ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ နေ့စဉ်ဘဝ (သို့) ဒီပုံစံကြမ်းက လူဖတ်လို့ကော ရရဲ့လား
Vol. 2 Ch. 17
~ကွေ့ယွမ်ဂိုဏ်း ရင်ပြင်တွင် အလုပ်စတင်သည်မှာ တစ်နာရီခန့် ရှိချေပြီ။
နေမင်းကြီးသည် အနောက်ဘက်သို့ တရွေ့ရွေ့ လျှောဆင်းနေ၏။ စောစောက ပုဆိန်ခုတ်သံ၊ တူထုသံများဖြင့် ဆူညံနေသော လုပ်ငန်းခွင်ကြီးမှာ ယခုအခါ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွား၏။
ပြဿနာမှာ အင်ဂျင်နီယာချုပ်ကြီး... အဲ... ‘အိမ်ဖျက်ဆီးရေးဌာန ညွှန်ကြားရေးမှူး’ ဦးလေးကျန်းကြောင့်ပင် ဖြစ်၏။
ဦးလေးကျန်းသည် သဲပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ လက်ထဲမှ သစ်ကိုင်းခြောက်လေးဖြင့် ‘ဂိုဏ်းတံခါးကြီး ပြန်လည် တည်ဆောက်ရေး ပုံစံကြမ်း’ ကို အသည်းအသန် ဆွဲနေ၏။
အုတ်မြစ် အနက် မည်မျှ တူးရမည်၊ တိုင်လုံးများကို မည်သို့ ဆက်ရမည်၊ အမိုးစွန်းများကို မည်မျှ ကော့ရမည်... စသည်ဖြင့် အသေးစိတ် ရေးဆွဲထား၏။ သူသည် အခြားကမ္ဘာမှ မီးသွေးခဲကို အသုံးပြုကာ အရိပ်အာဝါသများကိုပင် ထည့်သွင်း ရေးဆွဲထားသေးသည်။
“ကဲ... ဘာမေးစရာ ရှိကြသေးလဲ...”
ဦးလေးကျန်းသည် မတ်တတ်ရပ်ကာ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး၊ သူ့ဘေးတွင် ဝိုင်းအုံနေသော ဝမ်သဲ့ဖာ အပါအဝင် ဂိုဏ်းခေါင်းဆောင် အချို့ကို မျှော်လင့်ချက် ကြီးစွာဖြင့် ကြည့်လိုက်၏။
တိတ်ဆိတ်ခြင်း...
မျက်လုံးပေါင်းများစွာသည် ပုံစံကြမ်းကို ကြည့်နေကြသော်လည်း၊ ထိုမျက်လုံးများထဲတွင် ဗလာသက်သက်သာ ရှိနေ၏။ မူလတန်း ကျောင်းသားလေးများ အထက်တန်း သင်္ချာပုစ္ဆာကို တွေ့လိုက်ရသကဲ့သို့ အပြစ်ကင်းစင်သော (ဘာမှ နားမလည်သော) အကြည့်များပင် ဖြစ်ပေသည်။
အချိန်အတော်ကြာ ပြီးနောက်...
ဝမ်သဲ့ဖာ (ဒီဖရဲသီး မှည့်ပြီလား) သည် လက်ကလေးကို တုန်တုန်ယင်ယင်ဖြင့် မြှောက်ကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
“အဟမ်း... ဦးလေးကျန်း...”
“ဒါ ဘာကြီးလဲဗျ... ဟို အဝိုင်းကြီးက တိုင်လုံးဆိုတာတော့ ကျွန်တော် သိပါတယ်... ဒါပေမဲ့ ဟိုဘက်က မုန့်လိမ်ကောက်ကြီးလို ကောက်နေတဲ့ အရာကြီးက ဘာကြီးလဲ...”
“အဲဒါ ဒေါက်တိုင်လေကွာ...”
ဦးလေးကျန်း၏ မုတ်ဆိတ်မွေးများ ထောင်သွားကာ အသံပါ စူးသွားတော့သည်။
“အဲဒါက အမိုးစွန်းကို ထောက်မပေးထားတဲ့ အရာ... ရှေးဟောင်း ဗိသုကာ ပညာရပ်ရဲ့ အသက်သွေးကြောကွ... အဲဒါလေးတောင် နားမလည်ဘူးလား...”
