ကျိုင်းကောင်အုပ်ကြီး ဖြတ်သန်းသွားခြင်း (သို့) ရွာသူရွာသားတို့ တံခါးဖွင့်ကြစမ်း... ငါတို့က ကွေ့ယွမ်ဂိုဏ်းကပါ
Vol. 1 Ch. 12
~ချန်ဝူတောင်တန်း၏ အခြေ၌ ဖြစ်ပေသည်။ လေမည်းတောင်ကုန်းသို့ ဦးတည်ထားသော မြေနီလမ်းမထက်တွင် ဖုန်လုံးများ တလိပ်လိပ် ထနေကာ မြင်းခွာသံများမှာလည်း ဆူညံပွက်လောရိုက်နေ၏။
အဝေးမှ လှမ်းကြည့်လျှင် ထိုလူအုပ်၏ အရှိန်အဝါမှာ တကယ့်ကို အထင်ကြီးစရာ ကောင်းလှပေသည်။ စစ်သည်တော် တစ်ထောင်၊ မြင်းသည်တော် တစ်သောင်း ချီတက်လာသည့်အလား ခံစားချက်ကို ပေးစွမ်းနေ၏။ သို့သော် အနီးကပ် ကြည့်လိုက်လျှင်မူ မြင်ကွင်းမှာ လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်တော့သည်။
“ဖြည်းဖြည်း... ဖြည်းဖြည်းမောင်းကြပါဦးဗျာ... မြင်းပေါ်က ပြုတ်ကျပြီး အူတွေ ထွက်တော့မယ်...”
ဝမ်သဲ့ဖာ (အိုင်ဒီ - ဒီဖရဲသီး မှည့်ပြီလား) သည် မြင်းဝါကြီး၏ ကျောပေါ်တွင် မှောက်လျက်သား ကပ်ပါလာ၏။ သူသည် မြင်းလည်ပင်းကို အသေဖက်ထားပြီး ခါးကိုပင် မတ်မတ်မထားရဲရှာချေ။ မြင်းတစ်ချက် ခုန်လိုက်တိုင်း သူ၏ မျက်နှာပေါ်မှ အဆီများမှာ တုန်ခါသွားကာ ဗိုက်ထဲတွင်လည်း အစာဟောင်းများ ပြန်ထွက်လာလုမတတ် ဖြစ်နေရရှာ၏။
“ဘယ်သူက လမ်းပြနေတာလဲဗျ။ လမ်းမှားနေပြီလား မသိဘူး။ ဘာလို့ သစ်ကိုင်းတွေ ဒီလောက်များနေရတာလဲ။ ငါ့မျက်နှာတော့ ပြတ်ရှကုန်ပြီ...”
အရှေ့ဆုံးမှ မြင်းစီးလာသော သူဌေးသား ‘ပိုက်ဆံမရှားပါ’ မှာ ဝမ်မျက်နှာပေါက်၏ အလောင်းထံမှ ရရှိသော မြေပုံစုတ်လေးကို ကိုင်ထား၏။ သူသည် ကြောင်တောင်တောင် မျက်နှာပေးဖြင့် မြေပုံကို ဇောက်ထိုးတစ်ခါ၊ ဘေးတိုက်တစ်လှည့် ကြည့်နေ၏။
“မှန်ပါတယ်... မှန်မှာပါ။ ဒီမှာ ဦးခေါင်းခွံပုံ ဆွဲထားတယ်လေ။ ဒီလမ်းအတိုင်း သွားရင် သူတို့ စခန်းကို ရောက်မှာပဲ...”
“ဘာမှ တွေးမနေနဲ့တော့... နေမင်းကြီးရှိတဲ့ ဘက်ကိုသာ မောင်းကြစမ်း...” ‘ကောင်းကင်ခွင်း ဓားတစ်လက်’ က နောက်မှနေ၍ အော်ဟစ်ကာ အဖွဲ့ကို ထိန်းကျောင်းနေ၏။
ဤကဲ့သို့ဖြင့် မြင်းစီးအတတ်ကို အခုမှ စသင်ထားသော မြင်းစီးစစ်သည် တစ်ဒါဇင်ကျော်မှာ၊ တောင်ပေါ်သစ်တောများကြားတွင် ယိုင်တိယိုင်ထိုင်၊ ဆူညံပွက်လောရိုက်လျက် တစ်နာရီခန့် ဖြတ်သန်းလာခဲ့ကြသည်။
နောက်ဆုံးတွင်မူ... တောင်စောင်း၌ သစ်လုံးကြီးများဖြင့် တည်ဆောက်ထားသော စခန်းကြီးတစ်ခုကို လှမ်းမြင်လိုက်ရ၏။ စခန်းပေါက်ဝတွင် စုတ်ပြတ်နေသော အမည်းရောင် အလံတစ်ခု လွင့်ပျံနေပြီး၊ အလံပေါ်၌ ‘လေမည်း’ ဟူသော စာလုံးကို ခပ်စောင်းစောင်း ရေးသားထားလေ၏။
ဤအခိုက်အတန့်၌ လေမည်းတောင်ကုန်း စခန်းအတွင်းဝယ်...
