← Chapters

အင်တာနက် တစ်ခုလုံး ပွက်လောရိုက်သွားခြင်း (သို့) ဒီဂိမ်းကို ပိတ်ပင်သင့်သည်

Vol. 1 Ch. 5

အင်တာနက် တစ်ခုလုံး ပွက်လောရိုက်သွားခြင်း (သို့) ဒီဂိမ်းကို ပိတ်ပင်သင့်သည်

Vol. 1 Ch. 5

~အခြားကမ္ဘာတစ်ခု၊ ကွေ့ယွမ်ဂိုဏ်း။

မီးပုံသည် တဖြည်းဖြည်း ငြိမ်းသွားပြီး၊ ရဲရဲတောက်နေသော မီးသွေးခဲများသာ ကျန်ရစ်တော့၏။

ကံဆိုးရှာသော ‘သံကျော ဝံပုလွေပြာ’ ကြီးသည် ယခုအခါ လူ (၅) ယောက်၏ ဗိုက်ထဲတွင် ‘အတွေ့အကြုံ ရမှတ်များ’ အဖြစ်သို့ ပြောင်းလဲသွားချေပြီ။

“အေ့...”

ဝမ်သဲ့ဖာ (အိုင်ဒီ - ဒီဖရဲသီး မှည့်ပြီလား) သည် နွေးနေသေးသော ကျောက်ပြားပေါ်တွင် ပုံလျက်သား လှဲနေရင်း ရှည်လျားစွာ လေချဥ်တက်လိုက်၏။

“ရှယ်ပဲကွာ... ရှယ်ပဲ...”

“အသားကင် စားတာနဲ့တင် အတွေ့အကြုံ ရမှတ် တက်တယ်ဟ... (၅) မှတ်ပဲ ဆိုပေမယ့်... ဒါက အလုပ်မလုပ်ဘဲ ရတဲ့ ဝင်ငွေ ပဲကွ...”

ကျန်သော (၄) ယောက်၏ မျက်နှာပေါ်တွင်လည်း ကျေနပ်မှုများ အပြည့်အဝ ရှိနေကြသည်။

လက်တွေ့ ကမ္ဘာမှာ သူတို့က ရုံးဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ ဒါမှမဟုတ် နာမည်မရှိတဲ့ လမ်းသွားလမ်းလာတွေ ဖြစ်ချင်ဖြစ်မယ်။

ဒါပေမဲ့ ဒီနေရာမှာတော့... သူတို့ဟာ အဆင့်မြင့် ရန်သူတစ်ကောင်ကို ‘ဒဏ္ဍာရီလာ’ ဆန်ဆန် သတ်ဖြတ်ခဲ့ကြပြီး၊ ဆာဗာရဲ့ ‘ပထမဆုံး သတ်ဖြတ်မှု’ ကို ရယူနိုင်ခဲ့ကြပြီလေ။

ဒီအောင်မြင်မှု ခံစားချက်က (၅) သန်းထီပေါက်တာထက် ပိုပြီး မူးယစ်စရာ ကောင်းနေသေးသည်။

“ညီအစ်ကိုတို့... မိုးချုပ်နေပြီ...”

‘ကောင်းကင်ခွင်း ဓားတစ်လက်’ စနစ်အချိန်ကို ကြည့်လိုက်သည်။

“လက်တွေ့မှာ မနက် (၄) နာရီ ထိုးနေပြီ... ဂိမ်းစက်တောင့်မှာ ‘နှစ်ခြိုက်စွာ အိပ်စက်ခြင်း စနစ်’ ပါတယ် ဆိုပေမယ့်... ငါတို့ ပထမလှိုင်း အနေနဲ့ လော့အော့ဖ် လုပ်သင့်ပြီ... ပြီးတော့...”

သူ ပြုံးလိုက်သည်။

“ဖိုရမ်မှာ သွားကြွားရဦးမယ်လေ...”

“ဟီး... ဟီး... ငါလည်း အဲဒါပဲ တွေးနေတာ...”

