သိုင်းကျမ်းဂေဟာ ပွင့်ပြီ (သို့) ဒါကို ဒဏ္ဍာရီလာ မီးကျည်ဆန် မန္တန်လို့ ခေါ်တာလား
Vol. 2 Ch. 19
~နောက်တစ်နေ့ နံနက်စောစော။ ကွေ့ယွမ်ဂိုဏ်း ရင်ပြင်။
ရင်ပြင်တစ်ခုလုံးသည် ယခင်ကထက် ပိုမို တိတ်ဆိတ်ငြိမ်သက်နေ၏။ တူထုသံများလည်း မရှိ၊ ဦးလေးကျန်း၏ ဆူပူသံများလည်း မရှိတော့ချေ။
အားလုံးသည် ခန်းမဆောင်ကြီး၏ အရှေ့ဘက်၊ မနေ့ညကမှ စနစ်က အကြီးစား မွမ်းမံထားပြီးနောက် အသစ်စက်စက် ဖြစ်နေသော နှစ်ထပ် အဆောက်အဦးကြီး တစ်ခုရှေ့တွင် စုရုံးနေကြ၏။
တံခါးဝတွင် ရွှေရောင် စာလုံးကြီး (၃) လုံးဖြင့် ရေးထိုးထားသော ရှေးဟောင်း ဆိုင်းဘုတ်ကြီး တစ်ခုကို ချိတ်ဆွဲထား၏။
[သိုင်းကျမ်းဂေဟာ] ။
ကစားသမား (၁၀၀) ကျော်သည် မိမိတို့၏ အမှတ်အသား ကျောက်စိမ်းပြား (စနစ် မျက်နှာပြင်ကို ခေါ်ယူသည့် ပစ္စည်း) များကို ကိုင်ဆောင်ကာ၊ အဆီတုံးကြီးကို ကြည့်နေသော ဗိုက်ဆာသည့် ဝံပုလွေများပမာ မျက်လုံးများ အရောင်တောက်နေကြ၏။
မနေ့က အမှတ် (၁၀၀,၀၀၀) အမဲဖျက်ပွဲကြီး အပြီးတွင် သူတို့အားလုံး သူဌေးလေးတွေ ဖြစ်နေကြပြီလေ။ သူဌေးဖြစ်ရင် ဘာလုပ်မလဲ... သုံးရမှာပေါ့။
“နောက်ဆုံးတော့ ပွင့်လာပြီကွ... ငါ စောင့်နေတာ ကြာလှပြီ... ငါ့လက်က ဆာလောင်နေပြီ...”
‘ကောင်းကင်ခွင်း ဓားတစ်လက်’ သည် ရှေ့ဆုံးတွင် ရပ်နေ၏။ သူ၏ သံချေးတက် ဓားဟောင်းကြီး နေရာတွင် ဆိုင်မှ ဝယ်ထားသော သံရှည်ဓား အသစ်စက်စက်ကြီးက အစားထိုး ဝင်ရောက်နေချေပြီ။ အရာအားလုံး အသင့်ဖြစ်နေပြီ... ပြိုင်ဘက်ကင်း ဓားသိုင်းကျမ်း တစ်အုပ်သာ လိုတော့၏။
“ဘယ်လို အစွမ်းထက်တဲ့ မန္တန်တွေ ရှိမလဲ မသိဘူး... ငါကတော့ ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးပြီး ဖန်သားပြင် တစ်ခုလုံးကို ရှင်းပစ်နိုင်တဲ့ တားမြစ် မန္တန်မျိုး လိုချင်တာ...” ဆယ်ကျော်သက် စိတ်ကူးယဉ် ရောဂါသည် ‘စစ်မှန်သော လုံအော့ထျန်’ မှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီနေပြီး၊ မှော်ဘုရင်ကြီး ဖြစ်လာမည့် အိပ်မက်များ မက်နေ၏။
“ကျွီ...”