အိုမင်းမစွမ်းသော ဓားပြအိုကြီး အနည်းငယ်နှင့် ထမင်းချက်သည့် ဖက်တီး တစ်ယောက်သာ ကျန်ရစ်တော့သည်။ အဓိက အင်အားစုများမှာမူ ဝမ်မျက်နှာပေါက်နှင့်အတူ ကွေ့ယွမ်ဂိုဏ်းသို့ အကာအကွယ်ပေးခ တောင်းရန် လိုက်ပါသွားကြပြီ ဖြစ်၏။
“တတိယခေါင်းဆောင်တို့ ပြန်မလာသေးဘူးလား မသိဘူး...”
မျက်လုံးတစ်ဖက်လပ် ဓားပြအိုကြီး တစ်ယောက်မှာ ပေါက်ဝတွင် ထိုင်ကာ နေပူစာလှုံနေ၏။ သူ၏ ပါးစပ်တွင် မြက်ခြောက်တစ်ပင်ကို ကိုက်ထားပြီး တကယ့်ကို ဇိမ်ကျနေသည့် ဟန်ပန်ပင်။
“တွက်ကြည့်ရင်တော့ ဟို အိုမင်းမစွမ်းတွေရှိတဲ့ ဂိုဏ်းကို နှိမ်နင်းဖို့ နာရီဝက်ဆိုရင် လောက်နေပါပြီ။ လမ်းမှာရှိတဲ့ ရွာတွေကို ဝင်ပြီး မိန်းမတွေ ဘာတွေ ဆွဲလာလို့ ကြာနေတာ ဖြစ်မှာပါ...”
ထိုအချိန်မှာပင်...
“ဒုန်း... ဒုန်း... ဒုန်း...”
ပြင်းထန်လှသော မြင်းခွာသံများ အနီးသို့ ကပ်လာ၏။ ဓားပြအိုကြီး၏ မျက်လုံးများမှာ အရောင်တောက်သွား၏။ သူသည် မတ်တတ်ရပ်ကာ တင်ပါးမှ ဖုန်များကို ခါလိုက်ရင်း ရေရွတ်လိုက်သည်။
“ပြန်လာကြပြီပဲ။ ဟဲ... ငါ ပြောသားပဲ... တတိယခေါင်းဆောင်သာ ဦးဆောင်ရင်...”
သူ၏ စကားမှာ ဆက်၍ ထွက်မလာတော့ဘဲ လည်ချောင်းထဲတွင် တစ်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် အရှေ့ဆုံးမှ ပြေးဝင်လာသူမှာ ခံ့ညားထည်ဝါလှသော တတိယခေါင်းဆောင် မဟုတ်သောကြောင့်ပင်။
၎င်းမှာ... စုတ်ပြတ်နေသော လျှော်တေအင်္ကျီကို ဝတ်ဆင်ထားပြီး၊ သံချေးတက်ဓားတစ်လက်ကို ဝှေ့ယမ်းကာ၊ ကမ္ဘာကျော် အလှမယ်တစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားနေသော ဖက်တီး တစ်ယောက် ဖြစ်နေ၏။ ထိုလူ၏ နောက်တွင်လည်း စုတ်တီးစုတ်ပတ် အဝတ်အစားများ ဝတ်ထားပြီး မြင်းကိုပင် နိုင်အောင် မစီးနိုင်သည့် လူ (၁၀) ယောက်ကျော် ပါလာ၏။ သို့သော် သူတို့အားလုံး၏ မျက်လုံးများမှာမူ ဝံပုလွေများကဲ့သို့ အစိမ်းရောင် အလင်းတန်းများ တောက်နေကြ၏။
“ဟီး...”
