ခွေးဆိုးများကို လွှတ်လိုက်ခြင်း (သို့) မုန်တိုင်းသစ်တစ်ခု ကျရောက်လာပြီ
Vol. 3 Ch. 38
~ကွေ့ယွမ်ဂိုဏ်း၏ ရင်ပြင်ထက်ဝယ် လေထုမှာ ပေါက်ကွဲထွက်တော့မည့်အလား စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
တသီးပုဂ္ဂလ ကျင့်ကြံသူ လုရန်ကျား၏ ပါးစပ်မှ ‘လျူယွမ် ဈေးတန်း’ ဟူသော စကားလုံး ထွက်ပေါ်လာပြီးနောက်၊ ရင်ပြင်တစ်ခုလုံးရှိ ကစားသမားများမှာ ရူးသွပ်မတတ် ဝမ်းသာသွားကြတော့သည်။
“ဈေးတန်းမြို့တော်ကြီးတဲ့ဟေ့... နောက်ဆုံးတော့ ငါတို့အတွက် မြို့တော်ကြီး ပေါ်လာပြီ...”
“ငါတော့ ငါ့ဆီက ပစ္စည်းတွေ သွားရောင်းတော့မယ်... ပိုက်ဆံတွေ အများကြီး သုံးပစ်မယ်... အပြင်လောကက ချောမောလှပတဲ့ မိန်းမပျိုလေးတွေကိုလည်း သွားကြည့်ရဦးမယ်...”
လူတိုင်းသည် သနားစရာ လုရန်ကျားကို ဝိုင်းအုံထားကြပြီး၊ အခုချက်ချင်း လမ်းပြခိုင်းရန် ပြင်နေကြ၏။ လုရန်ကျားမှာမူ မြေကြီးပေါ်တွင် ကျုံ့ကျုံ့လေး ထိုင်နေရပြီး၊ ဗိုက်ဆာနေသော ဝံပုလွေ (၁၀၀) ကျော်၏ အကြည့်ကို ခံနေရသည့် အသားတုံးကြီး တစ်တုံးပမာ ကြောက်လန့်တကြား တုန်ရီနေရှာ၏။
အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး လုရန်ကျားကို အတင်းအဓမ္မ မယူသွားမီမှာပင်...
“ဒေါင်...”
သာယာကြည်လင်ပြီး နက်နဲသော ခေါင်းလောင်းသံတစ်ခုသည် ခန်းမဆောင်ကြီးဆီမှ ထွက်ပေါ်လာကာ ရင်ပြင်ပေါ်ရှိ ဆူညံသံများကို ချက်ချင်း တိတ်ဆိတ်သွားစေ၏။
လူတိုင်း မော့ကြည့်လိုက်ကြ၏။
ခန်းမဆောင်ကြီး၏ စင်မြင့်ထက်တွင် မင်္ဂလာရှိသော တိမ်တိုက်များ ဝဲပျံနေ၏။ ဂိုဏ်းချုပ် ကျန်းချန်သည် ပုံမှန်ထက် ပို၍ ခမ်းနားထည်ဝါပြီး အလင်းစက်များ ဝေဖြာနေသော ဝတ်ရုံတော်ကို ဆင်မြန်းလျက်၊ လက်ကို နောက်ပစ်ကာ ရပ်နေ၏။ သူ၏ အသွင်မှာ ကမ္ဘာမြေသို့ ဆင်းသက်လာသော နတ်မင်းတစ်ပါးနှင့်ပင် တူလှ၏။ သူ၏ အကြည့်များမှာ နက်နဲလှပြီး၊ တောင်တန်းများစွာကို ဖြတ်ကျော်ကာ ဝေးကွာလှသော ပြင်ပလောကသို့ စိုက်ကြည့်နေသယောင် ရှိပေသည်။
“ငြိမ်သက်ကြစမ်း...”