ဝမ်သဲ့ဖာ မြေကြီးပေါ်မှ ခုန်ထလိုက်သည်။ “ငါက တစ်ချိန်လုံး ‘မှတ်တမ်းတင် စနစ်’ ကို ဖွင့်ထားတာကွ... မင်းတို့ ထုံးနဲ့ ပေါက်တာတွေ၊ တင်ပါးကို ဓားနဲ့ ထိုးတာတွေ... အကုန် ပါတယ်...”

“ငါ အဲဒါကို တည်းဖြတ် ပြီး အွန်လိုင်းပေါ် တင်လိုက်ရင်... သေချာပေါက် ပေါက်ပြီသာ မှတ်...”

“ငါ့မျက်နှာကို ဝါးထားပေးဦးနော်...” ‘ယုန်ကလေး’ က လှမ်းအော်ပြောသည်။ “ပြီးတော့... ဂိုဏ်းချုပ်ကို ချောချောလေး ဖြစ်အောင် လုပ်ပေးဦး...”

“စိတ်ချ... သွားပြီဟေ့... ဘိုင့်ဘိုင်...”

အဖြူရောင် အလင်းတန်း (၅) ခု ဝေဝါးသွား၏။

ဆူညံနေသော ရင်ပြင်ကြီး ချက်ချင်း တိတ်ဆိတ်သွားပြီး၊ တင်ပျဉ်ခွေ ထိုင်နေသော ‘အခွံ’ (၅) ခုသာ ကျန်ရစ်တော့၏။

(မှတ်ချက် - ကစားသမားများ လော့အော့ဖ် လုပ်ပြီးပါက၊ သူတို့၏ ခန္ဓာကိုယ်များမှာ နေရာတွင် ကျန်ရစ်ခဲ့ပြီး၊ ‘လိပ်အသက်ရှူခြင်း’ ဟု ခေါ်သော အိပ်မောကျနေသည့် အခြေအနေသို့ ရောက်ရှိသွားကာ စနစ်က ကာကွယ်ပေးထားပါသည်။)

ခန်းမဆောင်ကြီး အတွင်း၌။

ကျန်းချန် အိပ်မပျော်သေးပေ။

လရောင်အောက်တွင် ဒီနေ့ရရှိသော အမြတ်အစွန်းများကို ရေတွက်နေ၏။

“ပထမအဆင့် သံကျော ဝံပုလွေပြာ တစ်ကောင်... သားရေ ခိုင်ခံ့မှုက (၆၀) ရာခိုင်နှုန်း (တစ်ချို့နေရာတွေက ပိပြားနေလို့)... ဝိညာဉ်ကျောက်တုံး (၆) တုံးလောက် တန်မယ်...”

“ဝံပုလွေ အစွယ်နဲ့ အရိုးတွေက... ဝိညာဉ်ကျောက်တုံး (၃) တုံးလောက် တန်မယ်...”

“အရေးအကြီးဆုံးကတော့... မိစ္ဆာ အမြုတေ ပဲ...”

ကျန်းချန် လက်မအရွယ်အစားရှိသော၊ ဖျော့တော့သော အပြာရောင် အလင်းတန်းများ ထုတ်လွှတ်နေသည့် ပုလဲ တစ်လုံးကို ကိုင်ထားလိုက်သည်။

ဒါက မိစ္ဆာကောင်ရဲ့ အနှစ်သာရပဲ။

“စနစ်... စွမ်းအင် ပြောင်းလဲလိုက်...”

