ဆိုးသွမ်းမှုကို ဖောက်ထွင်းခြင်း (အပိုင်း ၂) - အနုပညာဆိုတာ ပေါက်ကွဲမှုပဲ
Vol. 3 Ch. 31
~ကွေ့ယွမ်ဂိုဏ်း ဆေးဖော်ဆောင်အတွင်းဝယ် လေထုအခြေအနေမှာ တဖြည်းဖြည်း ပူနွေးလာ၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ၊ ဆေးပေါင်းဖို (၂၀) ကျော် အတွင်းရှိ လှုပ်ရှားမှုများမှာ ပိုမို ပြင်းထန်လာပြီး၊ အခန်း အပူချိန်မှာလည်း အရူးအမူး မြင့်တက်လာ၏။ မီးအပူချိန် ထိန်းညှိပေးနေသော မီးဓာတ် ကစားသမားများမှာ ချွေးစေးများ ရွှဲနစ်နေပြီး၊ လက်ထဲမှ မီးလုံးများမှာလည်း အနည်းငယ် မငြိမ်မသက် ဖြစ်စပြုလာသည်။
“ဟေ့... ဟေ့... ဘာလို့ မီးခိုးမဲတွေ ထွက်လာတာလဲ... မီးများနေလို့လား...” လူသစ် ကစားသမား တစ်ယောက်သည် သူ့ရှေ့မှ မီးဖိုထဲတွင် ထူပိန်းနေသော မီးခိုးမဲကြီးများ လှိမ့်ထွက်လာသည်ကို ကြည့်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
စားဖိုမှူး ‘ကျောက်ကပ်ကြော်’ သည် မျက်နှာမှ ချွေးများနှင့် မီးခိုးပြာများကို သုတ်လိုက်ပြီး၊ အနားကပ်၍ အနံ့ခံကြည့်ကာ ပညာရှင်ဆန်ဆန် ဆုံးဖြတ်ချက် ချလိုက်၏။
“မလန့်နဲ့... ဒါ အညစ်အကြေးတွေ လောင်ကျွမ်းပြီး ကာဗွန်ဖြစ်သွားတာ ... ကောင်းတဲ့လက္ခဏာပဲ... အနှစ်တွေ ထွက်လာတော့မယ့်သဘော... မီးအရှိန် ထပ်မြှင့်လိုက်... အနှစ်ချုပ်ဖို့ မီးပြင်းပြင်း လိုတယ်...”
“ဟုတ်လို့လား...ကျွန်တော်တော့ ရာဘာ လောင်နံ့ ရနေသလိုပဲ...”
စကားမဆုံးခင်မှာပင်၊ ဘေးနားရှိ ‘ဇီဝဗေဒ ခွေးပေါက်လေးရဲ့ ဘွဲ့ယူ စာတမ်း’ ကိုင်တွယ်နေသော မီးဖို (ကြွက်သွားမှုန့်နှင့် သစ်ခေါက်ဟောင်းများ ရောထည့်ထားသော မီးဖို) သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာပြီး၊ လယ်ထွန်စက် တောင်တက်နေသကဲ့သို့ အသံကြီး ထွက်ပေါ်လာ၏။
“ဒုန်း... ဒုန်း... ဒုန်း... ဂျလောက်... ဂျလောက်...” မီးဖိုအဖုံးသည် အတွင်းမှ လေဖိအားကြောင့် အပေါ်အောက် ခုန်ပေါက်နေပြီး၊ အချိန်မရွေး လွင့်ထွက်သွားတော့မည့်ပုံ ပေါက်နေသည်။
“မကောင်းတော့ဘူး... ဖိအား အရမ်း များနေပြီ... ဓာတ်ပြုမှုက ထိန်းမရတော့ဘူး...” ‘ဇီဝဗေဒ ခွေးပေါက်လေး’ သည် နှာခေါင်းပေါ်မှ လျှောကျနေသော မျက်မှန်ကို ပင့်တင်လိုက်သည်။ နောက်ဆုတ်ရင်းနှင့်ပင် ဒေတာများကို မှတ်တမ်းတင်ရန် မမေ့ချေ။ “ကနဦး သုံးသပ်ချက်အရ... ဝိညာဉ်ဝါးကြွက် သွားမှုန့်ထဲက မိစ္ဆာစွမ်းအင်တွေက သစ်ခေါက် အမျှင်တွေနဲ့ ထိန်းချုပ်မရတဲ့ ပေါင်းစပ်ဓာတ်ပြုမှု ဖြစ်ပေါ်နေတယ်... ဝပ်နေကြ...”
