ဒီဂိမ်းက တကယ်ကြီး ခက်ခဲလွန်းတယ်
Vol. 1 Ch. 2
~ကွေ့ယွမ်ဂိုဏ်း၏ ရင်ပြင်ကျယ်ကြီး၌..
အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွား၏။
စနစ်၏ စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ် (၅) ခုသည် ပုံရိပ်ယောင် အခြေအနေမှ အစစ်အမှန် ရုပ်ခန္ဓာများအဖြစ်သို့ ပြောင်းလဲလာကြ၏။
ဝမ်သဲ့ဖာ (အိုင်ဒီ - ဒီဖရဲသီး မှည့်ပြီလား) သည် ရှည်လျားပြီး ထူးဆန်းသော အိပ်မက် တစ်ခုမှ နိုးထလာသကဲ့သို့ ခံစားလိုက်ရသည်။
လွန်ခဲ့သော တစ်စက္ကန့်က သူသည် အဆောင်ခန်းထဲတွင် အခန်းဖော်၏ ခြေထောက်နံ့ကြောင့် အသက်ရှူကျပ်နေခဲ့သေးသည်။
ယခုမူ အေးမြပြီး လတ်ဆတ်သော တောင်ပေါ်လေပြေက သူ၏ နှာခေါင်းထဲသို့ အတင်းတိုးဝင်လာ၏။
“အဟွတ်... အဟွတ်... အဟွတ်...”
ဝမ်သဲ့ဖာ မျက်လုံးများကို ဖွင့်လိုက်သည်။ မြေနံ့၊ သစ်ရွက်ဆွေးနံ့များ ပါဝင်နေသော လေကြောင့် သူ ချောင်းဆိုးသွားခြင်း ဖြစ်၏။
ဘာကြီးလဲဟ... ဒီအထိအတွေ့က...
သူ့အောက်ရှိ ကျောက်စရစ်ခဲများကို မသိစိတ်ဖြင့် လှမ်းဆုပ်ကိုင်ကြည့်လိုက်သည်။
ကျောက်ခဲများက စူးရှပြီး၊ သူ၏ လက်ဖဝါးကို စူးဝင်သွားကာ၊ အေးစက်သော အထိအတွေ့က ကြောက်ခမန်းလိလိ အစစ်အမှန် ဖြစ်နေ၏။
သူ ခေါင်းကို မော့ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်သည်။
တပိုင်းတစ ပျက်စီးနေသော ရှေးဟောင်း ခန်းမဆောင်ကြီး၊ ကျိုးပဲ့နေသော ကျောက်တိုင်များ၊ အဝေးဆီမှ မိစ္ဆာကောင်ကြီး၏ ကျောရိုးသဖွယ် တွန့်လိမ်နေသော ချန်ဝူ တောင်တန်းကြီး... ။
အရာအားလုံးက လရောင်အောက်တွင် (8K) video ရုပ်ထွက်ထက်ပင် ပိုမို ကြည်လင်ပြတ်သားစွာ သူ၏ မျက်စိရှေ့သို့ ရောက်နေ၏။
ဘုရားရေ...
ဝမ်သဲ့ဖာ (၂) စက္ကန့်ခန့် ကြက်သေသေသွားပြီးနောက်၊ ရုတ်တရက် ထခုန်လိုက်ကာ ဘေးနားမှ ကြောင်တောင်တောင် ဖြစ်နေသော ကစားသမားတစ်ယောက်၏ ပခုံးကို ရိုက်လိုက်သည်။
“ဟေ့ရောင်... နာလား... နာတယ်လို့ ပြောစမ်းကွာ...”
