← Chapters

ဒါကို အင်မော်တယ်ကျင့်ကြံတယ် ခေါ်တာလား

Vol. 1 Ch. 4

ဒါကို အင်မော်တယ်ကျင့်ကြံတယ် ခေါ်တာလား

Vol. 1 Ch. 4

~ညလေပြေသည် အေးစက်တိုက်ခတ်နေပြီး၊ သတ်ဖြတ်လိုစိတ်များက လေထုထဲတွင် ပျံ့နှံ့နေသည်။

ကွေ့ယွမ်ဂိုဏ်း ရင်ပြင်ရှေ့တွင် (၂) မီတာခန့် ရှည်လျားသော ‘သံကျော ဝံပုလွေပြာ’ ကြီးသည် ခါးကို ကုန်းထားပြီး လည်ချောင်းထဲမှ တဂီးဂီး ဟိန်းဟောက်သံများ ပြုနေ၏။

ဤ တောင်တန်းသစ်တော အစွန်အဖျားဒေသ၏ အရှင်သခင် တစ်ပါးအနေနှင့် ၎င်း၌လည်း မာန်မာန ရှိပေ၏။

သာမန် ‘ချီ စုစည်းမှု အဆင့်’ ကျင့်ကြံသူများပင်လျှင် သူ၏ သံမဏိကဲ့သို့ မာကျောသော အမွေးများကို ထည့်သွင်းစဉ်းစားပြီးမှ ရင်ဆိုင်ရဲကြသည်။

သို့သော် ယနေ့တွင်မူ ၎င်းသည် တစ်ခါမှ မကြုံဖူးသော စော်ကားမှုကို ခံစားလိုက်ရ၏။

အဘယ်ကြောင့်ဆိုသော် သူ့ရှေ့ရှိ ဝိညာဉ်စွမ်းအင် အတက်အကျ လုံးဝမရှိသော ‘ခြေနှစ်ချောင်း သားရဲ’ (၅) ကောင်သည် ထွက်ပြေးမည့်အစား ယပ်တောင်ပုံသဏ္ဌာန် ဖြန့်ခွဲပြီး သူ့ကို ဝိုင်းထားသောကြောင့်ပင်။

“ညီအစ်ကိုတို့... ငါ့အမိန့်ကို နားထောင်ကြ...”

‘ကောင်းကင်ခွင်း ဓားတစ်လက်’ သည် ပရိုကစားသမား ပီပီ တိုက်ပွဲဝင် အနေအထားသို့ လျင်မြန်စွာ ဝင်ရောက်လိုက်သည်။

သူသည် ချွန်ထက်သော ကျောက်ပြားတစ်ချပ်ကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

“ဒီကောင်က ချီ စုစည်းမှု တတိယအဆင့်ကွ... ခံနိုင်ရည် အရမ်းများတယ်... ငါတို့က အဆင့် (၁) ပဲ ရှိသေးတာ ဆိုတော့ ထိပ်တိုက်ရင်ဆိုင်လို့ လုံးဝ မရဘူး...”

“‘သစ်ပင်ခုတ်ပြီး သူဌေးဖြစ်မယ်’... မင်းက သန်တယ်... မင်း သွားပြီး အာရုံလွှဲ ထား...”

“ကိုဖရဲသီး(ဝမ်သဲ့ဖာ)... ခင်ဗျားက နှောင့်ယှက်တဲ့ တာဝန် ယူ...”

“‘နယူတန်ရဲ့ အခေါင်းဖုံး’ နဲ့ ကျွန်တော်က အခွင့်အရေး ကြည့်ပြီး သူ့ရဲ့ အားနည်းချကခတွေကို ဒမ်းမေ့ချ် ပေးမယ်... ယုန် ညီမလေးက နောက်ကနေ (666) လို့ အော်ပေး... အဲ... မဟုတ်ဘူး... နောက်ကနေ ကျောက်ခဲနဲ့ ပစ်ပြီး ကူညီပေး...”

“ကောင်းပြီ...”

