အခြေခံအဆောက်အအုံ ရူးသွပ်သူ (အပိုင်း ၁) - ဒါကို အိမ်လို့ ခေါ်တာလား... ဒါ အန္တရာယ်ရှိတဲ့ အဆောက်အဦးကွ
Vol. 3 Ch. 33
~နောက်တစ်နေ့ နံနက်။ ကွေ့ယွမ်ဂိုဏ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ ခန်းမဆောင်ကြီး ဘေး၌။
ယနေ့ ကွေ့ယွမ်ဂိုဏ်းသည် မနေ့ကထက် ပို၍ ဒုက္ခသည်စခန်းနှင့် တူနေ၏။ ဆေးဖော်ဆောင်ထဲမှ မီးခိုးအစိမ်းများ ထွက်နေဆဲဖြစ်ပြီး၊ ဆေးအရှိန်မပြယ်သေးသော ကစားသမား အချို့၏ ဟောင်သံများလည်း တစ်ချက်တစ်ချက် ထွက်ပေါ်နေ၏။ ဤနေရာတွင်မူ ‘ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း’ သည် သူ၏ လုပ်သက်တစ်လျှောက် အကြီးမားဆုံး စိန်ခေါ်မှုကြီးကို ရင်ဆိုင်နေရ၏။
“နားထောင်ကြ...”
ဦးလေးကျန်းသည် သူ၏ အမှတ်တံဆိပ် ကောက်ရိုးဦးထုပ်ကို ဆောင်းကာ၊ တစ်ညလုံး မအိပ်ဘဲ ဆွဲထားသော ပုံစံကြမ်း (ဘယ်သူမှ နားမလည်သော်လည်း အခမ်းအနားတော့ လိုသည်) ကို ကိုင်လျက်၊ ရှုပ်ပွနေသော သစ်ပုံနှင့် ကျောက်ပုံရှေ့တွင် ရပ်နေသည်။ သူ့ရှေ့တွင် အတင်းဆွဲခေါ်လာသော ကစားသမား (၁၀) ယောက်ကျော်ကို ဟိန်းဟောက်လိုက်၏။
“ဒီနေ့ ငါတို့ ဆေးဖော်ဆောင်ရဲ့ အမိုးကို ပြန်ပြင်ရမယ်... ပြီးတော့ ခန်းမဆောင်ကြီးရဲ့ ဘေးနံရံကို ခိုင်အောင် လုပ်ရမယ်... ဒါ အလေးအနက်ထားရမယ့် ကိစ္စကွ... ဂိုဏ်းရဲ့ ပုံရိပ်နဲ့ လုံခြုံရေးပဲ... သေချာ လုပ်ကြ...”
“ဟုတ်ကဲ့ပါ...”
ကစားသမားများက ညီညီညာညာ ဖြေလိုက်ကြသော်လည်း မျက်လုံးများက ဟိုကြည့်ဒီကြည့် ဖြစ်နေကြသည်။ မနေ့ကမှ သွေးဆူစရာ တိုက်ပွဲတွေ၊ မီးဖိုပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက်၊ ယခုအခါ ပျင်းစရာကောင်းသော အုတ်သယ်အလုပ်ကို လုပ်ရမည် ဆိုတော့ စိတ်မပါကြသည်မှာ အမှန်ပင်။
“ဦးလေးကျန်း... အမိုးပြင်တာ ပျင်းစရာကြီးဗျာ...” ကစားသမား တစ်ယောက်က ကျောက်စရစ်ခဲလေးကို ကန်ထုတ်ရင်း ညည်းညူလိုက်သည်။ “ဖန်တီးမှု ရှိတဲ့အရာလေးတွေ ဆောက်လို့ မရဘူးလား... ဥပမာ - ချောက်ကမ်းပါး အစွန်းက ပင်လယ်ရှုခင်း အပန်းဖြေအိမ်တို့... ရေကူးကန်တို့...”
“ပင်လယ် ဟုတ်လား... မင်း ဘိုးအေ သွားရှာလိုက်... ငါတို့က ကုန်းတွင်းပိတ် တောင်တန်းကြီးပေါ်မှာကွ... ပင်လယ်က ဘယ်က ထွက်လာမှာလဲ...”
ဦးလေးကျန်း၏ မုတ်ဆိတ်မွေးများ ထောင်တက်သွားသည်။
“ပါးစပ်ပိတ်ပြီး အလုပ်လုပ်စမ်း... လျင်မြန်မှုလိုင်းတွေက ငြမ်းဆင်... ခွန်အားလိုင်းတွေက ရွှံ့နယ်... မှော်ဆရာတွေ... နောက်ဆုတ်နေ... မီးမရှို့နဲ့...”