အိုင်ဒီ နာမည်က ‘နယူတန်ရဲ့ အခေါင်းဖုံး’ ဟု ပေးထားသော ကစားသမားသည် ယိုင်ထိုးသွားပြီး၊ မျက်မှောင်ကြုတ်လိုက်ကာ မရှိသော မျက်မှန်ကို ပင့်တင်ဟန် ပြုလိုက်ရင်း ဒေါသတကြီး ပြန်ပြောလိုက်သည်။
“နာတာပေါ့ကွ... နာကျင်မှုက (၅) ရာခိုင်နှုန်း ထားထားတာလေ... နေပါဦး...”
‘နယူတန်ရဲ့ အခေါင်းဖုံး’ သည် တိုက်ကြီးအသစ်ကို ရှာတွေ့သွားသူ တစ်ယောက်ကဲ့သို့ ဖြစ်သွား၏။
သူသည် ထိုင်ချလိုက်ပြီး မြေကြီးများကို လက်ဖြင့် ကော်ယူကာ လက်ချောင်းများကြားတွင် ပွတ်သပ်ကြည့်လိုက်သည်။ မျက်လုံးများက တောက်ပနေ၏။
“ဒီ အမှုန်အမွှား အထူးပြုလုပ်ချက်တွေ... ဒီ ရူပဗေဒဆိုင်ရာ ထိတွေ့မှုတွေ...”
“ဖုန်မှုန့်တွေ ကျသွားတာကို ကြည့်စမ်း... လေထဲမှာ ပျံ့လွင့်သွားတာက အစစ်အတိုင်းပဲ... ဘယ် အင်ဂျင်ကို သုံးထားတာလဲ... Unreal 5 ထက် အဆတစ်ရာလောက် သာတယ်ကွ...”
ထိုအချိန်တွင် ကျန်သော ကစားသမား (၃) ဦးလည်း သတိပြန်ဝင်လာကြ၏။
အိုင်ဒီ နာမည် ‘သစ်ပင်ခုတ်ပြီး သူဌေးဖြစ်မယ်’ ဆိုသော ထွားကျိုင်းသည့် လူက စကားတစ်ခွန်းမှ မပြောဘဲ ရင်ပြင်အစွန်းနားရှိ သစ်ပင်ခြောက်ကြီး တစ်ပင်ဆီသို့ ပြေးသွားကာ ခြေထောက်ဖြင့် ကန်ထည့်လိုက်သည်။
“ဖြောင်း...”
သစ်ကိုင်းခြောက်တစ်ခု ကျိုးပဲ့ကာ သူ့ခေါင်းပေါ်သို့ ပြုတ်ကျလာ၏။
“အား... မိုက်လိုက်တာကွာ... အစစ်အတိုင်းပဲ နာသွားတာပဲ...”
တစ်ဦးတည်းသော အမျိုးသမီး ကစားသမား ‘ယုန်ကလေး’ သည် သူမ၏ ကြမ်းတမ်းသော လျှော်တေအင်္ကျီကို ကြည့်ပြီး၊ အထည်သားကို စမ်းသပ်ကြည့်ကာ အာမေဋိတ်သံ ပြုလိုက်သည်။
“ဘုရားရေ... ရက်လုပ်ထားတဲ့ ပုံစံကို ကြည့်ဦး... ချည်မျှင်စ လေးတွေကိုတောင် စမ်းလို့ ရတယ်... အသေးစိတ်လိုက်တာ...”
‘ကောင်းကင်ခွင်း ဓားတစ်လက်’ ဟု အမည်ရသော လူငယ်လေး တစ်ယောက်သာ တည်ငြိမ်နေ၏။
သူသည် ငြိမ်သက်စွာ ရပ်နေပြီး အသက်ကို ဝဝရှူသွင်းလိုက်သည်။ မျက်လုံးများကို မှိတ်ထားပြီးနောက် ရုတ်တရက် ပြန်ဖွင့်လိုက်သောအခါ မျက်ဝန်းထဲတွင် အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားသည်။
“အသက်ရှူရတာ ချောမွေ့တယ်... ပြီးတော့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ လှိုင်းစီးကြောင်း တစ်ခုကို ခံစားရတယ်... သူတို့ ကြော်ငြာထားတဲ့ ‘ချီ အာရုံခံခြင်း’ ဆိုတာ ဒါများလား... တကယ်ကို အံ့မခန်းပဲ...”
