← Chapters

ဆိုးသွမ်းမှုကို ဖောက်ထွင်းခြင်း (အပိုင်း ၃) - ဒီဆေးက နည်းနည်း ပြင်းသွားပြီ

Vol. 3 Ch. 32

ဆိုးသွမ်းမှုကို ဖောက်ထွင်းခြင်း (အပိုင်း ၃) - ဒီဆေးက နည်းနည်း ပြင်းသွားပြီ

Vol. 3 Ch. 32

~ကွေ့ယွမ်ဂိုဏ်း ဆေးဖော်ဆောင်။ ပေါက်ကွဲမှု ဖြစ်ပြီးနောက် (၁၅) မိနစ် အကြာ။

ထူပိန်းနေသော မီးခိုးအများစု ကင်းစင်သွားခဲ့ပြီ ဖြစ်၏။ ယခုအခါ ဆေးဖော်ဆောင်သည် တောဝက်အုပ်ကြီး မွှေနှောက်ထားသော စိုက်ခင်း တစ်ခုပမာ ဗြောင်းဆန်နေ၏။ အမိုးပေါ်တွင် နေရောင်ခြည် တိုးဝင်နိုင်လောက်အောင် ကြီးမားသော အပေါက်ကြီးများ ဖြစ်ပေါ်နေပြီး၊ အောက်ဘက်တွင် ဆေးပေါင်းဖို (၂၀) ကျော်မှာ ကစဥ့်ကလျား ဖြစ်နေသည်။ အချို့မှာ နှစ်ခြမ်းကွဲနေပြီး အချို့မှာ မီးခိုးမည်းများ ထွက်နေဆဲ ဖြစ်၏။

ကိုယ်ခန္ဓာ တစ်ခုလုံး မဲတူးနေပြီး မျက်လုံးအဖြူသားနှင့် သွားများသာ ပေါ်နေသော ကစားသမား (၂၀) ကျော်သည် ရတနာရှာဖွေနေသကဲ့သို့ ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ အပျက်အစီးပုံများကို မွှေနှောက်နေကြ၏။

“ဟေး... ငါ့မီးဖိုထဲမှာ တစ်ခုခု ရှိနေသလိုပဲ...”

‘ဇီဝဗေဒ ခွေးပေါက်လေး’ သည် မီးခိုးမှိုင်းသင့်နေသော မျက်မှန်ကို ပင့်တင်လိုက်ပြီး၊ မီးသွေးပုံကြားမှ မဲမဲလုံးလုံး အရာဝတ္ထု အချို့ကို စိတ်လှုပ်ရှားစွာ တူးဆွလိုက်၏။ “ဒါတွေက... ဆေးလုံးတွေလား... ဘာလို့ ဆိတ်ချေးတုံးတွေနဲ့ တူနေရတာလဲ...”

ဘေးမှ ငုံ့ကြည့်နေသော ကစားသမား တစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။ “ညီအစ်ကို... သေချာလို့လား... ငါတော့ ပရိုတင်း လောင်နံ့ ရနေသလိုပဲ...”

‘ဇီဝဗေဒ ခွေးပေါက်လေး’ မျက်နှာထား တည်သွားသည်။ “ငါ့ရဲ့ တွက်ချက်မှုအရ... ဓာတ်ပြုမှုက နည်းနည်း ကြမ်းတမ်းခဲ့ပေမယ့် ပါဝင်ပစ္စည်းတွေ အကုန်လုံး အထဲမှာ ရှိနေသေးတယ်... ဒါ ကယ်လ်စီယမ် ကြွယ်ဝတဲ့ ‘သံသားရေ ဆေးလုံး’ရဲ့ ရှေ့ပြေးပုံစံ ပဲ...”

အခြားတစ်ဖက်တွင်လည်း ‘ကျောက်ကပ်ကြော်’ သည် ပေါက်ကွဲသွားသော အိုးမည်းကြီး၏ အပျက်အစီးများကြားမှ တစ်စုံတစ်ရာကို ရှာတွေ့သွား၏။ ကတ္တရာစေးခဲကြီး တစ်ခု၏ အလယ်မှ အစိမ်းရောင် အလင်းတန်း ဖျော့ဖျော့လေး ထုတ်လွှတ်နေသော ပျော့အိအိ ဂျယ်လီတုံး တစ်တုံးကို တူးဖော်ရရှိလိုက်ခြင်း ဖြစ်၏။

“ဟေး... ငါ့ရဲ့ အဆိပ်ငါးမျိုး အားတိုးဟင်းရည် အနှစ်ချုပ်...” ‘ကျောက်ကပ်ကြော်’ ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် အစိမ်းရောင် ဂျယ်လီတုံးကို လက်နှစ်ချောင်းဖြင့် ကိုင်လိုက်သည်။ “အရည်အသွေး ကောင်းမယ့်ပုံပဲ... ကြည်လင်နေတာပဲ... အရောင်ကတော့... နျူကလီးယား ရောင်ခြည်သင့်ထားသလို ဖြစ်နေတာကလွဲရင် ကျန်တာ အိုကေတယ်...”