‘သစ်ပင်ခုတ်ပြီး သူဌေးဖြစ်မယ်’ သည် ရိုးရှင်းပြတ်သားသူ တစ်ယောက် ဖြစ်သည်။

အမိန့်ကို ကြားသည်နှင့် နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ဘဲ လက်မောင်းလုံးလောက် ရှိသော သစ်သားတုတ်ကြီးကို ဝှေ့ယမ်းကာ ဟိန်းဟောက်ပြီး ပြေးဝင်သွား၏။

“ကောင်စုတ်လေး... ဒီကို ကြည့်စမ်း...”

“အဘိုးက မင်းကို ပီစီအာ စစ်ပေးမလို့ကွ...”

“ဝှစ်...”

လေတိုးသံနှင့်အတူ သစ်သားတုတ်ကြီးက ဝံပုလွေ၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာသည်။

သံကျော ဝံပုလွေပြာ၏ မျက်လုံးထဲတွင် လူသားဆန်သော အထင်သေးမှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။

၎င်းသည် ရှောင်တိမ်းခြင်း မပြုဘဲ ခေါင်းကို အနည်းငယ် စောင်းပေးလိုက်သည်။

“ဂျွတ်...”

သစ်သားတုတ်ကြီးက မာကျောသော ကျောရိုးမကြီးကို ထိမှန်သွားပြီး နှစ်ပိုင်း ကျိုးသွား၏။

“သောက်ကျိုးနည်း... ငါ့လက်တောင် ထုံသွားတယ်...”

‘သစ်ပင်ခုတ်ပြီး သူဌေးဖြစ်မယ်’ ဘာမှ မလုပ်နိုင်ခင်မှာပင် ဝံပုလွေ လက်ဝါးကြီးတစ်ခု သူ့မျက်လုံးရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

“ဘုန်း...”

သွေးထွက်သံယို ဖြစ်သော မြင်ကွင်း မရှိသော်လည်း (စနစ်က ဆင်ဆာ ဖြတ်ထားသဖြင့်)၊ ကြီးမားသော ရိုက်ချက်ကြောင့် သူသည် (၅) မီတာခန့် လွင့်ထွက်သွား၏။

သူ၏ သွေးတန်း ချက်ချင်း ကုန်ခမ်းသွား၏။

[စနစ် အသိပေးချက် - ကစားသမား ‘သစ်ပင်ခုတ်ပြီး သူဌေးဖြစ်မယ်’ သေဆုံးသွားပါပြီ။ ပြန်လည် ရှင်သန်ရန် ရေတွက်ချိန် - (၃၀) စက္ကန့်။]

“ကိုသစ်ပင် ကျသွားပြီဟေ့...”

‘ယုန်ကလေး’ လန့်ဖျပ်ပြီး အော်လိုက်သည်။

“မလန့်နဲ့...”

‘ကောင်းကင်ခွင်း ဓားတစ်လက်’ ၏ မျက်လုံးများက တည်ငြိမ်နေသည်။ “သူ့မှာ တိုက်ခိုက်မှု ပြန်လည်ပြည့်ဖြိုးချိန် ရှိတယ်... အခုက ငါတို့ အခွင့်အရေးပဲ... လုပ်ကြ...”

ဝံပုလွေပြာကြီး အားကုန်သွားပြီး အားသစ် မမွေးသေးခင် အချိန်လေးတွင် ဝမ်သဲ့ဖာ (ဒီဖရဲသီး မှည့်ပြီလား) လှုပ်ရှားလိုက်သည်။

ဖက်တီးသည် သူ၏ ခန္ဓာကိုယ်နှင့် မလိုက်ဖက်စွာ လျင်မြန်သော လှုပ်ရှားမှုကို ပြသလိုက်သည်။

သူသည် ဝံပုလွေ၏ ခန္ဓာကိုယ်ကို တိုက်ခိုက်ခြင်း မပြုဘဲ၊ ရင်ခွင်ထဲမှ စုဆောင်းထားသော... ထုံးမှုန့်များ (တကယ်တော့ အဆောက်အဦး အပျက်အစီးမှ ရသော အမှုန့်ဖြူများ) ကို လက်တစ်ဆုပ်စာ ထုတ်လိုက်သည်။

“ငါ ဖြန့်လိုက်ပြီဟေ့...”

