အဆင့်တစ်ခုဆီသို့ တက်လှမ်း၍
Vol. 8 Ch. 742
ပိုင်ရှောင်ချန်းမှာ နိမိတ်ဖတ်ခြင်းအတတ်ထဲတွင် စိတ်ရောကိုယ်ပါ နစ်မြုပ်နေတော့သည်။ သို့သော် ကြည့်ရှုနေကြသူများမှာ သူ့ကိုဝန်းရံနေသည့် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို မြင်လိုက်ရသောအခါ အုတ်အော်သောင်းနင်းဖြစ်ကုန်ကြသည်။
" ဆယ့်ခြောက်ရောင်ခြယ် မီးပင်လယ်ပါလား။ ပိုင်ဟောင်သာ နောက်ဆုံးအဆင့်ကို အပြီးသတ်နိုင်ပြီဆိုရင် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်တစ်ခု ရရှိတော့မှာပဲ "
" တော်တော်ကို အံ့သြဖို့ကောင်းပါလား။ သူ့ စွမ်းဆောင်မှုတွေက အသစ်အဆန်းတွေချည်းပဲ။ မီးတောက်ဖော်စပ်တဲ့နေရာမှာ ဒီလောက်ရင်သပ်ရှုမောစရာကောင်းအောင် လုပ်နိုင်တဲ့လူရှိလိမ့်မယ်လို့ ငါတစ်ခါမှ စိတ်ကူးနဲ့တောင် မတွေးဖူးဘူး "
" ခဏနေပါဦး.... မဟုတ်မှလွဲရော အဲဒါ ဒဏ္ဍာရီလာ သဟဇာတမီးတောက် မလား "
ဆူညံသံများမှာ တိတ်ဆိတ်မသွားပေ။ လူတိုင်းမှာ သူတို့မြင်တွေ့နေရသည့် အရာများကြောင့် အံ့အားသင့်နေကြပြီဖြစ်သည်။
ဆူဆူညံညံအသံများက စုဝေးသွားသည့်အလား မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ဖြစ်ပေါ်လာတော့သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ မီးပင်လယ်တစ်စင်းဝန်းရံထားသည့် သူ၏ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲတွင် ရောက်နေသည်ဖြစ်ပြီး နိမိတ်ဖတ်ခြင်းအတတ်ထဲတွင် အပြီးတိုင် စီးမျောနေသည်။ ထိုသို့သာ ဖြစ်မနေပါက ထိုမိုးခြိမ်းသံကဲ့သို့သော အသံကြီးမှာ သူ၏အာရုံကို ထွေပြားသွားစေမည်ဖြစ်သည်။
ကျိုးဟုန်၏ မျက်ဝန်းများထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များ စူးရှတောက်ပနေသည်။ နတ်ဝံပုလွေလေးနှင့် အခြားလက်ရွေးစင်များမှာလည်း တစ်ခုခုထူးဆန်းနေပြီဖြစ်ကြောင်း သိလိုက်ကြသည်။ ပိုင်ရှောင်ချန်းကို အနှောင့်အယှက်ပေးရန် တွေးလိုက်ကြသော်လည်း ထိုသို့သာ လုပ်လိုက်ပါက အများပြည်သူမှာ အုံးအုံးကျက်ကျက် ဖြစ်သွားမည်ကို သိလိုက်သည်။ ထို့အပြင် ပိုင်ရှောင်ချန်းမှာ အပြင်းအထန် ပြန်လည်တုံ့ပြန်နိုင်မည် ဟုတ်၊မဟုတ်ကို မည်သူမှ မသိနိုင်ပေ။ ထို့ကြောင့် သူတို့မှာ စိတ်ပျက်စွာနှင့် လက်ပိုက်၍သာ စောင့်ကြည့်နေရတော့သည်။
" သောက်ကျိုးနည်း "
လီထျန်ရှန်က အံကြိတ်ကာ ညည်းညူလိုက်သည်။
