← Chapters

လျှာဖျားပေါ်က ကွေ့ယွမ်ဂိုဏ်း (သို့) ဒါမှ ဘဝကွ

Vol. 1 Ch. 8

လျှာဖျားပေါ်က ကွေ့ယွမ်ဂိုဏ်း (သို့) ဒါမှ ဘဝကွ

Vol. 1 Ch. 8

~အခြားကမ္ဘာ၊

ကွေ့ယွမ်ဂိုဏ်း ရင်ပြင်။ ညဉ့်ဦးယံ။

ချန်ဝူ တောင်တန်းကြီး၏ ညချမ်းသည် အေးစက်စိမ့်ဝင်လှသော်လည်း၊ ရင်ပြင်အလယ်တွင်မူ အပူရှိန်များ တဟုန်းဟုန်း တက်နေ၏။

နေ့လယ်က ဆန်ပြုတ်ချက်ရန် သုံးခဲ့သည့် ကြေးအိုးကြီးကို တစ်ဖန် ပြန်လည် ဆင်ယင်ထား၏။ အိုးဘေးတွင်မူ မီးပုံကြီးမှာ ရဲရဲတောက် လောင်ကျွမ်းနေသည်။

ကံဆိုးရှာသော ‘လေဟုန်စီးယုန် (ဗီဇပြောင်းမျိုးကွဲ)’ မှာမူ အမွေးအမှင်များ အကုန်ရှင်းလင်းခံထားရပြီး၊ ယခုအခါ မီးပုံထက်တွင် အဆီတဝင်းဝင်းဖြင့် တရှဲရှဲ အသံမြည်ကာ ကင်ခံနေရချေပြီ။

“ဂလု...”

တံတွေးမျိုချသံများမှာ နွေည၏ ဖားအော်သံများပမာ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်နေသည်။

ကစားသမား တစ်ဒါဇင်ခန့်သည် မီးပုံကို ဝိုင်းအုံထိုင်နေကြ၏။ သူတို့၏ မျက်လုံးများမှာ (၃) ရက်လောက် အစာငတ်ထားသည့် ဝံပုလွေအုပ်ပမာ ယုန်ကင်ကြီးဆီမှ အကြည့်မခွာနိုင်ကြတော့ချေ။

“စားလို့ ရပြီလားဗျာ... စားလို့ ရပြီလား...”

ဝမ်သဲ့ဖာသည် ပန်းကန်စုတ်လေးကို ကိုင်ကာ မေးလိုက်သည်။ သွားရည်များမှာ အင်္ကျီကော်လာပေါ်သို့ပင် ကျမတတ် ဖြစ်နေချေပြီ။

“သားရေက ရွှေအိုရောင်တောင် သန်းနေပြီပဲ... ကျက်လောက်ပြီ မဟုတ်လား...”

“မလောနဲ့လေဗျာ...”

စူးရှသော ဟန့်တားသံ တစ်ခု ထွက်ပေါ်လာသည်။

ပြောလိုက်သူမှာ ‘ကျောက်ကပ်ကြော်’ ဟု အိုင်ဒီအမည်ပေးထားသော ကစားသမားသစ်ပင် ဖြစ်၏။ သူသည် ဂိုဏ်းသို့ ဝင်ခွင့်လျှောက်စဉ်ကပင် သူ၏ ထူးခြားချက်အဖြစ် ‘နယူးအိုရီယမ်တယ် ဟင်းချက်သင်တန်းကျောင်းမှ ထူးချွန်စွာ အောင်မြင်သူ’ ဟု ရေးသားခဲ့သူ ဖြစ်သည်။

ယခုအခါ ဤ ကျောက်ကပ်ကြော်ကြီးမှာ အင်္ကျီကို ချွတ်ထားပြီး၊ ဘယ်နေရာက ရမှန်းမသိသည့် သစ်ကိုင်းသေးသေး (၂) ချောင်းကို တူအဖြစ် သုံးကာ ကိုင်ထား၏။ သူ၏ မျက်နှာထားမှာ တကယ့်ကို တည်ကြည်လေးနက်နေပြီး နှလုံးခွဲစိတ်ကုသမှု တစ်ခုကို ပြုလုပ်နေသည့် ပါရဂူကြီးအလား။

“ဒါက လေဟုန်စီးယုန်ကွ... ပထမအဆင့် မိစ္ဆာသားရဲ အမျိုးအစားပဲ...”