အမှုန့်ဖြူ လက်တစ်ဆုပ်စာကြီးက ဝံပုလွေပြာ၏ မျက်နှာတည့်တည့်သို့ ရောက်သွား၏။

“အာဝူး...”

ဝံပုလွေပြာကြီး အငိုက်မိသွားပြီး မျက်လုံးများ ချက်ချင်း ကွယ်သွားကာ နာကျင်မှုကြောင့် ခေါင်းကို ရမ်းခါနေတော့သည်။

ထိုအခိုက်အတန့်၌၊ လှေကားထစ်ပေါ်တွင် ထိုင်ပြီး ပွဲကြည့်နေသော ကျန်းချန် ပါးစပ်ထဲမှ လက်ဖက်ရည်များပင် သီးသွားရသည်။

ထုံးမှုန့် ဟုတ်လား...

ယုတ်မာလိုက်ကြတာ...

ငါ့ရဲ့ သိက္ခာရှိလှတဲ့ ကွေ့ယွမ်ဂိုဏ်း... နာမည်ကျော် ဖြောင့်မတ်မှန်ကန်သော ဂိုဏ်းကြီးရဲ့ ပထမဆုံး တိုက်ပွဲက ထုံးမှုန့်နဲ့ စရတာလား...

သို့သော်၊ ဒါက အစပဲ ရှိပါသေးသည်။

ဝံပုလွေပြာ မျက်စိမမြင်ရသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး၊ ‘ကောင်းကင်ခွင်း ဓားတစ်လက်’ သည် သရဲတစ္ဆေ တစ်ကောင်လို လျှောတိုက်ပြီး ဝံပုလွေပြာ၏ အောက်သို့ ဝင်သွားလိုက်သည်။

“ဟဲ... ဟဲ... သံကျော ဝံပုလွေပြာ ဟုတ်လား...”

“မင်းကျောက သံမဏိ ဖြစ်နေပေမယ့်... မင်းဗိုက်ကတော့ မဖြစ်လောက်ဘူးကွ...”

လက်ထဲမှ သံချေးတက်နေသော ဓားမြှောင် (အစပြု လက်ဆောင်) ဖြင့် ဝံပုလွေပြာ၏ အနူးညံ့ဆုံး ဝမ်းဗိုက်သားကို ရက်ရက်စက်စက် ထိုးစိုက်လိုက်တော့သည်။

“ဖပ်...”

ချွန်ထက်သော ဓားသွားက အသားထဲသို့ စိုက်ဝင်သွားသည်။

တစ်လက်မခန့်သာ ဝင်သွားသော်လည်း (ဓားက တုံးလွန်းသဖြင့်)၊ ဝံပုလွေပြာကြီးကို နာကျင်မှုကြောင့် ရူးသွပ်သွားစေရန် လုံလောက်၏။

၎င်းသည် ခုန်ပေါက်နေပြီး ဗိုက်အောက်မှ လူသားကို နင်းခြေသတ်ဖြတ်ရန် ကြိုးစားနေတော့သည်။

“ငါ လုံးဝ မလွှတ်ဘူးကွ...”

‘နယူတန်ရဲ့ အခေါင်းဖုံး’ သည်လည်း ရက်စက်သော လူတစ်ယောက် ဖြစ်၏။

သူသည် ဝံပုလွေပြာ၏ ခြေထောက်မှ အမွေးရှည်များကို အသေကုတ်ထားပြီး၊ တစ်ကိုယ်လုံး ဗိုက်အောက်တွင် တွဲလွဲခိုနေကာ ဘယ်လောက်ပဲ ခါထုတ်ပါစေ လွှတ်မပေးပေ။

ခါရမ်းခံနေရသည့် ကြားမှ သူ အော်ပြောလိုက်သေးသည်။

“ပွဲကြည့်မနေနဲ့တော့... ဒမ်းမေ့ချ် မြန်မြန် ပေးကြ... ဒီ ‘စီးတော်ယာဉ်’ က အရမ်း ကြမ်းတာပဲ...”

