← Chapters

လီချင်း၏ ကပ်ဘေး (သို့) တောင်းပန်ပါတယ်... ကျွန်တော့်ကို မြန်မြန် သတ်ပေးကြပါ

Vol. 3 Ch. 34

လီချင်း၏ ကပ်ဘေး (သို့) တောင်းပန်ပါတယ်... ကျွန်တော့်ကို မြန်မြန် သတ်ပေးကြပါ

Vol. 3 Ch. 34

~မူလက လီချင်းသည် ချန်ဝူတောင်တန်း အစွန်အဖျားသို့ အထက်အမိန့်အရ လာရောက်ခြင်း ဖြစ်ပြီး၊ လမ်းလျှောက်ထွက်သကဲ့သို့ ပေါ့ပေါ့ပါးပါး သဘောထားခဲ့၏။

ချင်းယန်ဂိုဏ်း၏ အတွင်းစည်း တပည့်တစ်ဦး ဖြစ်သည့် အားလျော်စွာ၊ သူသည် ဤကဲ့သို့သော ဆင်းရဲနွမ်းပါးသည့် ဒေသများကို အမြဲ အထင်သေးခဲ့သူ ဖြစ်၏။

ယခုအခါ သစ်တောအပေါ်မှ ဓားစီးကာ နိမ့်နိမ့်လေး ပျံသန်းနေလေ၏။

လီချင်း၏ အစိမ်းရင့်ရောင် တာအို ဝတ်ရုံကြီးမှာ တောင်ပေါ်လေကြောင့် လွင့်ပျံနေပြီး ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းပြားမှာလည်း တချွင်ချွင် မြည်နေ၏။ ဂိုဏ်းထဲတွင် ပင်ပန်းဆင်းရဲစွာ ကျင့်ကြံနေကြရသော ဂိုဏ်းတူ ညီအစ်ကိုများကို တွေးမိသောအခါ၊ သူ၏ နှုတ်ခမ်းထောင့်တွင် မာန်တက်သော အပြုံးတစ်ခု ပေါ်လာလေသည်... ။

ဒီလို ကင်းလှည့်တဲ့ တာဝန်မျိုးက သူ့လို လူတန်းစားအတွက်ပဲ သင့်လျော်တဲ့ သက်သောင့်သက်သာ အလုပ်မျိုးပေါ့။

လီချင်း ပြန်လှည့်ရန် ပြင်လိုက်စဉ်မှာပင် အောက်ဘက် တောင်ကြားထဲမှ ဆူညံသံတစ်ခုက သူ့မျက်လုံးကို ဖမ်းစားလိုက်၏။

စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆံပင်ဖွာလန်ကြဲနေသော လူအုပ်စု တစ်စုသည် အပျက်အစီးများကြားတွင် ပေါက်ပြားအကျိုးများ၊ သစ်သားချွန်များကို ကိုင်ကာ လှုပ်ရှားနေကြသည်။ ရှေးခေတ် လူရိုင်းများ ကျောက်တုံးသယ်သကဲ့သို့ ရွှံ့များ သယ်နေကြပြီး နံရံများကို ရွှံ့ဖြင့် မွမ်းမံနေကြသည်မှာ ယဉ်ကျေးမှု မရှိသော လူရိုင်းများနှင့် တူလှပေသည်။

လီချင်းသည် ချောက်ကမ်းပါးပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်ပြီး၊ လက်ပိုက်ကာ မထီမဲ့မြင် ပြုံးလိုက်၏။

“ဒီ တောသားတွေ ဘယ်က ထွက်လာကြတာလဲ... သူတို့ ဆောက်နေတဲ့ တဲအိမ်စုတ်က ငါတို့ ချင်းယန်ဂိုဏ်းက ဝက်ခြံလောက်တောင် အဆင့်မမီဘူး...”

သူ ဒီစကား (၂) ခွန်းပဲ ပြောခဲ့မိသည်ဟု ကျိန်ဆိုရဲပါသည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ့ဘဝ၏ ကြောက်မက်ဖွယ် အကောင်းဆုံး မြင်ကွင်းကို တွေ့လိုက်ရ၏။

ထို “လူရိုင်း” များ၏ မျက်လုံးများ ရုတ်တရက် အစိမ်းရောင် တောက်လာကြပြီး “အီလိုက်တ် မော့ဘ်” ၊ “ပစ္စည်း ကျပြီ” ဟု အော်ဟစ်ကာ... အဖြူရောင် အမှုန့်ထုပ် ရာပေါင်းများစွာ သူ့အပေါ်သို့ ကျရောက်လာတော့သည်။

သူ ပြန်နိုးလာသော အခါတွင်မူ... နေ့ခင်းဘက် နေပူကျဲကျဲအောက်တွင် ကွေ့ယွမ်ဂိုဏ်း တံခါးဝသို့ ရောက်ရှိနေချေပြီ။

