← Chapters

ဉာဏ်အလင်းပွင့်သွားသော အခိုက်အတန့် (သို့) ဓားကိုဆွဲထုတ်ကာ ပတ်ဝန်းကျင်ကို ကြောင်တောင်တောင် ငေးမောကြည့်ရှုခြင်း

Vol. 2 Ch. 27

ဉာဏ်အလင်းပွင့်သွားသော အခိုက်အတန့် (သို့) ဓားကိုဆွဲထုတ်ကာ ပတ်ဝန်းကျင်ကို ကြောင်တောင်တောင် ငေးမောကြည့်ရှုခြင်း

Vol. 2 Ch. 27

~နောက်တစ်နေ့ နံနက်ခင်း။ ကွေ့ယွမ်ဂိုဏ်း ရင်ပြင်။

ယနေ့၏ နေမင်းကြီးသည် ပုံမှန်ထက် ပို၍ ပျင်းရိနေသယောင် ရှိပေသည်။ တောင်ထိပ်ဖျားမှ တရွေ့ရွေ့ တက်လာပြီး၊ တစ်ညလုံး ပျော်ပါးထားသော ရင်ပြင်ကျယ်ကြီးအပေါ်သို့ ရွှေရောင် အလင်းတန်းများကို ဖြည်းညှင်းစွာ ဖြန့်ကျက်လိုက်၏။ လေထုထဲတွင် မနေ့ညက အသားကင်ထားသော တူးနံ့များနှင့် ပျော်ရွှင်မှု အကြွင်းအကျန်များ လွင့်ပျံနေဆဲ ဖြစ်၏။

ကစားသမား (၁၀၀) ကျော်သည် တစ်ယောက်ပြီး တစ်ယောက် အွန်လိုင်း ဝင်ရောက်လာကြ၏။

“ဝါး...”

ဝမ်သဲ့ဖာ (အိုင်ဒီ - ဒီဖရဲသီး မှည့်ပြီလား) သည် မှုန်ကုပ်ကုပ် မျက်လုံးများကို ပွတ်သပ်ရင်း ကောက်ရိုးပုံဖြင့် လုပ်ထားသော သူ၏ ယာယီတဲလေးထဲမှ အကျင့်ပါနေသည့်အတိုင်း တွားသွား ထွက်လာ၏။ နောက်တစ်စက္ကန့်တွင် သူ ရုတ်တရက် တုန်လှုပ်သွားပြီး မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြီးကို သတိရသွားတော့သည်။

“သောက်ကျိုးနည်း... ငါ မေ့နေတာ... ဒီအဘိုးကြီးက ဆရာကြီး ဖြစ်နေပြီပဲ...”

သူသည် စိတ်မရှည်နိုင်စွာဖြင့် စနစ် မျက်နှာပြင်ကို ခေါ်ယူလိုက်သည်။ [ကျင့်ကြံမှု အဆင့် - ချီ စုစည်းမှု အဆင့် ၃ (အစောပိုင်း)] ဟူသော ရွှေရောင် စာလုံးသေးသေးလေးများနှင့် ပြည့်လျံနေသော အပြာရောင် စွမ်းအင်တန်းကို ကြည့်ကာ၊ ထိုဖက်တီး၏ မျက်နှာပေါ်တွင် နှာဘူးဆန်သော အပြုံးကြီး ဖြာထွက်လာ၏။

“ဟီးဟီးဟီး... ချီ စုစည်းမှု အဆင့် (၃) တဲ့ကွ... တကယ့်ကို ကြောက်စရာကောင်းလိုက်တာ... ငါ့စိတ်ထဲမှာ အခုချက်ချင်း နွားတစ်ကောင်လောက်ကို လက်သီးနဲ့ ထိုးသတ်နိုင်မယ်လို့တောင် ခံစားနေရတယ်...”