[တီ..တီ... ပထမအဆင့် မိစ္ဆာ အမြုတေကို အောင်မြင်စွာ ပြောင်းလဲလိုက်ပါပြီ။ ရရှိသော ဂိုဏ်း စွမ်းအင် - (၁၀၀) မှတ်။]

[လက်ရှိ လက်ကျန် စွမ်းအင် - (၁၂၀) မှတ်။]

[ဒုတိယ အဆင့် ခေါ်ယူခြင်းကို စတင်လိုပါသလား။]

ကျန်းချန် မေးစေ့ကို ပွတ်သပ်လိုက်သည်။

အင်း။ စွမ်းအင် (၁၂၀) မှတ် ဆိုရင် လူ (၁၀) ယောက်လောက် ထပ်ခေါ်လို့ ရတယ်။ ပြီးတော့ သူတို့ သုံးစွဲဖို့ ရက်နည်နးည်းလောက်‌ လုံလောက်တယ်။

“မလောနဲ့ဦး...”

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် မြေခွေးအိုကြီး တစ်ကောင်လို ကောက်ကျစ်သော အပြုံးရိပ် တစ်ခု ပေါ်လာ၏။

“အခုမှ ဟိုကောင်တွေ လော့အော့ဖ် လုပ်သွားတာ... သူတို့တွေ အွန်လိုင်းပေါ် ရောက်ရင် သေချာပေါက် အကြီးအကျယ် ကြော်ငြာကြတော့မှာ... ကျည်ဆန်တွေကို ခဏလောက် ပျံသန်းခိုင်းထားလိုက်ဦး...”

“လူထု အသံတွေ ပွက်လောရိုက်လာပြီး၊ လူတွေ အများကြီး ဆော့ချင်လို့ တောင်းပန်လာတဲ့ အချိန်ကျမှ... ငါက နေရာလွတ် တွေ ထပ်ချပေးမယ်...”

“အဲဒီအချိန်ကျရင်... ဟဲ... ဟဲ... ‘အစမ်းသပ် ကစားခွင့်’ တစ်နေရာ ရဖို့အတွက် သူတို့ ခေါင်းချင်းရိုက်ပြီး လုကြတော့မှာပေါ့...”

......

ကမ္ဘာမြေ၊ နာမည်ကြီး ဂိမ်း ဖိုရမ်တစ်ခု။

မနက် (၄) နာရီခွဲ ဆိုသည်မှာ ‘အင်မော်တယ် လမ်းစဉ် ကျင့်ကြံသူများ’ (ညလုံးပေါက်သမားများ) အလှုပ်ရှားဆုံး အချိန် ဖြစ်သည်။

ပုံမှန်ဆိုရင် ဒီအချိန်မျိုးမှာ ဖိုရမ်တွေထဲမှာ... ဘယ် မိုဘိုင်းဂိမ်းက ငွေဖြည့်ခိုင်းနေလဲ၊ ဘယ် ‘အေ’ သုံးလုံး (AAA) ဂိမ်းကြီးက ထပ်ပြီး ရက်ရွှေ့လိုက်ပြန်ပြီလဲ ဆိုတာတွေကို ဆွေးနွေးနေတတ်ကြသည်။

ရုတ်တရက်...

ရေနက်ဗုံး တစ်လုံးလို ပြင်းထန်သော ခေါင်းစဉ်တစ်ခု ထိပ်ဆုံးသို့ တက်လာ၏။

ခေါင်းစဉ် - [ပုံတွေ အများကြီးပါတယ်... ကမ္ဘာ့ သီးသန့်... (၁၀၀) ရာခိုင်နှုန်း ဟိုလိုဂရပ်ဖစ် ဆိုတဲ့ ‘ကောင်းကင်ဘုံ လမ်းစဉ်’ က တကယ်ကြီးကွ... ငါတို့ အခုပဲ လက်ဗလာနဲ့ ဝံပုလွေ တစ်ကောင် သတ်ခဲ့တယ်...]