ခဏတာ အတွင်းမှာပင် လူတိုင်းသည် မိမိတို့၏ မီးဖိုအသီးသီးမှ ထူးဆန်းသော “ရလဒ်” များကို ဆွဲထုတ်လာကြတော့သည်။ သစ်ကြားသီး ခွဲလို့ရလောက်အောင် မာကျောသော ဆေးလုံးမဲမဲများ၊ နှပ်ရည်လို ပျော့အိနေသော အရောင်စုံ အချွဲများ၊ လက်ထဲတွင် အသက်ရှိသကဲ့သို့ တုန်ခါနေသော ဆေးလုံးများ... စသည်ဖြင့် စုံလင်လှပေသည်။

ပုံမှန် မဟုတ်မှန်း သိသာနေသော ဤအရာများကို ကြည့်ရင်း လူတိုင်း အတွေးနက်သွားကြသည်။

“စားမလား... မစားဘူးလား...” ဒါက ပြဿနာပဲ။

“ဘာကြောက်စရာ ရှိလဲကွ... ငါတို့က ကစားသမားတွေလေ... ပြန်ရှင်လို့ ရတာပဲ... ဘာတွေ ပူနေတာလဲ...”

လူအုပ်ကြားမှ အိုင်ဒီ ‘ရှန်နွန် ဆေးမြစ်စမ်းသပ်သူ’ ဟူသော သတ္တိခဲကြီး တစ်ယောက် ရှေ့ထွက်လာသည်။ ဒီကောင်က ပုံမှန်ဆိုလျှင်လည်း တွေ့ကရာ လျှောက်စားတတ်သူ ဖြစ်ပြီး၊ ယခုအချိန်တွင် သူက ဦးဆုံး စမ်းသပ်သူ ဖြစ်လာ၏။ သူသည် ‘ဇီဝဗေဒ ခွေးပေါက်လေး’ ရှေ့သို့ လျှောက်သွားပြီး ‘ဆိတ်ချေးတုံး’ တစ်လုံးကို ကောက်ယူလိုက်သည်။

“ငါ အရင်ဆုံး အဆိပ်စမ်းပြမယ်... ငါ သေသွားရင် ငါ့ပစ္စည်းတွေကို ကောက်ပေးကြဦးနော်...”

လူအများ၏ လေးစားအားကျသော အကြည့်အောက်တွင် သူသည် ခေါင်းမော့ကာ ဆေးလုံးမဲကြီးကို မျိုချလိုက်၏။

“ဂလု...”

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ အားလုံး သူ့ကို စိုက်ကြည့်နေကြ၏။

တစ်စက္ကန့်... နှစ်စက္ကန့်... သုံးစက္ကန့်... “ဘယ်လိုနေလဲ... ဘာအရသာ ရှိလဲ... စွမ်းရည်တွေ တက်လား...” လူတိုင်း စိတ်မရှည်စွာ မေးလိုက်ကြသည်။

‘ရှန်နွန်’ သည် နှုတ်ခမ်းကို သပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “နည်းနည်း ခါးတယ်... ပြီးတော့ သွားကြားညပ်တယ်... ဟေ... နေဦး... ဗိုက်ထဲမှာ လေတွေ ပြည့်လာသလိုပဲ...”

သူ စကားမဆုံးခင်မှာပင်...

“ဘွန်း...”

ကမ္ဘာပျက်မတတ် ကျယ်လောင်သော လေလည်သံကြီး တစ်ခုက ဆေးဖော်ဆောင်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ အသံကျယ်ရုံသာမက၊ ဖော်ပြ၍ မရနိုင်လောက်အောင် ဆိုးရွားသော အနံ့ဆိုးကြီး (အဆိပ်မှို လောင်ကျွမ်းထားသော အနံ့နှင့် မီးခိုးနံ့ ရောနှောနေသော အနံ့) ပါ ထွက်ပေါ်လာ၏။

“အကျိုးနည်း... ဇီဝလက်နက်ကွ...” သူ့နောက်တွင် ရပ်နေသော ကစားသမား အချို့မှာ အနံ့ဆိုးကြောင့် မျက်ဖြူလန်သွားကြပြီး၊ သွေးတန်း များပင် အနည်းငယ် လျော့ကျသွားသည်။

ဒါတင် မကသေးပေ။

‘ရှန်နွန်’ ၏ မျက်နှာကြီးမှာ ရုတ်တရက် ပြာနှမ်းသွားပြီး၊ ထို့နောက် အစိမ်းရောင် ပြောင်းသွား၏။ ချက်ချင်းဆိုသလိုပင် သူ၏ တစ်ကိုယ်လုံးမှ ဖျော့တော့သော အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး၊ မှောင်မိုက်နေသော အခန်းထဲတွင် ထင်ရှားစွာ လင်းလက်နေတော့သည်။

“ဘုရားရေ... စိမ်းသွားပြီ... သူ စိမ်းသွားပြီ...”

