← Chapters

စီးပွားရေး အစို့အညှောင့်များ (သို့) လာကြည့်ကြပါဦး... အခုမှ ကျက်ထားတဲ့ အဆိပ်ဆေးလုံး ပူပူနွေးနွေးလေးတွေ

Vol. 3 Ch. 35

စီးပွားရေး အစို့အညှောင့်များ (သို့) လာကြည့်ကြပါဦး... အခုမှ ကျက်ထားတဲ့ အဆိပ်ဆေးလုံး ပူပူနွေးနွေးလေးတွေ

Vol. 3 Ch. 35

~ညနေခင်း။ ကွေ့ယွမ်ဂိုဏ်း ရင်ပြင်။

နေဝင်ရီတရော အချိန်၌ ညနေဆည်းဆာ ရောင်ခြည်များသည် ကောင်းကင်ယံကို သွေးရောင် လွှမ်းသွားစေသည်။ တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့သော ကွေ့ယွမ်ဂိုဏ်းကြီးသည် နောက်ဆုံးတွင် အနည်းငယ် ငြိမ်သက်စ ပြုလာခဲ့လေပြီ။

လေထုထဲတွင် ပျံ့လွင့်နေသော မီးတူးနံ့၊ ထုံးနံ့နှင့် ဖော်ပြ၍ မရနိုင်သော အနံ့ဆိုးများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး၊ နေ့စဉ်ဘဝ၏ ဆူညံလှုပ်ရှားမှု အငွေ့အသက်များက အစားထိုး ဝင်ရောက်လာ၏။

“ဟူး... ငါ့ ကျောပိုးအိတ်က ပြည့်နေပြီကွ...”

ဝမ်သဲ့ဖာ (ဒီဖရဲသီး မှည့်ပြီလား) သည် ရင်ပြင်ဘေးရှိ လှေကားထစ်များပေါ်တွင် ပုံလျက်သား ထိုင်ချလိုက်ပြီး၊ သူ၏ စနစ် သိုလှောင်ခန်း ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်မိသည်။

ဆရာကြီးရှိုင်း ၏ [ကြွက်သားရေ ချပ်ကာ] ကို ဝတ်ဆင်ပြီးကတည်းက၊ ရက်ပေါင်းများစွာ ဝတ်ဆင်ထား၍ မြေကြီးထဲတွင် ဆွေးမြည့်လုနီးပါး ဖြစ်နေသော သူ၏ သားရေချပ်ဝတ် အဟောင်းကြီးမှာ အသုံးမဝင်တော့ပေ။

“လွှင့်ပစ်လိုက်ရမှာလည်း နှမြောစရာကြီး... ငါ့ရဲ့ လူသစ်ဘဝကို ဖြတ်သန်းဖို့ ကူညီပေးခဲ့တာလေ... ဒါပေမဲ့ သိမ်းထားပြန်ရင်လည်း... အနံ့က ကမ်းကုန်နေပြီ...”

သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ ကစားလိုက်ရာ၊ အနီးနားတွင် အခြား လူသစ်ကစားသမား အချို့လည်း ကျောပိုးအိတ် ရှင်းလင်းနေသည်ကို တွေ့လိုက်ရသည်။ ရဲရင့်သော အကြံအစည်တစ်ခု သူ၏ ဦးနှောက်ထဲတွင် လက်ခနဲ ပေါ်လာတော့သည်။

ဝမ်သဲ့ဖာသည် ဘယ်ကရမှန်းမသိသော ဂုန်နီအိတ်စုတ် တစ်ခုကို ရှာဖွေပြီး မြေကြီးပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ထို့နောက် အလွန် လေးနက်သော မျက်နှာထားဖြင့် သူ၏ သားရေချပ်ဝတ် အဟောင်း၊ တုံးနေသော သံဓားတစ်လက်နှင့် လမ်းဘေးမှ ကောက်ထားသော လှပသည့် ကျောက်ခဲအချို့ကို ထိုအဝတ်စပေါ်တွင် စီလိုက်၏။

ချက်ချင်းဆိုသလိုပင် သူသည် အသက်ကို ဝဝရှူသွင်းလိုက်ပြီး၊ စိတ်ကို တည်ငြိမ်အောင် ထားကာ ကွေ့ယွမ်ဂိုဏ်း၏ စီးပွားရေး သမိုင်းတွင် ပထမဆုံးသော ဈေးခေါ်သံကို ဟစ်ကြွေးလိုက်တော့သည်။

“လက်လွတ်မခံကြနဲ့နော်... ဆိုင်ရှင်းပွဲဟေ့... ဆိုင်ရှင်းပွဲ... ဂိုဏ်းသားဟောင်းကြီးတွေ သုံးခဲ့တဲ့ ထိပ်တန်း ပစ္စည်းကိရိယာတွေ... စွမ်းအားရှင် စစ်သည်တော်ရဲ့ အငွေ့အသက်တွေ ကိန်းအောင်းနေတဲ့ မူလလက်ဟောင်း သားရေချပ်ဝတ်... ဂိုဏ်းစုဆောင်းမှတ် (၅၀) ပဲ... ဝယ်ပြီးရင် နောင်တမရစေရဘူး...”