" ဘယ်တုံးကစပြီး လူတစ်ယောက်ယောက်ကို မကောင်းကြံဖို့က ငါတို့အတွက် အဲဒီလောက်ခက်ခဲသွားရတာလဲ "
သို့သော် သူ့အတွက် ခါးသီးစွာထိုင်ကြည့်နေရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ ကျိုးဟုန်၏မျက်ဝန်းထဲရှိ စူးရှတောက်ပသော အရိပ်အယောင်များကို ကြည့်မိလိုက်သောအခါ ပိုင်ရှောင်ချန်းကို နှောင့်ယှက်ဖို့ ကြိုးစားရန်မှာ မသင့်တော်ကြောင်း လီထျန်ရှန်က သိလိုက်သည်။
" ဒီကောင်က ရူးနေတာပဲ "
ကျိုးဟုန်က စိတ်ထဲတွင် ရေရွတ်လိုက်သည်။
" သူဒီလို ဉာဏ်အလင်းပွင့်နေတာကို နှောင့်ယှက်ဖို့ ငါတစ်ခုခု လုပ်လို့တော့ရတယ်။ ဒါပေမဲ့ သူက ဖြစ်ချင်ရာဖြစ်ဆိုပြီး မထင်မှတ်ထားတဲ့အရာတစ်ခုခု ပြန်လုပ်ရင် ဘယ်လိုလုပ်မလဲ "
သူကအံကြိတ်ကာ ခေါင်းယမ်းလိုက်သည်။ အမှန်တကယ်တော့ မြေရိုင်းဒေသတစ်ခုလုံးနီးပါးက ဝိညာဥ်ရေနွေးအိုးထဲတွင် ပိုင်ရှောင်ချန်းလုပ်ခဲ့သည့် အရာများကြောင့် တုန်လှုပ်ခဲ့ရသည်ဖြစ်ပြီး ထိုကိစ္စတွင် ပါဝင်ခဲ့သည့် လက်ရွေးစင်အားလုံးသည်လည်း များစွာ ထိခိုက်နစ်နာခဲ့ရသည်။
ထိုစဥ် စီမာတာအိုနှင့် စွန်းရီဖန်တို့ နှစ်ယောက်စလုံး၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ကင်းမဲ့နေသည့် အရိပ်အယောင်များကို မြင်နေရပြီဖြစ်သည်။ သူတို့သည် ကောင်းကင်အောက်လမ်းဆရာများ ဖြစ်သဖြင့် လက်ရှိအခြေအနေကို ဤနေရာတွင်ရှိနေသူတိုင်းထက် ပို၍သိနားလည်နေသည်။ ယခုလက်ရှိအတိုင်းဆိုလျှင် သူတို့မှာ ပိုင်ရှောင်ချန်းကို လုံးဝမယှဥ်နိုင်ကြောင်း သိလိုက်ပြီဖြစ်သည်။
ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်ရှိ ဆယ့်ခြောက်ရောင်ခြယ် မီးပင်လယ်ကို အခြားလူအားလုံးက ကြည့်လိုက်ကြသောအခါ သူတို့မှာ ထိုပင်လယ်သည် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်တစ်ခုအသွင် ပြောင်းလဲသွားမည်ဟု ထင်နေကြသည်။ သို့သော် စီမာတာအိုနှင့် စွန်းရီဖန်တို့နှစ်ယောက်စလုံးမှာ ထို ဆယ့်ခြောက်ရောင်ခြယ်မီးတောက်အပေါ်တွင်ရှိသော ပိုင်ရှောင်ချန်း၏ ထိန်းချုပ်နိုင်စွမ်းမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်သော အဆင့်အထိ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ကြသည်။ သူတစ်ချက်လောက် တွေးလိုက်ရုံဖြင့် မီးတောက်အဖြစ် ပြောင်းလဲပစ်နိုင်သည်ကို သူတို့နှစ်ယောက်စလုံး သိသွားကြပြီ ဖြစ်သည်။
