← Chapters

ဒါကို ဓားပြတိုက်တယ်လို့ ခေါ်တာလား... ဒါက ပစ္စည်းလာပို့တာ အစစ်ပဲ

Vol. 1 Ch. 9

ဒါကို ဓားပြတိုက်တယ်လို့ ခေါ်တာလား... ဒါက ပစ္စည်းလာပို့တာ အစစ်ပဲ

Vol. 1 Ch. 9

~နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာလေပြီ။ ကွေ့ယွမ်ဂိုဏ်း၏ ရင်ပြင်ကျယ်ကြီးမှာလည်း နိုးထစပြုလာသည့် နေခြည်နုနုအောက်တွင် သက်ဝင်လှုပ်ရှားနေ၏။

တစ်ညတာ ကောင်းကောင်းအနားယူပြီးနောက်၊ ဝိညာဉ်စွမ်းအင်များ ပြည့်ဝလှသည့် ယုန်သားကင်ကို စားသုံးထားကြသည့် ကစားသမားများမှာ တစ်ကိုယ်လုံး ကြက်သွေးထိုးပေးထားသကဲ့သို့ စွမ်းအင်များ တစ်ဟုန်ထိုး တက်နေကြ၏။ ရင်ပြင်တစ်ခုလုံးတွင် တူထုသံ၊ ကျောက်ဆစ်သံများဖြင့် ဆူညံနေတော့၏။

ဆောက်လုပ်ရေး အင်ဂျင်နီယာချုပ် ‘ဦးလေးကျန်း’ ၏ ညွှန်ကြားမှုအောက်တွင် ပထမဆုံးသော တပည့်အိပ်ဆောင်၏ အုတ်မြစ်နှင့် တိုင်လုံးများမှာ သိသိသာသာ ပေါ်ထွက်လာချေပြီ။ သာမန် တန်းလျားပုံစံသာ ဖြစ်သော်လည်း အမိုးနှင့် နံရံများ ပါဝင်လာသဖြင့် အိမ်တစ်လုံး၏ သဏ္ဌာန်ကို ဆောင်နေ၏။

“သတိထားကြ... ဖြည်းဖြည်းချင်းကိုင်... ဒါက လုပ်ငန်းခွင်ပဲ...”

ဦးလေးကျန်းသည် မြက်ခြောက်ဖြင့် ရက်လုပ်ထားသည့် အကာအကွယ်ဦးထုပ်ကို ဆောင်းကာ၊ လက်ထဲမှ ပုံစံကြမ်းကို ကြည့်ရင်း အားရပါးရ ညွှန်ကြားနေ၏။

“ဒီတိုင်က သံသားသစ်သားနဲ့ လုပ်ထားတာ... မာတော့မာတယ်... ဒါပေမဲ့ ပျော့ပျောင်းမှုမရှိဘူး... ကျိုးမသွားစေနဲ့ဦး...”

“စိတ်ချပါ အင်ဂျင်နီယာကြီးကျန်း... ကျွန်တော်တို့ အစွမ်းကုန် လုပ်နေပါတယ် ခင်ဗျာ...”

သူဌေးသား ‘ပိုက်ဆံမရှားပါ’ ပင်လျှင် ယခုအခါ အခြားသူများနှင့် ရင်းနှီးသွားပြီး သစ်သားတိုင်ကို ပခုံးထက်ထမ်းကာ ပျော်ပျော်ပါးပါး အလုပ်လုပ်နေ၏။ မနေ့ညက စားခဲ့ရသည့် အသားကင်၏ အရသာက ဤဂိမ်းတွင် အလုပ်လုပ်ရခြင်းမှာ တန်ဖိုးရှိသည်ဟု သူ့ကို ယုံကြည်သွားစေခြင်း ဖြစ်ပေသည်။

ကျန်းချန်ကတော့ ထုံးစံအတိုင်း ခန်းမဆောင်ရှေ့ရှိ နေရာဟောင်း၌ပင် ထိုင်နေ၏။ လက်ဖက်ရည်တစ်ခွက်ကို အသာအယာကိုင်ကာ၊ စည်ကားစပြုနေသည့် ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ စိတ်အာရုံမှာ ကြည်လင်နေတော့သည်။