“လာပြီဟေ့...”

‘ကောင်းကင်ခွင်း ဓားတစ်လက်’ အခွင့်အရေးကို အရယူပြီး မြင့်မားစွာ ခုန်တက်လိုက်သည်။

သူသည် အားကို မသုံးဘဲ လက်ထဲမှ သံချေးတက်နေသော ဓားမြှောင်ဖြင့် ဝံပုလွေပြာ၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်သည့်... တင်ပါးဆုံကို စိုက်ချလိုက်သည်။

“ငါလည်း ကူမယ်...”

‘နယူတန်ရဲ့ အခေါင်းဖုံး’ သည် ပိဿာချိန် ဒါဇင်နှင့်ချီ လေးသော ကျောက်တုံးကြီး တစ်တုံးကို ဘယ်လို မလာမှန်း မသိဘဲ၊ ဆွဲငင်အား အရှိန်ကို အသုံးပြုကာ ဝံပုလွေပြာ၏ နဖူးတည့်တည့်ကို ထုချလိုက်၏။

“ဒုန်း... ဖပ်... အာဝူး...”

ကြောက်မက်ဖွယ် ကောင်းသော ဝိုင်းဝန်းရိုက်နှက်မှုကြီး ရင်ပြင်ပေါ်တွင် ဖြစ်ပွားနေတော့သည်။

သိုင်းကွက်အလှများ မရှိ၊ မျက်စိကျိန်းစရာကောင်းသော မန္တန်များ မရှိ။

မျက်လုံးကို ထိုးခြင်း၊ ပေါင်ကြားကို ကန်ခြင်း၊ ထုံးမှုန့်နှင့် ပက်ခြင်း၊ အမွေးများကို ဆွဲခြင်းများသာ ရှိသည်။

တစ်ချိန်က ခန့်ညားထည်ဝါခဲ့သော သံကျော ဝံပုလွေပြာကြီးသည် ယခုအခါ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့၏။

၎င်းသည် သေရမှာကို မကြောက်သော်လည်း အရူးများကိုတော့ ကြောက်သည်။

ဒီလူတွေက နာကျင်မှု ဆိုတာကို နားမလည်ကြ။

ဟို ဖက်တီးဆိုရင် သူ့ပခုံးကို ဝံပုလွေလက်သည်းနှင့် ကုတ်ဖဲ့လိုက်၍ သွေးတွေ ဖြာကျနေတာတောင်...

ဒဏ်ရာကို လှည့်မကြည့်ဘဲ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသေးသည်။

“လခွမ်း... သွေးထွက်နေတယ်ဟ... သဘာဝကျလိုက်တာ... ညီအစ်ကိုတို့... ငါ နောက်ထပ် နှစ်ချက်လောက် ခံနိုင်သေးတယ်...”

ဝံပုလွေပြာကြီးကို စိတ်အပျက်ဆုံး ဖြစ်စေသည်မှာ...

သူ ဒီလူနည်းစုလေးကို သတ်ဖြတ်နိုင်တော့မည့် ဆဲဆဲတွင်...

ရင်ပြင် အလယ်ရှိ အမည်းရောင် ကျောက်တိုင်ကြီး ရုတ်တရက် လင်းလက်လာခြင်းပင်။

အလင်းရောင် တစ်ချက် ယှက်ဖြာသွားသည်။

စောစောက သူ လက်ဝါးတစ်ချက်တည်းနှင့် ရိုက်သတ်လိုက်သော လူကောင်ကြီး (‘သစ်ပင်ခုတ်ပြီး သူဌေးဖြစ်မယ်’) သည် တက်ကြွလန်းဆန်းစွာဖြင့် ပြန်လည် ပြေးဝင်လာပြန်၏။

အခုမှ ပြန်လည် ရှင်သန်လာခြင်း ဖြစ်သဖြင့် အစပြု အဝတ်အစားများပင် မပါတော့ဘဲ၊ စနစ်က ပေးထားသော ဘောင်းဘီတိုလေး တစ်ထည်တည်းနှင့် ဖြစ်သည်။

သူသည် လက်သီးများကို ဝှေ့ယမ်းရင်း ဝံပုလွေ နားမလည်သော ဂါထာမန္တန်များကို ရွတ်ဆို အော်ဟစ်နေ၏။

“ပြန်ရှင်တဲ့ ပွိုင့် က ဘေစင် ထဲမှာပဲကွ... အကန့်အသတ်မဲ့ အသက်တွေနဲ့ဟေ့...”