" ငါတို့က ဒါကြီးကို ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ " သူတို့နှစ်ယောက်စလုံးမှာ ထိုသို့သာ တွေးနေနိုင်တော့သည်။ တချိန်ထဲမှာပင် သူတို့နှစ်ယောက်စလုံးမှာ အရှုံးမပေးလိုသေးပေ။ သူတို့သည် နီမြန်းနေသည့်မျက်ဝန်းများဖြင့် ယခုအထိ သူတို့ဖန်တီးထားခဲ့သည့် ဆယ့်ငါးရောင်ခြယ်မီးတောက်လေးခုစီကို ကြည့်လိုက်ကြပြီး အခွင့်အရေးတစ်ခုသာရှိတော့ကြောင်း ဆုံးဖြတ်လိုက်တော့သည်။
၎င်းမှာ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် ဆောင်ရွက်ရန်သာဖြစ်သည်။
သူတို့တတ်ထားသမျှ ပညာအားလုံးထုတ်ဖော်လိုက်ပါက ကံထူးပြီး လက်ရှိ ဆယ့်ငါးရောင်ခြယ်မီးတောက်များကို တစ်ကြိမ်ထဲနှင့် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်အသွင်ပြောင်းလဲနိုင်ချေ ရှိသည်။
ထိုသို့အောင်မြင်နိုင်ချေမှာ အနည်းငယ်သာ ရှိသော်လည်း သူတို့စိတ်ထဲတွင် ထိုမျှော်လင့်ချက်တစ်ခုသာ ကျန်တော့သည်။
" စွန့်စားရမဲ့ အချိန်ရောက်ပြီဟေ့ "
စွန်းရီဖန်က အံကြိတ်ကာ ရေရွတ်လိုက်သည်။ စီမာတာအို၏မျက်ဝန်းများမှာလည စွန်းရီဖန်အတိုင်း နီမြန်းနေသည်။ သူတို့နှစ်ယောက်စလုံးမှာ ဤယှဥ်ပြိုင်မှုကို အနိုင်ရရန်အတွက် အသက်စွန့်ရန်ပင် အဆင်သင့်ဖြစ်နေတော့သည်။
သို့သော် သူတို့မှာ ထိုသို့စိတ်ပိုင်းဖြတ်လိုက်ချိန်တွင် ပိုင်ရှောင်ချန်းက ရုတ်တရက် မော့ကြည့်လာပြီး အရူးတစ်ယောက်အလား ရယ်မောနေတော့သည်။ သူသည် ပျော်ရွှင်မြူးထူးစွာြဖင့် လက်နှစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက်လိုက်ပြီး သူ၏မျက်ခုံးများ အဆက်မပြတ်လှုပ်ခတ်လာကာ အော်ဟစ်လိုက်တော့သည်။
" ငါနားလည်ပြီ။ ငါနားလည်သွားပြီကွ။ ဒီနည်းလမ်းဆို အောင်မြင်မှာသေချာတယ်။ ငါစမ်းကြည့်ရမယ်။ ငါစမ်းကြည့်ရမယ်ဟေ့ "
သူ၏ခေါင်းထဲတွက် သူ့တပည့် တွက်ချက်ခဲ့သော ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖော်စပ်နိုင်သည့် မတူညီသော နည်းလမ်းနှစ်ခုနှင့်သာ ပြည့်နှက်နေတော့သည်။
ပထမတစ်လမ်းမှာ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်များစွာကို စုစည်း၍ ၎င်းတို့ကို ဆန်းသစ်သောအရာတစ်ခုသို့ ပြောင်းလဲရန်ဖြစ်သည်။ ထိုနည်းလမ်းတွင် အဓိကအရာမှာ အမုန်းဝိညာဥ်များမဟုတ်ပဲ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကိုယ်တိုင်သာ ဖြစ်သည်။