သူသည် အလိုလိုပင်.. ရင်ကို ကော့လိုက်ပြီး၊ အနံ့အနည်းငယ် ထွက်နေသော်လည်း ကာကွယ်မှု ကောင်းမွန်သော [ကြွက်သားရေ ချပ်ဝတ်] ကို ဝတ်ဆင်လိုက်သည်။ ထို့နောက် [ကြွက်သွား ဓားမြှောင်] ကို ခါးတွင် အပေါ်လွင်ဆုံး နေရာ၌ ချိတ်ဆွဲလိုက်ပြီး၊ ရင်ပြင်အလယ်သို့ မာန်ပါပါ လမ်းလျှောက် ထွက်လာခဲ့တော့သည်။

ထိုအချိန်တွင် ရင်ပြင်ပေါ်၌ စိတ်လှုပ်ရှားနေသော ကစားသမား အများအပြား ရောက်ရှိနေကြပြီ ဖြစ်သည်။ လူချင်း တွေ့သည်နှင့် “ထမင်းစားပြီးပြီလား” ဟု နှုတ်မဆက်ကြတော့ဘဲ၊ အောက်ပါအတိုင်းသာ ပြောဆိုနေကြပါ၏။

“ကိုယ့်လူ... ဘယ်အဆင့် ရောက်ပြီလဲ...”

“ဟီးဟီး... ပါရမီ မပါပါဘူးဗျာ... မနေ့ညကမှ အဆင့် (၃) အလယ်အလတ် အဆင့်ကို ကပ်ပြီး ရောက်သွားတာ...”

“လခွမ်း... မင်းက ဟော်မုန်းဆေးတွေ သောက်ထားတာလား... ငါက အခုမှ အဆင့် (၃) ပဲ ရှိသေးတယ်...”

ရင်ပြင်တစ်ခုလုံးတွင် သူဌေးသစ်များ စုဝေးနေသကဲ့သို့ ပျော်ရွှင်မြူးထူးသော လေထုကြီး လွှမ်းမိုးနေ၏။ လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက်၏ သားရေချပ်ဝတ် အသစ်များကို “ဘုန်း... ဘုန်း...” ဟု အသံမြည်အောင် ပုတ်ကြည့်ကြရင်း၊ မိမိကိုယ်ကိုယ် အလွန် ခံနိုင်ရည်ရှိသူများဟု ခံစားနေကြရသည်။

[ကိုယ်ဖော့အတတ်] ကို သင်ယူထားသော လျင်မြန်မှုလိုင်း ကစားသမား အချို့မှာမူ ADHDရှိသူများပမာ ရင်ပြင်ရှိ တိုင်လုံးများနှင့် ခေါင်မိုးများပေါ်တွင် ဟိုခုန်ဒီပျံ လုပ်နေကြတော့သည်။ တစ်ခါတစ်ရံတွင် လေထဲ၌ စတိုင်ကျသော ကိုယ်ဟန်အနေအထားများ လုပ်ပြကြသဖြင့်၊ အောက်ဘက်မှ လူများ၏ “ဟန်ဆောင်ကောင်းတဲ့ကောင်တွေ မိုးကြိုးပစ်ပါစေ” ဟူသော ကျိန်ဆဲသံများကို ရရှိကြလေ၏။ (ADHD- ဂနာမငြိမ်သော ရောဂါ)

ထိပ်တန်း ကစားသမား ‘ကောင်းကင်ခွင်း ဓားတစ်လက်’ သည် ရင်ပြင်အစွန်းတွင် ရပ်လျက်၊ အဆင့်မြှင့်တင်ထားသော သံမဏိ ဓားရှည်ကြီးကို ကိုင်ဆောင်ထား၏။ သူသည် အသက်ကို ဝဝရှူလိုက်ပြီး ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်ရာ၊ ဓားသွားပေါ်တွင် ဝိညာဉ်အလင်းတန်း ဖျော့ဖျော့လေး လွှမ်းခြုံသွားတော့သည်။

“တောင်ထိပ်မှ တိမ်ဖြူများ ထွက်ပေါ်ခြင်း...”

သူသည် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး ဓားကို လေထဲသို့ ထိုးနှက်လိုက်၏။

“ဝူး...”

ထိုအခိုက်အတန့်၌၊ ဖောက်ထွင်းမြင်နိုင်သော ဓားဝိညာဉ် တစ်ခုသည် လေတိုးသံနှင့်အတူ ထွက်ပေါ်လာပြီး (၅) မီတာလောက် ပျံသန်းသွားကာ၊ လမ်းဘေးရှိ မြက်မြီးနီပင် တစ်ပင်၏ ခေါင်းကို “ဖပ်” ခနဲ တိကျစွာ ဖြတ်တောက်သွား၏။

“မိုက်တယ်ဟေ့...”