ကိုယ်တိုင်အားကိုးမှ ဘဝက ပြည့်စုံမည် မဟုတ်ပါလော။ ဒီအတိုင်းသာ ဆက်သွားနေပါက မနက်ဖြန်ဆိုလျှင် ပြုပြင်ပြီးသား ခန်းမဆောင်ကြီးထဲသို့ သူ ပြောင်းရွှေ့နေထိုင်နိုင်တော့မည် ဖြစ်သည်။

အေးချမ်းသာယာနေသည့် ထိုအခိုက်အတန့်၌...

“ဒုန်း... ဒုန်း... ဒုန်း...”

မြင်းခွာသံများက နံနက်ခင်း၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ ဖုန်လုံးကြီးများနှင့်အတူ ကြမ်းတမ်းလှသည့် ဆဲဆိုသံများ တောင်ပေါ်သို့ လွင့်ပျံလာတော့၏။

“ကွေ့ယွမ်ဂိုဏ်းက အဖိုးကြီး သေပြီလားဟေ့...”

“မသေသေးရင် ထွက်ခဲ့စမ်း... ဒီလအတွက် အကာအကွယ်ပေးခ ပေးရမယ့် အချိန်ရောက်ပြီ...”

ကစားသမားများ အားလုံး၏ လှုပ်ရှားမှုများ ရပ်တန့်သွားကြသည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့သြနေကြလေ၏။

“ဒါ ဘာအခြေအနေကြီးလဲ... ဇာတ်လမ်းစတာလား...”

“တစ်ယောက်ယောက်က လာရမ်းကားနေတာလား...”

ဂိုဏ်းတံခါးဝတွင် ဖုန်လုံးများ ထနေ၏။ မြင်းကြီးများကို စီးနင်းထားပြီး၊ သားရေချပ်ဝတ်များကို ဝတ်ဆင်ကာ သံဓားများကို ကိုင်ဆောင်ထားသည့် ဗလကောင်းကောင်း လူတစ်စုမှာ ရန်လိုသော အမူအရာဖြင့် ဝင်ရောက်လာကြသည်။

ခေါင်းဆောင်လာသူမှာ မျက်နှာတွင် အမာရွတ်များ ပြည့်နေသည့် မျက်လုံးတစ်ဖက်လပ် လူတစ်ယောက် ဖြစ်ပေသည်။ သူ၏ လက်ထဲတွင် ကွင်းကိုးကွင်းပါသည့် ဓားကြီးကို ကိုင်ထားပြီး၊ ဓားကျောမှ သံကွင်းများမှာ တဂျောက်ဂျောက် မြည်နေကာ ကြည့်ရသူကို တုန်လှုပ်စေ၏။

ဤသူများမှာ ဒေသတွင်း၌ နာမည်ကျော်သည့် ဆိုးသွမ်းအုပ်စု ‘လေမည်းတောင်ကုန်း’ မှ ဓားပြများ ဖြစ်ကြသည်။ ခေါင်းဆောင်လာသူမှာ တတိယခေါင်းဆောင် ‘ဝမ်မျက်နှာပေါက်’ ဖြစ်ပြီး ‘ချီ စုစည်းမှု အဆင့် (၅)’ ရှိသည့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။

ကွေ့ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ရှိစဉ်က သူတို့မှာ မရမ်းကားရဲကြချေ။ ယခုအခါ ဂိုဏ်းချုပ်ဟောင်း သေဆုံးသွားပြီဖြစ်ကြောင်း သတင်းရသည်နှင့် သွေးနံ့ရသည့် ယင်ကောင်များပမာ ချက်ချင်း ရောက်ရှိလာကြခြင်း ဖြစ်သည်။

“ဟီး...”

ဝမ်မျက်နှာပေါက်က မြင်းဇက်ကြိုးကို ဆွဲလိုက်သည်။ မြင်းကြီးမှာ ရှေ့ခြေနှစ်ဖက်ကို မြှောက်ကာ ‘နယူတန်၏ အခေါင်းဖုံး’ ကို နင်းမိမတတ် ဖြစ်သွား၏။

“ဘယ်ကောင်က ငါ့လမ်းကို ပိတ်ရဲတာလဲ...”