ထိုအော်သံသည် တည်ငြိမ်နေသော ရေကန်ထဲသို့ ဗုံးတစ်လုံး ပစ်ချလိုက်သည့်နှယ်။ အနားယူနေကြသော ကစားသမားများမှာ ချက်ချင်း လန့်ဖျတ်သွားကြပြီးနောက် မျက်လုံးများ အရောင်တောက်လာကြတော့သည်။

“သောက်ကျိုးနည်း... ဒီလိုလုပ်လို့ ရတယ်လား...”

“ဆိုင်ဖွင့်ရမယ် ဟုတ်လား... ဒါ ငါ့အကြိုက်ပဲ...”

(၁၅) မိနစ်ခန့် အကြာတွင်...

ကွေ့ယွမ်ဂိုဏ်း ရင်ပြင်တစ်ခုလုံး လုံးဝ ပြောင်းလဲသွားတော့သည်။ မိုးရွာပြီးစ မှိုပွင့်များ ပေါက်လာသကဲ့သို့ အရွယ်အစား အမျိုးမျိုးရှိသော ဆိုင်ခန်းပေါင်း (၄၀) (၅၀) ခန့် ရုတ်တရက် ပေါ်ထွက်လာ၏။ စနစ်တကျ စီစဉ်ထားခြင်း မရှိဘဲ၊ နေရာလွတ်တွေ့လျှင် ဝင်ခင်းလိုက်ကြခြင်း ဖြစ်၏။

လိမ်လည်မှုများ၊ လှည့်ဖြားမှုများနှင့် ထူးဆန်းသော ပစ္စည်းများဖြင့် ပြည့်နှက်နေသည့် “ကွေ့ယွမ်ဂိုဏ်း၏ ပထမဆုံးသော ပျံကျဈေးတန်းကြီး” တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။

ဤနေရာသည် လူအစည်ကားဆုံးနှင့် အန္တရာယ် အများဆုံး နေရာဖြစ်သည့်... “အစားအသောက် ကပ်ဘေးများနှင့် အဆိပ်များ” အထူးပြု ဈေးတန်း ဖြစ်ပေသည်။

[ရှန်နွန် ဆေးမြစ်စမ်းသပ်သူ] သည် ယခုအခါ ဤနေရာ၏ နာမည်ကြီး ဈေးသည် ဖြစ်လာ၏။ သူ့ရှေ့တွင် ပွက်ပွက်ဆူနေသော၊ သို့မဟုတ် တွန့်လိမ်လှုပ်ရှားနေသော အရောင်စုံ ဆေးလုံးများ ထည့်ထားသည့် ပုလင်းများ၊ အိုးများ (၁၀) ခုမက ရှိနေ၏။

“လာကြ... လာကြ... ငါတို့ရဲ့ သီးသန့် လျှို့ဝှက် ဆေးနည်း... မဟာ ခွန်အားတိုး ဆေးလုံး...”

သူသည် မဲနက်ပြီး လုံးဝန်းသော အလုံးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး စကားတတ်သော ဈေးသည်တစ်ယောက်ပမာ ပြောလိုက်သည်။

“ဘေးထွက်ဆိုးကျိုး အနေနဲ့ (၃) ရက်လောက် ဝမ်းသွားနိုင်ပေမယ့်... စားပြီးရင် ခွန်အား +5 ချက်ချင်း တိုးလာမှာ... အရေးကြီးတဲ့ အချိန်ကျရင် အသက်ကယ်ဆေး ဖြစ်သွားနိုင်တယ်နော်... ဈေးနှုန်းက အမှတ် (၂၀) တည်း...”

“ပြီးတော့ ဒါလေးလည်း ရှိသေးတယ်... ‘ခွင့်လွှတ်ခြင်း အစိမ်းရောင် အလင်းဆေးလုံး’... စားပြီးရင် ခေါင်းကနေ (၁၂) နာရီတိတိ အစိမ်းရောင် အလင်းတန်းတွေ ထွက်နေမှာ... ညဘက် စွန့်စားခန်းထွက်ရင် မရှိမဖြစ်ပဲ... စော်ကြည်ဆေး၊ ဘဲကြည်ဆေး ဆိုလည်း ဟုတ်တယ်ဗျာ...”

