လမ်းပျောက်နေသော သိုးငယ် (သို့) သောက်ကျိုးနည်း... တောရိုင်း အန်ပီစီ အရှင်လတ်လတ်ဟေ့
Vol. 3 Ch. 36
~နောက်တစ်နေ့ မွန်းတည့်ချိန်။
ချန်ဝူတောင်တန်း အစွန်အဖျား။
ကွေ့ယွမ်ဂိုဏ်း တောင်ခြေရင်း၌ ဖြစ်၏။
နေမင်းကြီးသည် ခေါင်းပေါ်တည့်တည့်တွင် ပူပြင်းစွာ တောက်ပနေ၏။
လူရိပ်တစ်ခုသည် သစ်တောထူထပ်သော လမ်းခရီးတွင် တစ်လှမ်းချင်းစီ ခက်ခဲပင်ပန်းစွာ လျှောက်လှမ်းနေ၏။
သူသည် အသက် (၂၀) ကျော် အရွယ်ခန့်ရှိသော၊ မည်သူမည်ဝါမှန်း မသိသာသည့် ‘လုရန်ကျား’ (လမ်းသွားလမ်းလာ ) ဟု အမည်ရသော တသီးပုဂ္ဂလ ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။ သူသည် အရောင်လွင့်နေသော မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ကျောပေါ်တွင် စုတ်ပြတ်နေသော ဝါးခြင်းတောင်း တစ်လုံးကို လွယ်ထားကာ၊ ပဲ့နေသော သံဓားတစ်လက်ကို တောင်ဝှေးသဖွယ် အသုံးပြုလျက် ရှိ၏။
သူ၏ ကျင့်ကြံမှုမှာ ‘ချီ စုစည်းမှု အဆင့် (၂)’ သာ ရှိသေးသဖြင့်၊ ကျင့်ကြံခြင်း လောက၏ အောက်ဆုံး အလွှာတွင် ရှိနေသူ ဖြစ်သည်။ သူသည် ဝိညာဉ်ကျောက်တုံးလေး အနည်းငယ် ရရှိရန်အတွက် အဆင့်နိမ့် ဝိညာဉ်ဆေးပင်များကို ရှာဖွေရန် တောင်ပေါ်သို့ တက်လာခြင်း ဖြစ်သော်လည်း... ကံဆိုးစွာဖြင့် လမ်းပျောက်သွားခဲ့ချေပြီ။
“ဒုက္ခပါပဲ... ဒီနေရာက လေမည်းတောင်ကုန်း ပိုင်နက်နဲ့ တူနေပါရောလား...”
လုရန်ကျားသည် နဖူးပေါ်မှ စီးကျလာသော ချွေးစေးများကို သုတ်လိုက်ပြီး ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေမိသည်။ လေမည်းတောင်ကုန်းသည် နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။ သူ့လို အားနည်းသော ကျင့်ကြံသူလေး တစ်ယောက် အနေဖြင့် ၎င်းတို့နှင့် တိုးမိပါက သေလမ်းသာ ရှိတော့မည်။
ပင်ပန်းနွမ်းနယ်ပြီး ဗိုက်ဆာနေသော လုရန်ကျားသည် ရည်မှန်းချက် မရှိဘဲ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ ရုတ်တရက် သူ့ရှေ့ရှိ သစ်တောအုပ်မှာ ပွင့်လင်းသွားပြီး လင်းထိန်သော ကွင်းပြင်တစ်ခု ပေါ်ထွက်လာ၏။
မြေကြီးထဲသို့ နက်ဝင်နေအောင် နင်းချေထားသော မြေလမ်းတစ်ခုကို တွေ့လိုက်ရပြီး၊ ထိုလမ်းအတိုင်း မော့ကြည့်လိုက်သောအခါ... အတော်လေး “ခမ်းနားထည်ဝါသော” (ထူးဆန်းသော) အဆောက်အဦး တစ်ခုကို တွေ့မြင်လိုက်ရ၏။
လုရန်ကျား ကြောင်အမ်းသွားသည်။
၎င်းမှာ ဂိုဏ်းတံခါးဝ တစ်ခု ဖြစ်သည်။ သို့သော် သူ ပုံဆွဲစာအုပ်များထဲတွင် မြင်ဖူးသော နတ်ဘုရား ဂိုဏ်းများနှင့် လုံးဝ ကွဲပြားခြားနားနေ၏။