ဦးလေးကျန်း၏ သံမဏိ စည်းကမ်းအောက်တွင် လုပ်ငန်းစတင်လိုက်သည်။ သို့သော်... မကြာမီမှာပင် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့၏။
‘စတုတ္ထကပ်ဘေး’ တို့၏ အမှတ်တံဆိပ်က ဘာလဲ။
အကန့်အသတ်မဲ့ ဖန်တီးနိုင်စွမ်း (တစ်နည်းအားဖြင့် ဖျက်ဆီးနိုင်စွမ်း) ပင် ဖြစ်၏။ သူတို့ကို ရွှံ့တွေ၊ သစ်သားတွေ၊ ကျောက်တုံးတွေ ပေးလိုက်သည်နှင့် သူတို့၏ ထူးဆန်းသော စိတ်ကူးများ ပေါက်ကွဲထွက်လာတော့သည်။ လုပ်ငန်းခွင်ကြီးသည် တရားမဝင် အဆောက်အဦးများ၏ ပွဲတော်ကြီး ဖြစ်သွားတော့သည်။
ခန်းမဆောင်ကြီး၏ ဘယ်ဘက်တွင် ခွန်အားလိုင်း ဗလကြီးများက အုတ်စီနေကြ၏။ ရေချိန်ကိုက်တာတို့၊ မျဉ်းဆွဲတာတို့ မလိုပါဘူးဟု ဆိုကာ ပစ်ပယ်လိုက်ကြသည်။
“မျဉ်းဆွဲနေရင် ကြာတယ်ကွာ... ငါ့ရဲ့ တစ်ဖက်သတ် လေ့ကျင့်ထားတဲ့ ‘မီးတောက်မျက်လုံး’ နဲ့ ကြည့်လိုက်ရင် ဖြောင့်နေတာပဲ...”
သူတို့သည် စိတ်မှန်းဖြင့် ကျောက်တုံးများကို (၂) မီတာကျော်အထိ စီလိုက်ကြပြီးနောက်၊ နောက်ဆုတ်ကာ မေးစေ့ကို ပွတ်သပ်ကြည့်လိုက်ကြ၏။
“ဟိုလေ... ညီအစ်ကို... နံရံကြီးက ဘယ်ဘက်ကို စောင်းနေသလိုပဲနော်...”
“ဟုတ်သားပဲ... ကိစ္စမရှိဘူး... ညာဘက်မှာ ကျောက်တုံးအကြီးကြီး တစ်တုံး ခုလိုက်ရင် မျှသွားမှာပဲ...”
ထိုသို့ဖြင့် ဂန္ထဝင်မြောက်သော “မုန့်နှစ်ပျော့ရင် ရေထပ်ထည့်၊ ရေများရင် မုန့်နှစ်ထပ်ထည့်” နည်းလမ်းဖြင့် (S) ပုံသဏ္ဌာန် ကွေ့ကောက်နေသော သေမင်းတမန် နံရံကြီး တစ်ခု ပေါ်ထွက်လာတော့သည်။ အဝေးက ကြည့်လျှင် လေတိုက်တိုင်း ယိမ်းထိုးနေသော ပီဇာ မျှော်စင် ကွေ့ယွမ်ဂိုဏ်း ခွဲကြီးနှင့် တူနေတော့သည်။
အနီးနားတွင် ထူးခြားသော အရသာရှိသည့် ကစားသမား အချို့က မီးခိုးရောင် ကျောက်တုံးများနှင့် သစ်တုံးများကို ကြည့်ရတာ ပျင်းစရာ ကောင်းသည်ဟု ဆိုကြ၏။ သူတို့သည် ဆေးဖော်ဆောင် အပျက်အစီးများကြားမှ သက်တံရောင် ဆေးအကြွင်းအကျန်များနှင့် ကြွက်ဘုရင်၏ အရိုးများ၊ အမွေးများကို ကောက်ယူလာကြသည်။ ဆာဗာတစ်ခုလုံးတွင် အလန်းဆုံး တဲအိမ်လေး ဆောက်မည်ဟု ကြွေးကြော်ကြ၏။
နံရံများကို အစိမ်းရောင် တောက်နေသော ဆေးအကြွင်းအကျန်များဖြင့် သုတ်လိမ်းလိုက်သည်။ ပြတင်းပေါက် ဘောင်များကို အရိုးဖြူကြီးများဖြင့် ကွပ်လိုက်၏။ ခေါင်မိုးပေါ်တွင် မီးကျွမ်းထားသော သစ်ကိုင်းများကို ပေါက်ကွဲမှု ပုံသဏ္ဌာန် စိုက်ထူလိုက်သည်။ ရလဒ် အနေဖြင့်... လေမည်းတောင်ကုန်းမှ မိစ္ဆာတစ်ကောင်၏ ပင့်ကူအိမ်ကြီးနှင့် တူနေပြီး၊ ငရဲအနုပညာ ဆန်လွန်းသဖြင့် တိရစ္ဆာန်လေးများပင် ကွင်းရှောင်သွားကြရသည်။
အချို့ကမူ မြေအောက်ကို ပိုနှစ်သက်ကြသည်။ လုပ်ငန်းခွင်၏ အစွန်းတစ်ဖက်တွင် မြေပေါ် အဆောက်အဦးများကို စိတ်ကုန်နေသော ကစားသမားများက မြေအောက်သို့ ဆင်းချင်နေကြလေ၏။
“အင်မော်တယ် ကျင့်ကြံတယ် ဆိုတာ ‘အင်မော်တယ် ဂူ’ ရှိရမယ်လေ... မြေအောက်ကမှ လျှို့ဝှက်ပြီး အထာကျတာ...”