ဘေးနားရှိ လူသစ်အချို့က မျက်နှာလိုမျက်နှာရ လက်ခုပ်တီးပေးကြသည်။ ‘ကောင်းကင်ခွင်း ဓားတစ်လက်’ သည် ကျေနပ်စွာဖြင့် ဓားကို အိမ်ပြန်သွင်းလိုက်ပြီး၊ လက်ကို နောက်ပစ်ကာ တောင်ထိပ်ဖျားမှ အထီးကျန် ဆရာကြီး တစ်ဆူပမာ ရပ်နေ၏။

သို့သော်ငြားလည်း... ဤ စိတ်လှုပ်ရှားမှုသည် တစ်နာရီခန့်သာ ကြာမြင့်ခဲ့ပါ၏။

နာရီလက်တံသည် မြွေနာရီ (နံနက် ၉ နာရီ) သို့ ရောက်ရှိလာသောအခါ၊ နေရောင်ခြည် ပိုမို စူးရှလာသော်လည်း ရင်ပြင်ပေါ်ရှိ လေထုမှာ တဖြည်းဖြည်း ခြောက်ကပ်လာသည်။ လူတိုင်းမှာ အလွန် ကြီးလေးသော ပြဿနာတစ်ခုကို ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်ကြသောကြောင့်ပါ။

“ဟေ့လူတို့... ဒီနေ့ ငါတို့ ဘာလုပ်ကြမလဲ...”

ကစားသမား တစ်ယောက်က ခေါင်းကို ကုတ်ရင်း လူတိုင်း၏ ရင်ထဲရှိ မေးခွန်းကို မေးလိုက်၏။

လေမည်းတောင်ကုန်း လား။ ပြာကျသွားခဲ့ပြီလေ။ တောင်နောက်ဘက် မိုင်းတွင်းထဲက ဝိညာဉ်ဝါးကြွက်တွေလား။ မျိုးသုဉ်းမလို ဖြစ်အောင် အသတ်ခံလိုက်ရပြီ။ ဟို ကြောက်စရာကောင်းတဲ့ မိစ္ဆာဂိုဏ်း ယဇ်ပလ္လင်ကြီး ဆိုတာကလည်း... ဂိုဏ်းချုပ်က သေမိန့် (စနစ် တားမြစ်ချက်) ထုတ်ထားပြီးသား၊ ဖြတ်ကျော်လို့ မရတဲ့ မမြင်ရတဲ့ နံရံကြီး ကာထားတယ်။

ထို့ကြောင့် ‘ပညာရှိ စိတ်အခြေအနေ’ ဟု ခေါ်သော ဟာတာတာ ခံစားချက်ကြီးသည် ရောဂါပိုး တစ်ခုပမာ ရင်ပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ အားအင်များ ပြည့်ဖြိုးနေပြီး၊ သဘာဝလွန် စွမ်းအင်များကို ပိုင်ဆိုင်ထားကာ၊ ပစ္စည်းကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော ကစားသမား (၁၀၀) ကျော်သည် ရုတ်တရက်... အလုပ်လက်မဲ့ ဖြစ်သွားကြ၏။

“သောက်ကျိုးနည်း... ပျင်းစရာ ကောင်းလိုက်တာ... ဘာလို့ နာမည်နီနဲ့ ရန်သူ တစ်ကောင်မှ မရှိရတာလဲ...”

ဝမ်သဲ့ဖာသည် ကျောက်တိုင်ငုတ် တစ်ခုပေါ်တွင် ထိုင်ချလိုက်ပြီး၊ လက်ထဲမှ မီးလုံးလေး တစ်လုံးကို ပျင်းရိစွာဖြင့် ကစားနေ၏။ မီးလုံးလေးသည် သူ၏ လက်ချောင်းထိပ်များတွင် ကခုန်နေပြီး၊ တစ်ခါတလေ ပြားသွားလိုက်၊ တစ်ခါတလေ လုံးသွားလိုက် ဖြစ်နေသည်။

“ဂိမ်းဖန်တီးသူတွေ ဘယ်မှာလဲ... ထွက်ခဲ့စမ်း... အရိုက်ခံဖို့ ထွက်ခဲ့... မော့ဘ် မရှိဘဲ ဘယ်လို အဆင့်တက်ရမှာလဲ... ငါ့ကို ဒီမီးလုံးနဲ့ ပုရွက်ဆိတ်အုံ ရှို့စားစေချင်တာလား...”