အသံမှာ မကျယ်သော်လည်း နေရာအနှံ့သို့ ကြည်လင်စွာ ပျံ့လွင့်သွား၏။ ကစားသမားများမှာလည်း အရေးကြီးသော တာဝန်တစ်ခု ပေးတော့မည်ကို သိသဖြင့် ငြိမ်သက်စွာ နားစွင့်နေကြတော့၏။
ကျန်းချန်သည် အောက်ဘက်မှ တက်ကြွနေသော မျက်နှာများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး၊ လောကကြီးကို စိတ်ကုန်နေသလိုလို၊ မျှော်လင့်ချက်ကြီးစွာ ထားရှိသလိုလို လေသံဖြင့် ဖြည်းညှင်းစွာ ပြောလိုက်၏။
“တပည့်တို့... မင်းတို့ ဂိုဏ်းထဲ ရောက်လာတာ အချိန်အတန်ကြာခဲ့ပြီ... မင်းတို့ရဲ့ ကျင့်ကြံမှုတွေကလည်း ပုံပေါ်လာပြီဖြစ်သလို၊ အုတ်မြစ်တွေကလည်း တဖြည်းဖြည်း ခိုင်မာလာကြပြီ... ငါတို့ ကွေ့ယွမ်ဂိုဏ်းဟာ တောင်နက်ထဲမှာ အောင်းနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်လို့၊ ပြင်ပလောကက ငါတို့ရဲ့ ကျော်ကြားလှတဲ့ အမည်နာမကို မေ့လျော့နေကြပြီ...”
သူသည် ဤနေရာတွင် စကားကို ခေတ္တရပ်လိုက်ပြီး မျက်ဝန်းများမှာ စူးရှသွား၏။
“လင်းယုန်ပျိုတွေဟာ နောက်ဆုံးတော့ အတောင်ပံဖြန့်ရမှာပဲ... သားရဲပေါက်လေးတွေဟာလည်း တောင်ပေါ်က ဆင်းရမှာပဲ... ငါ့ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက်၊ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ဆိုတာ မင်းတို့ရဲ့ ပခုံးပေါ်က တာဝန်ပဲ... ပြင်ပလောကက လှပသလို အန္တရာယ်လည်း များတယ်... ဒါပေမဲ့ မင်းတို့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေနဲ့ဆိုရင်၊ သေချာပေါက် နာမည်တစ်လုံး ကျန်ရစ်အောင် လုပ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်...”
သူ၏ စကားအဆုံးတွင်၊ ကစားသမား အားလုံး၏ မျက်လုံးရှေ့ဝယ် ရွှေရောင်တောက်ပနေသော တာဝန်ပေးချက် ဇယားကွက်ကြီး တစ်ခု ပြိုင်တူ ပေါ်ထွက်လာတော့သည်။
[ဂိုဏ်း၏ ပင်မတာဝန် (အဆင့်သစ်) - တောင်ပေါ်မှ ဆင်းကာ နာမည်ကျော်ကြားအောင် လုပ်ဆောင်ခြင်း]
[ဖော်ပြချက် - မင်းတို့ဟာ အပြင်လောကမှာ လေ့ကျင့်ဖို့ အသင့်ဖြစ်နေပြီလို့ ဂိုဏ်းချုပ်က ယူဆပါတယ်... အနီးဆုံး ကျင့်ကြံသူတွေ စုဝေးရာ ‘လျူယွမ် ဈေးတန်း’ ဆီသို့ ချီတက်ကြ... ပြင်ပလောကက သေမျိုးတွေကို ‘စတုတ္ထကပ်ဘေး’ ရဲ့ စစ်မှန်တဲ့ အစွမ်းကို ပြသလိုက်ကြပါ...]