ဧရာမ ပြောင်းဖူးရုပ်ကြီး ထွင်းထုထားသော တိုင်လုံးကြီးတွင် ချင်းယန်ဂိုဏ်း၏ ထူးချွန်တပည့် လီချင်းကို ချည်နှောင်ထားသည်မှာ တစ်ရက်နှင့် တစ်ည ကြာမြင့်ခဲ့ချေပြီ။

“သနားစရာ ကောင်းတယ်” ဟူသော စကားလုံးသည် လက်ရှိ သူ့အခြေအနေအတွက် ချီးကျူးရာပင် ရောက်နေပေလိမ့်မည်။

သူ၏ အဖြူရောင် အတွင်းခံ ဝတ်ရုံမှာ ချွေးများဖြင့် ရွှဲနစ်နေပြီး ကိုယ်တွင် ကပ်နေကာ ဖုန်များဖြင့် ပေကျံနေသည်။ တခါက သပ်ရပ်နေခဲ့သော ဆံပင်များမှာ ငှက်သိုက်သဖွယ် ရှုပ်ပွနေပြီး၊ မျက်နှာပေါ်တွင် အမဲစင်း၊ အဖြူစင်းများဖြင့် ညစ်ပတ်နေကာ နှုတ်ခမ်းများမှာ ရေငတ်လွန်းသဖြင့် အက်ကွဲနေ၏။

သူ့ကို အဆိုးရွားဆုံး နှိပ်စက်နေသည်မှာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပင် ဖြစ်၏။

အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ရှိသူ ဖြစ်သဖြင့် သူ၏ အကြားအာရုံမှာ အလွန် ကောင်းမွန်လှသည်။

တစ်နေ့လုံး ရင်ပြင်ပေါ်မှ လူတစ်ထောင် ရန်ပွဲသံများကို နားထောင်ခဲ့ရသည်၊ ဆေးဖော်ဆောင်မှ ထွက်လာသော အဆိပ်ငွေ့များနှင့် တူးနံ့များကို ရှူရှိုက်ခဲ့ရသည်၊ ယခုလေးတင် အိမ်သာကျင်း ပေါက်ကွဲမှုမှ ဇီဝလက်နက် ဒဏ်ကို ခံလိုက်ရပြန်၏။

“ဒါ ဘယ်လို ငရဲခန်းကြီးလဲ...”

လီချင်း ကောင်းကင်ကို ငေးငေးငူငူ မော့ကြည့်နေမိသည်။ အရှက်ရမှု မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာ၏။

သူ သေချင်လှပြီ... ဦးလေး လီယွမ်ပါး ပြန်လာပြီး သူ့ကို လက်ဝါးတစ်ချက်တည်းနှင့် ရိုက်သတ်ပေးပါစေဟု ဆုတောင်းနေမိတော့သည်။

သို့သော် ကံကြမ္မာက သူ ခံစားရတာ မလုံလောက်သေးဟု ယူဆသည်ထင့်။

ဆောက်လုပ်ရေး လုပ်ငန်းခွင် ခေတ္တ ရပ်နားထားစဉ်၊ ပျင်းရိနေသော ကစားသမား တစ်သိုက် ဂိုဏ်းတံခါးဝသို့ ရောက်လာကြ၏။

“ဟေ... ညီအစ်ကိုတို့ ကြည့်ပါဦး... ဒီမှာ NPC တစ်ယောက် ချိတ်ဆွဲခံထားရတုန်းပဲ...”

‘ရှန်နွန် ဆေးမြစ်စမ်းသပ်သူ’ သည် တိုက်သစ် ရှာတွေ့သကဲ့သို့ လီချင်းကို လက်ညှိုးထိုးပြလိုက်သည်။

“မေ့တောင် နေတာ... သူက အခြေခံအုတ်မြစ် အဆင့် ဆရာကြီးလေ... သူ့ဆီမှာ လျှို့ဝှက် တာဝန် ..ရှိကို ရှိရမယ်...”

“ဝုန်း...”

ပျင်းရိနေသော ကစားသမား (၂၀) ကျော် ဝိုင်းအုံလာကြတော့သည်။

လီချင်းသည် ထို ဥာဏ်များပြီး ကပ်သီးကပ်သပ် နိုင်သော မျက်လုံးစိမ်းများကို ကြည့်ကာ ထိန်းချုပ်၍ မရနိုင်အောင် တုန်ရီလာ၏။ မိစ္ဆာကျင့်ကြံသူများကို ရင်ဆိုင်ရသည်ထက် ပိုမို ကြီးမားသော ကြောက်ရွံ့မှုများ သူ့ရင်ထဲသို့ ဝင်ရောက်လာတော့သည်။

“မင်း... မင်းတို့ ဘာလုပ်ချင်တာလဲ... လူကြီးလူကောင်းကို သတ်ရင်သတ်၊ မစော်ကားနဲ့ကွ ...” သူ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

“ဟီးဟီး... မကြောက်ပါနဲ့ မောင်လေး ချင်းချင်းရယ်... မမတို့ စကားပြောရအောင်...”