မြင့်မားသော စင်မြင့်ထက်တွင် ကျန်းချန် သည် ထိုတောသားမြို့ရောက် ကစားသမားများ ဂရင်းဗျူးဥယျာဉ်ထဲ ရောက်သွားသော အဘွား လျူကဲ့သို့ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်ကို ကြည့်ပြီး မျက်နှာသေ ဖြစ်နေ၏။
[TL Note - ဒီစကားစုလေးက တရုတ်ဂန္ထဝင်ဝတ္ထုကြီးဖြစ်တဲ့ 'အိမ်မက်နီ အဆောင်ဆောင်' ထဲက နာမည်ကြီး ဇာတ်ဝင်ခန်း ပါ။ တောကလာတဲ့ အဘွားလျူဆိုတဲ့ ဇာတ်ကောင်က အင်မတန် ချမ်းသာခမ်းနားတဲ့ ခြံဝင်းကြီးထဲ ရောက်သွားတဲ့အခါ အရာရာကို အဆန်းတကြယ်ဖြစ်ပြီး ပါးစပ်အဟောင်းသား ငေးမောကြည့်နေတာပေါ့။]
အပြင်ပန်းတွင် မတုန်မလှုပ် ရှိနေသော်လည်း၊ စိတ်ထဲတွင်တော့ အကြီးအကျယ် ခေါင်းငြိမ့်နေမိ၏။
‘မဆိုးဘူး...
စနစ်ရဲ့ နည်းပညာက တော်တော် ကောင်းတာပဲ... ဒီကမ္ဘာမြေသားတွေကို အပိုင် လိမ်လို့ ရသွားပြီ...
ဒါပေမဲ့ အခုက ရှုခင်းကြည့်ရမယ့် အချိန် မဟုတ်ဘူး။
ဂိုဏ်းတံတိုင်းတွေက ပြိုကျပျက်စီးနေတာ... တော်ကြာ ဝံပုလွေ တစ်ကောင်ကောင် ဝင်လာပြီး ဒီ အဖိုးတန်လေး (၅) ယောက်ကို ကိုက်သတ်သွားရင် ငါ့မှာ ငိုစရာ မျက်ရည်တောင် ရှိမှာ မဟုတ်ဘူး။..ကျဥ..ကျဥ..။’
“အဟွတ်...”
ကျန်းချန် ခပ်အုပ်အုပ်.. ချောင်းဟန့်လိုက်သည်။
တိုးသော်လည်း တိတ်ဆိတ်နေသော ညဉ့်နက်အချိန်တွင် ထိုအသံက ပဲ့တင်ထပ်သွား၏။
ကစားသမား (၅) ယောက်လုံး ချက်ချင်း ပါးစပ်ပိတ်သွားကြပြီး၊ တံခါးပေါက် အရိပ်ထဲတွင် ရပ်နေသော ဝတ်ရုံဖြူနှင့် လူဆီသို့ လှည့်ကြည့်လိုက်ကြသည်။
“သောက်ကျိုးနည်း... NPC ဟ...”
ဝမ်သဲ့ဖာ မျက်လုံးက အရှင်ဆုံး ဖြစ်သဖြင့် အရင်ဆုံး အော်လိုက်မိသည်။
( အန်ပီစီ (NPC - Non-Player Character): ဂိမ်းကစားသူ မဟုတ်ဘဲ ဂိမ်းစနစ်က ထိန်းချုပ်ထားတဲ့ ဇာတ်ကောင်)
“သူ့ခေါင်းပေါ်ကို ကြည့်လိုက်... အဝါရောင် နာမည်ကွ...”
