ခြေစစ်ပွဲ (သို့) ရာစုနှစ်ရဲ့ အကြီးမားဆုံး အငြင်းပွားမှုကြီး... ကိုက်လို့ ရမရ
Vol. 2 Ch. 28
~ကွေ့ယွမ်ဂိုဏ်း ရင်ပြင်။ နံနက်ခင်း (၁၀) နာရီ (၄၅) မိနစ်ခန့်။
“တိုက်ကြတော့မယ်” ဆိုသော ဘုံရည်မှန်းချက်တစ်ခုကြောင့် ငြိမ်သက်နေသော ရင်ပြင်ကြီးမှာ ချက်ချင်းဆိုသလို ရေပွက်ပွက်ဆူသကဲ့သို့ ဖြစ်သွား၏။
“ဖယ်ကြ... ဖယ်ကြ... လမ်းမပိတ်နဲ့... တိုက်ပွဲ ဖြစ်တော့မယ်...” “စည်းကမ်း မရှိဘဲ ဘယ်လို ပြိုင်မလဲ... ပြိုင်ပွဲကျင်းပမယ် ဆိုမှတော့ စည်းမျဉ်း ရှိရမှာပေါ့...”
လူ (၁၀၀) ကျော်သည် ရှုပ်ထွေးပွေလီစွာ လှုပ်ရှားနေကြသည်။ ပထမဆုံး ပြဿနာမှာ နေရာပင် ဖြစ်၏။ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်သော ‘ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း’ သည် တိုက်ခိုက်ခြင်းကို စိတ်မဝင်စားသော်လည်း၊ ‘စင်မြင့် ဆောက်လုပ်ခြင်း’ နှင့် ပတ်သက်လျှင် ပရော်ဖက်ရှင်နယ် အကျင့် ပါနေ၏။ လူတိုင်း ရှုပ်ပွနေသည်ကို မကြည့်ရက်သဖြင့် သူသည် စည်းကမ်းထိန်းသိမ်းရန် ရှေ့ထွက်လာ၏။
“မတိုးနဲ့လေကွာ... ဘေးကင်းရေး အကွာအဝေး ထားကြဦး... မီးကျည်ဆန် မန္တန် လွဲပြီး ပရိသတ်ကို ထိကုန်ရင် ဘယ်လိုလုပ်မလဲ...” သူသည် ခွန်အားလိုင်း ကစားသမား အချို့ကို ညွှန်ကြားပြီး ဆွေးမြည့်နေသော သစ်တုံးဟောင်းများကို သယ်ခိုင်းကာ၊ ရင်ပြင်အလယ်တွင် အချင်း မီတာ (၂၀) ခန့်ရှိသော ပုံစံမကျသည့် စက်ဝိုင်းတစ်ခုကို ဝိုင်းထားလိုက်သည်။ “ကဲ... ဒါက ပြိုင်ကွင်း ဧရိယာပဲ... စက်ဝိုင်းအပြင် ထွက်ရင် ရှုံးပြီ...”
နေရာ ရပြီဆိုတော့ ဒုတိယ အခက်ခဲဆုံး အပိုင်း ရောက်လာပြီ။ စည်းကမ်း သတ်မှတ်ခြင်း။ ပုံမှန်အားဖြင့် မိစ္ဆာကောင်များကို သတ်လျှင် နည်းမျိုးစုံ သုံးတတ်ကြသော ကစားသမားများ စုဝေးပြီး စည်းကမ်း သတ်မှတ်ကြရာတွင်... မြင်ကွင်းမှာ တကယ့် ကပ်ဘေးကြီး တစ်ခုနှင့် တူနေ၏။
လူတိုင်းသည် စက်ဝိုင်းအပြင်ဘက်တွင် စုဝေးကာ ဆူညံပွက်လောရိုက်နေကြသည်။
“ငါ အဆိုပြုတယ်... ထိရုံနဲ့ ရပ်ကြမယ်... မျက်နှာကို မရိုက်ကြေး...” ဇာတ်ကောင်၏ ရုပ်ရည်ကို အချိန်အကြာကြီး ပုံဖော်ထားရသော အမျိုးသား ကစားသမား တစ်ယောက်က အော်ဟစ်လိုက်သည်။ “ငါ ဒီမျက်နှာ ရဖို့ (၂) နာရီလောက် အချိန်ကုန်ထားရတာ... ရုပ်ပျက်သွားရင် ကောင်မလေးတွေကို ဘယ်လို ပိုးရတော့မလဲ...”
“ထွီ... မျက်နှာ မရိုက်ရင် ဘာအရသာ ရှိတော့မလဲ...”