မျက်လုံးပေါင်းများစွာ၏ စိုက်ကြည့်မှုအောက်တွင် သိုင်းကျမ်းဂေဟာ၏ လေးလံသော တံခါးကြီးများ ဖြည်းညှင်းစွာ ပွင့်ဟသွားသည်။ မည်သည့် NPC မျှ စောင့်ကြပ်နေခြင်း မရှိဘဲ၊ အဝါနုရောင် အလင်းလိုက်ကာ ပါးပါးလေး တစ်ခုသာ တံခါးဝတွင် တုန်ခါနေ၏။
[စနစ် အသိပေးချက် - သိုင်းကျမ်းဂေဟာ ပထမထပ်ကို ဖွင့်လှစ်လိုက်ပါပြီ။ ဝင်ကြေး - တစ်ခေါက်လျှင် အလှူငွေ (၁၀) မှတ်။ အတွင်းရှိ ကျင့်စဉ်များနှင့် သိုင်းကွက်များကို လဲလှယ်လိုပါက အပိုဆောင်း စုဆောင်းမှတ်များ ပေးရပါမယ်]
“ဟိုက်... ဝင်ကြေးတောင် ပေးရသေးတယ်လား... ဓားပြတိုက်တာပဲ...”
ပါးစပ်က ညည်းညူနေကြသော်လည်း၊ ခန္ဓာကိုယ်များကမူ ရိုးသားလှပေသည်။ သူတို့သည် တန်းစီပြီး အလင်းလိုက်ကာကို တစ်ယောက်ပြီး တစ်ယောက် ဖြတ်ကျော် ဝင်ရောက်သွားကြသည်။ နောက်ကျလျှင် ပစ္စည်းကောင်းများ ကုန်သွားမည်ကို စိုးရိမ်နေကြသည် မဟုတ်ပါလော။
အတွင်းပိုင်းသည် ကျယ်ဝန်းလှပြီး ရှေးဟောင်း စာအုပ်စင်များ စီတန်းနေ၏။ သို့သော် လောလောဆယ်တွင်မူ အရှေ့ဆုံး စင်ပေါ်တွင်သာ ကျောက်စိမ်းပြား အနည်းငယ် တင်ထား၏။
ကစားသမားများ ဝိုင်းအုံကြည့်လိုက်ကြသည်။ စနစ်၏ အကူအညီဖြင့် ကျောက်စိမ်းပြားများပေါ်ရှိ အကြောင်းအရာများကို ဖတ်လိုက်ရသောအခါ လူအုပ်ကြီး ပေါက်ကွဲသွားတော့သည်။
[အတွင်းအား ကျင့်စဉ် ကဏ္ဍ (အခြေခံ)]
* ချီ လမ်းညွှန် ကျင့်စဉ် (အပြည့်အစုံ) - ဈေးနှုန်း - (၅၀၀) မှတ်။
* ဖော်ပြချက် - အင်မော်တယ် ကျင့်ကြံခြင်း၏ အခြေခံ အုတ်မြစ် ဖြစ်သည်။ ကျင့်ကြံပြီးပါက ဝိညာဉ်စွမ်းအင်တန်း ပွင့်လာမည် ဖြစ်ပြီး ကျင့်ကြံမှု အတွေ့အကြုံ တဖြည်းဖြည်း တိုးတက်လာမည်။ (မဖြစ်မနေ သင်ယူရမည့် ဘာသာရပ်)
[သိုင်းကွက် / မန္တန် ကဏ္ဍ (အဆင့်နိမ့်)]
* အခြေခံ ဓားသိုင်း ၁၃ ကွက် - ဈေးနှုန်း - (၈၀၀) မှတ်။
* ဖော်ပြချက် - ထိုးခြင်း၊ ခတ်ခြင်း၊ ခုတ်ခြင်း၊ ပိုင်းခြင်း စသည်တို့ ပါဝင်သည်။ ဝိညာဉ်စွမ်းအင်နှင့် ပေါင်းစပ်လိုက်ပါက စွမ်းအား နှစ်ဆ တိုးမည်။ (အနီးကပ် တိုက်ခိုက်သူများအတွက် မရှိမဖြစ်)
* မီးကျည်ဆန် မန္တန် - ဈေးနှုန်း - (၁၀၀၀) မှတ်။
* ဖော်ပြချက် - ဝိညာဉ်စွမ်းအင်ကို မီးကျည်ဆန်အဖြစ် စုစည်းပြီး ရန်သူကို တိုက်ခိုက်ခြင်း။ အကွာအဝေး (၁၀) မီတာ။ မီးလောင်ကျွမ်းစေနိုင်သော အခွင့်အလမ်း ရှိသည်။ (မှော်ဆရာ အစပြု စွမ်းရည်)
* ကိုယ်ဖော့ အတတ် - ဈေးနှုန်း - (၁၀၀၀) မှတ်။
* ဖော်ပြချက် - ရွေ့လျားနှုန်းနှင့် ခုန်ပျံနိုင်စွမ်းကို ခေတ္တခဏ မြှင့်တင်ပေးသည်။ (ထွက်ပြေးရန် သို့မဟုတ် တံတိုင်းကျော်ရန်အတွက် မရှိမဖြစ်)
“ဘုရားရေ... မီးကျည်ဆန် မန္တန်တဲ့... မှော်ဆရာ စကေး ကွ... ငါကတော့ အထာကျတဲ့ မှော်ဆရာ လုပ်တော့မယ်...”
