ဈေးတန်းကို တစ်စေ့တစ်စောင်း ကြည့်ခြင်း (သို့) ဒီက လူတွေက အူတူတူနဲ့ ပိုက်ဆံ အရမ်းချမ်းသာတာပဲ... မြန်မြန်လာကြဟေ့
Vol. 3 Ch. 40
လျူယွမ် ဈေးတန်း၏ တံခါးဝ။ (၁၅) မိနစ်ခန့် ကြာအောင် အခြေအတင် ဖြစ်နေကြ၏။
“ဘာ... လူတစ်ယောက်ကို ဝိညာဉ်ကျောက်တုံး တစ်တုံး ဟုတ်လား... ခင်ဗျားတို့က လူသတ်ပြီး ဓားပြတိုက်နေတာလားဗျ...”
ဈေးတန်း တံခါးဝတွင် ကစားသမား (၁၀၀) ကျော်မှာ အစောင့် (၂) ယောက်ကို ဝိုင်းထားကြပြီး စကားပြောလျှင်ပင် တံတွေးများ စင်နေကြ၏။ ဂိမ်းထဲ စဝင်ကာစ၊ ဝိညာဉ်ကျောက်တုံး ဆိုတာ ဘယ်လို ပုံစံရှိမှန်းတောင် မမြင်ဖူးသေးသော ကစားသမားများအတွက်မူ ဤဝင်ကြေးမှာ ကောင်းကင်ဘုံက ဈေးနှုန်းကြီးပင် ဖြစ်နေတော့၏။
“အစ်ကိုကြီး... ကျွန်တော့်ရဲ့ ရိုးသားတဲ့ မျက်လုံးတွေကို ကြည့်ပါဦး... အကြွေးနဲ့ အရင် ပေးဝင်လို့ မရဘူးလား...”
“ကျွန်တော် ဒီမှာတင် ရင်ဘတ်ပေါ် ကျောက်တုံးတင်ပြီး ထုပြမယ်လေ... အဲဒါနဲ့ ဝင်ကြေး အစားထိုးလို့ မရဘူးလားဗျာ...”
အစောင့် (၂) ယောက်မှာ ဆူညံပွက်လောရိုက်နေမှုများကြောင့် အလွန် စိတ်အနှောင့်အယှက် ဖြစ်နေကြချေပြီ။ လှံကို ကိုင်ထားသော သူတို့၏ လက်များမှာ တုန်ရီနေပြီး၊ လူစုခွဲရန်ပင် ပြင်နေကြ၏။
ထိုစဉ်မှာပင်... ကံဆိုးလှသော လမ်းပြ ‘လုရန်ကျား’ မှာ ကစားသမားများ၏ တွန်းထုတ်ခြင်းကို ခံလိုက်ရ၏။
“ညီအစ်ကိုတို့... ငါတို့မှာ ပိုက်ဆံ မရှိပေမယ့်၊ သူ့မှာ ရှိတယ်ဟေ့...” ဝမ်သဲ့ဖာသည် ကောက်ကျစ်သော အပြုံးဖြင့် လုရန်ကျား ကျောပေါ်မှ ဝါးခြင်းတောင်းကို လက်ညှိုးထိုးပြလိုက်၏။
လုရန်ကျား၏ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်နေမှုများကြားတွင်၊ သူ ဆန်ဝယ်ရန် ရောင်းချမည့် ခြင်းတောင်းထဲမှ သနားစရာ ဝိညာဉ်ဆေးပင် အနည်းငယ်မှာ ကစားသမားများ၏ အတင်းအဓမ္မ သိမ်းပိုက်ခြင်းကို ခံလိုက်ရတော့သည်။
“အရှင်တို့ရယ်... သနားကြပါဦး... ဒီ ‘ကြယ်ရောင်မြက်’ လေးတွေက နုသေးပေမယ့်၊ ကျွန်တော်မျိုး တသီးပုဂ္ဂလ ကျင့်ကြံသူ တစ်ယောက်ရဲ့ ပိုင်ဆိုင်မှု အားလုံးပါပဲဗျာ...”