“လူသား ညမီးမွှေးပုလဲကြီး လား... ဒီ ဂုဏ်သတ္တိ က ရှယ်ပဲကွ... နောက်ဆို မိုင်းတွင်းထဲ ဝင်ရင် မီးတုတ်တောင် လိုတော့မှာ မဟုတ်ဘူး...”

စားလိုက်၍ မသေသည့်အပြင် ပျော်စရာကောင်းသော အထူးပြုလုပ်ချက်များ ရသည်ကို မြင်လိုက်ရသောအခါ၊ ကျန် ကစားသမားများ၏ သတ္တိများလည်း မိုးထိအောင် မြင့်တက်လာကြတော့သည်။

“ငါလည်း စမ်းမယ်ကွာ...” အခြား သတ္တိကောင်းသူ တစ်ယောက်က ‘ကျောက်ကပ်ကြော်’ လက်ထဲမှ အစိမ်းရောင် ဂျယ်လီတုံးကို ဆွဲယူပြီး တစ်လုပ်တည်း မျိုချလိုက်၏။

နောက်တစ်စက္ကန့်တွင်...

သူ၏ ခန္ဓာကိုယ်ကြီး တောင့်တင်းသွားသည်။ ထို့နောက် လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်တွင် သူ၏ ခြေလက်များမှာ ထိန်းချုပ်၍ မရနိုင်အောင် လှုပ်ရမ်း ကခုန်လာတော့သည်။ ဘယ်လက်က စက်ဝိုင်းဝိုင်းနေပြီး၊ ညာလက်က လေးထောင့်ပုံ ဆွဲနေကာ၊ ခြေထောက်များက တဖပ်ဖပ်မြည်အောင် ကနေ၏။

“ဒွန့်... ဒွန့်... ဒွန့်... ဒွန့်...”

သူသည် ပါးစပ်မှလည်း နောက်ခံ တေးဂီတသံများ ထုတ်ပေးနေပြီး၊ လျှပ်စစ်ရှော့ခ် ရိုက်ခံထားရသော ရေဘဝဲကြီး တစ်ကောင်ပမာ အပျက်အစီးများကြားတွင် ကွေးကွေးကောက်ကောက် ကခုန်နေတော့သည်။

“ဟားဟားဟား... ဒါ ဘာကြီးလဲကွ... ဘရိတ်ဒန့်ဆေး လား...”

“ရိုက်ထား... ရိုက်ထား... ဗီဒီယို ရိုက်ထား... ဒါ အင်တာနက်မှာ တင်ရင် သေချာပေါက် ပေါက်မှာဟ...”

အခြေအနေ အားလုံး လွတ်ထွက်ကုန်ကြလေပြီ။ ပိုမိုများပြားသော ကစားသမားများက အဆိပ်စမ်းသပ်ရေး တပ်မတော်ထဲသို့ ဝင်ရောက်လာကြတော့၏။

ခဏတာ အတွင်းမှာပင် ဆေးဖော်ဆောင် ရှေ့ရှိ ကွင်းပြင်သည် အရူးထောင်မှ လူနာများ ပွဲတော်ကျင်းပနေသကဲ့သို့ ဖြစ်သွားတော့သည်။

အချို့က ဆေးစားပြီးနောက် ခွေးလိုဟောင်ကာ လေးဘက်ထောက် သွားနေကြပြီး၊ တွေ့သမျှ လူ၏ ခြေသလုံးကို လိုက်ကိုက်နေကြ၏။

အချို့က မိမိကိုယ်ကိုယ် ပျံသန်းနိုင်သည်ဟု ထင်မှတ်ကာ အမိုးပေါ်တက်ပြီး ခုန်ချနေကြသည်။

အချို့ကမူ လူတိုင်းကို “မေမေ” ဟု လိုက်ခေါ်နေပြီး၊ ‘ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း’ ၏ ပေါင်ကို ဖက်ကာ အော်ဟစ် ငိုကြွေးနေကြ၏။

ခန်းမဆောင်ကြီး၏ စင်မြင့်ထက်တွင်...

ကျန်းချန်သည် အောက်ဘက်မှ တောက်ပနေသော၊ ကခုန်နေသော၊ ဟောင်နေသော တပည့်များကို ကြည့်ကာ၊ လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်လိုက်မိတော့သည်။

ဆေးဖော်ဆောင် ဖွင့်ပေးလိုက်မိတာ မှားသွားပြီလား။

ကျန်းချန်ခမျာ ရုတ်တရက် နောင်တရမိသွား၏။

ဒါ ဘယ်နားက ကျင့်ကြံရေး ဂိုဏ်းနဲ့ တူလို့လဲ... ဒါ ဟွာကောတောင်

အရူးထောင် ခွဲကြီး ဖြစ်နေပြီပဲ…

All Chapters