“ကိုယ်ဖော့အတတ်ကမှ တကယ့် ဘုရားအဆင့်... အဲဒါသာ ရရင် နောက်တစ်ခါ လေမည်းတောင်ကုန်းက မြင်းစီးသမားတွေနဲ့ တွေ့ရင် ကြိုက်သလို ပတ်ပြေးလို့ ရပြီ...”
“ဓားသိုင်း... ငါ ဓားသိုင်း လိုချင်တယ်... ယောကျ်ားသားတွေရဲ့ အချစ်က ဓားစီးပြီး ပျံသန်းခြင်းပဲ... မပျံနိုင်သေးရင်တောင် စတိုင်ကျရင် ပြီးတာပဲ...”
ခဏတာ စိတ်လှုပ်ရှားပြီးနောက်၊ အားလုံး အကျပ်ရိုက်သွားကြတော့သည်။
ပိုက်ဆံရထားကြသော်လည်း၊ အများစုမှာ အမှတ် (၁၀၀၀) သို့မဟုတ် (၂၀၀၀) ခန့်သာ ရှိကြသည်။ ချီ လမ်းညွှန် ကျင့်စဉ်က မဖြစ်မနေ ဝယ်ရမည် ဖြစ်သဖြင့် (၅၀၀) ကုန်သွားချေပြီ။ ကျန်သည့် ပိုက်ဆံဖြင့် နောက်ထပ် စွမ်းရည် တစ်ခုသာ ဝယ်နိုင်တော့မည် ဖြစ်၏။
မီးလုံးတွေ ပစ်မယ့် မှော်ဆရာ လုပ်မလား... စတိုင်ကျမယ့် ဓားသမား လုပ်မလား... ဒါမှမဟုတ် ပြေးမယ့် ပတ်ကော သမား လုပ်မလား...
ဒါက မေးခွန်းထုတ်စရာ ဖြစ်လာချေပြီ။
“ငါကတော့ မီးကျည်ဆန် မန္တန်ပဲ ရွေးမယ်...”
ဝမ်သဲ့ဖာက အရင်ဆုံး ဆုံးဖြတ်လိုက်သည်။ ဝမ်မျက်နှာပေါက်၏ ဓားချက်ကို သတိရပြီး အံကြိတ်ကာ ပြောလိုက်၏။ “ငါ အနီးကပ် ဝင်လုံးရတာကို ရွံနေပြီ...အဝေးပစ် အမြောက်ကြီး ဖြစ်ရမယ်... အနားကပ်လာတဲ့ကောင် မှန်သမျှ အမှုန့်ကြိတ်ပစ်မယ်...”
သူသည် လက်ကို ဝှေ့ယမ်းကာ စုဆောင်းမှတ် (၁၅၀၀) ကို သုံးပြီး ချီ လမ်းညွှန် ကျင့်စဉ်နှင့် မီးကျည်ဆန် မန္တန်ကို ဝယ်လိုက်၏။
“တီ..တီ.. ဂုဏ်ယူပါတယ်။ စွမ်းရည်ကို သင်ယူပြီးပါပြီ။”
ဝမ်သဲ့ဖာသည် နက်နဲသော ဗဟုသုတများ ခေါင်းထဲသို့ ရောက်ရှိလာသည်ကို ခံစားလိုက်ရပြီး၊ တစ်ခဏချင်းမှာပင် ဝိညာဉ်စွမ်းအင်ကို မည်သို့ အသုံးပြုရမည်ကို နားလည်သွားတော့သည်။
သူသည် ရင်ပြင်အစွန်းရှိ ကွင်းပြင်သို့ အပြေးကလေး သွား၍ စမ်းသပ်ကြည့်ချင်နေတော့၏။
“အားလုံး ဖယ်ကြ... ငါ မန္တန် သုံးတော့မယ်... မတော်တဆ ထိကုန်မယ်နော်...”