တင်သူ - ဒီဖရဲသီး မှည့်ပြီလား

အကြောင်းအရာက ရိုးရှင်းပြီး ကြမ်းတမ်းသည်။ ဗီဒီယို (၃) ခုနှင့် အရည်အသွေးမြင့် ဓာတ်ပုံ (၉) ပုံကို တိုက်ရိုက် ချပြထားခြင်း ဖြစ်၏။

ဗီဒီယို (၁) - [လက်တွေ့ကျသော ရူပဗေဒ အင်ဂျင်]

မြင်ကွင်းထဲတွင် ဖက်တီး တစ်ကောင် (တင်သူ ကိုယ်တိုင်) သည် မြေကြီးပေါ်တွင် ဝပ်ပြီး ကျောက်ပြားကို လျှာဖြင့် လျက်နေသည်။ ထို့နောက် ဘေးမှ ဖြတ်သွားသော NPC (ကျန်းချန်) က သူ့ကို (၃) မီတာလောက် လွင့်ထွက်သွားအောင်

တိုက်ထုတ်လိုက်၏။

စာတန်းထိုး - “ဝတ်ရုံဖြူနဲ့ ကောင်လေးကို မြင်လား... ဒါ NPC ကွ... သူ့မှာ ထိတွေ့မှု ထုထည် ရှိတယ်... အပြန်အလှန် တုံ့ပြန်မှု ရှိတယ်... ပြီးတော့ ငါ ညစ်ပေနေလို့ ရွံတဲ့ ပုံစံတောင် လုပ်ပြသေးတယ်...”

ဗီဒီယို (၂) - [ဂိုဏ်း ရှုခင်း]

ကင်မရာသည် ယိုယွင်းပျက်စီးနေသော်လည်း ရှေးဟောင်း သမိုင်းဝင် အငွေ့အသက်များ ပြည့်နေသော ကွေ့ယွမ်ဂိုဏ်း ခန်းမဆောင်ကြီးကို ဖြတ်သန်း ရိုက်ပြထားသည်။

အဝေးဆီမှ တိမ်ပင်လယ်ကြီး လှိမ့်ဝင်နေပုံနှင့် သစ်ရွက် တစ်ရွက်ချင်းစီ၏ လှုပ်ရှားမှုကိုပါ ရှင်းလင်းစွာ မြင်နေရ၏။

စာတန်းထိုး - “ဒီ အလင်းအမှောင်၊ ဒီ အသားအရည် ... ဒါ တကယ့် ရိုက်ကွင်းလို့ ပြောရင် ယုံကြမလား... ဒါပေမဲ့ ဒါက တကယ့် ဂိမ်း မော်ဒယ် ပါတဲ့ဗျာ...”

ဗီဒီယို (၃) - [ပထမဆုံး သတ်ဖြတ်မှု တိုက်ပွဲ]

မြင်ကွင်းက အလွန် လှုပ်ခါနေပြီး ရှုပ်ထွေးနေသည်။

အဝတ်အစားနွမ်းပါးပြီး ဘောင်းဘီတို ဝတ်ထားသော လူတစ်စုသည် သစ်သားတုတ်များနှင့် ကျောက်ခဲများကို ကိုင်ဆောင်ကာ၊ ကြီးမားသော ဝံပုလွေမည်းကြီး တစ်ကောင်ကို ဝိုင်းဝန်း ရိုက်နှက်နေကြ၏။

ထုံးမှုန့်များ ဖြူဖွေးသွားပုံ၊ သွေးများ ဖျာထွက်လာပုံ၊ ဝံပုလွေ၏ သေခါနီး အော်မြည်သံ... ဖန်သားပြင်ကနေ ကြည့်နေတာတောင် အနီးကပ် တိုက်ပွဲရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ခံစားနေရသည်။

ပို့စ်တင်ပြီး ပထမ တစ်မိနစ် အတွင်းမှာတော့ ကျိုးတိုးကျဲတဲ မှတ်ချက်အချို့သာ ပေါ်လာသည်။

“အစ်ကိုကြီး... ခင်ဗျားရဲ့ ဓာတ်ပုံ ပြုပြင်တဲ့ စွမ်းရည် က မဆိုးဘူးပဲ...”

“ဒါ ဘယ် ဝက်ဘ်ဂိမ်း က စီဂျီ အပိုင်းအစ လဲ... သွားပါကွာ... သွားပါ...”