သို့သော် သတိပေးချက်က နောက်ကျသွားခဲ့လေပြီ။ ဆီပူအိုးထဲသို့ ရေအေးတစ်ခွက် လောင်းထည့်လိုက်သည့်နှယ်။ ဘယ်သူ့မီးဖိုက အရင် စဖြစ်သွားမှန်း မသိလိုက်သော်လည်း၊ စူးရှသော ကွဲအက်သံကြီး တစ်ခု ထွက်ပေါ်လာ၏။
“ဘုန်း...”
မီးဖိုအဖုံးတစ်ခု ကောင်းကင်ယံသို့ ပျံတက်သွားပြီး၊ ခေါင်မိုးတန်းကို ပြင်းထန်စွာ ရိုက်ခတ်ကာ ပြန်ကန်ထွက်လာပြီး ကြမ်းပြင်ပေါ်တွင် ဂျင်တစ်လုံးပမာ လည်နေ၏။ ထို ပေါက်ကွဲသံကြီးသည် စစ်ပွဲစတင်ရန် အချက်ပေးလိုက်သည့်နှယ်။
ချက်ချင်းဆိုသလိုပင် ဆေးဖော်ဆောင် အတွင်း၌ ပေါက်ကွဲမှုများ တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်ပေါ်လာပြီး၊ ကသောင်းကနင်း တီးဝိုင်းကြီး တစ်ခု ဖျော်ဖြေနေသကဲ့သို့ ဖြစ်သွားတော့သည်။
“ဘုန်း... ဖူး... ရှဲ... ဒိုင်း... ဒိုင်း... ဒိုင်း...”
မီးဖိုတိုင်း၏ “သေဆုံးခြင်း” ပုံစံမှာ မတူညီကြဘဲ၊ ထူးခြားဆန်းပြားသော ပြပွဲကြီး တစ်ခု ဖြစ်နေ၏။
ထောင့်တစ်နေရာရှိ အမည်မသိ အဆိပ်မှိုများ အများအပြား ထည့်ထားသော မီးဖိုသည် ပြင်းထန်စွာ မပေါက်ကွဲဘဲ၊ လေထွက်သွားသော ဘောလုံးပမာ “ဖူး” ခနဲ မြည်ကာ အစိမ်းရင့်ရောင် မီးခိုးလုံးကြီးကို ရုတ်တရက် မှုတ်ထုတ်လိုက်၏။ ထိုမီးခိုးများသည် အသက်ရှိသကဲ့သို့ တစ်ခန်းလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
“အဟွတ်... အဟွတ်... မျက်စိစပ်တယ်... ဒါ ဘာအနံ့ကြီးလဲ... မလျှော်ထားတဲ့ ခြေအိတ် အခု (၁၀၀) လောက်ကို အိုးထဲထည့် ပြုတ်ထားသလိုပဲ...”