ဝမ်သဲ့ဖာ (ဒီဖရဲသီး မှည့်ပြီလား) က ပထမဆုံး ကန့်ကွက်လိုက်၏။ သူသည် ကြွက်သွား ဓားမြှောင်ကို ဝှေ့ယမ်းကာ မျက်နှာပေး ကြမ်းကြမ်းဖြင့် ပြောလိုက်၏။
“ငါ ဖက်တီးကတော့ သူများ မျက်နှာကို ရိုက်ရတာ အကြိုက်ဆုံးပဲ... နာမှာ ကြောက်ရင် မလာနဲ့... သွားပြီး လယ်ပဲ စိုက်နေလိုက်...”
“ဟိုလေ... ထုံးမှုန့် သုံးလို့ ရမလားဟင်...” လူအုပ်ကြားထဲမှ သနားစရာ အသံလေးတစ်ခု ထွက်လာသည်။ “အဲဒါက ငါတို့ ကွေ့ယွမ်ဂိုဏ်းရဲ့ ရိုးရာ စွမ်းရည်လေ...”
“ဖယ်စမ်း... ကိုယ့်လူချင်း ချတာကို ဘာလို့ ထုံးမှုန့် သုံးရမှာလဲ... မျက်လုံးထဲ ဝင်သွားရင် ဘယ်သူ ဆေးကြောပေးမှာလဲ...”
“ဒါဆို သွားနဲ့ ကိုက်လို့ ရလား...” တစ်ယောက်က အလွန် စူးရှသော မေးခွန်းတစ်ခု မေးလိုက်ပြန်သည်။
ဒါက အကြီးအကျယ် ငြင်းခုံစရာ ဖြစ်သွားတော့သည်။
ထောက်ခံသူများက ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်သဖြင့် ဘာလို့ မရရမှာလဲဟု ဆိုကြပြီး၊ ကန့်ကွက်သူများကမူ ရွံစရာ ကောင်းလွန်းသည်၊ ယဉ်ကျေးသူများ ဖြစ်သည်ဟု ဆိုကြပြန်၏။
နောက်ဆုံးတွင် အချင်းချင်း ပြန်မချမီ၊ အဆင့်မြင့် ကစားသမား ‘ကောင်းကင်ခွင်း ဓားတစ်လက်’ ရှေ့ထွက်လာပြီး အလွန် ရိုးရှင်းသော “အခြေခံ စည်းမျဉ်း” အချို့ကို တည်ကြည်လေးနက်စွာ သတ်မှတ်ပေးလိုက်ရသည်။
(၁) လူအများအပြားကို ထိခိုက်စေနိုင်သော ဇီဝလက်နက်များ အသုံးပြုခြင်းကို တားမြစ်သည်။ (အထူးသဖြင့် ထုံးမှုန့် နှင့် ‘ကျောက်ကပ်ကြော်’ ၏ အထူးစပ် ငရုတ်သီးရည်)။
(၂) ခါးအောက်ပိုင်း တိုက်ခိုက်ခြင်းကို တားမြစ်သည်။ (အမျိုးသား ကစားသမားများ၏ ဂုဏ်သိက္ခာအတွက်)။
(၃) လူသေအောင် မလုပ်ရ။ (ပြန်လည်ရှင်သန်ရန်နှင့် အလောင်းပြန်ကောက်ရန် ရှုပ်ထွေးပြီး၊ အတွေ့အကြုံ ဆုံးရှုံးရသည်မှာ နာကျင်သောကြောင့် ဖြစ်သည်)။
စည်းမျဉ်းများ သတ်မှတ်ပြီးသည်နှင့် လူတိုင်း လက်ခမောင်း ခတ်လိုက်ကြသည်။
“ပထမပွဲ... ဘယ်သူ ထွက်မလဲ...”
ဆယ်ကျော်သက် စိတ်ကူးယဉ် ရောဂါသည် ‘စစ်မှန်သော လုံအော့ထျန်’ မှာ သည်းမခံနိုင်တော့ချေ။ သူသည် ထိုသစ်တုံး စက်ဝိုင်းထဲသို့ ပထမဆုံး ခုန်ဝင်လိုက်ပြီး၊ အနက်ရောင် ဝတ်ရုံကြီး လေမတိုက်ဘဲ လွင့်ပျံနေသည် (တကယ်တော့ သူကိုယ်တိုင် လှုပ်ခါနေခြင်း ဖြစ်သည်)။ သူ၏ သစ်သားဓားကို မြေကြီးသို့ စောင်းငှဲ့ ချိန်ရွယ်လိုက်ပြီး၊ မျက်လုံးများက ကွင်းပြင်တစ်ခုလုံးကို စီးမိုးကြည့်လိုက်သည်။
“ငါ လုံအော့ထျန်... ချီ စုစည်းမှု အဆင့် (၄)... ဒီနေ့ ငါ့ရဲ့ တာအိုလမ်းစဉ်ကို သက်သေပြမယ်... မသေချင်တဲ့ကောင် ထွက်ခဲ့...”