“သူ့ကို အားကုန်အောင် လုပ်ကြ...”

ဝံပုလွေပြာကြီး မျှော်လင့်ချက် ကုန်ဆုံးသွားရှာသည်။

ဘယ်လို လုပ်ပြီး တိုက်ရမှာလဲ...

သတ်လို့မှ မသေတာ... လုံးဝ သတ်လို့ မသေတာ...

သူ ထွက်ပြေးချင်သော်လည်း ခြေထောက်လေးချောင်းလုံးကို လူကောင်ကြီး သုံးယောက်က အသေ ဖက်ထားကြသည်။

နောက်ဆုံးတွင်...

(၁၀) မိနစ်ကြာ ‘နှိပ်စက်မှု’ ကို ခံစားပြီးနောက်...

‘ကောင်းကင်ခွင်း ဓားတစ်လက်’ က နောက်ဆုံးပိတ် ကျောက်တုံးဖြင့် ခေါင်းကို ထုချလိုက်သော အခါ...

ဤ ‘ချီ စုစည်းမှု တတိယအဆင့်’ ရှိသော တောဘုရင်ကြီးသည် ဝမ်းနည်းပက်လက်နှင့် သက်သာရာ ရသွားခြင်းများ ရောပြွမ်းနေသော အော်မြည်သံကြီးကို ပြုရင်း မြေပေါ်သို့ ဘုန်းခနဲ လဲကျသွားရှာတော့သည်။

[စနစ် ကြေငြာချက် - ကစားသမား အဖွဲ့သည် ‘သံကျော ဝံပုလွေပြာ (အဆင့် ၅)’ ကို ပူးပေါင်း သတ်ဖြတ်နိုင်ခဲ့သဖြင့် ဆာဗာ၏ ‘ပထမဆုံး သတ်ဖြတ်မှု’ အောင်မြင်မှုကို ရရှိသွားပါပြီ။]

[ရရှိသော အတွေ့အကြုံ ရမှတ် - (၅၀၀) မှတ် (အဖွဲ့လိုက် ညီတူမျှတူ ခွဲဝေရရှိသည်)။]

ထိုအခါ၊ ရွှေရောင် အလင်းတန်း (၅) ခု ကစားသမားများအပေါ် ကျရောက်လာလေ၏။

[အဆင့်တက်သွားခြင်းအတွက် ဂုဏ်ယူပါတယ်။ လက်ရှိ အဆင့် - (၂) (ချီ စုစည်းမှု ပထမအဆင့် အစောပိုင်း ကာလ)]

ရင်ပြင်ကြီး ရုတ်ချည်း.. တိတ်ဆိတ်သွားသည်။

သွေးများ (အချို့က ဝံပုလွေသွေး၊ အချို့က ကိုယ့်သွေး) ပေကျံနေသော ကစားသမား (၅) ယောက်သည် သူတို့ခြေရင်းရှိ ဧရာမ အလောင်းကြီးကို ကြည့်ရင်း မောဟိုက်နေကြသည်။

ခဏအကြာတွင် နားကွဲမတတ် အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

“ငါတို့ နိုင်ပြီ... အဟေး... ငါတို့ နိုင်ပြီကွ...”

ဝမ်သဲ့ဖာ သည် ဝံပုလွေခေါင်းပေါ်သို့ ဖင်ချထိုင်လိုက်သည်။ ညစ်ပေနေသည်ကို ဂရုမစိုက်တော့ဘဲ စိတ်လှုပ်ရှားစွာ လက်ဟန်ခြေဟန် လုပ်နေ၏။

“ကိုယ့်အဆင့်ထက် မြင့်တဲ့ မော့ဘ်ကို သတ်နိုင်တာကွ... ဒါ ဟာ့ဒ်ကော ဂိမ်းတွေရဲ့ ဆွဲဆောင်မှု ဆိုတာလား...”