အခြားတစ်ဖက်တွင်မူ ‘ကျောက်ကပ်ကြော်’ ၏ မျှော်လင့်ချက် ကြီးမားလှသော “အဆိပ်ငါးမျိုး အားတိုးဟင်းရည်” မီးဖိုမှာ အခြားမြင်ကွင်း တစ်မျိုး ဖြစ်နေ၏။
ရေထည့်တာ များသွားသဖြင့် ပါဝင်ပစ္စည်းများမှာ ကတ္တရာစေးကဲ့သို့ မဲနက်ပြစ်ချွဲသော အရည်များအဖြစ် ပြောင်းလဲသွားပြီး၊ ကြောက်မက်ဖွယ် ကောင်းအောင် ပွက်ပွက်ဆူနေ၏။ နောက်ဆုံးအချိန်တွင် ဖိအားကို မခံနိုင်တော့ဘဲ၊ မီးတောင်ပေါက်ကွဲသကဲ့သို့ “ဘုန်း” ခနဲ ဖြစ်သွားကာ၊ ပူလောင်နေသော ရွှံ့မဲကြီးများကို နေရာအနှံ့ ပက်ဖြန်းလိုက်၏။
အနီးဆုံးတွင် ရှိနေသော ‘ကျောက်ကပ်ကြော်’ မှာ အထိနာဆုံး ဖြစ်ပြီး၊ မျက်နှာနှင့် တစ်ကိုယ်လုံး ရွှံ့မဲများဖြင့် ဖုံးလွှမ်းသွားတော့သည်။ သူသည် မဲနက်နေသော ရွှံ့ရုပ်တုကြီး တစ်ခု ဖြစ်သွားပြီး၊ ကြောက်လန့်နေသော မျက်လုံးအဖြူသားလေးများသာ ပုတ်ခတ်ပုတ်ခတ် ဖြစ်နေ၏။
“ငါ့ ဟင်းရည်... တူး သွား ပြီ...”
သူသည် ပါးစပ်ထဲမှ ရွှံ့မဲများကို ထွေးထုတ်လိုက်ပြီး၊ နှလုံးကွဲမတတ် ညည်းတွားလိုက်ရှာသည်။
အသနားစရာ အကောင်းဆုံးမှာ “ယင် နှင့် ယန် မျှတခြင်း” ကို စမ်းသပ်နေသော ကစားသမားပင် ဖြစ်သည်။ သူ၏ မီးဖိုမှာ အသန့်ရှင်းဆုံး ပေါက်ကွဲသွားခြင်း ဖြစ်၏။ “ဂျိမ်း...” ဟူသော ဟိန်းဟောက်သံကြီးနှင့်အတူ၊ သက်တမ်းရင့် ကြေးမီးဖိုကြီးသည် ခံနိုင်ရည်ထက် ပိုလွန်သော စွမ်းအင်များကို မထိန်းနိုင်တော့ဘဲ တိုက်ရိုက် ကွဲကြေသွားတော့သည်။ ပူလောင်နေသော သတ္တုစများနှင့် နီရဲနေသော ဆေးအကြွင်းအကျန်များ လွင့်စင်သွား၏။
“သောက်ကျိုးနည်း... ဝပ်နေကြ...”
ကံကောင်းထောက်မစွာဖြင့် အနီးနားရှိ လူများမှာ ကြွက်သားရေ ချပ်ကာများ ဝတ်ဆင်ထားကြပြီး၊ မြေကြီးပေါ်သို့ လျင်မြန်စွာ ဝပ်ချလိုက်ကြသဖြင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရမှု မရှိကြချေ။ သို့သော် ပြင်းထန်သော ပေါက်ကွဲမှု လှိုင်းဒဏ်ကြောင့် (၅) (၆) ယောက်ခန့်မှာ လဲကျသွားပြီး၊ ကြမ်းပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်ကုန်ကြသည်။
စက္ကန့် (၃၀) အတွင်းမှာပင် မူလက သန့်ရှင်းသပ်ရပ်နေသော ဆေးဖော်ဆောင်သည် အမြောက်ဆံဖြင့် ပစ်ခတ်ခံထားရသကဲ့သို့ အပျက်အစီး ပုံကြီး ဖြစ်သွားတော့သည်။ နံရံများ မဲတူးနေပြီး၊ ကြမ်းပြင်ပေါ်တွင် ပြစ်ချွဲသော ဆေးအကြွင်းအကျန်များနှင့် ရေအိုင်များ ပြည့်နှက်နေကာ၊ လေထုထဲတွင် အသက်ရှူကျပ်စေသော အနံ့ပေါင်းစုံ ရောနှောနေ၏။