“ဒီ အခပေး ပိုစတာ တွေကလည်း တော်တော် အလုပ်ကြိုးစားကြတာပဲ... မနက် (၄) နာရီခွဲကြီး ထတင်နေတယ်...”

သို့သော်၊ (၁၀) မိနစ် ကြာပြီးနောက်... မှတ်ချက် ကဏ္ဍ ပေါက်ကွဲသွားတော့သည်။

အထပ် (၂၃) (နည်းပညာ ဆရာကြီး) -

“နေပါဦး... ငါက စီဂျီ ရန်ဒါ ပိုင်းမှာ လုပ်နေတာ... ဒါသာ စီဂျီ ဆိုရင်... ဒီ အလင်းနဲ့ အရိပ် တွက်ချက်မှု အတွက် စူပါ ကွန်ပျူတာ တစ်လုံးနဲ့ အနည်းဆုံး တစ်လလောက် မောင်းရမှာ...”

“ပြီးတော့ ဟို ဝံပုလွေရဲ့ အမွေး လှုပ်ရှားမှု ... အိုက်ယား... အမွေး တစ်ချောင်းချင်းစီ လေထဲမှာ လှုပ်နေတာလား... ‘အချိန်နဲ့ တစ်ပြေးညီ ရန်ဒါ’ က ဒါမျိုး လုံးဝ မလုပ်နိုင်ဘူး...”

[စီဂျီ : ကွန်ပျူတာ နည်းပညာနဲ့ ဖန်တီးထားတဲ့ ပုံရိပ်များ။

ရန်ဒါ: ပုံရိပ်ယောင်တွေကို အစစ်အမှန်နဲ့ တူအောင် ဖော်ပြပေးတဲ့ နည်းပညာ]

အထပ် (၄၅) (ဂိမ်းကြိတ်သူ ဧကရာဇ်) -

“ငါ ဗီဒီယို (၃) ကို ကြည့်ပြီးသွားပြီ... ဖက်တီး ဝံပုလွေ လက်သည်းနဲ့ အကုတ်ခံရတုန်းက ကြွက်သားတွေ လှိုင်းထသွားတဲ့ ပုံစံ က အရမ်း မိုက်တယ်... ပြီးတော့ သွေးတွေ... အနီရင့်ရောင် ပြောင်းပြီး ဆင်ဆာ ဖြတ်ထားပေမယ့်... အရည် စီးဆင်းမှု က အရမ်း အစစ်ဆန်လွန်းတယ်...”

အထပ် (၈၈) (ရုပ်ချော ကြိုက်သူ) -

“အစ်ကိုကြီး... ရိုးရိုးသားသား ပြောစမ်းပါ... ခင်ဗျား ဟန်တျန် ရိုက်ကွင်း မှာ ရိုက်နေတဲ့ ဇာတ်လမ်းတွဲ တစ်ခုခုကို ခိုးရိုက်လာတာ မဟုတ်လား... ဟို ဝတ်ရုံဖြူနဲ့ NPC က ဆယ်လီ နဲ့ အရမ်း တူတာပဲ... (၃) မိနစ် အတွင်း ဒီကောင်လေးရဲ့ အချက်အလက် အကုန် လိုချင်တယ်...”

ဝမ်သဲ့ဖာ ကွန်ပျူတာ ရှေ့တွင် ထိုင်ရင်း၊ မတရား တက်လာသော မှတ်ချက်များကို ကြည့်ကာ အကြီးအကျယ် ကျေနပ်နေ၏။

သူ ကီးဘုတ်ကို တဂျောက်ဂျောက် ရိုက်ပြီး စာပြန်လိုက်သည်။

“အထပ် (၈၈) ကို ပြန်ပါသည် - ဆယ်လီ မဟုတ်ပါဘူး... သူက စမတ် အေအိုင် ပါ... ဒါပေမဲ့ ဆယ်လီထက် ပိုပြီး ချေပါတယ်... ငါ သွားထိတာနဲ့ လွင့်ထွက်သွားတာပဲ... ဒီဂိမ်းက ‘အတွင်းပိုင်း စမ်းသပ်မှု’ အဆင့်ပဲ ရှိသေးတယ်... ငါတို့ (၅) ယောက်ပဲ အရည်အချင်း ပြည့်မီတာ...”