“မြန်မြန်... မြန်မြန်... အလောင်းကို ရှာကြ ...”

‘နယူတန်ရဲ့ အခေါင်းဖုံး’က မျက်လုံး အရှင်ဆုံး ဖြစ်ပါသည်။

“ဒီဝံပုလွေ သားရေက သေချာပေါက် ပစ္စည်း ဖြစ်မယ်... ဒီ အစွယ်တွေက ဓားမြှောင် လုပ်လို့ ရတယ်... ဒီအသားတွေက... စားလို့ ရတယ်...”

ကစားသမားများ ဓားပြများကဲ့သို့ ဝံပုလွေကို ခုတ်ထစ်ရန် ပြင်နေကြစဉ်...

“အဟွတ်...”

ချောင်းဟန့်သံ သဲ့သဲ့လေးကြောင့် ကစားသမား အားလုံး တောင့်ခဲသွားကြသည်။

လှည့်ကြည့်လိုက်သော အခါ လှေကားထစ်ပေါ်တွင် ‘ပွဲကြည့်’ နေသော ဂိုဏ်းချုပ် ကျန်းချန် သည် ဘယ်အချိန်က အောက်ဆင်းလာမှန်း မသိဘဲ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

သူ၏ အဖြူရောင် ဝတ်ရုံသည် နှင်းကဲ့သို့ ဖြူစင်နေပြီး ဖုန်တစ်မှုန်ပင် မတင်ပေ။ ရွှံ့များနှင့် သွေးများ ပေကျံနေသော ကစားသမားများနှင့် လုံးဝ ကွာခြားနေ၏။

ကျန်းချန် သည် မြေကြီးပေါ်တွင် သနားစဖွယ် သေဆုံးနေသော ဝံပုလွေပြာကြီး (မျက်လုံးထဲတွင် ထုံးမှုန့်များ၊ ဗိုက်တွင် ဓားဒဏ်ရာများ၊ ခေါင်းက ပြားနေသည်) ကို ကြည့်ပြီး မျက်ခွံများ မသိမသာ လှုပ်ခတ်သွားသည်။

စတုတ္ထကပ်ဘေးတွေ တိုက်တာက ဒီလို ပုံစံလား...

ကြည့်ရတာ လုံးဝ အလှအပ မရှိပေမယ့်၊ နည်းနည်း ရိုင်းစိုင်းပေမယ့်... တကယ်ကို ထိရောက်တာပဲ...

ကျန်းချန် တည်ငြိမ်စွာ နေလိုက်ပြီး၊ ဟန်ပါပါဖြင့် လက်ကို နောက်ပစ်ကာ ကစားသမား (၅) ယောက်ကို ဝေ့ဝဲကြည့်လိုက်သည်။

ထိုအချိန်တွင် ကစားသမားများအားလုံး သူ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

စောစောက တိုက်ပွဲဝင်ရင်း စိတ်ပါသွားကာ ‘တရားမဝင်’ သော နည်းလမ်းများစွာ သုံးခဲ့မိသဖြင့်၊ ဤ စည်းကမ်းကြီးသော NPC စိတ်ဆိုးသွားမည်ကို ကြောက်ရွံ့နေကြခြင်း ဖြစ်၏။

မထင်မှတ်ဘဲ ကျန်းချန် သူတို့ကို မဆူပူပေ။

လောကအကြောင်းကို အကုန်သိမြင်နေသကဲ့သို့ တည်ငြိမ်သော လေသံဖြင့်သာ ပြောဆိုလိုက်သည်။

“မင်းတို့ရဲ့ နည်းလမ်းတွေက... နည်းနည်း သမားရိုးကျ မဟုတ်ပေမယ့်...”

