← Chapters

အစစ်အမှန် ဟာ့ဒ်ကော နှင့် ပထမဆုံး ထမင်းတစ်နပ်

Vol. 1 Ch. 3

အစစ်အမှန် ဟာ့ဒ်ကော နှင့် ပထမဆုံး ထမင်းတစ်နပ်

Vol. 1 Ch. 3

~အချိန်ကား တစ်နာရီခန့် ကုန်လွန်သွားခဲ့လေပြီ။

စည်ကားသိုက်မြိုက်နေသော ကွေ့ယွမ်ဂိုဏ်း ရင်ပြင်ကျယ်ကြီးသည် ယခုအခါ၌ မောပန်းနွမ်းနယ်နေသော အသက်ရှူသံများဖြင့်သာ ဖုံးလွှမ်းနေတော့၏။

“ငါ... ငါ မရတော့ဘူး...”

ဝမ်သဲ့ဖာ (အိုင်ဒီ - ဒီဖရဲသီး မှည့်ပြီလား) သည် သူတို့ ရှင်းလင်းထားသော မြေကွက်လပ်လေး ပေါ်တွင် ပစ်လှဲချလိုက်၏။ သိက္ခာတရား ဆိုသည်ကို မေ့လျော့ထားလိုက်ပြီ ဖြစ်၏။

မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ချွေးများက ရေစီးကြောင်းသဖွယ် စီးကျနေသည်။ ရင်ဘတ်က ဖားဖိုကဲ့သို့ နိမ့်ချည် မြင့်ချည် ဖြစ်နေလေ၏။

“ဒီဂိမ်းက... ဟူး... မောလိုက်တာကွာ... ခံနိုင်ရည်ကို ဘယ်လို တွက်ချက်ထားတာလဲဟ...”

ဝမ်သဲ့ဖာ.. အဆုတ်များ ပေါက်ကွဲထွက်မတတ် ခံစားနေရသည်။

လေ့ကျင့်ခန်း လုံးဝ မလုပ်သော ခေတ်သစ် တက္ကသိုလ်ကျောင်းသား တစ်ယောက်အနေနှင့်၊ ဘာစွမ်းရည်မှ မပါဘဲ ကျောက်တုံးများကို နှစ်နာရီကြာအောင် သယ်ရခြင်းမှာ ငရဲကျသလို ပင်ပန်းလှသည်။

သူ့ဘေးတွင် ကျန်းမာရေး လိုက်စားပုံရသော ‘သစ်ပင်ခုတ်ပြီး သူဌေးဖြစ်မယ်’ ပင်လျှင် သစ်သားတုတ် တစ်ချောင်းကို အားပြုကာ ခြေထောက်များ တုန်ရီနေလေ၏။

သူ၏ အခြေအနေပြ ဇယားကို ကြည့်ပြီး ကျိန်ဆဲလိုက်သည်။

“သောက်ကျိုးနည်း... လျှို့ဝှက် ဒီဘာဖ် မိနေတာကိုး...”

လူတိုင်း၏ မြင်ကွင်းထောင့်တွင် အနီရောင် သင်္ကေတ တစ်ခု မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

[ပင်ပန်းနွမ်းနယ်ခြင်း - စွမ်းရည်အားလုံး (၅၀) ရာခိုင်နှုန်း လျော့ကျမည်။ ရွေ့လျားနှုန်း ထက်ဝက် လျော့ကျမည်။]

[ဆာလောင်ခြင်း (အဆင့် ၁) - အစာမစားပါက မိနစ် (၃၀) အတွင်း သတိလစ်သွားမည်။]

“ဒါက တကယ့် ဟာ့ဒ်ကော အစစ်ပဲဟေ့...”

‘နယူတန်ရဲ့ အခေါင်းဖုံး’ က မရှိသော မျက်မှန်ကို ပင့်တင်လိုက်သည်။ ပင်ပန်းနေသော်လည်း မျက်လုံးများက အရောင်တောက်နေ၏။ သူ ဝမ်းသာအားရ အော်ပြောလိုက်၏။

“စိတ်ကူးယဉ် ခံနိုင်ရည်တန်း မပါဘဲ... ခန္ဓာကိုယ်ရဲ့ တကယ့် တုံ့ပြန်မှုကို ပေးတာပဲ... တကယ့်ကို လက်တွေ့ဆန်လိုက်တာ...”