သစ်လုံးတိုင်ကြီး နှစ်ခုမှာ စောင်းရွဲ့စွာ တည်ရှိနေပြီး၊ ထိုတိုင်များပေါ်တွင် သက်ရှိနှင့်တူအောင် ထုလုပ်ထားသော ဧရာမ... ပြောင်းဖူးကြီး တစ်ဖူးကို ချိတ်ဆွဲထား၏။
တံခါးမကြီး၏ နောက်ဘက်တွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် အဆောက်အဦးများကို ဝါးတားတား မြင်နေရသည်။ အချို့ နံရံများမှာ (S) ပုံသဏ္ဌာန် ကွေ့ကောက်နေပြီး ပြိုကျတော့မည့်အလား ဖြစ်နေသည်။ အချို့ အမိုးများပေါ်တွင်မူ ပေါက်ကွဲမှုပုံစံ မီးသွေးတုံးကြီးများ စိုက်ထူထားသဖြင့် ငရဲဘုံမှ အငွေ့အသက်များ ထွက်ပေါ်နေသည့်နှယ်။
“ဒါ... ဒါ မိစ္ဆာဂိုဏ်း တစ်ခုခုရဲ့ ဌာနချုပ်ကြီးများလား...”
လုရန်ကျား တံတွေး တစ်ချက် မျိုချလိုက်မိပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်။ ဒီ အပြင်အဆင် ဒီဇိုင်းက အရမ်း ရိုင်းစိုင်းပြီး ကြောက်စရာ ကောင်းလွန်းတယ်လေ။
သူ လှည့်ပြေးရန် ပြင်လိုက်သော်လည်း၊ ပြင်းပြသော စူးစမ်းလိုစိတ်နှင့် ရှင်သန်လိုသော စိတ်ဆန္ဒ (ရေတစ်ခွက်လောက်တော့ သောက်ရမလား ဟူသော မျှော်လင့်ချက်) တို့က သူ့ကို တားဆီးလိုက်သည်။
သူသည် သတ္တိမွေးလိုက်ပြီး လမ်းဘေးမှ ကပ်ကာ ဂိုဏ်းတံခါးဝဆီသို့ သတိကြီးစွာဖြင့် တိုးကပ်သွားလိုက်၏။
......
ထိုအချိန်တွင်၊ ဂိုဏ်းတံခါးဝ အနီး၌။
ကစားသမား အချို့သည် လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြသည်။
“ဟေ့.. ဖက်တီး... မင်းရဲ့ သားရေချပ်ဝတ်က အနံ့ ပိုပိုဆိုးလာသလိုပဲ... ငါနဲ့ နည်းနည်း ဝေးဝေးနေပေးလို့ ရမလား...” ‘ဇီဝဗေဒ ခွေးပေါက်လေး’ သည် ရွံရှာစွာဖြင့် နှာခေါင်းပိတ်ထား၏။
ဝမ်သဲ့ဖာသည် ခြေချောင်းများကို ကုတ်လိုက်ပြီး ဂရုမစိုက်သော ပုံစံဖြင့် ပြန်ပြောလိုက်သည်။
“ဒါကို ယောကျ်ားပီသမှုလို့ ခေါ်တယ်ကွ... သိရဲ့လား... ပြီးတော့ အခုလောလောဆယ် အများသုံး ရေချိုးကန်လည်း မရှိသေးတော့... သည်းခံလိုက်စမ်းပါ...”
ထိုသို့ အချင်းချင်း နာကျင်အောင် ပြောဆိုနေကြစဉ်...
မျက်စိလျင်သော ဝမ်သဲ့ဖာသည် ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားသည်။ အဆီများကြောင့် မှေးနေသော သူ၏ မျက်လုံးပေါက်လေးများမှာ ရုတ်ချည်း ပြူးကျယ်သွားတော့၏။
သူသည် ဝက်အူချောင်းနှင့် တူသော လက်ညှိုးတုတ်တုတ်ကြီးကို ဆန့်ထုတ်လိုက်ပြီး၊ တောင်အောက် လမ်းမှ ခိုးကြောင်ခိုးဝှက် တက်လာသော မီးခိုးရောင် လူရိပ်ကို တုန်ရီစွာ ညွှန်ပြလိုက်သည်။
“အိုး... ညီအစ်ကိုတို့... ဟိုမှာ ကြည့်လိုက်စမ်း... အဲဒါ ဘာကြီးလဲ...”