“သေမျိုး ခန္ဓာကိုယ်နဲ့ မိစ္ဆာကောင် တစ်ကောင်ကို သတ်နိုင်ဖို့ ဆိုတာ... မင်းတို့... ကောင်းကောင်း လုပ်နိုင်ခဲ့ကြပါတယ်...”

[တီ..တီ... ဂိုဏ်းချုပ်၏ မျက်နှာသာပေးမှု +၅။]

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသောအခါ ကစားသမား (၅) ယောက်လုံး ချက်ချင်း ပြုံးပျော်သွားကြသည်။

သမားရိုးကျ မဟုတ်ဘူး တဲ့...

သူ ငါ့ကို သမားရိုးကျ မဟုတ်ဘူးလို့ ပြောတယ်... ငါ့ကို ချီးကျူးတာလား...

ကျန်းချန်က မြေပေါ်မှ ဝံပုလွေ အလောင်းကို ညွှန်ပြလိုက်သည်။

“ဒီကောင်က အဆင့် (၁) မိစ္ဆာကောင် ဆိုတော့ တစ်ကိုယ်လုံးက တန်ဖိုးရှိတယ်... မင်းတို့ သတ်ခဲ့တာ ဆိုတော့ စစ်နိုင်ပစ္စည်းတွေက မင်းတို့ ပိုင်ပါတယ်...”

ကစားသမားများ ဝမ်းသာအားရ မအော်ဟစ်နိုင်ခင်မှာပင်၊ ကျန်းချန်၏ လေသံ ပြောင်းလဲသွားပြီး သူ၏ တကယ့် ရည်ရွယ်ချက်ကို ဖော်ပြလိုက်၏။

“ဒါပေမဲ့ မင်းတို့ရဲ့ လက်ရှိ နည်းလမ်းတွေနဲ့ မိစ္ဆာကောင် ပစ္စည်းတွေကို ပြုပြင်လို့ မရသေးဘူး...”

“ဒီသခင်ကြီးက မင်းတို့အစား လုပ်ပေးမယ်... ဒီဝံပုလွေကို ပြန်လည် အသုံးပြု ပေးမယ်... အဲဒီအစား ဒီဝံပုလွေရဲ့ တန်ဖိုး အားလုံးကို ဂိုဏ်း စုဆောင်းမှတ်တွေ အဖြစ် ပြောင်းလဲပေးမယ်...”

“ဝံပုလွေ သားရေ... အမှတ် (၅၀)...”

“ဝံပုလွေ အစွယ်... အမှတ် (၂၀)...”

“ဝံပုလွေ အသား... ဒီည ဘာဘီကျူး ပါတီ လုပ်မယ်... အခမဲ့ စားကြ...”

ဒါကို ကြားလိုက်ရသောအခါ ကစားသမားများ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြသည်။

စောစောက အသေအလဲ လုပ်တာတောင် စုဆောင်းမှတ် (၅) မှတ်ပဲ ရတာ... ဒီဝံပုလွေ တစ်ကောင်က အမှတ် ရာချီ တန်တာလား...

ချက်ချင်း သူဌေး ဖြစ်ပြီဟေ့...

“လဲမယ်... အကုန် လဲမယ်...”

“ဂိုဏ်းချုပ်... ကျွန်တော် ‘ချီ လမ်းညွှန် သိုင်းကျမ်း’ လဲချင်တယ်...”

“ကျွန်တော် သံဓား လိုချင်တယ်... လက်ဗလာနဲ့ မတိုက်ချင်တော့ဘူး...”

ဝံပုလွေ အလောင်းကို သူ့ထံ ဆက်သရန် အလုအယက် ဖြစ်နေကြသော ကစားသမား (၅) ယောက်ကို ကြည့်ရင်း၊ ကျန်းချန် အပြင်ပန်းတွင် တည်ငြိမ်စွာ ခေါင်းငြိမ့်နေသော်လည်း အတွင်းစိတ်ထဲတွင်တော့ အကြီးအကျယ် ပျော်ရွှင်နေလေ၏။

သံကျော ဝံပုလွေပြာ တစ်ကောင်ကို တောင်အောက် ဈေးမှာ သွားရောင်းလျှင် အနည်းဆုံး ‘အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး’ (၁၀) တုံးလောက် တန်သည် မဟုတ်ပါလော။

ပြီးတော့ ‘ချီ လမ်းညွှန် သိုင်းကျမ်း’ ပုံတူ ကူးခက ဘယ်လောက် ကျလို့လဲ...