ဒီစကားတစ်ခွန်းက မုန်းတီးမှု မီတာ ကို ချက်ချင်း မီးဟုန်းဟုန်း တောက်သွားစေ၏။

“ကြွားတာလား... ထွက်သွားစမ်းပါ အစ်ကိုကြီးရာ...”

“အစမ်းသပ် ကုဒ် တောင်းပါတယ်... ဘယ်လောက် ပေးရပေးရ ဝယ်မယ်...”

“ဒေါင်းလုဒ် လင့်ခ် လေး ပေးပါ... ဒူးထောက် တောင်းပန်ပါတယ်... ဖေဖေရေ... သားလည်း ဆော့ချင်လို့ပါ...”

“ဒီဂိမ်းသာ ‘အများပြည်သူ စမ်းသပ်မှု’ မပေးရင်... ငါ ညစ်ညမ်းဂိမ်း ဆိုပြီး သွားတိုင်ပစ်မယ် (မညစ်ညမ်းပေမယ့်လည်း)...”

တစ်နာရီ အတွင်းမှာပင် ထိုပို့စ်သည် ပင်မ စာမျက်နှာ၏ ထိပ်တန်း ရှာဖွေမှု သို့ ရောက်သွား၏။

အခြား ပလက်ဖောင်းများမှ စတြီးမား များပင် တွေ့ရှိသွားပြီး၊ “ပြည်တွင်း ဂိမ်းလောက၏ အလင်းရောင်” ဟု အော်ဟစ်ကာ ဗီဒီယိုကို “ခံစား ကြည့်ရှုခြင်း” (Reaction) များ တိုက်ရိုက် လွှင့်နေကြတော့သည်။

ထိုအချိန်၌...

အခြားတစ်ဖက်တွင်၊ ‘ကောင်းကင်ခွင်း ဓားတစ်လက်’ (လက်တွေ့ ဘဝတွင် ကုမ္ပဏီကြီး တစ်ခု၏ ဆက်ခံသူ) သည်လည်း အားမနေပေ။

သူသည် လူသိရှင်ကြား ပို့စ်မတင်သော်လည်း၊ သူဌေးများနှင့် ပရိုကစားသမားများ ရှိသော ဝီချက် ဂရု တစ်ခုထဲသို့ စာတစ်စောင် တိုက်ရိုက် ပို့လိုက်သည်။

“ကောင်းကင်ဘုံ လမ်းစဉ်က အစစ်ပဲ... ငါ အခုမှ လော့အော့ဖ် လုပ်လာတာ... ပိုက်ဆံ ပြင်ထားကြ... နောက်တစ်ခါ နေရာလွတ် ထပ်ချပေးရင်... ဘယ်လောက် ကုန်ကုန် လုကြကွာ...”

......

အခြားကမ္ဘာ၊ နောက်တစ်နေ့ မနက်ခင်း။

နေရောင်ခြည် ဦးဆုံး အလင်းတန်းများ ကွေ့ယွမ်ဂိုဏ်း ခန်းမဆောင်ကြီး ရှေ့သို့ ကျရောက်လာသော အချိန်တွင်၊ ကျန်းချန် အကြောဆန့်လိုက်ပြီး တရားထိုင်ခြင်းမှ နိုးထလာ၏။

စနစ် ဇယားကွက်ပေါ်ရှိ [ဂုဏ်သတင်း တန်ဖိုး] ကော်လံသည် ရူးသွပ်မတတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