[ရေရှည် ရည်မှန်းချက်များ -]
* မြေပုံ စူးစမ်းခြင်း - လျူယွမ် ဈေးတန်းနှင့် ပတ်ဝန်းကျင် မြေပုံများကို ဖွင့်လှစ်ရန်။
* အခြေစိုက်စခန်း တည်ဆောက်ခြင်း - ဈေးတန်းတွင် ကွေ့ယွမ်ဂိုဏ်းအတွက် ယာယီ ဆက်သွယ်ရေး စခန်းများ ထားရှိရန် (ဈေးဆိုင်ဖွင့်ခြင်းလည်း အကျုံးဝင်သည်)။
* ဂုဏ်သတင်း ကျော်စောအောင် လုပ်ခြင်း - နည်းလမ်းမျိုးစုံကို အသုံးပြုကာ (ကုန်သွယ်ခြင်း၊ ယှဉ်ပြိုင်ခြင်း၊ ပြဿနာရှာခြင်း စသည်ဖြင့်) ကွေ့ယွမ်ဂိုဏ်း၏ ကျော်ကြားမှုကို မြှင့်တင်ရန်။
[အဆင့်လိုက် ဆုလာဘ်များ -]
* လုပ်ဆောင်ချက်အသစ် - နယ်မြေကူးပြောင်းခြင်း (စူးစမ်းပြီးသား ဘေးကင်းဇုန်များသို့ အမြန်သွားလာနိုင်မည်၊ ဝိညာဉ်ကျောက်တုံး လိုအပ်သည်)။
* အခွင့်အရေးသစ် - ဂိုဏ်းအရောင်းဆိုင်၏ အဆင့် (၂) ပစ္စည်းများကို လဲလှယ်ခွင့် ရရှိမည်။
“ဝုန်း...”
နယ်မြေကူးပြောင်းလို့ ရပြီဟေ့... ဆိုင်ကလည်း အဆင့်တက်ပြီ... နာမည်ကြီးရတော့မယ်...
ဤဆုလာဘ်များမှာ ဆွဲဆောင်မှု ရှိလွန်းလှပေသည်။
“ဂိုဏ်းချုပ်ကြီး ကျန်းမာပါစေ... ဂိုဏ်းချုပ်ကြီးက ပညာရှိလိုက်တာ...”
“တိုက်ကြဟေ့... ဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက်...”
“ညီအစ်ကိုတို့... လက်နက်တွေ ယူကြ... တောင်ပေါ်က ဆင်းမယ်ဟေ့...”
ရင်ပြင်တစ်ခုလုံး ချက်ချင်းပင် ပရမ်းပတာ ဖြစ်သွားတော့သည်။ လူတိုင်းသည် နောက်ဆုံးအဆင့် ‘စစ်ရေးပြင်ဆင်မှုများ’ ကို စတင်ကြလေတော့သည်။
အချို့က မိမိတို့၏ တဲစုတ်လေးများဆီသို့ အပြေးပြန်ကာ ရက်ပေါင်းများစွာ စုဆောင်းထားသော အမှိုက်သရိုက်များကို ကျောပိုးအိတ်ထဲသို့ အပြည့်အသိပ်.. ထည့်ကြ၏။
အချို့ကမူ ဆေးဖော်ဆောင် အပျက်အစီးများဆီသို့ သွားကာ၊ အရည်အသွေး မသေချာသော ဆေးဖော်ရင်း ကျန်ခဲ့သည့် ဆေးအကြွင်းအကျန်များကို ဂေါ်ပြားဖြင့် ကော်ယူကြ၏။ ဈေးတန်းရောက်လျှင် လူလိမ်ရန်အတွက် ပြင်ဆင်ခြင်း ဖြစ်ပါ၏။
တစ်ယောက်ဆိုလျှင် ဂိုဏ်းတံခါးဝသို့ ပြေးသွားပြီး တိုင်လုံးတွင် ချိတ်ဆွဲခံထားရသော လီချင်းကို နောက်ဆုံးအနေဖြင့် နှုတ်ဆက်လိုက်သေးသည်။
“ချင်းချင်းရေ... ဂရုစိုက်နေခဲ့ဦးနော်... ငါတော့ မြို့ကြီးပြကြီး သွားပြီ... နာမည်ကြီးလာရင် မင်းအတွက် စားစရာ ကောင်းကောင်းတွေ ယူလာခဲ့မယ်...”
(လီချင်းကမူ မျက်လုံးကို အပေါ်လန်ကာ သူ့ကို လုံးဝ လျစ်လျူရှုထားလေသည်)။
“ဟေ့လူတို့... လမ်းပြရမယ့် အန်ပီစီ ဘယ်ရောက်သွားလဲ... သူ့ကို ထွက်ပြေးခွင့် မပေးနဲ့ဦး...”