ကျောက်ကပ်ကြော်က ဘေးနားမှ အငမ်းမရ ဖြစ်နေသူများကို ပညာပေးသည့် လေသံဖြင့် ပြောလိုက်သည်။

“သူ့အသားက ကျစ်လျစ်ပြီး ကြွက်သားမျှင်တွေက ထူတယ်။ မင်းတို့လုပ်သလို ဒီအတိုင်း အတင်းကင်လိုက်ရင် အပြင်က တူးပြီး အတွင်းက အစိမ်းလိုက် ကျန်နေမှာပေါ့။ ဒါက နတ်သုဒ္ဓါကို စော်ကားလိုက်တာပဲဗျ...”

ပြောပြောဆိုဆိုနှင့် သူသည် လက်ထဲမှ သစ်ကိုင်းများဖြင့် ယုန်သားကို ကျွမ်းကျင်စွာ အပေါက်အချို့ ဖောက်လိုက်သည်။ ထို့နောက် ရင်ခွင်ထဲမှ အစိမ်းရောင် သစ်ရွက်အချို့ကို ထုတ်ယူကာ ယုန်ဗိုက်ထဲသို့ ထိုးထည့်လိုက်လေ၏။

“အဲဒါ ဘာတွေလဲဟ...”

သူဌေးသား ‘ပိုက်ဆံမရှားပါ’ က စပ်စုလိုက်သည်။

“စပါးလင်နဲ့ တောကြက်သွန်မြိတ်တွေလေ...”

ကျောက်ကပ်ကြော်က လှည့်ပင်မကြည့်ဘဲ ပြန်ဖြေလိုက်၏။

“စောစောက တောစပ်ကို သွားပြီး အပေါ့အပါးသွား... အဲ... ကင်းလှည့်ရင်းနဲ့ ရှာတွေ့ခဲ့တာ။ ကမ္ဘာမြေပေါ်က ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ မယှဉ်နိုင်ပေမယ့်၊ အသားညှီနံ့ ပျောက်ဖို့နဲ့ လတ်ဆတ်တဲ့ အရသာ ထွက်လာဖို့တော့ လုံလောက်ပါတယ်...”

ဤမျှနှင့် မပြီးသေး။ သူသည် မလှမ်းမကမ်းရှိ စင်မြင့်ထက်တွင် တရားထိုင်နေဟန် ပြုနေသော ကျန်းချန်ဆီသို့ လှမ်းကြည့်ကာ ရဲရဲဝံ့ဝံ့ အော်မေးလိုက်တော့သည်။

“ဂိုဏ်းချုပ်ခင်ဗျာ... ကျွန်တော်တို့ဆီမှာ ဆားလေး ဘာလေးများ ရှိမလားဟင်...”

“ဒါမှမဟုတ် ငန်တဲ့အရသာရှိတဲ့ ဝိညာဉ်ပင်တွေရှိရင်လည်း ရပါတယ်... ဆားမပါရင် ဟင်းက ဝိဉာဉ်မရှိသလို ဖြစ်နေလို့ပါ...”

ထိုအခါ၊ ကျန်းချန် မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်လိုက်သည်။

စားဖို့ သောက်ဖို့အတွက် ဒီလောက်တောင် ဉာဏ်နီဉာဏ်နက် ထုတ်နေကြသော တပည့်များကို ကြည့်ပြီး သူ မချိပြုံး ပြုံးလိုက်မိ၏။

တကယ့်ကို အစားကြူးသည့် အုပ်စုပင် ဖြစ်သည်။ သို့သော်... ရနံ့ကတော့ တကယ်ကို မွှေးပျံ့လှပေသည်။

ကျန်းချန် လက်ညှိုးကို တစ်ချက် ခါလိုက်သည်။

သူ၏ အင်္ကျီလက်စထဲမှ ခရမ်းရောင် အသီးအချို့ ပျံထွက်သွားကာ ကျောက်ကပ်ကြော်၏ လက်ထဲသို့ တိကျစွာ ကျရောက်သွား၏။

“ခရမ်းရောင် ဆားအသီး...”

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်၏။

“အဲဒါကို ကြိတ်ပြီး အရည်ကို သုံးလိုက်... သာမန် ဆားတွေထက် (၁၀) ဆလောက် ပိုငန်တယ်...”

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်...”