ဝမ်သဲ့ဖာ တစ်ယောက် တကယ်ပင် ခေါင်းငုံ့ကာ မြေကြီးပေါ်တွင် ပုရွက်ဆိတ်အုံ လိုက်ရှာနေ၏။

ရင်ပြင်၏ အခြားထောင့်တစ်နေရာတွင် ပျင်းလွန်းသဖြင့် မျက်ရည်ကျနေသော ကစားသမား အချို့သည် အနုပညာ စွမ်းရည်ပြပွဲများ စတင် လုပ်ဆောင်နေကြသည်။

ကစားသမား တစ်ယောက်သည် ဖိနပ်ကို ချွတ်လိုက်ပြီး၊ အသစ်သင်ထားသော ဝိညာဉ်စွမ်းအင်ဖြင့် ခြေချောင်းများကို အားဖြည့်ကာ အုတ်ခဲတစ်ချပ်ကို ခြေချောင်းဖြင့် ကောက်ယူရန် ကြိုးစားနေ၏။

“ငါ့ရဲ့ ‘ဝရဇိန် ခြေချောင်း’ စွမ်းအားကို ရှုစားကြလော့... မစမ်း... အား... သေပါပြီ... ခြေသလုံး ကြွက်တက်သွားပြီ...”

အခြား ကစားသမား တစ်ယောက်ကမူ ကြွက်သားရေ ချပ်ဝတ်၏ ခံနိုင်ရည်ကို စမ်းသပ်ရန်အတွက် ဘေးလူကို သစ်သားတုတ်ဖြင့် သူ့ကျောကုန်းကို အားကုန် ရိုက်ခိုင်းနေသည်။

“ပြင်းပြင်းရိုက်လေကွာ... ထမင်းမစားထားဘူးလား... ဒီလောက် အားလေးနဲ့ ငါ့ရဲ့ ကာကွယ်မှုကို ဖောက်ချင်နေတာလား... အား... အဲဒါ အကြောထိသွားတာလေ... မင်း တမင် လုပ်တာ မဟုတ်လား...”

“အံစာတုံး ဘယ်သူ့မှာ ပါလဲ... လာကြ... လောင်းကြေးထပ်ကြမယ်... နောက်ကျလာမယ့် သစ်ရွက်က ပက်လက်ကျမလား၊ မှောက်ခုံကျမလား ဆိုတာ လောင်းကြေးထပ်ကြမယ်...”

ကွေ့ယွမ်ဂိုဏ်း ရင်ပြင်တစ်ခုလုံးတွင် ပျော်ရွှင်စရာ ကောင်းသော်လည်း အလွန်အမင်း ပျင်းရိငြီးငွေ့ဖွယ် ကောင်းသော လေထုကြီး လွှမ်းမိုးနေ၏။ လူတိုင်းသည် နေရာမရှိသော စွမ်းအင်များကို ကိုယ်ပိုင် ထူးဆန်းသော နည်းလမ်းများဖြင့် ဖြုန်းတီးနေကြတော့သည်။

တိတ်ဆိတ် ငြိမ်သက်ပြီး အလွန်အမင်း ပျင်းရိနေသော ဤ အရေးကြီးသည့် အခိုက်အတန့်တွင်...

ခန်းမဆောင်ကြီး ရှေ့ရှိ စင်မြင့် လှေကားထစ်များပေါ်မှ လူရိပ်တစ်ခု ဖြည်းညှင်းစွာ မတ်တတ်ရပ်လာ၏။

ထိုသူမှာ... ဆယ်ကျော်သက် စိတ်ကူးယဉ် ရောဂါသည်- ‘စစ်မှန်သော လုံအော့ထျန်’ ပင် ဖြစ်ပေသည်။

သူသည် ယနေ့တွင် ဘယ်ကရမှန်းမသိသော အနက်ရောင် ဝတ်ရုံရှည်ကြီး တစ်ထည်ကို အထူးတလည် လဲလှယ် ဝတ်ဆင်ထားလေသည် (ဆိုဒ်နည်းနည်းကြီးနေသဖြင့် လက်မောင်းစကို ခေါက်တင်ထားရသော်လည်း) ၊ လက်ထဲတွင် ထိုသစ်သားဓားကိုပင် ကိုင်ဆောင်ထားဆဲ ဖြစ်၏။

သူသည် အောက်ဘက်ရှိ တိုက်ခိုက်လိုစိတ် ကင်းမဲ့နေသော ‘ငါးပိကောင်’ များကို ကြည့်ကာ၊ မျက်လုံးထဲတွင် နာကျင်မှုနှင့် စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်သန်းသွား၏။

“ဟင်း...”