ဝမ်သဲ့ဖာသည် စတိုင်ကျလှသည် (ဟု သူ ထင်သော) ကိုယ်ဟန်အနေအထားကို ယူလိုက်ပြီး၊ အသက်ကို ဝဝရှူကာ၊ ယခုလေးတင် မွေးဖွားလာသော ဝိညာဉ်စွမ်းအင် အနည်းငယ်ကို လက်ညှိုးထိပ်တွင် စုစည်းလိုက်၏။
“မီးကျည်ဆန် မန္တန်... သွားစမ်း...”
သူသည် အော်ဟစ်လိုက်ပြီး၊ ရှေ့ရှိ သစ်ပင်ကြီးတစ်ပင်ကို လက်ညှိုးထိုးလိုက်သည်။
“ဖူး...”
လေလည်လိုက်သကဲ့သို့ အသံမျိုး ထွက်ပေါ်လာ၏။
လက်ညှိုးထိပ်မှ မီးခိုးမည်းမည်း အနည်းငယ် ထွက်လာပြီးနောက်... ဘာမှ ဆက်မဖြစ်တော့ချေ။
မီးပွားလေး တစ်ပွင့်တောင် မထွက်လာပါ။
“ဟားဟားဟားဟား...”
ဘေးမှ ကြည့်နေသူများမှာ ခွက်ထိုးခွက်လန် ရယ်ချလိုက်ကြတော့သည်။
“အစ်ကိုကြီး... ခင်ဗျားရဲ့ မီးကျည်ဆန်က ရေစိုနေတာလား...”
“ဒါ ခင်ဗျား ပြောတဲ့ အမြောက်ကြီးလား... ကျည်ပွကြီး ဖြစ်နေပါရောလား... ရယ်ရလွန်းလို့ သေတော့မယ်...”
ဝမ်သဲ့ဖာ၏ မျက်နှာကြီးမှာ အသည်းရောင်သွားသကဲ့သို့ ညိုမည်းသွားတော့၏။
“မတော်တဆပါကွာ... မတော်တဆ ဖြစ်သွားတာ... ငါ့ ချီစွမ်းအင်က မလိုက်နိုင်လို့ပါ... နောက်တစ်ခါ ပြန်လုပ်မယ်...”
သူသည် အရှုံးမပေးဘဲ မျက်နှာကြီး နီရဲလာသည်အထိ အသက်အောင့်ကာ (၁၀) စက္ကန့်ခန့် စုစည်းလိုက်ပြန်သည်။
“ထွက်လာစမ်း... မီးကျည်ဆန် မန္တန်...”
“ဝူး...”
နောက်ဆုံးတော့ အောင်မြင်သွားချေပြီ။
စားပွဲတင် တင်းနစ်ဘောလုံး အရွယ်အစားခန့် ရှိသော မီးလုံးလေး တစ်လုံးသည် သူ့လက်ညှိုးထိပ်မှ ယိုင်တိုင်တိုင် ထွက်ပေါ်လာပြီး၊ အဘွားအို လမ်းလျှောက်သကဲ့သို့ နှေးကွေးစွာဖြင့် သစ်ပင်ဆီသို့ ပျံသန်းသွား၏။
“ဘုတ်...”
မီးလုံးလေးသည် သစ်ပင်စည်ကို ထိမှန်သွားသော်လည်း၊ အခေါက်ကိုပင် မလောင်ကျွမ်းနိုင်ဘဲ လေတိုက်သဖြင့် ငြိမ်းသွားကာ အမည်းကွက်လေး တစ်ကွက်သာ ကျန်ရစ်ခဲ့ရှာသည်။
လူတိုင်း ထပ်မံ၍ ဝါးလုံးကွဲ ရယ်ချကြပြန်သည်။
“အား... မရတော့ဘူး... အသက်ရှူလို့ မဝတော့ဘူး... အဲဒါ မီးကျည်ဆန် မန္တန် ဟုတ်လား... မီးခြစ် မန္တန်လို့ပဲ နာမည်ပေးလိုက်ပါတော့...”