ဝမ်သဲ့ဖာသည် စခန်းတံခါးဝသို့ ရောက်သည်နှင့် မြင်းဇက်ကြိုးကို အတင်းဆွဲလိုက်သည်။ သူ စီးလာသော မြင်းဝါကြီးမှာ ရှေ့ခြေနှစ်ဖက်ကို မြှောက်ကာ နှာမှုတ်လိုက်ပြီး သူ့ကို မြေပေါ်သို့ ထပ်မံ ပစ်ချလိုက်ပြန်၏။
“အား...”
ဝမ်သဲ့ဖာသည် မြေကြီးပေါ်တွင် ကျွမ်းကျင်စွာ လိမ့်လိုက်ပြီးနောက်၊ ကမန်းကတန်း ပြန်ထကာ ဖုန်များကို ခါလိုက်၏။ ထို့နောက် စတိုင်ကျကျ ကိုယ်ဟန်ယူကာ သူ၏ သံဓားဖြင့် ကြောင်အမ်းနေသော ဓားပြအိုကြီးကို ညွှန်ပြလျက် အော်ဟစ်လိုက်တော့သည်။
“ရွာသူရွာသားတို့... တံခါးဖွင့်ကြစမ်း...”
“ငါတို့က ကွေ့ယွမ်ဂိုဏ်းကပါ... ငါတို့က လူထုဆီက အပ်တစ်ချောင်း၊ ချည်တစ်မျှင်တောင် မယူဘူးနော်...”
ဓားပြအိုကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။ ကွေ့ယွမ်ဂိုဏ်း ဟုတ်လား။ အဲဒီနေရာက ဒေဝါလီခံတော့မှာ မဟုတ်ဘူးလား။ ပြီးတော့ ဒီမြင်းစီးတပ်ဖွဲ့က ဘယ်က ရောက်လာတာလဲ။ “အပ်တစ်ချောင်း၊ ချည်တစ်မျှင် မယူဘူး” ဆိုတာကော ဘာအဓိပ္ပာယ်လဲ။ မင်းတို့ရဲ့ ပုံစံတွေက အကူအညီ လာပေးမယ့် ပုံစံမျိုးလား။
သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် နောက်ကပါလာသော ကစားသမားများမှာ အုန်းခနဲ ပြေးဝင်လာကြလေတော့သည်။
“အချိန်မဖြုန်းနဲ့တော့... အထဲဝင်ကြမယ်ဟေ့...”
“ယောကျ်ားတွေက ဘယ်ဘက်၊ မိန်းမတွေက ညာဘက်... အဲ... မဟုတ်ဘူး။ ယောကျ်ားတွေကို အသေချည်ထား၊ မိန်းမတွေကိုတော့ စနစ်ထဲက ဇာတ်ကောင်တွေဆီ အပ်လိုက်... တွေ့သမျှ အကုန်သယ်ကြစမ်း...”
‘ကောင်းကင်ခွင်း ဓားတစ်လက်’ က အရှေ့ဆုံးမှ ဦးဆောင်ကာ မြင်းစီးလျက် စခန်းတံခါးကို ဝင်တိုက်လိုက်၏။ ကျန်ရှိနေသော လူ (၁၀) ယောက်ကျော်မှာလည်း ရေကာတာ ကျိုးသွားသည့်အလား လေမည်းတောင်ကုန်း စခန်းအတွင်းသို့ အော်ဟစ်ဟိန်းဟောက်ကာ ဝင်ရောက်သွားကြတော့၏။
နောက်ထပ် နာရီဝက်ခန့်အတွင်း လေမည်းတောင်ကုန်း စခန်းကြီးမှာ တည်ထောင်ကတည်းက မကြုံဖူးသော အမှောင်ဆုံး အခိုက်အတန့်ကို ရင်ဆိုင်လိုက်ရ၏။ ဓားပြများ တောင်အောက်ဆင်းပြီး ဓားပြတိုက်ခြင်းကို ‘လုယက်ခြင်း’ ဟု ခေါ်လျှင်၊ ဤကစားသမားများ စခန်းထဲ ဝင်လာခြင်းမှာမူ ‘အမြစ်ပါမကျန် တူးထုတ်ခြင်း’ ပင် ဖြစ်ပေသည်။
“သောက်ကျိုးနည်း... သိုလှောင်ရုံက ဒီမှာဟေ့...”