ဘယ်သူက အော်လိုက်မှန်း မသိသော်လည်း၊ လူတိုင်းသည် ထိုအခါမှ..အရေးကြီးသော ပုဂ္ဂိုလ် ‘လုရန်ကျား’ ကို သတိရသွားကြသည်။
ထိုအချိန်တွင် လုရန်ကျားမှာ ရှုပ်ထွေးနေတုန်း လှစ်ခနဲ ထွက်ပြေးရန် ကြိုးစားနေခြင်း ဖြစ်၏။ သို့သော် ခြေလှမ်း (၂) လှမ်းမျှသာ လှမ်းရသေးခင်မှာပင် ခွန်အားလိုင်း ဗလကြီး အချို့၏ ကြက်ကလေး တစ်ကောင်ပမာ ပြန်လည် ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။
ဝမ်သဲ့ဖာသည် လုရန်ကျား၏ ပခုံးကို ဖက်လိုက်ပြီး၊ သွားတစ်ချောင်း မရှိတော့သော ပါးစပ်ကြီးဖြင့် ဖြီးပြလိုက်၏။
“ဟေ့... ညီလေး... ဘယ်သွားမလို့လဲ... ငါတို့ကို ဈေးတန်းကို ခေါ်သွားမယ်လို့ ကတိပေးထားတာ မဟုတ်လား...”
“အစ်ကိုကြီးတို့ရယ်... ကျွန်တော်... ကျွန်တော် ကိုယ့်ဘာသာ လမ်းလျှောက်နိုင်ပါတယ်ဗျာ...” လုရန်ကျားမှာ ငိုချင်စိတ် ပေါက်နေရှာပြီ။
“နှေးလွန်းတယ်ကွ... ငါတို့က အလျင်လိုနေတာ...”
ဝမ်သဲ့ဖာက လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်၏။
“ညီအစ်ကိုတို့... ပြင်ဆင်ကြ... ‘လူအားသုံး ပျံသန်းခြင်း’ စနစ် သုံးမယ်ဟေ့...”
ထိုသို့ဖြင့် လုရန်ကျား၏ ကြောက်လန့်တကြား အော်ဟစ်သံများကြားတွင်၊ သူသည် ဗလကြီး (၄) ယောက်၏ ပခုံးပေါ်၌ မင်္ဂလာဆောင် ဝေါယာဉ် တစ်ခုပမာ မြှောက်တင်ခံလိုက်ရတော့သည်။
လက်နက် အပြည့်အစုံ တပ်ဆင်ထားပြီး၊ အထုပ်အပိုး အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်ထားကာ၊ တကယ့် ဓားပြများထက်ပင် ပို၍ ဓားပြဆန်နေသော ကစားသမား (၁၀၀) ကျော်သည် ကွေ့ယွမ်ဂိုဏ်း၏ စောင်းရွဲ့နေသော တောင်တံခါးဝမှ ဝေါခနဲ ပြေးထွက်သွားကြ၏။
ဖုန်လုံးကြီးများ တက်လာပြီး ရှုပ်ထွေးလှပေသည်။
သူတို့၏ အရှိန်အဝါမှာ (၆) လလောက် ပိတ်လှောင်ခံထားရပြီးမှ ကြိုးပြတ်သွားသည့် ဟစကီး ခွေးအုပ်ကြီး မြက်ခင်းပြင်ကျယ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည့်နှယ်။
စင်မြင့်ထက်တွင် ရပ်နေသော ကျန်းချန်ကတော့ ဖုန်လုံးကြီးများကြားမှ ထွက်ခွာသွားသော တန်းစီဇယားကြီးကို ကြည့်ကာ၊ ရင်ဘတ်ပေါ်တွင် လက်ဝါးတင်လျက် တိတ်ဆိတ်စွာ ဆုတောင်းပေးလိုက်၏။
“လျူယွမ် ဈေးတန်းက တာအို မိတ်ဆွေတို့ရေ... ဘေးကင်းကြပါစေဦးဗျာ…”