ကစားသမားများ၏ အမြင်အာရုံထဲတွင် ကျန်းချန် ၏ ခေါင်းပေါ်၌ ရွှေရောင် စာတန်းများ ပေါ်နေ၏။
[ကွေ့ယွမ်ဂိုဏ်းချုပ် • ကျန်းချန် — အဆင့် - …(အလွန် အန္တရာယ်များသည်) — မျက်နှာသာပေးမှု - အေးစက်သည်]
အလွန် အန္တရာယ်များသည် ဟုတ်လား... ဒါဆိုရင် ဒီလူက ရွာဦးလူကြီး ဒါမှမဟုတ် လမ်းပြပုဂ္ဂိုလ် ဖြစ်ရမယ်...
ဝမ်သဲ့ဖာ သည် မွေးရာပါ စကားများသူ ဖြစ်ပြီး၊ NPC များကို စနောက်ရသည်ကို နှစ်သက်သူ ဖြစ်သဖြင့် ပြုံးစစနှင့် ပြေးသွားလိုက်သည်။
“ဟေ့လူ... ရုပ်ဖြောင့်ကြီး... ခင်ဗျားက ဂိုဏ်းချုပ်ဆိုတော့ ပိုက်ဆံ ရွှင်မှာပဲ... ကျွန်တော့်ကို ‘နတ်ဘုရား လက်နက်’ တစ်ခုလောက် ငှားပါလား... ဒါမှမဟုတ် ‘လျှို့ဝှက် သိုင်းကျမ်း’ လေး ဘာလေးပေါ့...”
သူသည် လှေကားထစ်များကို ခုန်တက်ရင်း အားမနာဘဲ ပြောဆိုလိုက်သည်။
အူကြောင်ကြောင် မျက်နှာဘေးနှင့် ပြုံးဖြဲဖြဲ လုပ်ကာ ကပ်လာသော ဖက်တီးကို ကြည့်ပြီး ကျန်းချန် မျက်မှောင်ကြုတ်လိုက်သည်။
အခုချိန်မှာ သူက တည်ငြိမ်အေးစက်သော၊ လောကနှင့် ကင်းကွာနေသော ဂိုဏ်းချုပ်ကြီး တစ်ပါး ဖြစ်သည်။
‘ဒီကောင်က ငါ့ပခုံးကို လာဖက်ရင် ငါ့ရဲ့ သိက္ခာ ဘယ်နား သွားထားရမလဲ... နောက်ကျရင် သူတို့ကို ဘယ်လို ခိုင်းစားလို့ ရတော့မလဲ…’
ဝမ်သဲ့ဖာ၏ ရွှံ့ပေနေသော လက်ဝါးကြီးက ကျန်းချန် ခါးတွင် ချိတ်ထားသော ကျောက်စိမ်းပြားဆီသို့ ဦးတည်လာသည်ကို မြင်လိုက်ရသောအခါ၊ ကျန်းချန်၏ မျက်လုံးများ အေးစက်သွား၏။
'စနစ်... ကာကွယ်ရေး လုပ်ပိုင်ခွင့်ကို ဖွင့်လိုက်... သူ့ကို သင်ခန်းစာ ပေးရမယ်...'
[စနစ် - အမိန့် ရရှိပါပြီ။ တွန်းကန်အားနယ်ပယ်ကို ဖြန့်ကျက်လိုက်ပါပြီ။]
“ဝုန်း...”
ဝမ်သဲ့ဖာ၏ လက်ချောင်းများ (၃) လက်မ အလိုသို့ ရောက်သောအခါ၊ ကျန်းချန်၏ ကိုယ်မှ ဖျော့တော့သော ရွှေရောင် လှိုင်းတစ်ခု ပေါက်ကွဲထွက်လာ၏။
“အွတ်...”