ကစားသမား တစ်ယောက်က အခန်းတံခါးကို ကန်ဖွင့်လိုက်ရင်း ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
“ဆန်တွေရှိတယ်... အသားခြောက်တွေလည်း အများကြီးပဲ...”
“ဝုန်း...”
လူ တစ်ဒါဇင်ကျော်မှာ အခန်းထဲသို့ ချက်ချင်း တိုးဝှေ့ဝင်သွားကြ၏။
“ဆန်တွေ၊ ဂျုံတွေ အကုန်ထုတ်ကြစမ်း... တစ်စေ့တောင် မကျန်စေနဲ့...” “ဒီအသားခြောက်တွေက ကြည့်ရတာ စားလို့ကောင်းမယ့်ပုံပဲ။ စားဖိုမှူး ‘ကျောက်ကပ်ကြော်’ ဘယ်ရောက်နေလဲ။ မြန်မြန်လာပြီး ဒါတွေ စားလို့ရ၊ မရ ကြည့်ပေးဦး... အဆိပ်တွေ ပါနေမလား မသိဘူး...”
အခြားအခန်းတစ်ခုတွင်မူ သူဌေးသား ‘ပိုက်ဆံမရှားပါ’ က ပစ္စည်းများကို လှန်လှောရှာဖွေနေ၏။ သူသည် သာမန်အမှိုက်များကို စိတ်မဝင်စားဘဲ ရွှေ၊ ငွေနှင့် ရတနာများကိုသာ ရှာဖွေနေခြင်း ဖြစ်၏။
“ငပွေတွေ... ဘာလို့ ကြေးပြားတွေပဲ ရှိနေရတာလဲ။ အရမ်းလေးတာပဲ... မသယ်ချင်ဘူး...”
သူသည် ကြေးပြားသေတ္တာကို မကျေမနပ် ကန်ထုတ်လိုက်ပြီးနောက်၊ လျှို့ဝှက်အခန်းတစ်ခုအတွင်းမှ သစ်သားသေတ္တာလေး (၂) လုံးကို ရှာတွေ့သွား၏။ သေတ္တာကို ဖွင့်လိုက်သောအခါ တစ်လုံးထဲတွင် ငွေစပေါင်း တစ်ရာခန့် ပါရှိပြီး၊ နောက်တစ်လုံးထဲတွင်မူ တောက်ပနေသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂) တုံးနှင့် ‘ရွှေအနာလိမ်းဆေး’ ဟု ရေးထားသော ဆေးပုလင်း တစ်လုံးကို တွေ့လိုက်ရ၏။
“ဟားဟား... ပစ္စည်းကောင်းတွေ ရှိမယ်ဆိုတာ ငါ သိသားပဲ...” ‘ပိုက်ဆံမရှားပါ’ သည် ပစ္စည်းများကို သိမ်းဆည်းလိုက်၏။ ဤသည်မှာ သူ၏ ကိုယ်ပိုင်အရည်အချင်း (သို့မဟုတ် ကံကောင်းမှု) ဖြင့် ရရှိသော ပထမဆုံးသော ရတနာများပင် ဖြစ်ပေသည်။
ထိုအချိန်တွင် ရင်ပြင်ပေါ်၌မူ အခြားမြင်ကွင်းတစ်ခု ဖြစ်ပေါ်နေ၏။
အင်ဂျင်နီယာချုပ် ‘ဦးလေးကျန်း’ မှာမူ ပိုက်ဆံ သို့မဟုတ် ရတနာများကို လုယူခြင်း မပြုချေ။ သူသည် လေမည်းတောင်ကုန်း စခန်း၏ တံခါးနှင့် တံတိုင်းများကို ပတ်ကြည့်နေကာ၊ လက်ထဲမှ ဂေါ်ပြားဖြင့် ခေါက်ကြည့်ရင်း လုပ်ငန်းခွင် စစ်ဆေးနေသည့် အင်ဂျင်နီယာကြီးတစ်ဦးပမာ ဝေဖန်ပြောဆိုနေ၏။
“တောက်... တောက်... သုံးထားတဲ့ ပစ္စည်းတွေက တကယ့်ကို အနှစ်တွေပဲ။ နှစ်ပေါင်း (၁၀၀) သက်တမ်းရှိတဲ့ သံသားပင်တွေကွ။ မာကျောမှုကတော့ ပြောစရာ မလိုဘူး...” “ဆောက်လုပ်ရေး နည်းစနစ်ကတော့ အရမ်းညံ့တာပဲ... ပစ္စည်းဖြုန်းတီးတာပဲ။ ဒီ သစ်စပ်ပုံတွေက ခွေးကိုက်ထားတဲ့အတိုင်းပဲ...”