“ဒါဆို ဒါကရော...”
ဂိုဏ်းခေါင်းဆောင် တစ်ယောက်က ရှုပ်ထွေးလှသော သစ်သားဆက်ကြောင်း တစ်ခုကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။ “တစ်ဖက်က ခွက်နေတယ်... တစ်ဖက်က စူထွက်နေတယ်... ကျွန်တော်တို့က အရုပ်ဆက် ကစားနေတာလား... သံနဲ့ ရိုက်လိုက်ရင် ပြီးရော မဟုတ်ဘူးလား...”
“သံ ဟုတ်လား...”
ဦးလေးကျန်း စကားပင် မပြောနိုင်တော့ချေ။ သူ၏ ပညာရပ်ကို စော်ကားလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ “ဒါက ‘လုပန် သစ်ဆက်နည်း’ ကွ... ကမ္ဘာပေါ်မှာ အခိုင်ခံ့ဆုံး ဆက်နည်း... မင်းက သံနဲ့ ရိုက်ချင်တယ် ဟုတ်လား...”
သူသည် ကစားသမားများ၏ အရည်အချင်းကို အထင်ကြီးလွန်းခဲ့မိ၏။ သူမှလွဲ၍ ကျန်လူအားလုံးမှာ ဘာမှ နားမလည်သော သာမန်လူများသာ ဖြစ်ကြ၏။ သူတို့ကို ဒီလို ပုံစံကြမ်းတွေ ပြတာက နွားရှေ့ တယောထိုးတာနဲ့ အတူတူပဲ။
“ထားလိုက်ပါတော့ကွာ... ငါ မှားတာပါ...”
ဦးလေးကျန်းသည် လက်ထဲမှ သစ်ကိုင်းကို လွှင့်ပစ်လိုက်ပြီး စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
“မင်းတို့ ပုံစံကြမ်းကို ဖတ်တတ်မယ်လို့ ထင်ခဲ့တဲ့ ငါက အရူးပဲ...”
သူသည် လှည့်ထွက်လိုက်ပြီး ရှုပ်ပွနေသော သစ်ပုံကြီးကို လက်ညှိုးထိုးကာ အကြမ်းတမ်းဆုံး အမိန့်ပေးစနစ်သို့ ကူးပြောင်းလိုက်တော့သည်။
“ပုံစံကြမ်းကို ကြည့်မနေနဲ့တော့... ငါ ခိုင်းတာသာ လုပ်ကြ...”
“ခွန်အားလိုင်း ကစားသမားတွေ... ဟို လေမည်းတောင်ကုန်းက ဖြုတ်လာတဲ့ တိုင်လုံးကြီးတွေကို သွားသယ်ခဲ့... မြေကြီးထဲကို (၁.၅) မီတာ တူးပြီး စိုက်... တစ်စင်တီမီတာ လျော့တာနဲ့ မင်းတို့ လုပ်ခ ဖြတ်မယ်... လုပ်ကြစမ်း...”
“လျင်မြန်မှုလိုင်း ကစားသမားတွေ... ဒီကြိုးကို ယူပြီး တန်းညှိကြ... စောင်းနေတာ တွေ့ရင် မင်းတို့ကိုပါ အသားခြောက် လုပ်ပြီး လှန်းပစ်မယ်...”
ယခုမှသာ အားလုံး နားလည်သွားကြတော့သည်။ ရိုးရှင်းတယ်... ကြမ်းတမ်းတယ်... တိုက်ရိုက်ကျတယ်။
“အဲဒီလို ပြောမှပေါ့ ဦးလေးရာ... ဘာလို့ စောစောကတည်းက မပြောတာလဲ...”
“တိုင်စိုက်မယ်ဟေ့... လာကြစမ်း... ဒါတော့ ငါ လုပ်တတ်တယ်...”