‘ကောင်းကင်ခွင်း ဓားတစ်လက်’ တစ်ယောက်သာ ဇွဲမလျှော့ဘဲ ဆက်လုပ်နေ၏။

ခါးလောက်မြင့်သော ကျောက်တုံးကြီးကို မရင်း ယိုင်ထိုးနေ၏။

'ဂိုဏ်းချုပ် အထင်သေးတာ မခံနိုင်ဘူး...'

ထိပ်တန်း ဂိမ်းကစားသူ တစ်ယောက်၏ မာန်မာနက သူ့ကို ထောက်မထားပေးသည်။ နောက်ဆုံး ခြေလှမ်းအနည်းငယ်ကို သူ အားကုန်ထုတ် လှမ်းလိုက်သည်။

“ဘုန်း...”

ကျောက်တုံးကြီး မြေကြီးပေါ် ပြုတ်ကျသွားသည်။

သူ အောင်ပွဲခံဖို့တောင် အချိန်မရလိုက်။ မျက်လုံးများ ပြာဝေသွားပြီး အမှောင်ထုထဲ ကျရောက်ကာ ဖင်ထိုင်လျက် လဲကျသွားတော့၏။

ဂိုဏ်းချုပ် ကျန်းချန် သည် စင်မြင့်လှေကားထစ်များပေါ်တွင် ထိုင်ရင်း အရာအားလုံးကို ကြည့်ရှုနေခဲ့၏။

သူ့လက်ထဲမှ လက်ဖက်ရည်ခွက်က ကုန်နေပြီ ဖြစ်သည်။

မြေပေါ်တွင် ခွေးသေကောင်များလို ပုံလျက်သား လဲကျနေသော ကစားသမားများကို ကြည့်ပြီး သူ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။

‘ဉာဏ်နည်းနည်း နည်းကြပေမယ့်၊ အလုပ်လုပ်တာတော့ တော်သားပဲ...

တစ်နာရီ အတွင်းမှာ ရင်ပြင်တစ်ခုလုံးကို ရှင်းပစ်လိုက်ကြတယ်။ သာမန် လုပ်သားတွေဆိုရင် နေ့ဝက်လောက် လုပ်ရမယ့် အလုပ်မျိုးလေ…’

'စနစ်... သူတို့ အစာငတ်ပြီး သေသွားရင် ဘာဖြစ်မလဲ'

[ ကစားသမားတွေ သေဆုံးသွားရင် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ဖို့ စွမ်းအင် လိုအပ်ပါတယ်။ လက်ရှိမှာ စွမ်းအင် နည်းပါးနေတဲ့ အတွက် တိုက်ပွဲဝင်တာ မဟုတ်ဘဲ တခြား အကြောင်းအရင်းတွေနဲ့ အသေမခံဖို့ အကြံပြုပါတယ်]

'ဒါဆို ငါ သူတို့ကို ကျွေးမှ ဖြစ်တော့မှာပေါ့...'

ကျန်းချန် သက်ပြင်းချလိုက်သည်။

လက်ကြောတင်းပြီး ဘာမှ ဝင်မလုပ်သော သူဌေးမျိုး လုပ်ချင်သော်လည်း၊ ဒီသိုးမိုက်လေးတွေ ငတ်သေသွားလျှင် သူပဲ ရှုံးမှာ ဖြစ်၏။

သူ မတ်တတ်ထရပ်လိုက်ပြီး ဝတ်ရုံကို ခါလိုက်သည်။

ထားလိုက်ပါတော့လေ... ဝန်ထမ်း သက်သာချောင်ချိရေးလို့ပဲ သဘောထားလိုက်ပါတော့မယ်...

ရင်ပြင်ပေါ်တွင် ကစားသမား (၅) ယောက်မှာ မျှော်လင့်ချက်မဲ့ ဖြစ်နေကြသည်။

“ဆာလိုက်တာကွာ...”

ဝမ်သဲ့ဖာ သည် ခြောက်သွေ့နေသော ပေါင်းပင်တစ်ပင်ကို ဆွဲနှုတ်ပြီး ဝါးကြည့်လိုက်သည်။ မျက်နှာ ရှုံ့မဲ့သွား၏။

“ထွီ... ခါးလိုက်တာ... မြက်ကအစ အရသာ ရှိနေတာပဲ... ဒီဂိမ်းက အဆိပ်ပဲကွ...”

“ငါတို့ သေပြီး ပြန်ဝင်စားမှ ရမှာလားဟင်...”