‘ရင်းနှီးဖော်ရွေသော အစ်မကြီး’ ဟု အမည်ပေးထားသော အမျိုးသမီး ကစားသမား (နောက်ကွယ်တွင် ဗလကြီးနှင့် ယောကျ်ားကြီး ဖြစ်မှန်း သေချာသည်) သည် ရှေ့သို့ တိုးလာပြီး၊ မြက်မြီးနီပင် တစ်ပင်ဖြင့် သူ၏ ခြေဖဝါးကို ကလိထိုးလိုက်၏။

“ပြောစမ်းပါ မောင်လေးရဲ့... မောင်လေးမှာ ပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိလား... ဒါမှမဟုတ် တစ်နေရာရာမှာ ဝှက်ထားတဲ့ မိသားစု ရတနာတွေ ရှိလား... ပြောပြရင် မမ လွှတ်ပေးမယ်လေ...”

“ဟားဟားဟား... ရပ်... ယားတယ်ကွ... သွားစမ်း... မိစ္ဆာမ...” လီချင်း ရုန်းကန်ရင်း အော်ဟစ်လိုက်သည်။

“အာ... စိတ်ကြီးလိုက်တာ...” ‘အစ်မကြီး’ က စိတ်မဆိုးဘဲ ဘေးလူများကို လှည့်ပြောလိုက်သည်။

“ဒီ NPC က ပါးစပ်မာတယ်... နှိပ်စက်မှ ရမယ် ထင်တယ်...”

“နှိပ်စက်မယ် ဟုတ်လား... ငါ ကျွမ်းတယ်...”

ကစားသမား အချို့ မျက်လုံး အရောင်တောက်သွားကြသည်။ သို့သော် သူတို့၏ “နှိပ်စက်ခြင်း” ဆိုသည်မှာ လီချင်း၏ စိတ်ကူးနှင့် လုံးဝ မတူကွဲပြားနေ၏။

ကြာပွတ် မရှိ... မီးကင်သည့် သံတုံး မရှိ...

ကစားသမား တစ်ယောက်က သူ့ရှေ့တွင် ထိုင်ခုံပုလေး ချပြီး ထိုင်လိုက်သည်။ ထို့နောက် မျက်နှာသေဖြင့် ပျက်လုံး ဟာသ တစ်ပုဒ်ကို ရွတ်ပြနေတော့၏။

“ဟိုးရှေးရှေးတုန်းက တောင်တစ်လုံး ရှိသတဲ့... တောင်ပေါ်မှာ ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိသတဲ့... ကျောင်းထဲမှာ ဘုန်းကြီးအို တစ်ပါးက ကိုရင်လေး တစ်ပါးကို ပုံပြင်ပြောပြနေသတဲ့... ဘာပုံပြင်လဲ ဆိုတော့... ဟိုးရှေးရှေးတုန်းက တောင်တစ်လုံး ရှိသတဲ့...”

သူသည် ဓာတ်ပြားဟောင်းကြီး တစ်ချပ်ပမာ ထိုစာသားကို နာရီဝက်တိတိ ရစ်ပတ် ပြောဆိုနေ၏။

“ဟိုးရှေးရှေးတုန်းက တောင်တစ်လုံး ရှိသတဲ့... တောင်ပေါ်မှာ ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိသတဲ့... ကျောင်းထဲမှာ ဘုန်းကြီးအို တစ်ပါးက ကိုရင်လေး တစ်ပါးကို ပုံပြင်ပြောပြနေသတဲ့... ဘာပုံပြင်လဲ ဆိုတော့... ဟိုးရှေးရှေးတုန်းက တောင်တစ်လုံး ရှိသတဲ့…”

“ဟိုးရှေးရှေးတုန်းက တောင်တစ်လုံး ရှိသတဲ့... တောင်ပေါ်မှာ ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိသတဲ့... ကျောင်းထဲမှာ ဘုန်းကြီးအို တစ်ပါးက ကိုရင်လေး တစ်ပါးကို ပုံပြင်ပြောပြနေသတဲ့... ဘာပုံပြင်လဲ ဆိုတော့... ဟိုးရှေးရှေးတုန်းက တောင်တစ်လုံး ရှိသတဲ့…”

“ဟိုးရှေးရှေးတုန်းက တောင်တစ်လုံး ရှိသတဲ့... တောင်ပေါ်မှာ ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိသတဲ့... ကျောင်းထဲမှာ ဘုန်းကြီးအို တစ်ပါးက ကိုရင်လေး တစ်ပါးကို ပုံပြင်ပြောပြနေသတဲ့... ဘာပုံပြင်လဲ ဆိုတော့... ဟိုးရှေးရှေးတုန်းက တောင်တစ်လုံး ရှိသတဲ့…”

လီချင်း၏ ဦးနှောက်များ ပွက်ပွက်ဆူလာတော့သည်။

“အား... တော်ပါတော့ကွာ... ပါးစပ်ပိတ်ထားစမ်း... မိစ္ဆာကောင်... ငါ့ကို သတ်လိုက်ပါတော့...”