[တီ.. တီ... ကမ္ဘာမြေ ကွန်ရက်ပေါ်မှာ ‘ကွေ့ယွမ်ဂိုဏ်း’ နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှု အရှိန်အဟုန် မြင့်တက်လာတာကို တွေ့ရှိရပါတယ်။]

[ရရှိတဲ့ ဂုဏ်သတင်း တန်ဖိုး - (၅၀၀) မှတ်။]

[ဂုဏ်သတင်း တန်ဖိုးက သတ်မှတ်ချက်ကို ရောက်ရှိသွားတဲ့အတွက်... ‘အဆောက်အအုံ ပုံစံကြမ်း - တပည့် အိပ်ဆောင် (အခြေခံ အဆောင်)’ ကို ဖွင့်လှစ်လိုက်ပါပြီ။]

[လုပ်ဆောင်ချက် အသစ် ဖွင့်လှစ်ခြင်း - တရားဝင် ဝက်ဘ်ဆိုက်ဒ် ကံစမ်းမဲဘီး။]

“ငါ ထင်ထားတာထက်တောင် ပိုပြီး ထိရောက်နေပါရောလား...”

ကျန်းချန် နောက်ကွယ်မှ (၁၀၀,၀၀၀) ကျော်သော ကြိုတင်စာရင်းသွင်း လျှောက်လွှာများကို ကြည့်ပြီး၊ စပါးခင်းကြီးကို ကြည့်နေသော လယ်သမားကြီး တစ်ယောက်လို ပြုံးလိုက်၏။

“ဒါဆို လုံလောက်ပြီ...”

ကျန်းချန် မတ်တတ်ရပ်လိုက်ပြီး အဝတ်အစားများကို သပ်ရပ်အောင် ပြင်လိုက်သည်။

“စနစ်... ‘ဒုတိယ အစမ်းသပ် ကြေငြာချက်’ ကို ထုတ်ပြန်လိုက်...”

[ကြေငြာချက် အကြောင်းအရာ -]

[ကစားသမားများ၏ စိတ်အားထက်သန်မှုကို ကျေးဇူးတင်ပါသည်။ ဆာဗာ ဖိအား (စွမ်းအင် မလုံလောက်မှု) ကြောင့်၊ ‘ကောင်းကင်ဘုံ လမ်းစဉ်’ သည် ယနေ့ နေ့လယ် (၁၂:၀၀) အချိန်တွင် ‘ဒုတိယ အစမ်းသပ် ကာလ’ အတွက် လူသစ် စုဆောင်းပါမည်။]

[ယခုအကြိမ် ထပ်တိုးမည့် နေရာ - (၁၀) ဦး။]

[ဦးစားပေးမည့် အသက်မွေးဝမ်းကျောင်း အသစ်များ - ‘ဘဝသရုပ်ဖော် ကစားသမားများ’ ၊ ‘ဆေးဖော်စပ်သူများ’ နှင့် ‘ဗိသုကာ ပညာရှင်များ’ ကို ဦးစားပေးပါမည်။]

ကျန်းချန် နောက်ဆုံး စာကြောင်းကို ကြည့်ပြီး၊ သူ့စိတ်ထဲတွင် တွက်ချက်သံများ တဂျောက်ဂျောက် ထွက်နေ၏။

ဒီ ကောင်စုတ်လေး (၅) ယောက် အုတ်သယ်တာကိုပဲ အားကိုးနေလို့ကတော့ နှေးလွန်းတယ်...

ဂိုဏ်းရဲ့ အခြေခံ အဆောက်အဦးတွေကို တည်ဆောက်ဖို့ “အထူး စွမ်းရည်ရှင်” အချို့ကို ခေါ်ယူရမယ့် အချိန် ရောက်ပြီ...

ထိုအချိန်မှာပင် ရင်ပြင်ပေါ်မှ ‘အလောင်း’ (၅) လောင်း လှုပ်ရှားလာကြသည်။

“သေရာမှ ရှင်ပြန်ထလာကြပြီဟေ့...”