ဒုတိယနည်းမှာ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်တစ်ခုကို ယူပြီး ၎င်းကိုမီးပင်လယ်တစ်စင်းအဖြစ် ဖြန့်ကြက်ကာ ထိုမီးတောက်ကိုသုံး၍ အခြားအရောင်တစ်ခုကို ဖြည်းဖြည်းချင်းထည့်ပေါင်းရန်ဖြစ်သည်။ ဆယ့်ရှစ်ခုမြောက်အရောင် အပြည့်အဝပေါ်လာသောအခါတွင်မှ ထိုမီးပင်လယ်ကို မီးတောက်တစ်ခုအသွင် ပြန်၍ ပြောင်းလဲမည်ဖြစ်သည်။
ဒုတိယနည်းမှာ အလွန် တုန်လှုပ်ဖွယ်ကောင်းပြီး ယခင်က မည်သူမှမသုံးခဲ့ဖူးသည့် နည်းလမ်းမျိုးဖြစ်သည်။ သမားရိုးကျ မီးတောက်ဖန်တီးသည့် လမ်းစဥ်နှင့် လုံးဝကွဲထွက်ကာ ဆန့်ကျင်နေသည်။
ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖော်စပ်နည်းများမှာ အလွန်ရှားပါးသည် မဟုတ်ပါလော။ သရဲကြီးဘုရင်ထံမှာပင် ရှိသည်မဟုတ်ပေ။ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို အောင်မြင်စွာဖန်တီးနိုင်သည့်လူမှာ ချက်ချင်းပင် လောကဓာတ်အောက်လမ်းဆရာ တစ်ယောက်ဖြစ်သွားမည်။ ထို လောကဓာတ်အောက်လမ်းဆရာများမှာ မြေရိုင်းဒေသတွင် ရှားသထက်ရှားသည့် လူများဖြစ်သည်။
လောကဓာတ်အောက်လမ်းဆရာအားလုံးမှာ အလွန်မြင့်မားသော ရာထူးများကိုပိုင်ဆိုင်ထားကြပြီး ကောင်းကင်ဘုရင်များထက် အဆင့်မနိမ့်ပေ။ လက်ရှိမြေရိုင်းဒေသတွင် လောကဓာတ်အောက်လမ်းဆရာ စုစုပေါင်း သုံးယောက်သာရှိသည်။ သူတို့မှာ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများထက်ပင် ရှားပါးနေသည်။
ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားမှုများကြောင့် ရင်ကွဲလုမတတ်ပင် ဖြစ်နေသော်လည်း အသက်ရှူသံမှန်စေရန် သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ ယခုအခါ သူသည် ပြိုင်ပွဲအကြောင်းကို လုံးဝမေ့သွားပြီဖြစ်ပြီး မီးတောက်ဖန်တီးခြင်းတွင်သာ အာရုံအပြည့်စိုက်နေသည်။ ထို့ကြောင့် သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ကိုဝန်းရံနေသည့် ဆယ့်ခြောက်ရောင်ခြယ်မီးပင်လယ်ကြီးကို စစ်မှန်သော ဆယ့်ခြောက်ရောင်ခြယ်မီးတောက်တစ်ခုအသွင် အလျှင်အမြန် ပြောင်းလဲလိုက်တော့သည်။
ချီးကျူးသည့် စကားသံများ ထွက်မလာသေးခင်၊ စွန်းရီဖန်နှင့် စီမာတာအိုတို့က ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို ဖန်တီးရန် မစရသေးခင် အချိန်စပ်ကြားလေးမှာပင် ပိုင်ရှောင်ချန်းက သူတို့နှစ်ယောက်နှင့် သူတို့၏ဘေးတွင် ပျံဝဲနေသည့် ဆယ့်ငါးရောင်ခြယ်မီးတောက်များကို လှည့်ကြည့်လိုက်သည်။