ကျောက်ကပ်ကြော် ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် အသီးကို အားဖြင့် ကြိတ်လိုက်သောအခါ ခရမ်းရောင် အရည်များမှာ ရွှေဝါရောင် ယုန်ကင်ကြီးပေါ်သို့ ဖြာကျသွားပြီး၊ ခဏချင်းမှာပင် မွှေးကြိုင်လှသော ရနံ့များမှာ တစ်ရင်ပြင်လုံးသို့ ပျံ့နှံ့သွားတော့သည်။

“ရှဲ...”

အဆီများမှာ မီးသွေးခဲများပေါ်သို့ ကျဆင်းသွားကာ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။ အသားနံ့၊ စပါးလင်နံ့နှင့် ဆားအသီး၏ ငန်ပျပျ ရနံ့တို့မှာ ဗုံးတစ်လုံး ပေါက်ကွဲလိုက်သလိုမျိုး ရင်ပြင်တစ်ခုလုံးကို လွှမ်းမိုးသွားလေတော့သည်။

“ဘုရားရေ...”

“ငါ့လျှာလေးတွေတောင် ကခုန်နေသလိုပဲ...”

“ဒီ ရုပ်ထွက်နဲ့ ဒီ ရနံ့ အာရုံခံစားမှုကတော့... ငါ လက်တွေ့မှာ မှာစားနေကျ ပါဆယ်ထုပ်တွေထက် အဆပေါင်းများစွာ ပိုမိုက်တယ်...”

ကစားသမားများ စိတ်မထိန်းနိုင်ဘဲ ဝိုင်းအုပ်ကိုက်ကြတော့မည့် အချိန်မှာပင်...

ကျောက်ကပ်ကြော်က “အိုးချပြီဟေ့...” ဟု အော်လိုက်၏။

သူသည် ‘ငါကတော့ အိမ်သာအဖုံး ခိုးသူ’ ဆိုသော ကစားသမား တစ်နေကုန် ကြိတ်ထားသည့် ကျောက်ဓားဖြင့် ယုန်သားကို ပါးပါးလေးတွေ လှီးဖြတ်ကာ လူတိုင်း၏ ပန်းကန်ထဲသို့ ခွဲဝေထည့်ပေးလိုက်တော့သည်။ ကျန်ရှိနေသော အရိုးများကိုမူ ဘေးနားရှိ အိုးကြီးထဲသို့ ထည့်ကာ တောရိုင်းဟင်းရွက်များနှင့်အတူ အရိုးဟင်းချို ချက်လိုက်၏။

“စားကြတော့...”

အမိန့်ပေးသံ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကစားသမား တစ်ဒါဇင်ကျော်မှာ အစာငတ်နေသော သားရဲများပမာ ပြောင်းလဲသွားကြသည်။

ဝမ်သဲ့ဖာသည် အဆီတဝင်းဝင်းနှင့် ယုန်သားတစ်ဖတ်ကို ပါးစပ်ထဲ ထည့်လိုက်သည်။ ထိုအခိုက်အတန့်၌ သူ၏ မျက်လုံးများမှာ ဝိုင်းစက်သွားတော့၏။

နည်းပညာများ၊ ဓာတုပစ္စည်းများ လုံးဝမပါဝင်ဘဲ... အသား၏ သန့်စင်သော အရသာက ပါးစပ်ထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်ပေသည်။ အပြင်သားက ကြွပ်ရွနေပြီး အတွင်းသားမှာမူ နူးညံ့လှသည်။

တစ်ကိုက် ကိုက်လိုက်တိုင်း ပူနွေးသော အသားရည်များ စီးထွက်လာပြီး ကျေနပ်မှု အရှိန်အဟုန်မှာ ဦးနှောက်ဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိသွား၏။

“အူး... ဟူး...”

ဝမ်သဲ့ဖာ ဝါးရင်းနှင့် မျက်ရည်ပင် ကျလာသည်။

“အရမ်းကောင်းတာပဲဗျာ... မေမေရေ... သားတော့ အခြားကမ္ဘာမှာ အကောင်းဆုံး အသားကင်ကို စားနေရပြီ...”