“အဲဒီ စွမ်းအားလောက်နဲ့ ဆေးလိပ်တောင် ညှိလို့ရပါ့မလား...”
ဝမ်သဲ့ဖာ တစ်ယောက်တည်း မဟုတ်ပေ။ အခြား စွမ်းရည်များ ဝယ်ထားသူများလည်း ထိုနည်းလည်းကောင်းပင် ဖြစ်နေကြ၏။
‘ကောင်းကင်ခွင်း ဓားတစ်လက်’ သည် ဓားသိုင်းကို ရွေးချယ်ခဲ့သည်။ သူသည် ဓားဝိညာဉ် ထွက်ပေါ်လာစေရန် အားကုန် ခုတ်ပိုင်းလိုက်ရာ၊ ချီစွမ်းအင် မလိုက်နိုင်သဖြင့် ခြေချော်သွားပြီး ဓားရော လူပါ ပန်းခင်းထဲသို့ မှောက်လျက်သား ပြုတ်ကျသွားကာ ရွှံ့များ စားလိုက်ရရှာသည်။
‘စစ်မှန်သော လုံအော့ထျန်’ သည် ကိုယ်ဖော့အတတ်ကို ယူခဲ့သည်။ “ဝူး... ပျံပြီဟေ့...” ဟု အော်ဟစ်ကာ ခုန်လိုက်သော်လည်း၊ ပုံမှန်ထက် (ဝ.၅) မီတာလောက်သာ ပိုမြင့်ပြီး လေထဲတွင် ဟန်ချက်ပျက်ကာ မျက်နှာဖြင့် မိတ်ဆက်လျက် ပြုတ်ကျသွား၏။
ရင်ပြင်တစ်ခုလုံးတွင် ပျော်ရွှင်စရာ လေထုကြီး လွှမ်းမိုးသွားတော့သည်။
ယခုမှသာ သူတို့ နားလည်သွားကြ၏။ စွမ်းရည်စာအုပ် ဆိုသည်မှာ နှိပ်လိုက်ရုံနှင့် တတ်မြောက်သွားသည် မဟုတ်။ ဦးနှောက်က နားလည်သော်လည်း ခန္ဓာကိုယ်နှင့် ချီစွမ်းအင်က လေ့ကျင့်ဖို့ လိုသေးသည်ကိုး။ ဒါက ‘ကြော်ငြာပုံ’ နှင့် ‘အစစ်အမှန်’ ကွာခြားချက်ပင် ဖြစ်ပေသည်။
စင်မြင့်ထက်တွင် ထိုင်နေသော ကျန်းချန်သည် လက်ဖက်ရည်ပူပူကို သောက်ရင်း၊ မှော်ဆရာပေါက်စလေးများ၏ လူရွှင်တော် ကပွဲကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေ၏။
မဆိုးပါဘူး... အားလုံးက တိုးတက်ချင်နေကြတာပဲ။
သူသည် စနစ်၏ နောက်ကွယ်ကို တစ်ချက် ကြည့်လိုက်သည်။ တစ်နာရီ အတွင်းမှာပင် သိုင်းကျမ်းဂေဟာသည် စုဆောင်းမှတ် (၂၀,၀၀၀) ကျော်ကို ပြန်လည် သိမ်းဆည်းနိုင်ခဲ့ချေပြီ။ ဒါက အခြေခံ အကျဆုံး ကျမ်းစာအုပ်တွေပဲ ရှိသေးတာလေ။
အလယ်အလတ်တန်းစား နဲ့ အဆင့်မြင့် ကျင့်စဉ်တွေ ပွင့်လာတဲ့ အခါကျရင်...
ဒီတပည့်တွေက ငါ့အတွက် တစ်သက်လုံး အလုပ်လုပ်ပေးရတော့မှာပဲ။
စိတ်အခြေအနေ ကောင်းမွန်နေသော ကျန်းချန်သည် နေ့လယ်စာအတွက် ဆုချသည့် အနေဖြင့် ‘ကျောက်ကပ်ကြော်’ ထံသို့ သွားကာ သူတောင်းစား ကြက်ကင် တစ်ကောင်လောက် မှာစားရန် ဆုံးဖြတ်လိုက်ပါတော့သည်။