‘ယုန်ကလေး’ သည် အော်မြည်နေသော ဗိုက်ကို ဖိထားရင်း ငိုမဲ့မဲ့ ဖြစ်နေသည်။ “သေရင် အတွေ့အကြုံ လျော့မယ် မဟုတ်လား...”

သူတို့ ညည်းတွားနေကြစဉ်၊ ညလေပြေနှင့်အတူ ထူးကဲသော မွှေးပျံ့သည့် ရနံ့တစ်ခု လွင့်ပျံလာလေ၏။

“ရှူး...ရှူး...”

ဝမ်သဲ့ဖာ၏ နှာခေါင်း လှုပ်ပွသွားသည်။ သေမလို ဖြစ်နေသော မျက်လုံးများ အရောင် ပြန်ဝင်လာ၏။

“ဟာ... ဘာအနံ့လဲဟ... မွှေးလိုက်တာ...”

“ထမင်းနံ့နဲ့ အသားနံ့ကွ...”

သွေးနံ့ရသော ငါးမန်းများကဲ့သို့ သူတို့အားလုံး ခန်းမဆောင် အပေါက်ဝဆီသို့ လည်ပြန်ကြည့်လိုက်ကြတော့သည်။

ထိုနေရာ၌... အေးစက်တည်ငြိမ်သော ဂိုဏ်းချုပ် ကျန်းချန် သည် ရှေးဟောင်း ကြေးအိုးကြီး တစ်လုံးကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရ၏။

အိုးအောက်တွင် အဝါရောင် မန္တန်စက္ကူများက မီးမရှိဘဲ လောင်ကျွမ်းနေပြီး အပြာရောင် မီးတောက်များ ထွက်ပေါ်နေ၏။

အိုးထဲတွင် အမည်မသိ အသားများနှင့် တောရိုင်း ဟင်းသီးဟင်းရွက်များ ရောနှောထားသော ဆန်ပြုတ်ဖြူဖြူများ ပွက်ပွက်ဆူနေ၏။

သွားရည်ယိုစရာ ကောင်းသော ရနံ့များက ထိုအိုးထဲမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ကျန်းချန် သည် ယောက်မရှည်ကြီးဖြင့် ဆန်ပြုတ်အိုးကို မွှေလိုက်၏။ သူ့ပုံစံက တိုင်းပြည်တစ်ခု၏ ကံကြမ္မာကို စီမံနေသကဲ့သို့ ဂရုမစိုက်သော ဟန်ပန်မျိုးတည်း။

“လာကြ...”

စကားလုံး နှစ်လုံးတည်း ဖြစ်သော်လည်း၊ ခေါင်းမော့မကြည့်ဘဲ ပြောလိုက်သော်လည်း၊ ဧကရာဇ် တစ်ပါး၏ အမိန့်အာဏာကဲ့သို့ လေးနက်နေ၏။

စောစောက ပျော့ခွေနေသော (၅) ယောက်သားသည် ဘယ်က အားတွေ ရောက်လာမှန်း မသိဘဲ ကုန်းရုန်းထပြီး ပြေးလာကြတော့သည်။

“ဂိုဏ်းချုပ်... ဒါ ကျွန်တော်တို့ အတွက်လား ခင်ဗျာ...”

ဝမ်သဲ့ဖာ သည် ဆန်ပြုတ်အိုးကို ကြည့်ပြီး သွားရည်များ ကျလာ၏။

ပါဆယ်ဘူးများနှင့်သာ ကြီးပြင်းလာရသော သူသည် ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေသော ဤမျှ သန့်စင်သည့် အစားအစာ ရနံ့မျိုး တစ်ခါမှ မရဖူးပေ။

ကျန်းချန် သူ့ကို တစ်ချက် ကြည့်လိုက်သည်။ ဂိုဏ်း၏ နောက်ဆုံး ပိုင်ဆိုင်မှု ဖြစ်သော အက်ကွဲနေသည့် ပန်းကန်လုံး (၅) လုံးကို ထုတ်လိုက်ပြီး ဆန်ပြုတ်များ ခပ်ထည့်ကာ လှေကားထစ်ပေါ်သို့ ချပေးလိုက်၏။

“သေမျိုး ခန္ဓာကိုယ်တွေက ဒုက္ခများလိုက်တာ...”