[တီ..တီ... ‘အထူး လေဟုန်စီးယုန်သား’ ကို စားသုံးလိုက်ပါသည်။

[ခံနိုင်ရည် အပြည့်အဝ ပြန်လည် ပြည့်ဖြိုးသွားပါပြီ။ အထူးစွမ်းရည် - သွေးသား ပြည့်ဖြိုးခြင်း (ကျင့်ကြံမှုနှုန်း ၁၀ ရာခိုင်နှုန်း တိုးတက်မည်)]

[တီ..တီ... ‘တောရိုင်းဟင်းရွက် အရိုးဟင်းချို’ ကို စားသုံးလိုက်ပါသည်။]

[အအေးဒဏ် ပျောက်ကွယ်သွားပါပြီ။ စွမ်းအင် အကန့်အသတ် (၅) မှတ် တိုးတက်သွားပါပြီ။]

“စွမ်းရည်တွေပါ တက်တယ်ဟ...”

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်းသည် ဟင်းချိုတစ်ငုံ သောက်လိုက်သောအခါ၊ တစ်နေကုန် အုတ်သယ်ထားသဖြင့် နာကျင်နေသော ခါးကြီးမှာ ချက်ချင်း သက်သာသွားသလို ခံစားလိုက်ရသည်။

“ဒါက တကယ့် အားဆေးပဲကွ။ ငါ လုပ်ငန်းခွင်မှာ သောက်နေကျ အားဖြည့်အချိုရည်တွေထက် အဆပေါင်းများစွာ ပိုထိရောက်တယ်...”

အမြဲတမ်း တည်ငြိမ်လှသော ‘ကောင်းကင်ခွင်း ဓားတစ်လက်’ ပင်လျှင် ယခုအခါ၌ သူ၏ ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ချေ။ ဘယ်လက်က အသားကို ကိုင်၊ ညာလက်က ဟင်းချိုကို သောက်နှင့် ပါးစပ်တွင် အဆီများ ပေကျံနေ၏။

ဤအရာအားလုံး၏ နောက်ကွယ်မှ ‘စီမံခန့်ခွဲသူ’ ကျန်းချန်ကတော့ တပည့်များနှင့် လုယက်စားသောက်ခြင်း မပြုပေ။ သို့သော် သူ အားနေသည်တော့ မဟုတ်ချေ။ ကျောက်ကပ်ကြော်က တော်တော်လေး အကွက်မြင်သူ ဖြစ်ပေသည်။

သူ ဦးဆုံး လှီးဖြတ်လိုက်သော အနူးညံ့ဆုံး ယုန်သားဖတ်များကို ကြာရွက်ဖြင့် သေသေချာချာ ထုပ်ပိုးကာ ကျန်းချန်ထံသို့ ရိုရိုသေသေ လာရောက် ဆက်သခဲ့၏။

မှောင်ရိပ်ထဲတွင် ထိုင်နေသော ကျန်းချန်သည် အသားတစ်ဖတ်ကို အေးအေးလူလူ မြည်းစမ်းကြည့်လိုက်၏။

အင်း... အရသာကတော့ တကယ်ကို မဆိုးလှချေ။ ဂိုဏ်းဟောင်းက မီးဖိုချောင်တွင် ဂေါ်ဖီထုပ်ကို ရေနွေးနှင့် ပြုတ်ကျွေးတတ်သည့် စားဖိုမှူးကြီးထက် အများကြီး ပိုကောင်းပေသည်။

သူသည် မီးပုံဘေးမှ ပျော်ရွှင်နေသော မျက်နှာများကို ငုံ့ကြည့်လိုက်သည်။ မီးရောင်ဟပ်နေသော သူတို့၏ မျက်နှာထက်မှ ပျော်ရွှင်မှုများမှာ အပျက်အစီးများကြားမှ အအေးဒဏ်ကို ဖယ်ရှားပေးနေသကဲ့သို့ပင်။ လျှော်တေအင်္ကျီများကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး ဖုန်ပေနေကြသော်လည်း၊ သူတို့၏ စိတ်ရင်းမှန်သော ပျော်ရွှင်မှုကိုမူ ဟန်ဆောင်၍ မရနိုင်ချေ။

“ဦးလေးကျန်း... မနက်ဖြန်ကျရင် အမိုးကို အပြီးသတ်လိုက်ရအောင်ဗျာ...”

“သူဌေးလေး... မနက်ဖြန်ကျရင် ယုန် (၂) ကောင်လောက် ထပ်ဖမ်းပေးပါဦးလား...”

“ကျောက်ကပ်ကြော်... မနက်ဖြန်ကျရင် ငရုတ်သီး အစားထိုးလို့ ရမယ့် အပင်တွေ ရှာပေးမယ်။ ယုန်ဦးနှောက် စပ်စပ်လေး စားချင်လို့...”