လူစုသည် သူ၏ လက်ညှိုးညွှန်ရာသို့ လိုက်ကြည့်လိုက်ကြရာ... တာအို ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ဝါးခြင်းတောင်း လွယ်ထားကာ၊ ခေါင်းပေါ်တွင် အဝါရောင် အမည်စာတန်း (ကြားနေ ယူနစ်) ပေါ်နေသော လူစိမ်းတစ်ယောက်ကို တွေ့လိုက်ရ၏။
နေရာလွတ်ကြီး တစ်ခုလုံး တစ်စက္ကန့်မျှ တိတ်ဆိတ်သွားသည်။
ထို့နောက်တွင်မူ... နှစ်သစ်ကူး ပွဲတော်ထက်ပင် ပိုမို စိတ်လှုပ်ရှားဖွယ် ကောင်းသော အော်ဟစ်သံကြီး ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။
“အန်ပီစီ ကွ... အရှင်လတ်လတ် အန်ပီစီကြီးဟေ့...”
“တောရိုင်းကောင်ဟ.. လီချင်းလို အယဉ်မျိုး မဟုတ်ဘူး... တခြားနေရာက ရောက်လာတာ...”
“မြန်မြန်... မြန်မြန်... သူ့ကို ထွက်ပြေးခွင့် မပေးနဲ့... လျှို့ဝှက် တာဝန်ပါလာနိုင်တယ်...”
ထိုအော်သံသည် တည်ငြိမ်နေသော ရေကန်ထဲသို့ နျူကလီးယားဗုံး ပစ်ချလိုက်သည့်နှယ်။ နေပူစာလှုံနေကြသော၊ ဈေးဆိုင်ခင်းနေကြသော၊ သို့မဟုတ် ငေးမောနေကြသည့် ရင်ပြင်ပေါ်မှ ကစားသမား (၁၀၀) ကျော်သည် ချက်ချင်း လှုပ်ရှားလာကြတော့၏။
“ဝုန်း...”
မြေကြီးများ တုန်ခါသွားသည်အထိ ပြင်းထန်သော ခြေသံများ ထွက်ပေါ်လာသည်။
လုရန်ကျားသည် အခြေအနေကို အကဲခတ်ရန် အနီးသို့ တိုးကပ်လာစဉ်၊ မြေကြီး တုန်ခါနေသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
သူ ထိတ်လန့်တကြား မော့ကြည့်လိုက်ရာ၊ သူ့ဘဝတွင် ဘယ်တော့မှ မေ့ပျောက်နိုင်တော့မည့် မြင်ကွင်းကြီးကို တွေ့လိုက်ရ၏။
ဆံပင်ဖွာလန်ကြဲနေပြီး ပုံသဏ္ဌာန် ထူးဆန်းနေသော လူအုပ်ကြီး (၁၀၀) ကျော်သည် တောင်တံခါးဝမှ ပျားအုံ ရိုက်လိုက်သကဲ့သို့ ပြေးထွက်လာကြသည်။
အချို့က အနံ့ဆိုးထွက်နေသော သားရေချပ်ဝတ်များကို ဝတ်ဆင်ထားသည်၊ အချို့က ဘောင်းဘီတိုလေး တစ်ထည်သာ ဝတ်ထားသည်၊ အချို့က မျက်နှာပေါ်တွင် မီးခိုးမဲများ ပေကျံနေပြီး၊ အချို့ကမူ တစ်ကိုယ်လုံး အစိမ်းရောင် အလင်းတန်းများ တောက်လောင်နေကြ၏။
သူတို့၏ မျက်လုံးများမှာ စိမ်းဖန်နေပြီး၊ ပါးစပ်မှ သွားရည်များ ယိုစီးကျနေကာ၊ ဝံပုလွေများ အူသကဲ့သို့ အော်ဟစ်လျက် သူ့ဆီသို့ ပြေးဝင်လာကြတော့သည်။
“ရပ်လိုက်... မပြေးနဲ့...”