ဝမ်မျက်နှာပေါက်က ဟိန်းဟောက်လိုက်သည်။ ‘ချီ စုစည်းမှု အဆင့် (၅)’ ရှိသူ၏ အရှိန်အဝါကို ထုတ်လွှတ်ကာ ဤ ‘အစေခံ’ များကို ခြောက်လှန့်ရန် ကြိုးစားလိုက်ခြင်း ဖြစ်ပေသည်။

သာမန် ဝတ္ထုဇာတ်လမ်းများအတိုင်းဆိုလျှင်၊ ဤအချိန်၌ တပည့်များမှာ ကြောက်ရွံ့တုန်လှုပ်နေကြမည် ဖြစ်သည်။ သို့သော်... သူ ရင်ဆိုင်နေရသည်မှာ ‘စတုတ္ထကပ်ဘေး’ ဟု ခေါ်သည့် ကစားသမားများ မဟုတ်ပါလော။

‘နယူတန်၏ အခေါင်းဖုံး’ က ရှောင်တိမ်းခြင်း မရှိ။ သူသည် မြင်းခွာကိုပင် မော့မကြည့်ဘဲ မြင်းခြေထောက်မှ ကြွက်သားများကိုသာ စိုက်ကြည့်ရင်း ရေရွတ်နေ၏။

“ဒါက အခြားကမ္ဘာက မြင်းလား... ခြေလက်အင်္ဂါတွေရဲ့ ဖိအားခံနိုင်ရည်က... ဒီကြွက်သားထုနဲ့ဆိုရင် အရှိန်နှုန်းက ဘယ်လောက်တောင် ရှိမလဲ...”

အခြားကစားသမားများမှာမူ ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက်၊ သူတို့၏ မျက်လုံးများမှာ အရောင်ပြောင်းလာကြတော့သည်။ ထိုအကြည့်များကြောင့် မြင်းပေါ်မှ ဝမ်မျက်နှာပေါက်ပင် ကျောထဲတွင် စိမ့်သွားရလေ၏။

အဘယ်ကြောင့်ဆိုသော် ထိုအကြည့်များမှာ ကြောက်ရွံ့ခြင်း မဟုတ်သောကြောင့်ပင်။ ၎င်းမှာ... ‘လောဘ’ အကြည့်များ ဖြစ်ပေသည်။ ဆာလောင်နေသော ဝံပုလွေက ဝဖီးသော သိုးတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့၊ သို့မဟုတ် သူတောင်းစားတစ်ယောက်က ရွှေတောင်ကြီးကို တွေ့လိုက်ရသကဲ့သို့သော အကြည့်မျိုး ဖြစ်ပေသည်။

“သောက်ကျိုးနည်း... နာမည်နီနဲ့ ရန်သူတွေဟေ့...”

ဝမ်သဲ့ဖာက လက်ထဲမှ အုတ်ခဲကို ပစ်ချလိုက်သည်။ သူသည် ဓားပြအုပ်စုကို လက်ညှိုးထိုးပြကာ၊ စိတ်လှုပ်ရှားလွန်းသဖြင့် အသံများပင် တုန်ရီနေတော့၏။

“ညီအစ်ကိုတို့... အလုပ်စလို့ရပြီ... သူတို့က ‘လူသားမိစ္ဆာ’ တွေကွ...”

“လူသားမိစ္ဆာ ဆိုတာ ဘာကို ပြောတာလဲ...”

‘ကောင်းကင်ခွင်း ဓားတစ်လက်’ က ခါးမှ သံချေးတက်ဓားကို အေးအေးလူလူ ဆွဲထုတ်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းများ ဖြတ်သန်းသွား၏။

“အဲဒါက... ပစ္စည်းကောင်းတွေ ထွက်မယ့် ရန်သူတွေလို့ ပြောတာပေါ့...”

သူသည် စစ်မြေပြင်ကို ချက်ချင်း အကဲခတ်လိုက်သည်။

“ဟိုခေါင်းဆောင်ကို ကြည့်စမ်း... သူ့လက်ထဲက ဓားက ငွေရောင်လက်နေတာပဲ... အဲဒါ အဆင့်မြင့်ပစ္စည်း ဖြစ်ရမယ်...”