ဤကဲ့သို့ ဘဝအငွေ့အသက် ပြည့်ဝနေသော စကားသံများကို နားထောင်ရင်း၊ ကျန်းချန်၏ ရင်ထဲမှ အထီးကျန်ဆန်မှုများမှာ လွင့်ပျယ်သွားတော့သည်။

ဤ ကွေ့ယွမ်ဂိုဏ်းသည် ယခုမှသာ ‘အိမ်’ နှင့် တူသော ခံစားချက်ကို ပေးစွမ်းနိုင်တော့သည်။

......

တစ်ချိန်တည်းမှာပင်၊ ကမ္ဘာမြေ၏ အင်တာနက် စာမျက်နှာပေါ်တွင်။

‘ကောင်းကင်ဘုံ လမ်းစဉ်’ ၏ တရားဝင် ဖိုရမ်မှာ ပေါက်ကွဲမတတ် ဖြစ်နေချေပြီ။

ဝမ်သဲ့ဖာ ဆိုသော ကောင်မှာ စားနေသောက်နေရင်းနှင့်ပင် အငြိမ်မနေချေ။ သူသည် ‘ပထမလူအမြင်ဖြင့် စားပြသည့် ဟန်’ကို ဖွင့်ထားပြီး၊ ယုန်ကင်သည့် မြင်ကွင်း၊ အသားလှီးသည့် မြင်ကွင်းနှင့် အငမ်းမရ စားသောက်နေသည့် ရုပ်သံများကို ဖိုရမ်ပေါ်သို့ ချက်ချင်း တင်လိုက်၏။

ခေါင်းစဉ် - [ညဉ့်နက်သန်းခေါင် လူမှုရေးအရ လက်စားချေခြင်း။ အခြားကမ္ဘာက ပထမဆုံး ဘာဘီကျူး။ ဒီ ရုပ်ထွက်နဲ့ ဒီ အသားကင်ရဲ့ အရောင်အဆင်းတွေကို ကြည့်ပြီး မင်းတို့ မနာလိုဖြစ်နေပြီလား...]

ကမ္ဘာမြေတွင်မူ ယခုအချိန်မှာ ညဉ့်နက်သန်းခေါင် ဖြစ်ပေသည်။ အကောင့်မရသေးသဖြင့် စောင့်ကြည့်နေကြသော လူပေါင်းများစွာမှာ ဤရုပ်သံကို နှိပ်လိုက်မိသည်နှင့် ‘အကြီးအကျယ်’ ထိခိုက်သွားကြတော့သည်။

မှတ်ချက်ကဏ္ဍတွင် ဆဲဆိုသံများ ပွက်လောရိုက်သွား၏။

“ခင်ဗျားကြီး.. တကယ်ကို တိရစ္ဆာန်ပဲ... ညကြီးမင်းကြီး ဒါမျိုး တင်ရလား...”

“တင်သူကြီး... လူလို ကျင့်ပါဦးဗး။ ကျွန်တော် အခုလေးတင် ဖျော်ထားတဲ့ ခေါက်ဆွဲခြောက်က ဝက်စာလို ဖြစ်သွားပြီ...”

“ဒီအသားရဲ့ အရောင်အဆင်းက... မယုံနိုင်စရာပဲ။ ဒါ ဂိမ်းလို့ ငါ မယုံဘူး။ ဒါ ‘လျှာဖျားပေါ်က တရုတ်ပြည်’ ဆိုတဲ့ အစီအစဉ်များလား...”

“ငါ ဝိတ်ချနေတာဟ။ ဟင့်၊ မုန်းတယ်...”

“ဒုတိယ အစမ်းသပ် ကာလမှာ တစ်နေရာလောက် ပေးပါဗျာ။ ကျင့်ကြံဖို့ မဟုတ်ဘူး၊ အဲဒီထဲဝင်ပြီး ထမင်းတစ်နပ်လောက် စားချင်လို့ပါ...”

“ဟို စားဖိုမှူးက ဘယ်သူလဲ။ ဓားကိုင်တာ တကယ် ဆရာကျတယ်။ ဒီဂိမ်းက ထမင်းချက်တွေကိုပါ ခေါ်တာလား...”