ဝမ်သဲ့ဖာ မျက်လုံးကို အရင်ဆုံး ဖွင့်လိုက်ပြီး ချက်ချင်း အော်လိုက်သည်။

“ဂိုဏ်းချုပ်... မင်္ဂလာနံနက်ခင်းပါ ခင်ဗျာ...”

လော့အွန် ဝင်လာသည်နှင့် တပြိုင်နက်၊ ကစားသမား (၅) ယောက်လုံး ကျန်းချန် အနားသို့ ပျားအုံလို ဝိုင်းအုံလာကြသည်။ ကိုယ့်အဖေအရင်းကို တွေ့လိုက်ရသလိုပင်။

“မနေ့က ဝံပုလွေသား ကျန်သေးလား... မနက်စာ ဘာစားရမလဲ ဟင်...”

“ဂိုဏ်းချုပ်... တရားဝင် ဝက်ဘ်ဆိုက်မှာ ဒုတိယ အစမ်းသပ် ကာလ ဖွင့်တော့မယ်လို့ တွေ့လိုက်တယ်... ကျွန်တော့်ကို ‘အတွင်းလူ ထောက်ခံချက် နေရာ’လေး တစ်ခုလောက် ပေးလို့ ရမလား... ကျွန်တော့် အခန်းဖော်က လာပြီး ကျွန်တော့်ရဲ့ ‘စီးတော်ယာဉ်’ လုပ်ပေးချင်လို့တဲ့...”

ကျန်းချန် အားအင်ပြည့်ဖြိုးနေသော မျက်နှာလေးများကို ကြည့်ပြီး ပြုံးလိုက်သည်။

“မနက်စာ ဟုတ်လား...”

သူ အဝေးဆီမှ ပိုကြီးမားသော အပျက်အစီးများ ရှိရာ... ‘ဆေးဖော်ဆောင်’ နေရာဟောင်း ဆီသို့ ညွှန်ပြလိုက်သည်။

“မနက်စာ စားချင်ရင်... ဟိုနေရာကို အရင် သွားရှင်းကြ...”

“ဒီနေ့ ဂိုဏ်းတူ မောင်လေး၊ ညီမလေး အသစ်တွေ ရောက်လာကြတော့မယ်... ‘ဂိုဏ်းတူ အစ်ကိုကြီး’ တွေ၊ ‘ဂိုဏ်းတူ အစ်မကြီးတွေ အနေနဲ့... လူသစ်တွေကို ရင်ပြင်ပေါ်မှာ အိပ်ခိုင်းလို့ ဘယ်ဖြစ်မလဲ... ဟုတ်တယ်မလား...”

‘ဂိုဏ်းတူ အစ်ကိုကြီး’ ဆိုသော ဂုဏ်ပုဒ်ကို ကြားလိုက်ရသည့်အခါ၊ ကစားသမား (၅) ယောက်လုံး ခါးများ ချက်ချင်း မတ်သွားကြသည်။

“သဘောပေါက်ပါပြီ... ကြွားဖို့ အတွက်... အဲ... မဟုတ်ဘူး... ဂိုဏ်းတော်ရဲ့ ဂုဏ်သိက္ခာ အတွက်...”

“ညီအစ်ကိုတို့... အလုပ်စကြမယ်ဟေ့... ဆေးဖော်ဆောင်ကို ပြင်ပြီး လူသစ်တွေကို အဲဒီမှာ နေခိုင်းမယ်... ပြီးရင် လိမ်မယ်...”

အုတ်သယ်သည့် လုပ်ငန်းစဉ်ကြီးထဲသို့ စိတ်အားထက်သန်စွာ ပြန်လည် မြှုပ်နှံလိုက်ကြသော ကစားသမားများကို ကြည့်ရင်း... ကျန်းချန် လက်ကို နောက်ပစ်လိုက်ကာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

ဒီနေ့လည်း မျှော်လင့်ချက်တွေ ပြည့်နေတဲ့ နေ့တစ်နေ့ ပါပဲလား…

All Chapters