မတတ်သာသည့် အိမ်မွေးတိရစ္ဆာန်လေးများကို အစာကျွေးရသကဲ့သို့ သူ တိုးတိုး ရေရွတ်လိုက်သည်။

“စားကြ... ဝရင် အလုပ် ဆက်လုပ်ရမယ်...”

ရက်စက်သော စကားများ ဖြစ်သော်လည်း၊ ကစားသမားများ၏ နားထဲတွင်တော့ နတ်သီချင်းသံလို ကြားနေရ၏။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ကြီး ကျန်းမာပါစေ...”

သူတို့သည် ညစ်ပေနေသည်ကိုလည်း ဂရုမစိုက်၊ တူမပါသည်ကိုလည်း ဂရုမစိုက်ဘဲ ပူလောင်နေသော ဆန်ပြုတ်ကို အငမ်းမရ မော့သောက်လိုက်ကြသည်။

“ဂလု...”

ပထမဆုံး တစ်လုပ် မျိုချလိုက်သည့် အချိန်။

ဝမ်သဲ့ဖာ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ပူနွေးသော ဆန်ပြုတ်ရည်က အစာပြွန်မှတစ်ဆင့် ဗိုက်ထဲသို့ စီးဆင်းသွားသော်လည်း၊ ပူလောင်မသွားပါ။ နွေးထွေးသော စွမ်းအင်စီးကြောင်း တစ်ခုအဖြစ် ပြောင်းလဲကာ ခြေလက်အင်္ဂါ အစိတ်အပိုင်းတိုင်းဆီသို့ ချက်ချင်း တိုးဝင်သွား၏။

ကိုက်ခဲနေသော ကြွက်သားများနှင့် လေးလံနေသော ခန္ဓာကိုယ်သည် ထိုစီးကြောင်း၏ ကုစားမှုအောက်တွင် မျက်မြင်ကိုယ်တွေ့ပင် ပြန်လည် လန်းဆန်းလာတော့၏။

[တီ..တီ... ‘အဆင့်နိမ့် ဝိညာဉ်ဆန်နဲ့ တောရိုင်းဟင်းရွက် ဆန်ပြုတ်’ ကို စားသုံးလိုက်ပါပြီ။]

[ဆာလောင်မှု ပျောက်ကွယ်သွားပါပြီ။ ခံနိုင်ရည် ပြန်လည်ပြည့်ဖြိုးနှုန်း (၂၀၀) ရာခိုင်နှုန်း တိုးတက်သွားပါပြီ။ အကျိုးသက်ရောက်မှု - စိတ်နှင့် ကိုယ် ကြည်နူးခြင်း (တစ်နာရီ ကြာမည်)။]

“ဘုရားရေ...”

ဝမ်သဲ့ဖာ ပန်းကန်လုံးကို ကိုင်ထားရင်း မျက်ရည်များပင် ကျမတတ် ဖြစ်သွားသည်။

“ဒါ ဘာအရသာကြီးလဲဟ... ငါ့အမေ ချက်ကျွေးတဲ့ ဆန်ပြုတ်ထက် အဆပေါင်း တစ်သောင်းလောက် ပိုကောင်းတယ်...”

“အရသာ ရှိရုံတင် မကဘူးကွ...”

‘ကောင်းကင်ခွင်း ဓားတစ်လက်’ သူ၏ လက်ဖဝါးကို ကြည့်ရင်း အံ့သြမှင်သက်နေမိ၏။

“မင်းတို့ ခံစားမိလား... မောတာတွေ ပျောက်သွားပြီ... ဒီဆန်ပြုတ်က ဘာဖ် ပေးတယ်ဟ... ဒါ ဆေးဖက်ဝင် အစားအစာပဲ...”

“ဝါး... ဂိုဏ်းချုပ်က အကောင်းဆုံးပဲ...”

‘ယုန်ကလေး’ သည် အငွေ့တထောင်းထောင်း ထနေသော ပန်းကန်လုံးကို ဖက်ထားရင်း၊ ကျန်းချန်၏ အေးစက်သော မျက်နှာဘေးကို ကြည့်ကာ ကြည်နူးနေ၏။

“သူက ပါးစပ်ကသာ ဆူနေတာ... ငါတို့ ငတ်သေမှာ ကြောက်လို့ တကူးတက ချက်ကျွေးတာပဲ... ဒါကိုများ ‘ဆွန်းဒဲ’ ( -ဟန်ဆောင်ခက်ထန်သူ) လို့ ခေါ်တာလား... ချစ်ဖို့ ကောင်းလိုက်တာဟယ်...”