ကစားသမား (၂၀) ကျော်သည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး၊ အချို့မှာ နံရံကို မှီကာ ချောင်းဆိုးနေကြသည်။ သူတို့ တစ်ယောက်ချင်းစီမှာ မိုင်းတွင်းထဲမှ တွားသွားထွက်လာသူများကဲ့သို့ တစ်ကိုယ်လုံး မဲတူးနေပြီး၊ ဆံပင်များမှာလည်း အာဖရိက စတိုင် ကောက်ကွေးကုန်ကြသည်။ မျက်နှာပေါ်တွင် မျက်လုံးအဖြူသားနှင့် သွားများသာ ဖြူဖြူကျန်ရစ်တော့သည်။
ဖက်တီး ဝမ်သဲ့ဖာသည် ကိုယ်တိုင် ဝင်မလုပ်သော်လည်း၊ ဘေးမှ ထိုင်ကြည့်ရင်း ဘေးသင့်သွားရရှာသည်။ မီးခိုးထွက်နေသော ဆံပင်ကောက်ကောက်ကြီးဖြင့် မျက်နှာပေါ်မှ မီးခိုးပြာများကို သုတ်လိုက်သည်။ အမြောက်ဆံ ထိထားသကဲ့သို့ ဖြစ်နေသော အဖွဲ့သားများကို ကြည့်ပြီး သူ ရုတ်တရက် အောင့်မထားနိုင်တော့ချေ။
“ဖူး... ဟားဟားဟားဟား...”
သူ၏ ရယ်သံသည် မီးခလုတ် ဖွင့်လိုက်သည့်နှယ်။ အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး၊ မိမိတို့၏ ရယ်စရာကောင်းသော သရဲပုံစံများကို မြင်လိုက်ရသည့်အခါ ဝါးလုံးကွဲ ရယ်ချလိုက်ကြတော့သည်။
“ဟားဟားဟား... ကျောက်ကပ်ရေ... မင်းပုံစံက ရှေးဟောင်း စစ်သည်ရုပ်တု နဲ့ တူလိုက်တာ...”
“မင်းလည်း သိပ်မထူးပါဘူးကွာ... မင်းဆံပင်တွေ ကျွမ်းနေပြီ...”
“စိတ်လှုပ်ရှားစရာပဲ... အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတယ်... ဒါ ဘော့စ် တိုက်ရတာထက် ပိုပျော်ဖို့ ကောင်းတယ်...”
ဆေးဖော်ခြင်း မအောင်မြင်ဘဲ၊ အကြီးအကျယ် ပေါက်ကွဲသွားသော်လည်း၊ ဤ အရူးကစားသမား အုပ်စုသည် စိတ်ဓာတ်မကျသွားကြဘဲ ပျော်ရွှင်နေကြသည်မှာ အလွန် ထူးဆန်းလှပေသည်။
ခန်းမဆောင်ကြီး၏ စင်မြင့်ထက်တွင် ကျန်းချန်သည် သူ၏ ရှေ့မှ ဝိညာဉ်စွမ်းအင် အကာအကွယ်ကို ရုပ်သိမ်းလိုက်၏။ ရေကြေးမုံပြင်မှ တစ်ဆင့် ရှုပ်ပွနေသော ဆေးဖော်ဆောင်နှင့် မီးခိုးပြာများ ပေကျံနေလျက် အရူးများလို ရယ်မောနေကြသော တပည့်များကို ကြည့်ကာ အချိန်အကြာကြီး တိတ်ဆိတ်နေမိသည်။
နောက်ဆုံးတွင် သူ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး၊ နှုတ်ခမ်းထောင့်တွင် မတတ်သာသည့် အပြုံးတစ်ခု ပေါ်ပေါက်လာ၏။
အနည်းဆုံးတော့... ခေါင်မိုး ပြိုမကျသွားဘူးပေါ့။