နောက်ထပ် သုတေသီ ကစားသမား ‘ဇီဝဗေဒ ခွေးပေါက်လေး’ ကမူ လီချင်း၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို စိတ်ဝင်စားနေ၏။

ပေတံနှင့် မှတ်စုစာအုပ်ကို ကိုင်ကာ လီချင်းကို ပတ်ကြည့်နေပြီး၊ တစ်ခါတစ်ရံ လက်မောင်းနှင့် ခြေထောက်များကို ဆွဲဆိတ်ကြည့်သေးသည်။

“တောက်... ဒါက အခြေခံအုတ်မြစ် အဆင့် ကျင့်ကြံသူရဲ့ အသားအရည်လား... ကြွက်သား သိပ်သည်းဆက ပုံမှန်ထက် များတာပဲ... ငြိမ်ငြိမ်နေပါ အစ်ကိုကြီးရာ... ဒေတာ နှိုင်းယှဉ်ဖို့ လက်မောင်း လုံးပတ်လေး တိုင်းပါရစေ...”

အနုပညာ ဝါသနာပါသော ကစားသမား အချို့ကမူ ဆေးဖော်ဆောင်မှ ပေါက်ကွဲထွက်လာသော အရောင်စုံ ဆေးအကြွင်းအကျန်များကို ယူလာကြလေ၏။

“ဒီ NPC ရဲ့ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေတယ်... မိတ်ကပ် လေး ဘာလေး လိမ်းပေးလိုက်ရင် လန်းသွားမှာ...”

ထို့နောက်တွင်မူ လီချင်း၏ မျှော်လင့်ချက်မဲ့နေသော အကြည့်အောက်၌၊ သူတို့သည် ပါးနှစ်ဖက်ပေါ်တွင် ပန်းရောင် အကွက်ကြီး နှစ်ကွက် ဆွဲပေးလိုက်ကြသည်။ နှုတ်ခမ်းကို သွေးရောင် နီရဲအောင် ဆိုးပေးလိုက်ကြသည်။ နဖူးပေါ်တွင် လိပ်ပုံ သေးသေးလေး တစ်ပုံကို သေသပ်စွာ ဆွဲပေးလိုက်ကြ၏။

“ပြီးပြည့်စုံသွားပြီ... အခုမှပဲ ကျက်သရေ ရှိသွားတော့တယ်...” ကစားသမားများက သူတို့လက်ရာကို သဘောကျစွာ ကြည့်ရှုနေကြပြီး၊ အလင်းပြန်သော ကျောက်တုံးများဖြင့် မှတ်တမ်းတင်နေကြတော့သည်။

တစ်နေ့ခင်းလုံး...

လီချင်းသည် သူ့ဘဝ၏ အရှည်ကြာဆုံးနှင့် အမှောင်မိုက်ဆုံး အချိန်များကို ဖြတ်သန်းခဲ့ရ၏။

ကလိထိုးခံရသည်၊ ဟာသလုပ် နှိပ်စက်ခံရသည်၊ သုတေသန နမူနာပစ္စည်း အဖြစ် အသုံးချခံရသည်၊ လူရွှင်တော် အဖြစ် မိတ်ကပ်လိမ်းခံရသည်။

... နေဝင်ချိန် ရောက်သောအခါ...

ကစားသမားများ ပျင်းသွားကြပြီး ညစာစားရန် ထွက်ခွာသွားကြသော အချိန်၌၊ လီချင်းသည် တိုင်လုံးပေါ်တွင် တွဲလောင်းချည်လျက်၊ မျက်ဖြူလန်ကာ ပါးစပ်မှ အမြှုပ်များ ထွက်နေပြီး တစ်ဝက်တစ်ပျက် ရူးသွပ်နေရှာပြီ ဖြစ်သည်။

သူ့ပါးစပ်မှ မသိလိုက် မသိဘာသာ.. ရေရွတ်နေမိသည်။

“ဟိုးရှေးရှေးတုန်းက တောင်တစ်လုံး ရှိသတဲ့... တောင်ပေါ်မှာ ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိသတဲ့... အီး... ဟီး... အိမ်ပြန်ချင်ပြီ…”

All Chapters