“ဟိုဘက်က လူယုံကို ကြည့်ဦး... သူက သားရေချပ်ဝတ် ဝတ်ထားတာ... ငါတို့ ဝတ်ထားတဲ့ လျှော်တေအင်္ကျီထက် အကာအကွယ် ပိုကောင်းမှာ သေချာတယ်...”

“မြင်းတွေကိုလည်း ကြည့်ဦး... အဲဒါတွေက စီးတော်ယာဉ်တွေကွ...”

“ဝုန်း...”

အိမ်ဆောက်နေသည့် ကစားသမား တစ်ဒါဇင်ကျော်မှာ လက်ထဲမှ ကိရိယာများကို ချက်ချင်း ပစ်ချလိုက်ကြသည်။ စောစောက အလုပ်ကြိုးစားနေသည့် ဆောက်လုပ်ရေးသမားများမှာ၊ တစ်စက္ကန့်အတွင်း မျက်လုံးထဲတွင် အစိမ်းရောင်အလင်းများ တောက်နေသည့် ဓားပြများအဖြစ် ပြောင်းလဲသွားကြတော့သည်။

ဝမ်မျက်နှာပေါက်မှာ ထိုလူများ၏ စိုက်ကြည့်ခြင်းကို ခံရသဖြင့် နေရခက်လာ၏။ ဤသည်မှာ သူ ထင်ထားသည့် ပုံစံမဟုတ်ချေ။ ကွေ့ယွမ်ဂိုဏ်းတွင် အိုမင်းမစွမ်းသူများသာ ကျန်တော့သည် မဟုတ်ပါလော။ အဘယ်ကြောင့် ဤ ဒုက္ခသည်ပုံစံပေါက်နေသူများ၏ မျက်လုံးထဲတွင် အငမ်းမရ ဖြစ်နေသည့် အကြည့်များ ရှိနေရသနည်း။

“ဟင်း...”

ဝမ်မျက်နှာပေါက်က စိတ်ကို တင်းထားပြီး၊ လှေကားထစ်တွင် ထိုင်နေသည့် ကျန်းချန်ကို ဓားဖြင့် ညွှန်ပြကာ အော်ဟစ်လိုက်သည်။

“မောင်ရင် ကျန်း... ဟန်ကိုယ်ဖို့ လုပ်မနေနဲ့... မင်း သိက္ခာရှိရှိ နေချင်ရင် ဂိုဏ်းထဲမှာ ရှိသမျှ ဝိညာဉ်ကျောက်တုံးနဲ့ ဆေးလုံးတွေကို အကုန်ထုတ်ပေးစမ်း... မဟုတ်ရင်တော့ ဒီနေ့ မင်းတို့ ဂိုဏ်းကို မြေလှန်ပစ်မယ်...”

ကျန်းချန်ကတော့ စင်မြင့်ထက်တွင် အေးအေးလူလူ ထိုင်ကာ လက်ဖက်ရည်ကို မှုတ်သောက်နေဆဲ ဖြစ်သည်။ သူသည် မျက်တောင်တစ်ချက်ပင် မခတ်ချေ။ ဤကဲ့သို့သော ‘ချီ စုစည်းမှု အဆင့်’ ရှိသည့် လူညံ့များကို သူ လက်တစ်ဖက်တည်းနှင့်ပင် နှိမ်နင်းနိုင်ပေသည်။

သို့သော် သူ ကိုယ်တိုင် မလှုပ်ရှားလိုချေ။ ဤကဲ့သို့သော လေ့ကျင့်ခန်းကောင်း (ပစ္စည်းလာပို့ပေးသည့် အခွင့်အရေး) ကို အဘယ်ကြောင့် လက်လွှတ်ခံမည်နည်း။ ကျန်းချန်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး၊ အေးစက်သော လေသံဖြင့် ပြောလိုက်၏။

“ဂိုဏ်းတော်ဆိုတာ အေးချမ်းတဲ့နေရာ... ခွေးဟောင်သံတွေကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ...”