သူ၏အသိစိတ်ကို နည်းလမ်းအသစ်က လွှမ်းမိုးထားသဖြင့် သူ့မျက်ဝန်းများက စူးရှတောက်ပနေပြီး သူက စွန်းရီဖန်နှင့် စီမာတာအိုတို့ကို လျစ်လျူရှုကာ လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်တာအို ယင်ယန်ဝိညာဥ်၏ စွမ်းအားများ ထွက်ပေါ်လာတော့သည်။ စီမာတာအိုနှင့် စွန်းရီဖန်တို့ကို အငိုက်မိသွားစေသည့် လေပြင်းမုန်တိုင်းတစ်ခုကို ချက်ချင်း ဖန်တီးလိုက်ပြီး သူတို့ကို ပြိုင်ပွဲပြိုင်နေသည့် နေရာအပြင်ဘက်သို့ လွင့်စင်သွားအောင် လုပ်လိုက်တော့သည်။
" မင်းဘာလုပ်နေတာလဲ ပိုင်ဟောက် "
" ပိုင်ဟောက် "
သူတို့၏နှုတ်ခမ်းေထာင့်စွန်းမှ သွေးများစီးကျလာပြီး သူတို့၏အတွေးများချာချာလည်သွားတော့သည်။ ကြည့်ရှုေနကြသူများမှာမူ ပိုင်ရှောင်ချန်း၏ လုပ်ရပ်များကြောင့် မှင်တက်သွားကြပြီး အလန့်တကြားအော်ဟစ်နေကြတော့သည်။ ပိုင်ဟောက်တစ်ယောက်သာ သူ့ဆရာ၏ အတွေးကို ရိပ်မိဟန်တူသဖြင့် သူ့မျက်ဝန်းများမှာ စူးရှတောက်ပလာတော့သည်။
ပိုင်ရှောင်ချန်းမှာ စွန်းရီဖန်နှင့် စီမာတာအိုတို့၏ စကားကိုပင် မကြားနိုင်တော့ပေ။ သူ့တို့နှစ်ယောက်ကျန်ခဲ့သည့် ဆယ့်ငါးရောင်ခြယ်မီးတောက် ရှစ်ခုကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏လက်ကို နောက်ထပ်တစ်ကြိမ်ထပ်မံ ဝှေ့ယမ်း၍ ထိုမီးတောက်များကို သိမ်းဆည်းလိုက်သောအခါ စွန်းယိဖန်နှင့် စီမာတာအိုတို့မှာ ဒေါသတကြီး အော်ဟစ်နေကြတော့သည်။
လူများစွာမှာလည်း မယုံကြည်နိုင်သည့် အမူအရာများဖြင့် မျက်လုံးများပြူးနေကြပြီး ထိုအချင်းအရာကို အဖြေထုတ်ရန် ကြိုးပမ်းနေကြသည်။
" မင်းဘာတွေလုပ်နေတာလဲ ပိုင်ဟောက် "
" ဘာ၊ ဘာတွေဖြစ်နေတာလဲ "
" ဒါပြိုင်ပွဲမဟုတ်ဘူးလား။ ဘာလို့မင်းက ရုတ်တရက်ကြီး ငါတို့မီးတောက်တွေကို ခိုးယူနေရတာတုံး။ ဘယ်လိုပြိုင်ပွဲတုံးကွ "
စွန်းရီဖန်နှင့် စီမာတာအိုတို့မှာ ဒေါသတကြီး အော်ဟစ်နေပါသော်လည်း စိတ်သက်သာရာ ရသွားသဖြင့် သက်ပြင်းများခိုးချနေပြီဖြစ်သည်။ ပိုင်ရှောင်ချန်း၏ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့် စောစောက သူတို့ ခံစားနေရသည့် အရှက်တရားများမှာ ကွယ်ပျောက်သွားပြီဖြစ်ပြီး နောင်အခါ သူ့ကို ပြန်လည်တိုက်ခိုက်ရာတွင် နိုင်ကွက်အဖြစ်သုံးနိုင်မည့် အကြောင်းပြချက်များစွာလည်း ရသွားပြီဖြစ်သည်။