လုပ်ငန်းခွင်ကြီးမှာ တစ်ဖန် ပြန်လည် အသက်ဝင်လာ၏။ တိကျသေချာမှု မရှိသော်လည်း၊ လူအင်အား သက်သက်ဖြင့် ရင်ပြင်အစွန်းတွင် တိုင်လုံးကြီး အချို့ (အနည်းငယ် စောင်းနေသော်လည်း) မတ်မတ်မတ်မတ် ပေါ်ထွက်လာကြ၏။
ထိုအချိန်တွင် ရင်ပြင်၏ အနောက်ဘက်ရှိ ကျောက်တောင်၌မူ အခြား အဖြစ်အပျက် တစ်ခု ဖြစ်ပွားနေ၏။
ထိုနေရာသည် ‘ကြယ်တာရာ ကောင်းကင်ယံ’ ဂိုဏ်းသားများ သိမ်းပိုက်ထားသော နယ်မြေဖြစ်ပြီး၊ လက်ရှိတွင် အကောင်းဆုံး ကျောက်တုံးများ ထွက်ရှိရာ နေရာလည်း ဖြစ်သည်။
လက်ဝါးကြီးအုပ်နိုင်ရန်အတွက် ဂိုဏ်းခေါင်းဆောင် စတားကေသည် ဂိုဏ်းသား (၂၀) ခန့်ကို လူတံတိုင်း လုပ်ကာ ပိတ်ဆို့ထားစေသည်။
“ဖယ်ကြစမ်း... ဒီနေရာက ကြယ်တာရာပိုင်တဲ့ နယ်မြေကွ...” စတားကေသည် ကျောက်တုံးကြီးပေါ်တွင် ရပ်ကာ မာန်ပါပါ အော်ဟစ်နေ၏။
အပြင်ဘက်မှ လူများမှာ ဒေါသထွက်နေကြသော်လည်း ဘာမှ မလုပ်ရဲကြဘဲ စိတ်ထဲမှသာ ကျိန်ဆဲနေကြရရှာ၏။
ထိုစဉ်မှာပင်...
“ဝူး... ဝူး...”
ကျောက်တောင်ကြားထဲမှ ဝက်အော်သံနှင့် တူသော်လည်း ပို၍ ဩဇာပါသော အသံ တစ်ခု ထွက်ပေါ်လာ၏။
စတားကေ မျက်မှောင်ကြုတ်လိုက်သည်။ “ဘာသံလဲဟ... ဘယ်ကောင်က အလုပ်မလုပ်ဘဲ ဟောက်နေတာလဲ...”
သူ လူလွှတ်ပြီး မစစ်ဆေးခိုင်းရသေးခင်မှာပင်...
မြေကြီးများ တုန်ခါသွား၏။
ကျောက်ကြားများထဲမှ အမည်းရောင် အမွေးအမှင်များနှင့် အစွယ်ကြီးများ ပါရှိသော ဧရာမ တောဝက်ကြီး (၃) ကောင် ပြေးထွက်လာ၏။ အဆင့် (၃) သံချပ်ဝတ် တောဝက်များ ဖြစ်ကြ၏။
ကျောက်တူးသံများကြောင့် အိပ်ရာနိုးသွားရသဖြင့် သူတို့မှာ အလွန် ဒေါသထွက်နေကြ၏။ အနီရောင် တောက်နေသော မျက်လုံး (၆) လုံးသည် ခြေနှစ်ချောင်း သတ္တဝါများ (ကစားသမားများ) ဆီသို့ စိုက်ကြည့်နေကြတော့သည်။
“သောက်ကျိုးနည်း... မော့ဘ်တွေဟ...”
“ဒါ ဘေးကင်းဇုန် မဟုတ်ဘူးလား... ဘာလို့ အဆင့် (၃) ကောင်တွေ ထွက်လာရတာလဲ...”
ကြယ်တာရာ ဂိုဏ်းသားများ ပရမ်းပတာ ဖြစ်ကုန်ကြသည်။ ဂေါ်ပြားနှင့် ပေါက်ပြားများကိုသာ ကိုင်ဆောင်ထားသော အဆင့် (၁) ကစားသမားများ ဖြစ်ကြသဖြင့် တိုက်ခိုက်နိုင်စွမ်း (Zero) သာ ရှိ၏။
“ဝူး...”
ခေါင်းဆောင် တောဝက်ကြီးက ဟိန်းဟောက်လိုက်ပြီး၊ ခေါင်းကို ငုံ့ကာ သံချပ်ဝတ် ကားကြီးတစ်စီးပမာ လူတံတိုင်းဆီသို့ ဝင်ဆောင့်လိုက်၏။
“အား... ငါ့တင်ပါး...”