သူသည် ဆန်သယ်နေသော ကစားသမား အချို့ကို လှည့်၍ အော်ပြောလိုက်သည်။
“ညီအစ်ကိုတို့... တန်ဖိုးရှိတဲ့ ပစ္စည်းလေးတွေကိုပဲ မကြည့်ကြနဲ့ဦး...”
“ဒီတံခါးကြီးတွေ... ဒီတံတိုင်းက သစ်လုံးတွေ... အဲဒါတွေက တကယ့် ရတနာတွေကွ။ ငါတို့ တောင်နောက်ဘက်က လည်ပင်းလိမ်နေတဲ့ သစ်ပင်တွေထက် အဆပေါင်းများစွာ ပိုကောင်းတယ်...”
ဒါကို ကြားလိုက်ရသောအခါ ကစားသမားများမှာ ခေတ္တမျှ ကြောင်သွားကြ၏။
“ဦးလေးကျန်း... ကျွန်တော်တို့ တံခါးတွေကိုပါ ဖြုတ်ယူရမှာလား။ သယ်ရတာ မပင်ပန်းဘူးလားဗျ...”
“ဖြုတ်စမ်း... ” ဦးလေးကျန်းက ဖိုမင်တစ်ဦး၏ အရှိန်အဝါဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ “ဂိုဏ်းချုပ်က ဂိုဏ်းတံခါးကို ပြန်ဆောက်ရမယ်လို့ ပြောထားတယ် မဟုတ်လား။ ငါတို့မှာ သစ်ကောင်းကောင်း လိုနေတာ ကွက်တိပဲ။ ဒီမှာ အဆင်သင့်ရှိတာကို မယူရင် နှမြောစရာကြီး။ အကုန်ဖြုတ်ကြစမ်း...”
ဤသို့ဖြင့် စစ်မြေပြင်၏ ပုံစံမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ အဖိုးတန်ပစ္စည်း လုနေသော ကစားသမားများမှာ လက်ထဲမှ ပစ္စည်းများကို ချလိုက်ပြီး လေမည်းတောင်ကုန်း စခန်း၏ အခြေခံ အဆောက်အဦးများကို စတင် တိုက်ခိုက်ကြလေတော့သည်။
“ဟေ့... တစ်... နှစ်... သုံး... မဟေ့...” လူအချို့ ပူးပေါင်းကာ လေးလံလှသော လေမည်းတောင်ကုန်း စခန်းတံခါးကြီးကို အတင်း ဖြုတ်ချလိုက်ကြသည်။
“ဒီတိုင်ကြီးက မဆိုးဘူး။ ကြည့်ရတာ မျက်စိပသာဒ ရှိတယ်။ သယ်သွားကြမယ်...” “ဟို ကင်းမျှော်စင်က ကြည့်ရတာ တော်တော် ခိုင်မယ့်ပုံပဲ... အဲဒါကိုပါ အစုံလိုက် ထုပ်ပိုးပြီး ယူသွားလို့ ရမလား...”
အသေချည်နှောင်ခံထားရသော ဓားပြအိုကြီးများမှာမူ ဒေါင့်တစ်နေရာတွင် ပုံလျက်သား ရှိနေကြသည်။ သူတို့သည် မိမိတို့၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းများကို ကြည့်ကာ ကမ္ဘာကြီး ပျက်စီးနေပြီဟုပင် ထင်မှတ်နေကြတော့၏။
သူတို့ဘဝတွင် ဓားပြအချင်းချင်း လုယက်ကြသည်ကို မြင်ဖူးသည်။ အစိုးရစစ်တပ်က လာရောက် နှိမ်နင်းသည်ကို မြင်ဖူးသည်။ သို့သော် ဤကဲ့သို့သော မြင်ကွင်းမျိုးကိုမူ တစ်ခါမှ မမြင်ဖူးချေ။
ဒီလူတွေက ဆင်းရဲလွန်းလို့ ရူးသွားကြတာလား။ ပိုက်ဆံလုတာကို ထားပါတော့၊ ဆန်တွေ လုတာကိုလည်း သည်းခံနိုင်ပါသေးတယ်။ အခုတော့ တံခါးတွေ၊ တိုင်တွေ... နောက်ဆုံး မီးဖိုချောင်က ဒယ်အိုးအမည်းကြီးကိုပါ သယ်သွားကြတာလား...