“ငါ လာမယ်...”
အိုင်ဒီ ‘ဒီလိုကိစ္စမျိုး လူတိုင်း လုပ်နိုင်တယ်’ ဟု အမည်ရသော လျင်မြန်မှုလိုင်း ကစားသမား တစ်ယောက် လူအုပ်ကြားမှ တိုးထွက်လာသည်။ သူသည်လည်း ချီ စုစည်းမှု အဆင့် (၄) ဖြစ်ပြီး၊ လူကောင်သေးသော်လည်း လျင်မြန်ဖြတ်လတ်ပုံ ရသည်။ လက်ထဲတွင် ကြွက်သွား ဓားမြှောင် (၂) လက်ကို လှည့်ကစားနေ၏။ သူသည် စက်ဝိုင်းထဲသို့ ခုန်ဝင်လိုက်ပြီး စိတ်ပျက်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
“ငါ မင်းကို ကြည့်မရတာ ကြာပြီ... နေ့တိုင်း ဟန်လုပ်ပြီး ဆရာကြီး စတိုင် ဖမ်းနေတာ... ဒီနေ့တော့ လက်တွေ့ကမ္ဘာရဲ့ အရိုက်ခံရမှု အရသာကို သင်ပေးလိုက်မယ်...”
“ကောင်းတယ်... သတ္တိ ရှိတယ်...” ပွဲကြည့်ပရိသတ်များ ချက်ချင်း စိတ်လှုပ်ရှားသွားကြတော့၏။
‘ ပထမပွဲကတင် အဆင့် (၄) ကျွမ်းကျင်သူချင်း ပြိုင်ပွဲ ဖြစ်နေပြီ။ ဒါက လက်မှတ်ဖိုးနဲ့ တန်တာပေါ့။’
“လောင်းကြေး ထပ်လို့ ရပြီ... လောင်းကြေး ထပ်လို့ ရပြီ...” သူဌေးသား ‘ပိုက်ဆံမရှားပါ’ သည် စီးပွားရေး အခွင့်အလမ်းကို ချက်ချင်း အနံ့ခံမိလိုက်သည်။ သူသည် ကျောက်တုံးကြီး တစ်တုံးကို စားပွဲအဖြစ် အသုံးပြုကာ၊ ကြေးပြားများနှင့် အဆင့်နိမ့် ပစ္စည်းများကို လောင်းကြေးအဖြစ် တင်လိုက်သည်။
“လုံအော့ထျန် နိုင်မယ် ထင်တဲ့သူ ဘယ်ဘက်မှာ နေ... ဓားမြှောင်ကောင်လေး နိုင်မယ် ထင်တဲ့သူ ညာဘက်မှာ နေ... လောင်းကြေး ထပ်ကြဟေ့...”
တစ်ခဏချင်းမှာပင် ရင်ပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြီး၊ အင်မော်တယ် ကျင့်ကြံရေး ဂိုဏ်းတစ်ခုနှင့် မတူတော့ဘဲ မြေအောက် မှောင်ခို လက်ဝှေ့ပွဲကြီး တစ်ခုနှင့် တူသွားတော့သည်။
စက်ဝိုင်းထဲတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်လိုက်ကြသည်။ တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိလာ၏။
“ငါ့ဓားကို ကြည့်ထား...”
လုံအော့ထျန်က အရင် စတင်လိုက်သည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်ထဲမှ သစ်သားဓားကို ‘ဓားပျံ’ ပစ်သကဲ့သို့ ရုတ်တရက် ပစ်လွှတ်လိုက်၏။
“ခြေလှမ်းတစ်ရာ ဓားပျံ...”
“ဝူး...”
သစ်သားဓားသည် လေတိုးသံနှင့်အတူ ပျံထွက်သွားသည်။ ထို့နောက်တွင်မူ... လူတိုင်း၏ အကြည့်အောက်၌ ပစ်မှတ်နှင့် (၂) မီတာခန့် လွဲချော်သွားပြီး၊ စက်ဝိုင်းအပြင်ဘက်ရှိ ဘယ်သူ စွန့်ပစ်ထားမှန်း မသိသော တောချေးပုံကြီး တစ်ပုံပေါ်သို့ “ဘုတ်” ခနဲ ကျရောက်ကာ စိုက်ဝင်သွားတော့သည်။
တိတ်ဆိတ်ခြင်း...
“...”
လုံအော့ထျန်သည် ဓားပစ်လိုက်သော ကိုယ်ဟန်အနေအထား အတိုင်း တောင့်တင်းနေပြီး၊ အရှက်ကွဲလွန်းသဖြင့် မျက်နှာကြီး နီရဲနေရှာသည်။
“ဟားဟားဟား...”