ထို့ပြင် လူလိမ်ကုန်သည်များ လူများကို လှည့်ဖြားနေသော နေရာလည်း ရှိသေးသည်။

ပုံမှန်အားဖြင့် လှည့်ကွက်များကို နှစ်သက်သော ကစားသမား တစ်စုသည် စုဝေးနေကြပြီး၊ တောင်နောက်ဘက်မှ ကောက်လာသော သာမန် ကျောက်ခဲများ၊ သစ်ကိုင်းများကို ကိုင်ဆောင်ထားသော်လည်း “ကောင်းကင်နှင့် မြေကြီး ရတနာများ” ဟု အတင်း ပြောဆို ရောင်းချနေကြလေ၏။

“လူလေး... ဒီကျောက်တုံးကို ကြည့်စမ်း... အသားက ကြည်လင်နေပြီး ဝိညာဉ်စွမ်းအင်တွေ သဲ့သဲ့လေး ထွက်နေတယ်... ဒါ ရှေးဟောင်း ကျင့်ကြံသူကြီး တစ်ပါး ထားရစ်ခဲ့တဲ့ ‘ဉာဏ်ပွင့် ကျောက်တုံး’ပဲ... မင်းမှာ ထူးခြားတဲ့ ပါရမီ ရှိတာ ငါမြင်လို့ ဈေးပေါပေါနဲ့ ရောင်းပေးမယ်... အမှတ် (၁၀၀) တည်း...”

မြှောက်ပင့်ပြောဆိုမှုကြောင့် ‌မှင်သက်နေသော လူသစ်လေး တစ်ယောက် ပိုက်ဆံထုတ်ပေးရန် ပြင်လိုက်စဉ်၊ ဝါရင့် ကစားသမား တစ်ယောက်က သူ့ခေါင်းကို ဖြတ်ရိုက်လိုက်သည်။

“မင်းက ငတုံးလား... အဲဒါ အိမ်သာခင်းတဲ့ အုတ်ခဲကွ...”

လူတိုင်းတွင် ဂိုဏ်းစုဆောင်းမှတ် အကန့်အသတ် ရှိကြသဖြင့်၊ ပိုမို ထူးဆန်းသော ကုန်သွယ်မှု နည်းလမ်းတစ်ခု လျင်မြန်စွာ ပေါ်ပေါက်လာ၏။ ၎င်းမှာ... “အတိုင်းအတာ ကျော်လွန်သော ကုန်သွယ်မှု” ပင် ဖြစ်၏။

မျက်မှန်တပ်ထားသော ကျောင်းသား ကစားသမား တစ်ယောက်သည် ဆိုင်းဘုတ်တစ်ခုကို ကိုင်ထားသည်။

[ကမ္ဘာစစ် အိမ်စာ ရေးပေးသည်... မူလတန်း၊ အလယ်တန်း ဘာသာရပ်စုံ ကျွမ်းကျင်သည်... လက်နက်ကောင်းကောင်း တစ်ခု၊ သို့မဟုတ် ကုသဆေးလုံး နှစ်လုံး လိုချင်သည်။]

အံ့သြစရာ ကောင်းသည်မှာ တစ်ယောက်က ဈေးလာမေး၏။

“အထက်တန်း သင်္ချာ ရေးပေးနိုင်လား... ကြွက်သွား ဓားမြှောင် တစ်လက် ပေးမယ်...”

ရင်ပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေပြီး ဈေးဆစ်သံများ၊ ငြင်းခုံသံများနှင့် အလိမ်ခံလိုက်ရသူများ၏ ညည်းတွားသံများဖြင့် ပြည့်နှက်နေ၏။

“ဈေးနည်းနည်း လျှော့ပါဦး ဆရာရ... ဂိုဏ်းတူတွေပဲ... စီနီယာ ညီအစ်ကိုတွေပဲဟာကို...”

“လာပြီး ရင်းနှီးမနေနဲ့... ညီအစ်ကိုချင်းတောင် စာရင်းရှင်းမှ ကြိုက်တာ... ဝယ်ရင်ဝယ်၊ မဝယ်ရင် သွား...”

ခန်းမဆောင်ကြီး၏ စင်မြင့်ထက်တွင်...၊

ကျန်းချန်သည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ၊ မီးရှူးမီးပန်းများကဲ့သို့ စည်ကားနေသော ရင်ပြင်ကြီးကို ငုံ့ကြည့်လိုက်ပြီး ရယ်စရာကောင်းသော ဈေးခေါ်သံများကို နားထောင်နေလေသည်။ သူသည် လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး၊ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးရိပ် တစ်ခု ပေါ်ပေါက်လာ၏။

‘စီးပွားရေး အခြေခံအဆောက်အအုံက အပေါ်ယံ ဖွဲ့စည်းပုံကို ဆုံးဖြတ်တာပဲ... အခုကြည့်ရတာ ‘သူတောင်းစားဂိုဏ်း’ ဈေးတန်းနဲ့ တူနေပေမယ့်... ကုန်သွယ်မှုနဲ့ စီးဆင်းမှု ရှိနေသရွေ့... ဒီဂိုဏ်းကြီး တကယ် အသက်ဝင်လာတော့မှာပဲ။

ဒါပေမဲ့…’

ကျန်းချန်၏ အကြည့်သည် “မူလလက်ဟောင်း သားရေချပ်ဝတ်” ရောင်းနေသော ဖက်တီးဆီသို့ ရောက်သွားပြီး၊ မသတီသကဲ့သို့ မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီအနံ့က နည်းနည်း ဆိုးလွန်းမနေဘူးလား... အများသုံး ရေချိုးကန် တစ်ခုလောက် ဆောက်ဖို့ စဉ်းစားသင့်ပြီ ထင်တယ်…

All Chapters