ကျိုးဟုန်နှင့် အခြားလက်ရွေးစင်များမှာ ပျော်ရွှင်မြူးထူးနေသည်။ ပိုင်ဟောက်၏ ဤမိုက်မဲသော လုပ်ရပ်ကြောင့် ယခုမှစ၍ မည်သည့်အရာပင် သူ အောင်မြင်အောင်လုပ်နိုင်စေကာမူ အခြားလူများက သူ့အား အဆိုးဘက်မှနေ၍သာ ပြောဆိုဆက်ဆံကြတော့မည်ကို သဘောပေါက်သွားသော မြောင်လင်းအာဆိုလျှင် ထခုန်လုမတတ်ပင် ဖြစ်နေတော့သည်။
ချင်းမေ့ယွမ်ကမူ စိုးရိမ်ထိတ်လန့်သည့်အမူအရာနှင့် သူ့ကိုကြည့်နေသည်။ သို့သော် ဤလုပ်ရပ်ကို သူပြန်၍ရုတ်သိမ်းနိုင်မည် မဟုတ်တော့သလို သူမကိုယ်တိုင်ပင် ဤအခြေအနေကို ဖြေရှင်းပေးနိုင်မည်လည်း မဟုတ်ပေ။ လူတိုင်းမှာ ပိုင်ရှောင်ချန်း၏ လုပ်ရပ်ကြောင့် အံ့အားသင့်နေကြစဥ် ရုတ်တရက် သူ၏ ဆယ့်ခြောက်ရောင်ခြယ်မီးတောက်နှစ်ခုမှာ ပျံ့နှံ့ကာ ပေါင်းစည်းသွားတော့သည်။
ထိုအခါ အပူဓာတ်များကို အရပ်မျက်နှာအနှံ့ ထုတ်လွှတ်ကာ ကောင်းကင်ပေါ်သို့ တဖြည်းဖြည်းမြင့်တက်သွားသည့် ဆယ့်ခြောက်ရောင်ခြယ် မီးပင်လယ်ကြီးတစ်စင်း ပေါ်ထွက်လာသည်။ လူအုပ်ထဲရှိ လူတိုင်းမှာ ကြောက်ကြောက်လန့်လန့်နှင့် နောက်သို့ဆုတ်သွားကြသည်။
" ငါ ဆယ့်ခြောက်ရောင်ခြယ် မီးတောက် ဆယ်ခုလိုတယ် "
သူက ရူးသွပ်မှုများနှင့် စူးရှတောက်ပနေသည့် မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။ ယခုလေးတင် သူ ရရှိခဲ့သည့် ဉာဏ်ကွန့်မြူးမှုနောက်ကို လိုက်ကာ ဆယ့်ငါးရောင်ခြယ်မီးတောက်ရှစ်ခုကို ထိုဆယ့်ခြောက်ရောင်ခြယ် မီးပင်လယ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။
အဝေးကပင် လှမ်း၍ကြားနိုင်သည့် တဂျုန်းဂျုန်းအသံကျယ်ကြီးများ ရုတ်ချည်း ပေါ်ထွက်လာတော့သည်။ ထို့အပြင် ကောင်းကင်ယံတွင် မီးတောက်များ ပြည့်နှက်နေသည်ကို လူတိုင်း မြင်လိုက်ရတော့သည်။
လူများမှာ အလန့်တကြားအော်ဟစ်ကာ အဝေးသို့ ဆုတ်ခွာသွားကြသည်။ စွန်းရီဖန်နှင့် စီမာတာအိုတို့မှာ ဆက်၍မပျော်ရွှင်နေနိုင်တော့ပဲ ကြောက်ရွံနေသဖြင့် ဦးရေခွံများ ထုန်ကျဥ်လာတော့သည်။
" သူဘာလုပျနတောလဲ "
" ဘုရားရေ။ အဲဒီမီးပင်လယ်သာ မတည်မငြိမ်ဖြစ်သွားမယ်ဆိုရင် ပြဿနာအကြီးကြီးတက်မှာနော် "