တိုးအစ်သော အသံနှင့်အတူ၊ (၁၇၆) ပေါင် လေးသော ဝမ်သဲ့ဖာ သည် ဘောလုံး တစ်လုံးကဲ့သို့ လွင့်ထွက်သွား၏။ ထို့နောက်၊ လေထဲတွင် လှပသော မျဉ်းကွေးတစ်ခု ရေးဆွဲသွား၏။
(၃) မီတာအကွာရှိ မြက်ခင်းပြင်ပေါ်သို့ “ဘုတ်” ခနဲ ပြုတ်ကျသွား၏။
“အား... သေပါပြီ...”
ဝမ်သဲ့ဖာ သည် တင်ပါးကို ဖိရင်း မြေကြီးပေါ်တွင် လူးလိမ့်နေ၏။ အံကို ကြိတ်ပြီး ညည်းတွားလိုက်၏။
“ဒီ NPC က... ဘာလို့ ဒီလောက် နာရတာလဲဟ... နာကျင်မှုက (၅) ရာခိုင်နှုန်းပဲ ရှိတာ မဟုတ်ဘူးလား... (၁၀) ဆလောက် ရှိနေသလိုပဲ...”
တိတ်ဆိတ်သွား၏။
ကျန်သော ကစားသမား (၄) ယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
ဒီခေတ် အွန်လိုင်းဂိမ်းတွေမှာ NPC တွေက ကိုယ့်ခန္ဓာကိုယ်ကို ဖောက်ထွက်သွားတာ၊ ဒါမှမဟုတ် တိုင်ကြီးလို မတုန်မလှုပ် ရပ်နေတာမျိုးပဲ ရှိသည်။
အခုလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ပြီး လွင့်ထွက်သွားတာမျိုး တစ်ခါမှ မကြားဖူးပေ။
“ဂလု...”
‘နယူတန်ရဲ့ အခေါင်းဖုံး’ တံတွေး တစ်ချက် မျိုချလိုက်သည်။ မျက်လုံးများက ပို၍ တောက်ပလာ၏။
“တကယ့် ထိတွေ့မှု စနစ်နဲ့ တွန်းကန်အား ပါတာလား... ပြီးတော့ စောစောက လှိုင်းက... အဲဒါ ‘ချီစစ်’ လား... ရုပ်ထွက်တွေက ရူးလောက်စရာပဲဟေ့...”
‘ကောင်းကင်ခွင်း ဓားတစ်လက်’က မျက်လုံးကို မှေးကျဉ်းလိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။
“ဒါက ဇာတ်ညွှန်းအတိုင်း ရိုက်နှက်ပြတာ ဖြစ်မယ်... ဒီ NPC က ထိလို့မရတဲ့ အကောင်စားမျိုး ထင်တယ်... အားလုံး ငြိမ်ငြိမ်နေကြ...”
ကစားသမားများက ဒေါသထွက်မည့်အစား ကိုယ့်ဘာသာ တွေးပြီး အကြောင်းပြချက် ရှာနေကြသည်ကို မြင်သောအခါ ကျန်းချန် စိတ်သက်သာရာ ရသွား၏။
ကွက်တိပဲ...
ထိပ်တန်း သိုးမိုက်လေးတွေပဲ...
အာဏာပြပြီးပြီ ဆိုတော့... မုန်လာဥ ကျွေးရမယ့် အလှည့်ပဲ... အဲ... မစ်ရှင် ပေးရမယ့် အလှည့်ပေါ့...
ကျန်းချန် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။
ညလေပြေကြောင့် သူ၏ ဝတ်ရုံဖြူကြီး တဖျပ်ဖျပ် လှုပ်ခတ်နေသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး၊ အောက်ဘက်ရှိ စိတ်အားထက်သန်နေသော ‘တပည့်’ များကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။
“ရိုင်းစိုင်းလိုက်တာ...”
သူ့အသံက အေးစက်နေပြီး၊ စိတ်ပျက်သည့် လေသံအနည်းငယ် ပါဝင်နေသည်။
“ဒါက မြင့်မြတ်တဲ့ ဂိုဏ်းတော်ကြီး... ကစားကွင်း မဟုတ်ဘူး...”