သူတို့သည် ‘ဖုန်းရွှေ’ အကောင်းဆုံးဟု ဆိုသော နေရာ တစ်ခုကို ရွေးလိုက်ပြီး၊ ဂေါ်ပြားများကို ကိုင်ကာ ရူးသွပ်စွာ တူးဆွကြတော့သည်။
“တူးကြဟေ့... ညီအစ်ကိုတို့... ကမ္ဘာ့အူတိုင် ရောက်တဲ့အထိ တူးကြ...”
မြေကြီးများ လွင့်စင်ကုန်၏။
သို့သော် အသေးစိတ် အချက်အလက် တစ်ခုကို သူတို့ မေ့လျော့နေခဲ့ကြသည်။
ဤနေရာသည် ခန်းမဆောင်ကြီး၏ နောက်ဘက်၊ ဂိုဏ်း၏ ယိုယွင်းနေသော အများသုံး အိမ်သာကြီးနှင့် အလွန် နီးကပ်နေသည် ဆိုသော အချက်ပင်။
နာရီဝက် ကြာပြီးနောက်...
“ဦးလေးကျန်း... လာကြည့်ပေးပါဦး...” ကစားသမားများသည် ကြောင်တောင်တောင် ဖြစ်နေသော ဦးလေးကျန်းကို (S) ပုံသဏ္ဌာန် နံရံကြီးရှေ့သို့ ဆွဲခေါ်သွားကြသည်။
“တွေ့လား... လှုပ်ရှားနေတဲ့ အလှတရား လေ...”
ဦးလေးကျန်းသည် ယိမ်းထိုးနေသော နံရံကြီးကို ကြည့်ကာ သွေးပေါင်ချိန်များ ထိုးတက်လာသည်။ သူ၏ တုန်ရီနေသော လက်ညှိုးက ထိုးပြလိုက်သော်လည်း စကားလုံးများ ထွက်မလာတော့ချေ။
ထိုစဉ်မှာပင်... မြေအောက်ကျင်းထဲမှ ကြောက်လန့်တကြား အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
“လခွမ်း... ဒါ ဘာအနံ့ကြီးလဲ...”
ဖော်ပြ၍ မရနိုင်သော အနံ့ဆိုးကြီး တစ်ခုသည် လေညှင်းနှင့်အတူ လုပ်ငန်းခွင် တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
မြေအောက် တူးသမားများမှာ အမည်မသိ အညိုရောင် အရာဝတ္ထုများ ပေကျံလျက် တွားသွား ထွက်လာကြပြီး၊ ပျို့အန်နေကြရှာသည်။
“ငါတို့... အော့... အိမ်သာကျင်းကို ဖောက်မိသွားပြီ...”
တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက်... ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်အထိ စုပေါင်း ပျို့အန်သံကြီးများ ထွက်ပေါ်လာတော့သည်။ လူတိုင်း နှာခေါင်းပိတ်ပြီး ထွက်ပြေးကုန်ကြ၏။
“ရာဇဝတ်မှုကွ... ဒါ ဗိသုကာ လောကကို စော်ကားလိုက်တာပဲ...”
ဦးလေးကျန်းသည် သူ၏ ပုံစံကြမ်းကို ကောင်းကင်သို့ ပစ်ပေါက်လိုက်ပြီး အော်ဟစ် ငိုကြွေးလိုက်တော့သည်။
သူက အမိုးပဲ ပြင်ချင်ခဲ့သည်လေ... ။
အဘယ်ကြောင့် သည်အခြေအနေထိ ရောက်သွားပါရသနည်း…။