“တပည့်တို့... ငါ့အမိန့်ကို နားထောင်ကြ...”

“ရှိပါတယ် ခင်ဗျာ... ”

ကစားသမား တစ်ဒါဇင်ကျော်မှာ ပြိုင်တူ လွှတ်ခနဲ အော်ဟစ်လိုက်ကြသဖြင့်၊ ဝမ်မျက်နှာပေါက် စီးနင်းထားသည့် မြင်းကြီးပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားရ၏။ ကျန်းချန်က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သောအခါ၊ အနီရောင် တာဝန်ပေးချက် တစ်ခု လူတိုင်း၏ မျက်လုံးရှေ့တွင် ပေါ်လာတော့၏။

[ဂိုဏ်း အရေးပေါ်တာဝန် - အိမ်ကို ကာကွယ်ခြင်း]

[ဖော်ပြချက် - ‘လေမည်းတောင်ကုန်း’ မှ ဓားပြများက သင်တို့၏ ကြိုးစားအားထုတ်မှုများကို လုယူရန်နှင့် အိမ်များကို ဖျက်ဆီးရန် ကြိုးစားနေကြသည်။ ဤအရာကို သည်းခံနိုင်ဦးမည်လော။]

[ရည်မှန်းချက် - ကျူးကျော်သူများကို နှိမ်နင်းပါ။]

[ဆုလာဘ် - စုဆောင်းမှတ် အမြောက်အမြား။ ပြီးနောက် ရန်သူထံမှ ရရှိသော လက်နက်၊ ချပ်ဝတ်နှင့် မြင်းများကို သတ်ဖြတ်သူက ပိုင်ဆိုင်စေရမည်။]

“သတ်ဖြတ်သူက ပိုင်ဆိုင်စေရမည်” ဟူသော နောက်ဆုံးစာကြောင်းမှာ တစ်ရင်ပြင်လုံးကို မီးဟုန်းဟုန်း တောက်သွားစေတော့သည်။

“သတ်ဟေ့... ”

“ဟိုဓားက ငါ့ဟာ... ဘယ်သူမှ လာမလုနဲ့နော်...”

“ဟိတ်လူတို့၊ သားရေဘောင်းဘီ ဝတ်ထားတဲ့ကောင်က ငါ့ဟာ... ငါ့မှာ ဘောင်းဘီ မရှိသေးလို့...”

ကစားသမား တစ်ဒါဇင်ကျော်မှာ လက်ထဲတွင် ရှိသည့် ဂေါ်ပြား၊ ပေါက်ပြား၊ သစ်သားတုတ်နှင့် မြေကြီးပေါ်က ကောက်ရသည့် အုတ်ခဲများကို ကိုင်ကာ၊ ရူးသွပ်နေသော ဖုတ်ကောင်အုပ်ကြီးပမာ အော်ဟစ်ကာ ပြေးဝင်သွားကြတော့၏။

ဝမ်မျက်နှာပေါက်မှာ ကြောင်အမ်းသွားရချေပြီ။

“ရူးနေတာပဲ... အားလုံး ရူးနေကြတာပဲ...”

“ဒီလူတွေက အသက်ကို မနှမြောကြဘူးလား... ငါက အဆင့် (၅) ကျင့်ကြံသူကွ...”

“သတ်ကြစမ်း... တစ်ယောက်မှ အရှင်မထားနဲ့...”

ဝမ်မျက်နှာပေါက်က ဒေါသတကြီးဖြင့် ဓားကို ဝှေ့ယမ်းလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ဖြစ်ပျက်သွားသည့် အရာများက သူ့ဘဝကို သူ ပြန်၍ သံသယဝင်သွားစေတော့သည်။

သူဌေးသား ကစားသမား ‘ပိုက်ဆံမရှားပါ’ သည် သူ ဝယ်ထားသော သံဓားနှင့် ဝတ်ရုံကို အားကိုးကာ ဝမ်မျက်နှာပေါက်၏ မြင်းရှေ့သို့ ဦးဆုံး ရောက်ရှိလာသည်။ သူသည် တိုက်ခိုက်ခြင်း မပြုဘဲ၊ ဝမ်မျက်နှာပေါက်ကို ကြည့်ကာ ရိုးသားလှသော မျက်နှာပေးဖြင့် အော်ပြောလိုက်၏။

“အစ်ကိုကြီး... အဲဒီဓားကို ရောင်းမလားဗျာ... ကျွန်တော် စုဆောင်းမှတ် နှစ်ထောင် ပေးမယ်...”