“ရွာသားရေ... ရပ်ပါဦး... ငါတို့က လူကောင်းတွေပါ...”
“ငါ့ကို ပြစမ်း... မင်းဆီမှာ ဘာပစ္စည်းကောင်းတွေ ပါလဲ ငါ့ကို ပြစမ်းပါ...”
ဒီမြင်ကွင်းက လေမည်းတောင်ကုန်းက ဓားပြတွေ တောင်ပေါ်က ဆင်းလာတာထက် အဆပေါင်း (၁၀၀) လောက် ပိုကြောက်စရာ ကောင်းနေပါရောလား။
“ဘုရားရေ... မိစ္ဆာကျင့်ကြံသူတွေ... မိစ္ဆာအုပ်ကြီး...”
လုရန်ကျား ကြောက်လွန်းသဖြင့် ခြေထောက်များ ပျော့ခွေသွားပြီး မြေကြီးပေါ်သို့ ဖင်ထိုင်လျက် လဲကျသွား၏။ သူ ထပြေးရန် ကြိုးစားသော်လည်း ခြေသလုံး ကြွက်တက်သွားသဖြင့် မထနိုင်တော့ချေ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူသည် ရူးသွပ်နေသော လူအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံလိုက်ရတော့သည်။
မျက်လုံးပေါင်း (၁၀၀) ကျော်သည် သူ့ကို စိုက်ကြည့်နေကြသည်။ ရှားပါး ရတနာ တစ်ခုကို ကြည့်နေသည့်နှယ်။
လုရန်ကျားသည် ခန္ဓာကိုယ်ကို ကွေးထားပြီး ခေါင်းကို လက်ဖြင့် အုပ်ကာ၊ မျက်ရည်စက်လက်ဖြင့် အသနားခံလိုက်ရှာ၏။
“အရှင် မိစ္ဆာတို့... အသက်ချမ်းသာပေးကြပါ... ကျွန်တော်က ဆေးမြစ်ခူးတဲ့သူဘး ပါဗျာ... ကိုယ်ပေါ်မှာ သွေးတိတ်ဆေးမြစ် (၂) ပင်ပဲ ပါပါတယ်... ပိုက်ဆံ မရှိပါဘူး... ကျွန်တော့်ကို မစားကြပါနဲ့...”
သို့သော် “မိစ္ဆာကျင့်ကြံသူ” အုပ်စုကြီးက သူ့ကို ရိုက်နှက်ခြင်း မပြုကြချေ။
ဝက်အူချောင်းလို လက်ချောင်းတုတ်တုတ်ကြီး တစ်ခု လှမ်းဝင်လာသည်။ သူ့လည်ပင်းကို ညှစ်ရန် မဟုတ်ဘဲ... သူ၏ မီးခိုးရောင် ဝတ်ရုံစကို ကိုင်ကြည့်ရန် ဖြစ်၏။
“ဝါး... ဒီ အထည်သားက နည်းနည်း ကြမ်းပေမယ့်... ငါတို့ရဲ့ စနစ် က ပေးထားတဲ့ အတွင်းခံထက် အများကြီး ပိုကောင်းတာပဲ...” ဝမ်သဲ့ဖာက အားကျစွာ မှတ်ချက်ချလိုက်သည်။
ချက်ချင်းဆိုသလိုပင် နောက်ထပ် လက်ပေါင်းများစွာ လှမ်းဝင်လာကြ၏။
“ဟေ့ ညီအစ်ကို... ဒီ ဝါးခြင်းတောင်း ရောင်းမလား... ဂိုဏ်းစုဆောင်းမှတ် ဘယ်လောက် လိုချင်လဲ...”
“မင်းခေါင်းပေါ်မှာ ဘာလို့ မေးခွန်းသင်္ကေတ မပေါ်တာလဲ... ငါ့ရဲ့ မျက်နှာသာပေးမှု မလုံလောက်လို့ တာဝန် မပေါ်တာလား...”
