ရှိပါတယ်... တစ်ခုဝယ် သုံးခုလက်ဆောင်ပါဗျာ... ကြွက်ရေခွံ တစ်ချပ် ဝယ်တိုင်း သဘာဝတရားရဲ့ အံ့ဖွယ်ရာတွေ၊ မသိခြင်းတွေနဲ့ အံ့သြစရာတွေ ပြည့်နှက်နေတဲ့... ဒီ အဆုံးစွန် ကျင့်ကြံခြင်း ကံစမ်းမဲ ‘နတ်ဆေး’ (၃) လုံးကို လက်ဆောင် ထပ်ပေးဦးမှာပါ... ကံစမ်းကြည့်လိုက်ပါ... စက်ဘီးကနေ ဆိုင်ကယ် ဖြစ်သွားနိုင်ပါတယ်...”
ဒေသခံ ‘တသီးပုဂ္ဂလ ကျင့်ကြံသူ’ များ၏ စိတ်ခံတပ်များ စတင် ပြိုလဲလာချေပြီ။ ဈေးနှုန်းနှင့် အရည်အသွေး က လွန်စွာ မက်လောက်စရာ ဖြစ်နေသည် မဟုတ်ပါလော။
လူတိုင်း တုံ့ဆိုင်းနေကြသည့်အချိန်တွင်... လူအုပ်ထဲ၌ ကြိုတင် နေရာယူထားကြသော ‘ပရော်ဖက်ရှင်နယ် အဖွဲ့လိုက် မြှောက်ပေးသူ’ ကစားသမား (၁၀၀) ကျော်က စတင် လှုပ်ရှားလိုက်ကြလေသည်။
ကျွမ်းကျင်ကစားသမား ‘ကောင်းကင်ခွင်း ဓားတစ်လက်’ သည် လူအုပ်ကြားမှ ရှေ့ဆုံးသို့ တိုးထွက်လာပြီး မျက်လုံးပြူးကာ အလွန်အမင်း ပိုကဲသော လေသံဖြင့် အော်ဟစ်လိုက်သည်။
“ဘုရားရေ... ဈေးပေါလိုက်တာ... သူဌေး... ခင်ဗျား ရူးသွားပြီလား... မနေ့ကပဲ ဟိုဘက်ဆိုင်မှာ ဒီသားရေပြားကို ဝိညာဉ်ကျောက်တုံး (၃) တုံးနဲ့ ရောင်းနေတာဘ တွေ့ခဲ့ရတာဗျ... ကျွန်တော့်ကို တစ်စုံ ပေးပါ... ဟို အစိမ်းရောင် ကံစမ်းမဲ ဆေးလုံးကို လိုချင်တယ်... အဲ့ဒါက ကျွန်တော့်ကို လှမ်းခေါ်နေသလို ခံစားရလို့ပါ...”
သူသည် စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ ဆိုင်ခုံပေါ်သို့ ‘ဒုန်း’ ခနဲ ပစ်တင်လိုက်လေသည်။
ပထမဆုံး တစ်ယောက်က စတင်လိုက်သည်နှင့် ကျန်ရှိနေသော ‘မြှောက်ပေးသူ’ များကလည်း ပျားအုံကွဲသကဲ့သို့ ဝိုင်းအုံလာကြတော့သည်။
“မတိုးနဲ့ဟေ့... ငါလည်း ဝယ်မယ်...”
“ဒီအရိုးတုတ်တွေက မဆိုးဘူးဟ... ငါ့ကို (၁၀) ချောင်းလောက် ပေး...”
လူ (၁၀၀) ကျော်သည် ဆိုင်ကို ချက်ချင်း ဝိုင်းလိုက်ကြရာ “အခု မလုရင် ကုန်သွားတော့မယ်” ဆိုသော ရူးသွပ်ဖွယ် ထင်ယောင်ထင်မှား ဖြစ်ရပ်ကြီးကို ဖန်တီးလိုက်လေတော့သည်။
ဤကဲ့သို့သော ‘သိုးအုပ်လိုက် သွားခြင်း’ သည် ကြောက်မက်ဖွယ် ကောင်းလှ၏။
မူလက တုံ့ဆိုင်းနေကြသော ဒေသခံ ‘တသီးပုဂ္ဂလ ကျင့်ကြံသူ’ များသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ငြိမ်မနေနိုင်ကြတော့ပေ။
'ဒီလောက် လူတွေအများကြီး လုဝယ်နေကြတာလား... တကယ်ပဲ အဲ့လောက် ကောင်းလို့လား... မဖြစ်ဘူး... ဒီအရူးတွေကို အကုန် အပါမခံနိုင်ဘူး...'
လောဘနှင့် အများမိုးခါးရေသောက်သည့် စိတ်ဓာတ်တို့သည် ဆင်ခြင်တုံတရားကို ချက်ချင်း လွှမ်းမိုးသွားလေတော့သည်။
“ဖယ်ကြစမ်း... ငါလည်း ဝယ်ချင်တယ်...”
‘တသီးပုဂ္ဂလ ကျင့်ကြံသူ’ တစ်ဦးသည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ အထဲသို့ အတင်း တိုးဝင်လာလေသည်။
“ငါ့ကို တစ်ခုပေး... ငါ့အရိုးတုတ်ကို မယူနဲ့...”
မြင်ကွင်းတစ်ခုလုံးသည် ချက်ချင်းပင် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့သည်။ ‘အမှိုက်တောင်’ ဆီသို့ လက်ပေါင်းများစွာ လှမ်းယူနေကြ၏။ ဝိညာဉ်ကျောက်တုံးများသည် မိုးရွာချလိုက်သကဲ့သို့ ပိုက်ဆံသေတ္တာထဲသို့ ကျရောက်လာလေ တော့သည်။
တောင်ထိပ်ပေါ်တွင် ရပ်နေသော ဝမ်သဲ့ဖာသည် အောက်ဘက်တွင် ပြည့်ကျပ်နေသော လူအုပ်ကြီးကို ငုံ့ကြည့်ရင်း မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ရယ်မောလိုက်လေသည်။ သူသည် မီးလောင်ရာ လေပင့်သကဲ့သို့ ထပ်မံ အော်ဟစ်လိုက်၏။
“မလုကြပါနဲ့... မတိုက်ကြပါနဲ့... ပစ္စည်းတွေ အများကြီး ရှိပါသေးတယ်... လူတိုင်း ရစေရပါမယ်... တကယ့် လျှော့ဈေးပါ... တကယ့် မီးလောင်ဈေးပါဗျာ...”
ထိုနေ့တွင်... လျူယွမ်ဈေးတန်း၏ လမ်းဘေးဈေးသည်တန်း ဧရိယာ၌ အံ့ဖွယ်ရာ တစ်ခု ဖြစ်ပေါ်ခဲ့လေသည်။
ဘယ်သူမှ မလိုချင်သော အမှိုက်တောင်ကြီး တစ်ခုသည် ခေတ်သစ် ဈေးကွက်ရှာဖွေရေး ဝေါဟာရများနှင့် စနစ်တကျ ပြင်ဆင်ထားသော ဖျော်ဖြေတင်ဆက်မှုတို့ကြောင့် လူတိုင်း လိုချင်တပ်မက်သော ရတနာပုံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေတော့သတည်း။