မြို့စောင့်တပ်များမှာလည်း စိုးထိတ်စွာဖြင့် လူစုများခွဲကာ ပြည်သူများကို စိတ်အေးအေးထားရန် ဖျောင်းဖျနေရုံသာမက ပိုင်ရှောင်ချန်းရှိရာတစ်ဝိုက်ကို အုပ်မိုးနိုင်မည့် မန္တန်အစီအရင်တစ်ခုကို တည်ဆောက်နေကြသည်။
ပိုင်ရှောင်ချန်းမှာ အနှောင့်ယှက်ခံ၍ မရကြောင်း မြို့စောင့်တပ်များက သိသည်။ အကယ်၍ သူသာအနှောင့်ယှက်ခံလိုက်ရပါက ထိုမီးပင်လယ်ကြီး ပေါက်ကွဲသွားမည်ဖြစ်ပြီး အရာအားလုံး ရှုပ်ထွေးကုန်မည်ဖြစ်သည်။ သူတို့သည် လက်ရှိအခြေအနေကို အတတ်နိုင်ဆုံး ထိန်းသိမ်းကာ သူတို့၏ အထက်အရာရှိများထံသို့ သတင်းများပေးပို့လိုက်တော့သည်။
ကျိုးဟုန်၏မျက်ဝန်းများမှာ ယုတ်မာကောက်ကျစ်သည့် အရိပ်အယောင်များဖြင့် တောက်ပနေသော်လည်း သူက နှောင့်ယှက်လိုသော ဆန္ဒများကို ဖယ်ရှားလိုက်လေသည်။ နောက်ဖြစ်လာမည့် အကျိုးဆက်ကြောင့် ပေါ်ထွက်လာနိုင်သည့် ပြဿနာကြီးမှာ သူ့အတွက်ပင်လျှင် ဖြေရှင်းရ ခက်ခဲနေမည်ဖြစ်သည်။
လူတိုင်းမှာ ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေစဥ် ပိုင်ရှောင်ချန်းသည် မန္တန်အစီအရင်၏ အလယ်တွင် လက်နှစ်ဖက်သုံးကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး ထိုမီးပင်လယ်ကို ထိန်းချုပ်လိုက်သည်။ ထိုမီးပင်လယ်ထဲတွင် သူ၏ အမိန့်များကို တုံ့ပြန်ပေးနေသည့် နတ်တစ်ပါးရှိနေသည့်အလား။ သူက ထိုဆယ့်ခြောက်ရောင်ခြယ်မီးပင်လယ်ထဲသို့ ဆယ့်ငါးရောင်ခြယ်မီးတောက် ရှစ်ခုကို ထည့်သွင်းလိုက်သောအခါ ထိုမီးတောက်များမှာ အံ့သြဖွယ်ကောင်းလောက်အောင် ဆယ့်ခြောက်ရောင်ခြယ်မီးပင်လယ်ကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲသွားတော့သည်။
" ဆယ့်ခြောက်ရောင်ခြယ်မီးပဲ။ အဲဒီ ဆယ့်ငါးရောင်ခြယ်မီးတောက်တွေအားလုံးက ဆယ့်ခြောက်ရောင်ခြယ်မီးပင်လယ်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သွားတာ ငါဖြင့် မယုံနိုင်ဘူး "
" အဲဒီမီးပင်လယ်ကိုသာ သူမီးတောက်အဖြစ် ပြန်ပြောင်းမယ်ဆိုရင် ဆယ့်ခြောက်ရောင်ခြယ်မီးတောက် ဆယ်ခုကို ပိုင်ဆိုင်သွားမှာပဲ။ ဘုရားရေ၊ ဘယ်လိုတောင် လုပ်နေတာတုံး "
စွန်းရီဖန်နှင့် စီမာတာအိုတို့မှာလည်း သွေးဆုတ်ဖြူရော်နေသည့်မျက်နှာများဖြင့် ကျောက်ရုပ်ပမာ မတ်တတ်ရပ်နေကြပြီး အသက်မဲ့နေသည့် အကြည့်များဖြင့် ထိုအံ့သြဖွယ် ဆယ့်ခြောက်ရောင်ခြယ်မီးပင်လယ်ကြီးကို ငေးကြည့်နေတော့သည်။
သို့သော် ဖြစ်ရပ်ကား ထိုမျှနှင့် ရပ်တန့်မသွားပေ။