“အီး... ဟီး...”
ထမင်းချက် ဖက်တီးမှာ သူ အမြတ်တနိုး သုံးစွဲခဲ့သော သံဒယ်အိုးကြီးကို ‘ကျောက်ကပ်ကြော်’ က ခေါင်းပေါ်ရွက်ကာ ပျော်ပျော်ပါးပါး သယ်သွားသည်ကို ကြည့်ရင်း အားရပါးရ ငိုကြွေးလိုက်တော့သည်။
“မင်းတို့က လူတွေကော ဟုတ်ရဲ့လားဗျာ...”
တစ်နာရီခန့် ကြာသောအခါ...
နေဝင်မတတ် အချိန်သို့ ရောက်ရှိလာလေပြီ။
ကွေ့ယွမ်ဂိုဏ်း၏ ပထမဆုံး မြင်းစီးတပ်ဖွဲ့မှာ ပစ္စည်းများဖြင့် ပြည့်နှက်လျက် ပြန်လည် ထွက်ခွာလာကြသည်။ လာစဉ်က မြင်းစီး၍ ခပ်ကြွားကြွား (မြင်းစီးပုံ ညံ့သော်လည်း) လာခဲ့ကြသော်လည်း၊ ပြန်သည့်အခါတွင်မူ မြင်းတစ်ကောင်ချင်းစီ၏ ကျောပေါ်တွင် အိမ်ထောင်ပရိဘောဂများ ပြည့်နှက်နေသဖြင့် အိမ်ပြောင်းနေကြသည့်အလား ထင်မှတ်ရ၏။
ဆန်အိတ်များ၊ အသားခြောက်များ၊ စုတ်ပြတ်နေသော လက်နက်များနှင့် ကြည့်ကောင်းသေးသော ကုလားထိုင် အချို့...
အဖွဲ့၏ နောက်ဆုံးတွင်မူ မြင်းအချို့က ဦးလေးကျန်း ချက်ချင်း ပြုလုပ်ထားသော လှည်းပြားကြီး တစ်စီးကို ဆွဲလာကြသည်။ ထိုလှည်းပေါ်တွင်မူ လေးလံလှသော လေမည်းတောင်ကုန်း စခန်းတံခါး (၂) ချပ်နှင့် အမိုးတိုင်လုံး အချို့ ပါလာ၏။
ဝင်လုဆဲ နေရောင်အောက်တွင် ထိုစီတန်းလှည့်လည်မှုကြီးမှာ အလွန် ရှည်လျားလှပြီး ကြည့်ရသည်မှာလည်း အလွန် ရယ်စရာ ကောင်းလှပေသည်။ ဓားပြတိုက်ပြီး ပြန်လာသော ဓားပြအုပ်စု တစ်စုနှင့်ပင် တူနေတော့၏။
ဝမ်သဲ့ဖာသည် မြင်းကို စီးနင်းရင်း ဓားပြစခန်းမှ ရလာသော ဝိုင်အိုးကြီး တစ်အိုးကို ပိုက်ထား၏။ သူသည် ပင်ပန်းနေသော်လည်း သူ၏ မျက်နှာတွင်မူ အောင်ပွဲခံ ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။ သူသည် အပျက်အစီး (တံခါးတောင် မရှိတော့သော) ဖြစ်ကျန်ရစ်ခဲ့သည့် လေမည်းတောင်ကုန်း စခန်းကို ပြန်ကြည့်ကာ သက်ပြင်းချလိုက်သည်။
“တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ အဖွဲ့လိုက် လှုပ်ရှားမှု တစ်ခုပါပဲလား...”
---
[t.n: ‘ကျိုင်းကောင်အုပ်ကြီး ဖြတ်သန်းသွားခြင်း’ ဆိုသည်မှာ ကျိုင်းကောင်အုပ် ဖြတ်သန်းသွားသော စိုက်ခင်းများတွင် ဘာမျှ မကျန်ရစ်သကဲ့သို့၊ အရာအားလုံးကို ပြောင်စင်အောင် လုယက်သွားသည်ကို တင်စားခြင်း ဖြစ်ပါသည်။]