ကျန်းချန် သည် ဘေးနားတွင် ရပ်နေရင်း ကစားသမားများ၏ တီးတိုးစကားများကို ကြားနေရသဖြင့် နှုတ်ခမ်းထောင့်များ မသိမသာ လှုပ်ခတ်သွားရ၏။

ဂိုဏ်းတိုက်ထဲက အောက်ဆုံးမှာ ကျန်နေတဲ့ ဝိညာဉ်ဆန် အဟောင်းတွေနဲ့ လမ်းဘေးက ယုန် တစ်ကောင်ကို ရိုက်သတ်ပြီး ချက်ကျွေးလိုက်တာပါ... မင်းတို့က အဲဒီလောက်တောင် ဖြစ်သွားကြတာလား...

ကမ္ဘာမြေပေါ်က အစားအစာတွေက ဘယ်လောက်တောင် ဆိုးရွားနေလို့လဲ...

စိတ်ထဲက ညည်းတွားလိုက်သော်လည်း၊ ဆန်ပြုတ်ကို အားရပါးရ စားသောက်နေကြသော ကစားသမားများကို ကြည့်ရင်း၊ ဆူညံသော အသံဗလံများကြားတွင် ကျန်းချန်၏ ရင်ထဲမှ အထီးကျန်ဆန်မှုများ မှေးမှိန်ပျောက်ကွယ်သွားသယောင် ရှိပေသည်။

*

ညဉ့်နက်လာခဲ့လေပြီ။

ချန်ဝူ တောင်တန်းကြီးသည် ညဘက်တွင် ဘယ်သောအခါမှ တိတ်ဆိတ်မနေပေ။ အဝေးဆီမှ အမည်မသိ မိစ္ဆာကောင်များ၏ ဟိန်းဟောက်သံများ ရံဖန်ရံခါ ထွက်ပေါ်နေတတ်သည်။

သို့သော် ကွေ့ယွမ်ဂိုဏ်း ခန်းမဆောင်ကြီး ရှေ့တွင်တော့ မီးပုံလေးက ကခုန်နေပါ၏။

ကမ္ဘာမြေမှ ဝိညာဉ် (၅) ခုသည် ဝိုင်းဖွဲ့ထိုင်နေကြသည်။ လက်ထဲတွင် ပန်းကန်ခွံများကို ကိုင်ထားရင်း၊ မျက်နှာပေါ်တွင် ကျေနပ်နေသော အပြုံးပန်းများ ကိုယ်စီနှင့်။

“ညီအစ်ကိုတို့... ဒီဂိမ်းက ပင်ပန်းပြီး ဆာလောင်ရပေမယ့်... ငါ ဆုံးဖြတ်လိုက်ပြီ...”

ဝမ်သဲ့ဖာ စူထွက်နေသော ဗိုက်ကို ပွတ်သပ်လိုက်သည်။ ကြယ်ရောင်စုံနေသော ကောင်းကင်ကြီးကို မော့ကြည့်ရင်း သက်ပြင်းချလိုက်၏။

“ငါ ဒီဂိမ်းကို သေလဲ မစွန့်ဘူးကွာ... ငွေဖြည့်စနစ် ပါပါ မပါပါ... ငါ ဆက်ဆော့မယ်...”

“ဒါပေါ့...”

‘နယူတန်ရဲ့ အခေါင်းဖုံး’ သည် သစ်ကိုင်းခြောက် တစ်ချောင်းဖြင့် မြေကြီးပေါ်တွင် အားသက်ရောက်မှု ပုံစံများကို ရေးဆွဲနေသည်။

“ဒီကမ္ဘာရဲ့ ရူပဗေဒ နိယာမတွေက ကမ္ဘာမြေနဲ့ နည်းနည်း ကွာခြားတယ်... ကျင့်ကြံခြင်း နောက်ကွယ်က သိပ္ပံနည်းကျ အကြောင်းရင်းကို ငါ ဆက်ပြီး သုတေသန လုပ်ရမယ်...”

လေထုက နွေးထွေးပြီး သဟဇာတ ဖြစ်နေချိန်၊ လူတိုင်းက လယ်သမားဘဝ ၏ ပျော်ရွှင်မှုတွင် စီးမျောနေချိန်ဝယ်၊...

ရုတ်တရက်...

“ရှပ်... ရှပ်...”