ရှောင်တိမ်းရန် နှေးကွေးသွားသော ကစားသမား တစ်ယောက်မှာ ကောင်းကင်ယံသို့ လှပသော မျဉ်းကွေးကြီး ဆွဲကာ လွင့်ထွက်သွားပြီး စူးရှစွာ အော်ဟစ်လိုက်၏။
“တန်းမပျက်စေနဲ့... ဂေါ်ပြားနဲ့ ခေါင်းကို ရိုက်ကြ...” စတားကေ အော်ဟစ်သော်လည်း မည်သူမျှ နားမထောင်နိုင်ကြတော့ချေ။
ကိရိယာများကို ပစ်ချကာ ထွက်ပြေးကုန်ကြသဖြင့် လူတံတိုင်းကြီးမှာ ချက်ချင်း ပြိုကျသွားတော့သည်။
အပြင်ဘက်မှ လူများမှာ ဤမြင်ကွင်းကို ကြည့်ပြီး လက်ခုပ်တီးကာ အားပေးနေကြ၏။
“ဟားဟားဟား... ဝဋ်လည်ပြီဟေ့...”
“တစ်ယောက်တည်း အကုန်ယူချင်ဦးလေ... စနစ်ကတောင် မင်းတို့ကို ကြည့်မရတော့ဘူး...”
“ညီအစ်ကိုတို့... အခွင့်အရေးပဲ... တောဝက်တွေက လမ်းဖွင့်ပေးလိုက်ပြီ...”
“ပရမ်းပတာ ဖြစ်နေတုန်း ဝင်တူးကြဟေ့... သတ္တိရှိမှ သူဌေးဖြစ်မှာ...”
အနိုင်ကျင့်ခံနေရသော ကစားသမားများမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး၊ သတ္တိကောင်းသူ အချို့မှာ အတွင်းသို့ ပြေးဝင်ကာ ကျောက်တုံးများကို ကောက်ယူပြီး ထွက်ပြေးကြတော့သည်။
ခန်းမဆောင်ကြီး အတွင်း၌...
ကျန်းချန်သည် (အမှတ်ဖြင့် လဲလှယ်ထားသော) လှုပ်ကုလားထိုင်ပေါ်တွင် ဇိမ်ကျကျ ထိုင်လျက် စာအုပ်ဖတ်နေ၏။ သူ၏ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်နေ၏။
သူ၏ စနစ်ဇယားကွက်ပေါ်တွင် စာတန်းလေးတစ်ခု လက်ခနဲ ပေါ်လာသည်။
[တီ..တီ.. သတ်မှတ်ထားသော နေရာတွင် ကျပန်း မိစ္ဆာကောင်များ (သံချပ်ဝတ် တောဝက် x ၃) ကို အောင်မြင်စွာ ဖန်တီးလိုက်ပါပြီ။]
“လက်ဝါးကြီး အုပ်ချင်တယ် ဟုတ်လား... ငါ့ကို ခွင့်ပြုချက် တောင်းပြီးပြီလား...”
သူသည် စာမျက်နှာကို အေးအေးလူလူ လှန်လိုက်ရင်း ကျေနပ်နေမိသည်။
“ဒါကို ဂိမ်းကစားခြင်း အရသာ ပိုရှိအောင် ‘ကျပန်း ဖြစ်ရပ်’လေး တစ်ခု ထည့်ပေးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ...”
“ကြည့်ရတာ ဒီတပည့်တွေက အရမ်း အားနေကြပုံပဲ... စိတ်လှုပ်ရှားစရာလေးတွေ လိုနေတာ နေမှာပါ...”
သူသည် အပြင်ဘက်မှ ရှုပ်ထွေးနေသော လုပ်ငန်းခွင်နှင့် စောင်းနေသော တိုင်လုံးများကို လှမ်းကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
“လမ်းခရီး ကြမ်းတမ်းပေမယ့်... အလုပ်တော့ ဖြစ်နေသားပဲ...”
“နှေးနှေးလုပ်မှ ပစ္စည်းကောင်း ရမှာ... မလောနဲ့... သူတို့ကို သေချာ လေ့ကျင့်ပေးဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်…”