“မင်းတို့က အခုမှ ရောက်လာတဲ့သူတွေ၊ စည်းမျဉ်းတွေကို နားမလည်သေးတဲ့သူတွေ မို့လို့... ဒီတစ်ကြိမ်တော့ ဒီသခင်ကြီး ခွင့်လွှတ်ပေးလိုက်မယ်... နောက်တစ်ခါဆိုရင်...”
သူ မျက်လုံးကို ကျဉ်းလိုက်ပြီး ဘေးနားရှိ ကျောက်တုံးတစ်တုံးကို လက်ညှိုးဖြင့် တစ်ချက် တောက်လိုက်သည်။
“ဝုန်း...”
လက်သီးဆုပ်လောက် ရှိသော ကျောက်တုံးသည် အမှုန့်ဖြစ်ပြီး ကွဲထွက်သွား၏။
ကစားသမား (၅) ယောက်လုံး ခြေထောက်များကို စေ့လိုက်မိပြီး၊ ဇက်ကလေးများ ပုသွားကြသည်။
အဲဒီ လက်ညှိုးသာ လူကို ထိုးလိုက်ရင်...
“ဂလု...”
ဝမ်သဲ့ဖာ မြက်ခင်းပြင်ပေါ်မှ ကုန်းရုန်းထလာပြီး၊ နာကျင်မှုကို မေ့ကာ လူအုပ်ထဲသို့ ပြန်ဝင်လိုက်၏။ မျက်လုံးများကတော့ ဂိုဏ်းချုပ်၏ မျက်နှာသာပေးမှုကို ဘယ်လို ယူရမလဲ ဆိုသည်ကို အကွက်ချ စဉ်းစားနေဆဲ ဖြစ်သည်။
အချိန်ကိုက် ဖြစ်ပြီမို့ ကျန်းချန် အင်္ကျီလက်စကို တစ်ချက် ခါလိုက်သည်။
“ကွေ့ယွမ်ဂိုဏ်း ကပ်ဘေးသင့်ခဲ့လို့... အရာအားလုံးကို ပြန်လည် တည်ဆောက်ရမယ်...”
“ကောင်းကင်ဘုံ လမ်းစဉ်က မင်းတို့ကို အမည်ခံ တပည့်တွေ အဖြစ် ရွေးချယ်လိုက်ပြီ... ကျင့်ကြံခြင်း နည်းလမ်းတွေကို လိုချင်သလား... အရင်ဆုံး မင်းတို့ရဲ့ ခန္ဓာကိုယ်ကို သွေးသားဆာလောင်မှုနဲ့ အရင် လေ့ကျင့်ပေးရမယ်...”
စကားဆုံးသည်နှင့် ကစားသမား တစ်ယောက်ချင်းစီ၏ မျက်လုံးရှေ့တွင် အပြာရောင် ဖန်သားပြင်များ ပေါ်လာ၏။
[တီ..တီ... ဂိုဏ်း ပင်မ မစ်ရှင် အပိုင်း (၁) ပွင့်သွားပါပြီ။]
[မစ်ရှင် - ငါတို့၏ အိမ်ကို ပြန်လည် တည်ဆောက်ခြင်း (၁)]
[ဖော်ပြချက် - ခန်းမဆောင်ကြီး ရှေ့ရှိ ရင်ပြင်တွင် အပျက်အစီးများ ပုံနေပါသည်။ ကျောက်တုံးများနှင့် ပေါင်းပင်များကို ရှင်းလင်းပါ။]
[ဆုလာဘ် - ဂိုဏ်း စုဆောင်းမှတ် (၅) မှတ် စီ။]
[အကြံပြုချက် - စုဆောင်းမှတ်များကို အခြေခံ ရိက္ခာ၊ အခြေခံ ကိရိယာများနှင့် အခြေခံ ကျင့်ကြံခြင်း နည်းလမ်းများ လဲလှယ်ရာတွင် အသုံးပြုနိုင်ပါသည်။]
‘အခြေခံ ကျင့်ကြံခြင်း နည်းလမ်းများ’ ဆိုသည့် စကားလုံးကို မြင်လိုက်ရသောအခါ ကြောက်ရွံ့နေသော ကစားသမားများ ပေါက်ကွဲသွားကြတော့သည်။
“စွမ်းရည်... စွမ်းရည် စာအုပ် ဟေ့...”