“မတိုးနဲ့လေကွာ... ငါ သူ့ကို ခန္ဓာကိုယ် စစ်ဆေးမှု အပြည့်အစုံ လုပ်ပေးပါရစေ... ငါက ဇီဝဗေဒ ကျောင်းသားပါ... တောရိုင်း တသီးပုဂ္ဂလ ကျင့်ကြံသူ တစ်ယောက်ရဲ့ ခန္ဓာဗေဒကို လေ့လာချင်လို့ပါ...”
လုရန်ကျားသည် လက်ပေါင်းများစွာ၏ ထိတွေ့ကိုင်တွယ်မှုကို ခံနေရပြီး ထုံကျဉ်နေပြီ ဖြစ်သည်။ သူသည် ဝံပုလွေအုပ်ကြားသို့ ရောက်ရှိသွားသော သိုးငယ်လေး တစ်ကောင်ပမာ ခံစားနေရပြီး၊ ထို ဆာလောင်နေသော ဝံပုလွေများ၏ “တန်ဖိုးထား မြတ်နိုးမှု” (စစ်ဆေးမှု) ကို အလူးအလဲ ခံနေရရှာ၏။
“ခင်... ခင်ဗျားတို့ ဘာလုပ်ချင်နေကြတာလဲဗျာ...” လုရန်ကျား၏ အသံများ တုန်ရီနေပြီး စိတ်ဓာတ်ကျလုနီးပါး ဖြစ်နေပြီ။
ထိုစဉ်မှာပင်... အစိမ်းရောင် တောက်နေသော ဆေးလုံး တစ်လုံးကို ကိုင်ထားသည့် ကစားသမား တစ်ယောက်သည် သူ့ရှေ့သို့ တိုးဝင်လာပြီး၊ ဖော်ရွေသည်ဟု သူထင်သော အပြုံးမျိုး ပြုံးပြလိုက်၏။
“ဟီးဟီး... လူငယ်လေး... မင်းမျက်နှာက မဲနေတာပဲ... ဗိုက်ဆာနေပြီ မဟုတ်လား... ရော့... ငါ အခုလေးတင် ဖော်ထားတဲ့ ‘မဟာ ပြန်လည်နုပျိုဆေး’ လေး စားလိုက်... စားပြီးရင် နဂါးလို တက်ကြွပြီး ကျားလို သန်မာလာစေရမယ်လို့ အာမခံတယ်...”
မိမိ နှုတ်ခမ်းနားသို့ ရောက်ရှိလာသော တောက်ပသည့် အစိမ်းရောင် ဆေးလုံးကြီးကို ကြည့်ပြီး... ထိုဆေးလုံးမှ ထွက်ပေါ်နေသော စူးရှသည့် အနံ့ဆိုးကြီးကို ရှူရှိုက်လိုက်ရသောအခါ...
လုရန်ကျားသည် ကြီးမားလှသော စိတ်ဖိစီးမှုကို ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ချေ။ သူသည် မျက်ဖြူလန်သွားပြီး ခြေကားယား လက်ကားယား ဖြစ်သွားတော့သည်။
“ဂါး...”
သူ ကြောက်လွန်းပြီး မေ့လဲသွား၏။
ကစားသမားများ ချက်ချင်း တိတ်ဆိတ်သွားကြသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် ကြောင်တောင်တောင် ကြည့်လိုက်ကြသည်။
“သောက်ကျိုးနည်း... ဘာလို့ မေ့လဲသွားတာလဲ...”
“မင်း ရုပ်ဆိုးလွန်းလို့ လန့်သွားတာလား...”
“ဒုက္ခပဲ... NPC က ဟန်းဂ်သွားပြီ (တောင့်သွားပြီ)... ဘာလုပ်ကြမလဲ... CPR လုပ်ပေးရမလား...”
အားလုံး၏ အာရုံသည် ဆေးတိုက်ရန် ကြိုးစားခဲ့သော ကစားသမားဆီသို့ ရောက်ရှိသွားကြသည်။
ထိုကစားသမားသည် ကြောက်လန့်တကြား နောက်ဆုတ်လိုက်ပြီး အော်ဟစ်လိုက်၏။
“ငါ့ကို မကြည့်နဲ့နော်... ငါ မတိုက်ရသေးဘူး... ငါနဲ့ မဆိုင်ဘူး... ဒါ သက်သက်မဲ့ ဇာတ်နာအောင် လုပ်နေတာ”