“မရောင်းရင်လည်း အစ်ကိုကြီး ဝတ်ထားတဲ့ သားရေချပ်ဝတ်ကို ချွတ်ပြီး ကျွန်တော့်ကို ရောင်းပါလား...”

ဝမ်မျက်နှာပေါက် - “.........”

ဒါက တိုက်ပွဲကွ။ အတည်ပေါက် လုပ်စမ်းပါ။ မင်းက ငါ့ပစ္စည်းကို လာဝယ်နေတာလား။

“သေစမ်း... ”

ဝမ်မျက်နှာပေါက်က ဓားဖြင့် ပိုင်းချလိုက်သည်။

“ဖပ်...”

‘ပိုက်ဆံမရှားပါ’ မှာ တစ်ချက်တည်းဖြင့် နှစ်ပိုင်း ပြတ်သွားပြီး အဖြူရောင် အလင်းတန်းအဖြစ် ပျောက်ကွယ်သွားတော့၏။

“ဟားဟားဟား... အသုံးမကျတဲ့ကောင်...” ဝမ်မျက်နှာပေါက်က အားရပါးရ ရယ်လိုက်သည်။

သို့သော် သူ၏ ရယ်သံ မဆုံးခင်မှာပင်၊ ဘေးနားရှိ အခြားကစားသမားများမှာ ကြောက်လန့်သွားခြင်း မရှိရုံတင်မကဘဲ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်ကို တွေ့လိုက်ရ၏။

“သူဌေးကြီး သေသွားပြီဟေ့... ငါတို့နဲ့ လုမယ့်သူ မရှိတော့ဘူး...”

“ညီအစ်ကိုတို့... ခေါင်းဆောင်ကင်တာက တိုက်ခိုက်ပြီးရင် ခဏ နားရတယ်... အခုက အခွင့်အရေးပဲ... သူ့ကို ဝိုင်းဖမ်းကြ...”

ဆောက်လုပ်ရေး အင်ဂျင်နီယာချုပ် ဦးလေးကျန်းကလည်း ဂေါ်ပြားကို ဝှေ့ယမ်းကာ စစ်မြေပြင်တွင် ကျွမ်းကျင်လှသော (ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လေ့ကျင့်ထားသော) ဗျူဟာများကို ထုတ်သုံးလိုက်၏။

“အဖွဲ့ (၁) နဲ့ (၂)... သစ်တုံးတွေကို သုံးပြီး မြင်းခြေထောက်တွေကို တိုက်ကြ... သူတို့ကို မြင်းပေါ်က အရင် ချရမယ်...”

“အဖွဲ့ (၃)... ထုံးမှုန့်နဲ့ ပက်ကြ... အဲဒါ ငါတို့ရဲ့ လျှို့ဝှက်လက်နက်ပဲ...”

“ဝူး...”

ထုံးမှုန့် (ဆောက်လုပ်ရေး အကျွင်းအကျန်များ) မှာ ကောင်းကင်ယံထက်တွင် ပြည့်နှက်သွားပြန်လေပြီ။

ထို့ပြင် အချို့ကစားသမားများက မနေ့က ဆန်ပြုတ်ချက်ရာမှ ကျန်ရှိနေသော ပူနွေးသည့် ဟင်းရည်များဖြင့်ပင် ပက်ကြ၏။

“အား... ငါ့မျက်လုံးတွေ...”

“ဒါ ဘာဟင်းရည်ကြီးလဲ... ပူလိုက်တာဗျာ...”

“ယုတ်မာလိုက်ကြတာ... ကွေ့ယွမ်ဂိုဏ်းက ဖြောင့်မတ်တဲ့ဂိုဏ်း မဟုတ်ဘူးလား... ဘာလို့ ထုံးမှုန့်တွေ သုံးနေရတာလဲ...”