‘ကောင်းကင်ခွင်း ဓားတစ်လက်’ ဝမ်းသာအားရ ဖြစ်သွားသည်။ သူ ဒီဂိမ်းထဲ ဝင်လာတာက ဓားစီးပြီး ပျံချင်၍ သက်သက်သာ ဖြစ်ပ့သည်။
“အမှိုက်ရှင်းရုံနဲ့ ပေးမှာလား... ရက်ရောလိုက်တာကွာ...”
“စုဆောင်းမှတ်... ငါ စုဆောင်းမှတ် လိုချင်တယ်...”
‘သစ်ပင်ခုတ်ပြီး သူဌေးဖြစ်မယ်’ ကလည်း အားကျမခံပင်။ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး အကြီးဆုံး ကျောက်ပုံကြီးဆီသို့ ပြေးဝင်သွား၏။
“ဒီပုံကြီးက ငါ့ဟာကွ... ဖယ်ကြ... ငါ့မှာ ခွန်အား များတယ်...”
“မတိုးနဲ့ဟေ့... အဲဒီ သစ်တုံးကို ငါ အရင် တွေ့တာ...”
“ဝါး... ဒီပေါင်းပင်ကို ဆွဲနှုတ်လိုက်တာ မြေကြီးတွေပါ ပါလာတယ်... သဘာဝကျလိုက်တာ...”
စောစောက ကြောင်တောင်တောင် ဖြစ်နေသော ကစားသမားများ စိတ်ပါလက်ပါ အလုပ်လုပ်နေကြသည်ကို ကြည့်ရင်း ကျန်းချန် လှေကားထစ်ပေါ်တွင် ပြန်ထိုင်လိုက်သည်။ အေးစက်နေသော လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။
‘စိတ်ကူးယဉ် အမှတ်တွေ အတွက်နဲ့ အမှိုက်ပုံကို လုရှင်းနေကြတဲ့ ဒီကောင်တွေကို ကြည့်ရတာ...
သူတို့က စတုတ္ထကပ်ဘေး မဟုတ်ပါဘူး...
စတုတ္ထ ချစ်စရာလေးတွေပါ…’
'စနစ်...'
ကျန်းချန်.. စိတ်ထဲက မေးလိုက်သည်။
'ဒီလူတွေရဲ့ ခန္ဓာကိုယ်တွေက သေမျိုးတွေပဲ မဟုတ်လား...'
[မှန်ပါတယ်။ လက်ခံသူ... ပြန်လည် ရှင်သန်လို့ မရတဲ့ သေဆုံးမှုမျိုးက လွဲရင် သူတို့ရဲ့ ခံနိုင်ရည်က သာမန် သေမျိုးတွေ အတိုင်းပါပဲ]
'ကောင်းပြီ...'
အလုပ်လုပ်နေသော ပုံရိပ်များကို ကြည့်ရင်း သူ တွက်ချက်လိုက်၏။
'သေမျိုး ခန္ဓာကိုယ်တွေ... ပြင်းထန်တဲ့ လုပ်အား...'
'နာရီဝက်လောက် နေရင် ဒီမြို့ကြီးသား သခင်လေးတွေ၊ သခင်မလေးတွေ... ‘အစစ်အမှန် ခက်ခဲမှု’ ဆိုတာ ဘာလဲ ကောင်းကောင်း သိသွားကြလိမ့်မယ်…’