ခန်းမဆောင် ဘေးရှိ ချုံပုတ်များ ကြားမှ သစ်ရွက်တိုးသံများ ထွက်ပေါ်လာ၏။

ကျန်းချန်၏ ပျင်းရိသော မျက်လုံးများ ချက်ချင်း စူးရှသွား၏။

‘ရွှေအမြုတေ အဆင့်’ ကျင့်ကြံသူ တစ်ဦးအနေနှင့် (စွမ်းအားကျဆင်းနေသော်လည်း) သူ၏ အာရုံခံနိုင်စွမ်းသည် သေမျိုးများထက် များစွာ သာလွန်ပေသည်။

တစ်ခုခု လာနေတယ်။

ပြီးတော့... သတ်ဖြတ်လိုသော အငွေ့အသက် ပါလာတယ်။

“ပါးစပ် ပိတ်ထားကြ...”

ကျန်းချန် လေသံတိုးတိုးဖြင့် ဟောက်လိုက်သည်။ တိုးသော်လည်း စကားများနေသော (၅) ယောက်လုံး ချက်ချင်း ငြိမ်ကျသွားသည်။

ကစားသမားများ သူ ကြည့်ရာဘက်သို့ လိုက်ကြည့်လိုက်ကြ၏။

မှောင်မည်းနေသော ချုံပုတ်များကြားတွင် အစိမ်းရောင် ‘မီးအိမ်’ နှစ်လုံး ဖြည်းညှင်းစွာ လင်းလက်လာသည်ကို တွေ့လိုက်ရ၏။

ထို့နောက်... နွားပေါက်လောက် ရှိသော ဝံပုလွေကြီး တစ်ကောင်... တစ်ကိုယ်လုံး အမည်းရောင် အမွေးများ ဖုံးလွှမ်းနေပြီး အစွယ်များ ပြူးထွက်နေကာ အရိပ်ထဲမှ ထွက်ပေါ်လာ၏။

ပါးစပ်မှ သွားရည်များ ယိုစီးကျနေပြီး၊ အသားအရေ စိုပြည်နေသော ကစားသမားများကို လောဘတကြီး စိုက်ကြည့်နေတော့၏။

[သတိပေးချက် - ရန်လိုသော သတ္တဝါနှင့် တွေ့ဆုံနေပါသည်။]

[အမည် - သံကျော ဝံပုလွေပြာ (ကင်းထောက်)]

[အဆင့် - (၅) (ချီ စုစည်းမှု တတိယအဆင့်)]

[အခြေအနေ - ဆာလောင် / သွေးဆာနေသည်]

သာမန်လူဆိုလျှင် ထိုမြင်ကွင်းကို မြင်သည်နှင့် သေးထွက်သွားလောက်ပေ၏။

သို့သော် ယခု ရှိနေသူများမှာ အစာဝနေပြီး အားကုန်ထုတ်ချင်နေသော စတုတ္ထကပ်ဘေး ကစားသမားများ ဖြစ်ကြသည်။

ဝံပုလွေ ခေါင်းပေါ်ရှိ အနီရောင် နာမည်စာတန်းနှင့် ထင်ရှားနေသော သွေးတန်း ကို မြင်လိုက်ရသော အခါ...

တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက်...

ကမ္ဘာမြေ တုန်ဟီးသွားလောက်သည့် ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။

“ဟေ့ရောင်တွေ... မော့ဘ် ကွ... မော့ဘ် အစစ်ဟ...”

ဝမ်သဲ့ဖာ အရင်ဆုံး ခုန်ထလိုက်သည်။

နာကျင်တာတွေ၊ မောတာတွေ ညည်းမနေတော့။ သူ့အဆီများက စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေ၏။

“ညီအစ်ကိုတို့... ငါတို့ အလုပ်စလို့ ရပြီဟေ့...”

“ဖာ့စ်တ်ကေးလ် ... ဒါ ဆာဗာရဲ့ ပထမဆုံး ဖာ့စ်တ်ကေးလ် ပဲ...”

“မလုနဲ့... ဒါ ငါ့ အီးအိတ်စ်ပီ ကွ...”

‘သစ်ပင်ခုတ်ပြီး သူဌေးဖြစ်မယ်’ သည် ဂျိုင်းထောက်အဖြစ် သုံးထားသော သစ်သားတုတ်ကြီးကို ဆွဲမလိုက်သည်။ မျက်လုံးများက သွေးရောင်လွှမ်းနေ၏။

“ဒါ တိုက်ခိုက်ရေး စနစ် ဆိုတာလား...”