ပရိသတ်များ ဝါးလုံးကွဲ ရယ်ချလိုက်ကြတော့သည်။
“ဒါ ဘာ ခြေလှမ်းတစ်ရာ ဓားပျံ လဲကွ... ခြေလှမ်းတစ်ရာ ချေးပုံပျံ လို့ ပြောချင်တာလား...”
“လက်တည့်ချက်ကတော့ ရှယ်ပဲ... ဒါ ဆရာကြီးတဲ့လား...”
တစ်ဖက်လူ ဓားမြှောင်ကောင်လေးလည်း ရယ်ချလိုက်သည်။ “ဒါပဲလား... လက်နက်မရှိဘဲ မင်း ဘယ်လို ဟန်လုပ်ဦးမလဲ ကြည့်ကြသေးတာပေါ့...”
သူသည် အခွင့်အရေးကို အရယူကာ ကိုယ်ကို နှိမ့်ချလိုက်ပြီး၊ လျင်မြန်မှု စွမ်းရည် [အမြန်ပြေးလွှားခြင်း]ကို အသုံးပြု၍ မျောက်တစ်ကောင်ပမာ လုံအော့ထျန်ဆီသို့ ပြေးဝင်သွားကာ အနောက်မှ လုပ်ကြံရန် ပြင်လိုက်သည်။
“ဟီးဟီး... သေစမ်း...”
ဓားမြှောင်က လုံအော့ထျန်၏ ခါးအောက်ပိုင်းကို ထိုးစိုက်ရန် ပြင်လိုက်စဉ်၊ ဓားမြှောင်ကောင်လေး ရုတ်တရက် ခြေချော်သွား၏။ အကြောင်းမှာ စတိုင်ကျရန် အထူးတလည် ဝယ်ထားသော ဝတ်ရုံရှည်ကြီး၏ အနားစမှာ ရှည်လွန်းသဖြင့် ပြေးရင်းနှင့် ကိုယ့်ခြေထောက် ကိုယ်ပြန်နင်းမိသွားသောကြောင့် ဖြစ်၏။
“ဟာ... သွားပြီ...”
သူ အော်ဟစ်လိုက်ပြီး ဟန်ချက်ပျက်ကာ ရှေ့သို့ မှောက်လျက်သား ပြုတ်ကျသွား၏။ သူ့ ခေါင်းသည် လုံအော့ထျန်၏ တင်ပါးကို တည့်တည့်မတ်မတ် ဝင်ဆောင့်မိသွားတော့သည်။
“ဒုန်း...”
နှစ်ယောက်သား လုံးထွေးသွားကြသည်။
မန္တန်တွေ၊ စွမ်းရည်တွေ... အားလုံး မေ့ကုန်ကြပြီ။ လမ်းဘေးရန်ပွဲ တစ်ခုပမာ မြေကြီးပေါ်တွင် လုံးထွေး သတ်ပုတ်နေကြတော့သည်။
“ခွေးကောင်... ဘာလို့ ငါ့ဆံပင်ကို ဆွဲတာလဲ... လွှတ်စမ်း...”
“မင်း ငါ့လည်ပင်းကို ညှစ်ထားတာလေ...လွှတ်၊ ကိုက်သတ်ပစ်မယ်...”
“အား... ဘယ်သူက ကိုက်ခိုင်းလို့လဲ... စည်းကမ်းထဲမှာ မကိုက်ရဘူးလို့ ပြောထားတယ်လေ...”
“အဲဒါ စောစောကလေ... အခု ငါ စိတ်ပြောင်းသွားပြီ...”
ရွှံ့တွေ ပေကျံနေပြီး ဆရာကြီး ဂုဏ်သိက္ခာ လုံးဝ မရှိတော့သော နှစ်ယောက်ကို ကြည့်ကာ၊ ပရိသတ်များမှာ ဗိုက်နာသည်အထိ ရယ်နေကြရသည်။
ခန်းမဆောင်ကြီး၏ စင်မြင့်ထက်တွင် ကျန်းချန်သည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ၊ အောက်ဘက်မှ ပြဇာတ်နှင့်တူသော “ကျွမ်းကျင်သူချင်း ပြိုင်ပွဲ” ကို ကြည့်ရင်း နှုတ်ခမ်းများ တွန့်ချိုးနေရသည်။
သူ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ပြီး၊ စိတ်ငြိမ်စေရန် လက်ဖက်ရည် တစ်ငုံ သောက်လိုက်၏။
ဒီ တပည့်တစ်သိုက်က... တကယ်ကို လေ့ကျင့်ပေးဖို့ လိုသေးတာပဲ။