ဓားပြများမှာ ပရမ်းပတာ ဖြစ်ကုန်ကြတော့သည်။ မြင်းများမှာလည်း လန့်ဖျပ်ကာ လူများကို မြေပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် ချပစ်လိုက်ကြ၏။ မြေပေါ်သို့ ရောက်သည်နှင့် ကစားသမားများ၏ လက်ချက်ဖြင့် အကြီးအကျယ် ခံကြရလေတော့သည်။

ကစားသမား အချို့မှာ ဓားပြတစ်ယောက်ကို ဝိုင်းအုံ ဖိထားကြပြီး၊ အုတ်ခဲများဖြင့် ခေါင်းကို တရစပ် ထုနေကြ၏။

“မင်းက ဘာမို့လို့လဲ... အကာအကွယ်ပေးခ လာတောင်းရတာလဲ...”

“ဖိနပ်ကို ချွတ်လိုက်စမ်း... အဲဒီဖိနပ်က အကာအကွယ်ကောင်းမယ့် ပုံပဲ...”

အသနားစရာ အကောင်းဆုံးမှာ ဝမ်မျက်နှာပေါက် ပင် ဖြစ်ပေသည်။ ‘ချီ စုစည်းမှု အဆင့် (၅)’ ရှိသော ကျွမ်းကျင်သူ တစ်ဦးဖြစ်သော်လည်း၊ ကစားသမား (၅) ယောက်က သူ၏ ခြေလက်များကို အသေဖက်ထားကြသဖြင့် မလှုပ်နိုင်တော့ချေ။

ဝမ်သဲ့ဖာကမူ သူ၏ လည်ပင်းပေါ်တွင် ခွစီးထားပြီး၊ သံချေးတက်ဓားဖြင့် သူ၏ အကာအကွယ် အလင်းတန်းကို သစ်သားလွှတိုက်သကဲ့သို့ တဂျောက်ဂျောက် တိုက်နေ၏။

“မသတ်ပါနဲ့... မသတ်ပါနဲ့ဗျာ...”

ဝမ်မျက်နှာပေါက် တစ်ယောက် စိတ်ဓာတ်များ အကြီးအကျယ် ပျက်ပြားသွားရချေပြီ။ သူ၏ ဓားပြဘဝ တစ်လျှောက်လုံးတွင် ဤကဲ့သို့ အသက်ကို မနှမြောဘဲ၊ လောဘကြီးလှသည့်အပြင် စည်းကမ်းလည်း မရှိသည့် ပြိုင်ဘက်မျိုး တစ်ခါမှ မတွေ့ဖူးချေ။

“ပိုက်ဆံပေးမယ်... ပစ္စည်းပေးမယ်... ငါ့ဘောင်းဘီကိုတော့ လာမချွတ်ကြပါနဲ့ဗျာ...”

လှေကားထစ်တွင် ထိုင်နေသည့် ကျန်းချန်သည် ဤ ‘လူ့ငရဲခန်း’ ကို ကြည့်ရင်း အင်္ကျီလက်စဖြင့် မျက်နှာကို အသာအယာ ဖုံးလိုက်မိသည်။

ရက်စက်လွန်းလှသည်။

ရှက်ဖို့လည်း ကောင်းလွန်းလှသည်။

နောင်တစ်ချိန်ကျရင် မင်းတို့က ငါ့တပည့်တွေပါလို့ ဘယ်သူ့ကိုမှ သွားမပြောကြနဲ့ဦး... ငါ မျက်နှာမပြရဲဘူး။

သို့သော်... ကျန်းချန်သည် လက်ကြားမှနေ၍ ကစားသမားများ ချွတ်ယူနေကြသော ဓားများ၊ သားရေချပ်ဝတ်များနှင့် စစ်မြင်း (၁၀) ကောင်ကျော်ကို ကြည့်ကာ ပြုံးလိုက်မိ၏။

ဒါက... ပစ္စည်းလာပို့ပေးသည့် ‘သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့’ များ ဖြစ်ရမည်။

တကယ်ကို အဆင်ပြေလှပေသည်။

All Chapters