ဝိညာဉ်ကျောက်တုံး တစ်ဝက်တောင် မကုန်ဘူးလေ။

ဒီတစ်ပွဲတော့ မျက်ရည်ကျလောက်အောင် အမြတ်ထွက်ပြီ...။

'စနစ်...'

ကျန်းချန် စိတ်ထဲမှ တီးတိုး ခေါ်လိုက်သည်။

'ဂိုဏ်း လဲလှယ်ရေး ဆိုင်ကို ဖွင့်လိုက်...'

'ပြီးတော့... နေရာလွတ် နည်းနည်း ထပ်ဖွင့်လိုက်ပါ... ဒီကောင်တွေက ကြမ်းကြပေမယ့်၊ ထုတ်လုပ်နိုင်စွမ်း က နည်းနေသေးတယ်...'

'ပထမ အစမ်းသပ်ကာလ အောင်မြင်ပြီ ဆိုတော့... ဒုတိယ အစမ်းသပ်ကာလ ကို စဖို့ အချိန်ရောက်ပြီ...'

ညကောင်းကင်ယံ အောက်တွင် ကွေ့ယွမ်ဂိုဏ်း၏ အပျက်အစီးများ ပေါ်၌ ပိုမို တောက်လောင်သော မီးပုံကြီးတစ်ခု ရှိနေ၏။

ဝံပုလွေသားကင် ရနံ့များက လေထုထဲတွင် ပျံ့လွင့်နေပါ၏။

ထိုအချိန်၌ ကမ္ဘာမြေမှ အဓိက ဂိမ်း ဖိုရမ်ကြီးများတွင် “ကောင်းကင်ဘုံ လမ်းစဉ် - ဒီဂိမ်းက တကယ်ကြီး အင်မော်တယ် လမ်းစဉ် ကျင့်ကြံလို့ ရတယ်ဟေ့” ဆိုသော ခေါင်းစဉ်ဖြင့် ပို့စ်တစ်ခုသည် ကြောက်ခမန်းလိလိ ရေပန်းစားမှုဖြင့် ထိပ်တန်း ရှာဖွေမှု စာရင်းသို့ တက်လှမ်းနေတော့သည်။

[t.n- ‘၆၆၆’ လို့ အော်ပေး-

တရုတ်ဂိမ်းလောကမှာ '၆၆၆' (666) ဆိုတာ အသံထွက်အရ 'လျူလျူလျူ' လို့ထွက်ပြီး မိုက်တယ် / ကြမ်းတယ် လို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ်တိုင် ဝင်မတိုက်ဘဲ နောက်ကနေ "ဟေး... မိုက်တယ်ကွာ၊ ကြမ်းတယ်ဟေ့" လို့ အားပေးနေတဲ့သူကို "နောက်ကနေ ‌၆၆၆ အော်ပေးတယ်" လို့ ခေါ်ကြတာပေါ့။

ကောင်လေးက ကောင်မလေးကို "မင်း ဘာမှ ဝင်မလုပ်နဲ့၊ ငါတို့ ကြမ်းတာကို နောက်ကနေ ထိုင်ကြည့်ပြီး အားပေးနေရင် ရပြီ" လို့ ပါးစပ်က လွတ်ခနဲ အမှန်တိုင်း ထွက်သွားတာပါ။

ဒါပေမဲ့ မိန်းကလေးကို အထင်သေးရာ ကျသွားမှာစိုးလို့ ချက်ချင်း သတိထားမိပြီး၊ "အဲ... မဟုတ်ဘူး၊ နောက်ကနေ ကျောက်ခဲလှမ်းပစ်ပြီး ကူညီ" ဆိုပြီး အခြေအနေကို အမြန် ပြန်ထိန်းလိုက်တာပါ။]

All Chapters