‘ကောင်းကင်ခွင်း ဓားတစ်လက်’ သည် ချွန်ထက်သော ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်ပြီး၊ စံမမီသော တိုက်ခိုက်ရေး ခြေကွက်တစ်ခုကို ယူလိုက်သည်။ မျက်လုံးများ တောက်လောင်နေ၏။

“အဆင့် (၅) ဟုတ်လား... အဆင့်ကွာခြားချက် ရှိပေမယ့်... သူက တစ်ကောင်တည်းကွ... ငါတို့ ဝိုင်းချရင် နိုင်တယ်...”

ကျန်းချန် သည် လက်ထဲတွင် ဝိညာဉ်စွမ်းအင်ကို စုစည်းပြီးနေပြီ ဖြစ်သည်။ ထို တိရစ္ဆာန်မိုက်ကို လက်ဝါးတစ်ချက်တည်းနှင့် ရိုက်သတ်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

သို့သော် သူ မလှုပ်ရှားရသေးခင်မှာပင်... သူ၏ ကမ္ဘာအမြင်ကို ကျိုးပဲ့သွားစေသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။

ထို သေမျိုး (၅) ယောက်သည်... လက်နက်လည်း မပါ၊ အင်္ကျီလက်တို ဘောင်းဘီတိုများနှင့် ဖြစ်သော်လည်း... ကြောက်ရွံ့ခြင်း အလျဉ်းမရှိ။

ကြောက်ဖို့ နေနေသာသာ... အဝတ်မပါသော အလှပျိုဖြူကို တွေ့လိုက်ရသော ဝံပုလွေအုပ်ကြီးပမာ... အော်ဟစ်ပြီး သနားစရာကောင်းသော ‘သံကျော ဝံပုလွေပြာ’ ဆီသို့ ပြေးဝင်သွားကြ၏။

“ဂိုဏ်းတော် အတွက်ဟေ့...”

“ပစ္စည်း အတွက်ဟေ့...”

“ပထမဆုံး သတ်ဖြတ်မှု အောင်မြင်ဆု အတွက်ဟေ့...”

သံကျော ဝံပုလွေပြာ ခမျာ ကြောင်အမ်းအမ်း ဖြစ်သွားရှာ၏။

ဒီနယ်မြေရဲ့ သားရဲတစ်ကောင် အနေနဲ့... ဒီလို သားကောင်မျိုး တစ်ခါမှ မမြင်ဖူးပေ။

ဘာလို့... မပြေးကြတာလဲ...

မပြေးတာတင် မကဘူး... ဟို ဖက်တီးက ဘာလို့ ငါ့ကို ဝက်သားနီချက်ကြီးကို ကြည့်သလို ကြည့်နေရတာလဲ...

ကျန်းချန်ကတော့ လက်ထဲမှ စုစည်းထားသော ဝိညာဉ်စွမ်းအင်ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်ပြီး ကျောက်လှေကားထစ်ပေါ်တွင် ပြန်ထိုင်လိုက်၏။

ရှုပ်ထွေးနေသော တိုက်ပွဲမြေပြင်ကို ကြည့်ရင်း... ဝံပုလွေကြီးကို သနားသလို ကြည့်လိုက်မိ၏။

မင်းက ဒီအရူးတွေကိုမှ လာစတာကိုး...

ကြည့်ရတာ... ဒီညတော့ ညလယ်စာ ထပ်စားရဦးမယ် ထင်တယ်…

[ဆာဗာ : ဂိမ်းလောကတစ်ခုလုံးရဲ့ အချက်အလက်တွေကို ထိန်းချုပ်ထားတဲ့ ကွန်ရက်စနစ်။

အီးအိတ်စ်ပီ (EXP - Experience Points): အဆင့်တက်ဖို့ လိုအပ်တဲ့ အတွေ့အကြုံ ရမှတ်။

မော့ဘ်: ဂိမ်းထဲမှာ နှိမ်နင်းရမယ့် သာမန်ရန်သူ သတ္တဝါများ။

ဖာ့စ်တ်ကေးလ်: ဆာဗာတစ်ခုလုံးမှာ ရန်သူတစ်မျိုးကို ပထမဆုံးအကြိမ် သတ်ဖြတ်နိုင်မှု။

]

All Chapters