ရေပန်းစားမှုမှာ တစ်ဟုန်ထိုး ထပ်မံ မြင့်တက်လာပြန်၏။

မူလက ‘ဟိုလိုဂရပ်ဖစ် နည်းပညာ’ နှင့် ‘ကျင့်ကြံခြင်း’ ကြောင့် လူကြိုက်များခဲ့သော်လည်း၊ ယခုအခါတွင်မူ ‘အခြားကမ္ဘာက စားသောက်မှု ပုံရိပ်ယောင်’ ဟူသော တံဆိပ်သစ်တစ်ခု ထပ်မံ ကပ်သွားလေတော့သည်။

ဤအရာအားလုံးကို ဖန်တီးခဲ့သူ ကျန်းချန်မှာမူ ကြိုတင်စာရင်းသွင်းသူ အရေအတွက် တစ်ဟုန်ထိုး တက်လာသည်ကို ကြည့်ပြီး ကျေနပ်စွာဖြင့် စနစ်ကို ပိတ်လိုက်၏။ (လူအတော်များများ၏ ဝင်ချင်သော အကြောင်းပြချက်မှာ - ‘လေဟုန်စီးယုန်သားကို မြည်းစမ်းကြည့်ချင်လို့’ ဖြစ်နေ၏။)

ညဉ့်နက်လာခဲ့ပြီ။

ကစားသမားများမှာ စားသောက်ပြီးနောက် အချို့က အိပ်စက်ရန် လော့အော့ဖ် လုပ်သွားကြပြီး၊ အချို့ကမူ မခွဲနိုင် မခွာရက်ဖြစ်ကာ နွေးထွေးနေဆဲဖြစ်သော ကျောက်ပြားများပေါ်တွင် လှဲလျောင်းရင်း ကြယ်များကို ရေတွက်နေကြသည်။

ကျန်းချန် မတ်တတ်ရပ်လိုက်ပြီး၊ သူ၏ ကျောက်ဓားကို သုတ်နေသော စားဖိုမှူး ‘ကျောက်ကပ်ကြော်’ ကို လှမ်းကြည့်လိုက်သည်။

“မင်းမှာ ဒီလို အရည်အချင်းရှိမှတော့... နောက်နောင် ဂိုဏ်းရဲ့ စားသောက်ရေးကို မင်း တာဝန်ယူရမယ်...”

ကျန်းချန်က တိုးညှင်းသော လေသံဖြင့် ပြောလိုက်၏။

“မနက်ဖြန်ကျရင် တောင်နောက်ဘက်က ဝါးတောကို သွားလိုက်။ အဲဒီမှာ ‘သံမဏိတောင်ပံ ကြက်’ တွေ ရှိလိမ့်မယ်...”

“ဒီသခင်ကြီးက ‘သူတောင်းစား ကြက်ကင်’ ကို မြည်းစမ်းကြည့်ချင်တယ်...”

ပြောပြီးသည်နှင့် ကျန်းချန်သည် လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ကျောက်ကပ်ကြော်မှာမူ မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလျက် ကျန်ရစ်ခဲ့၏။

“ငါ လျှို့ဝှက် တာဝန်တစ်ခု ရလိုက်ပြီဟေ့။ ဂိုဏ်းချုပ်က ဟင်းတစ်ခွက် မှာသွားတယ်...”

“ညီအစ်ကိုတို့... မနက်ဖြန် ပန်းတိုင်က တောင်နောက်ဘက် ဝါးတောပဲ။ ဂိုဏ်းချုပ်ရဲ့ ကြက်ကင်အတွက်... ရှေ့သို့ ချီတက်ကြမယ်ဟေ့...”

[ဆာဗာတစ်ခုလုံး အသိပေးချက် - ဇာတ်လမ်း တာဝန် ‘ရိက္ခာ ထောက်ပံ့ရေး’ ကို စတင်လိုက်ပါပြီ။]

[ဘဝသရုပ်ဖော် ကစားသမားများအတွက် နွေဦးကာလ ရောက်ရှိလာလေပြီ။]

[t.n : ‘သူတောင်းစား ကြက်ကင်’ ဆိုသည်မှာ ကြက်ကို ရွှံ့စေးဖြင့် ပတ်ကာ မြေကြီးထဲတွင် ဖုတ်သော နာမည်ကျော် တရုတ်ရိုးရာ ဟင်းလျာတစ်ခု ဖြစ်ပါသည်။]

All Chapters