သူသည် အလွန် ဟန်ပါပါဖြင့် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ရာ၊ အသံမှာ ကျယ်လောင်လွန်းသဖြင့် ရင်ပြင်တစ်ဝက်ခန့် ကြားလိုက်ရ၏။

“ပြိုင်ဘက်ကင်းခြင်း ဆိုတာ... တကယ့်ကို အထီးကျန်ဆန်မှု တစ်မျိုးပါလား...”

သူသည် ကောင်းကင်ကို (၄၅) ဒီဂရီ မော့ကြည့်လိုက်ပြီး၊ အလွန် ဝမ်းနည်းဖွယ် ကောင်းသည်ဟု သူထင်သော ပုံရိပ်ကို ဖော်ဆောင်လိုက်၏။

“ငါတို့ ကျင့်ကြံသူတွေက အင်မော်တယ် လမ်းစဉ်ကို အခုမှ စတင် လျှောက်လှမ်းတာလေ... ဘယ်လိုလုပ် ဒီလောက် ပျင်းရိနေလို့ ရမှာလဲ... အပြင်မှာ ရန်သူ မရှိတော့ဘူး ဆိုရင်... ဒီ ဓားက...”

သူ ရုတ်တရက် လှည့်လိုက်ပြီး၊ သစ်သားဓားဖြင့် ရင်ပြင်အလယ်ကို တည့်တည့်မတ်မတ် ချိန်ရွယ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

“... အတွင်းက သွေးကိုပဲ သောက်ရတော့မှာပေါ့...”

နေရာတစ်ခုလုံး တစ်စက္ကန့်မျှ တိတ်ဆိတ်သွား၏။

ပုရွက်ဆိတ် ရေတွက်နေသူများ၊ ခြေချောင်း ကလိထိုးနေသူများနှင့် အချင်းချင်း နာကျင်အောင် လုပ်နေသူများ အားလုံးသည် အမြင့်မှနေ၍ ဟန်လုပ်နေသော ထိုလူကို ပြိုင်တူ မော့ကြည့်လိုက်ကြသည်။

ပုံမှန်ဆိုလျှင် လူတိုင်းက “အရူး” ဟု ဆဲဆိုပြီး ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြမည် ဖြစ်သည်။

သို့သော် ဒီနေ့က မတူပါ။ ဒီနေ့က လူတိုင်း အရမ်း ပျင်းနေကြသည်။ ဒီနေ့က လူတိုင်း အရမ်း သန်မာနေကြသည်။ ဒီနေ့က လူတိုင်း တစ်ယောက်ယောက်ကို ဝိုင်းရိုက်ချင်နေကြသည်။

“ဒီကောင်လေး...”

ဝမ်သဲ့ဖာသည် လက်ထဲမှ မီးလုံးကို ချေပစ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ လည်ပင်းကို ‘ဂျွတ်’ ခနဲ မြည်အောင် ချိုးလိုက်၏။

“သူက ငါတို့ကို ရန်စနေတာလား...”

“ငါ သူ့ကို ကြည့်မရတာ ကြာပြီ...” ‘ကောင်းကင်ခွင်း ဓားတစ်လက်’ က ဓားသွားကို အေးစက်စွာ သုတ်လိုက်သည်။ “နေ့တိုင်း ဟန်ရေးပြနေတာ... ဘော့စ် ကို တိုက်တုန်းကတော့ သူ့ရဲ့ တိုက်ခိုက်အား မြင့်တာ မတွေ့မိပါဘူး...”

“ညီအစ်ကိုတို့...”

လူအုပ်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်ရာ၊ လူတိုင်း၏ ရင်ထဲတွင် ဖိနှိပ်ထားသော မီးတောက်များ ချက်ချင်း တောက်လောင်သွားတော့သည်။

“သူက တိုက်ခိုက်ချင်နေတာမလား... သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြစို့...”

“ဘာပဲဖြစ်ဖြစ် ပျင်းနေတာပဲလေ... အချင်းချင်း နာကျင်အောင် လုပ်ကြတာပေါ့...”

“ဝုန်း...”

ရင်ပြင်တစ်ခုလုံးသည်.. ရုတ်ချည်း ပေါက်ကွဲသွားတော့သည်။

ပညာရှိ စိတ်အခြေအနေ ပြီးဆုံးသွားခဲ့၏။ ပျော်ပွဲရွှင်ပွဲ (ကာယပိုင်းဆိုင်ရာ) စတင်လေ၏။

All Chapters