ကစားသမားများ၏ တရစပ် တောင်းပန်တိုးလျှိုးမှုနှင့် ခြိမ်းခြောက်မှုများကြောင့်၊ အစောင့် (၂) ယောက်မှာလည်း ယင်ကောင်များပမာ တဝီဝီ လုပ်နေသော ဤ ထူးဆန်းသည့် အုပ်စုကို သည်းမခံနိုင်တော့ဘဲ မျက်နှာပျက်ပျက်နှင့် လက်ဝှေ့ယမ်းလိုက်တော့သည်။
“ကဲ... ကဲ... သွားကြ... မြန်မြန် ဝင်သွားကြ... တံခါးဝမှာ ပိတ်မနေနဲ့... အထဲရောက်ရင်လည်း ငြိမ်ငြိမ်ဝပ်ဝပ် နေကြ... ပြဿနာ မရှာနဲ့နော်...”
“ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ် အစ်ကိုကြီးတို့... ဘုန်းကြီးကြပါစေ... သက်ရှည်ကြပါစေ...”
ကစားသမားများမှာ အော်ဟစ် အောင်ပွဲခံလိုက်ကြပြီး၊ အခမဲ့ ကျွေးသော ပွဲတော်သို့ ပြေးဝင်ကြသည့် ငတ်မွတ်နေသော တစ္ဆေအုပ်ကြီးပမာ ဈေးတန်း တံခါးဝမှ တိုးဝှေ့ ဝင်ရောက်သွားကြ၏။
လုရန်ကျား တစ်ယောက်သာ တံခါးဝတွင် ကျန်ရစ်ခဲ့ပြီး၊ သူ၏ ဗလာဖြစ်သွားသော ဝါးခြင်းတောင်းကို ကြည့်ကာ မျက်ရည်များ ဝဲနေရှာ၏။ သူ၏ ဆန်ဖိုးလေး... မရှိတော့ပြီ။
......
လျူယွမ် ဈေးတန်း အတွင်းပိုင်း။ ပင်မ လမ်းမကြီး။
ဈေးတန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်၊ စောစောက မောက်မာရိုင်းစိုင်းနေသော ကစားသမားများမှာ ချက်ချင်း ငြိမ်သက်သွားကြတော့သည်။
“ဘုရားရေ...”
အံ့သြတုန်လှုပ်သံများ ထပ်မံ ထွက်ပေါ်လာပြန်သော်လည်း၊ ယခုတစ်ခေါက်တွင်မူ အသံကို နှိမ့်ထားကြ၏။
အပြင်ဘက် မြင်ကွင်းက အံ့သြစရာ ကောင်းသည်ဆိုလျှင်၊ အတွင်းဘက်မှာမူ ဒေါ်လှကြည် မြို့တက်သကဲ့သို့ မျက်စိပသာဒ ဖြစ်စရာများဖြင့် ပြည့်နှက်နေ၏။
ကျယ်ဝန်းလှသော လမ်းမကြီးကို သန့်ရှင်းစင်ကြယ်သော ကျောက်ပြာတုံးကြီးများ ခင်းထား၏။ လမ်းဘေး ဝဲယာတွင် ‘ရတနာစုံ ဂေဟာ’ ၊ ‘ဆေးဖော်ဆောင်’ နှင့် ‘လက်နက်တိုက်’ စသည့် ဆိုင်ခန်းများ စီတန်းနေ၏။ ဆိုင်းဘုတ် တစ်ခုချင်းစီမှာလည်း ဖျော့တော့သော အလင်းတန်းများဖြင့် တောက်ပနေကြပြီး အဆင့်အတန်း မြင့်မားလှပေသည်။
လမ်းမပေါ်တွင် သွားလာနေသော ကျင့်ကြံသူ အများစုမှာ သပ်ရပ်သော ဝတ်ရုံများကို ဆင်မြန်းထားကြပြီး၊ ကစားသမားများ တောင့်တနေသော ‘ဝိညာဉ်သိုလှောင်အိတ်’ များကို ခါးတွင် ချိတ်ဆွဲထားကြ၏။ လေထုထဲတွင်လည်း ဆေးမြစ်နံ့သင်းသင်းနှင့် ဝိညာဉ်လက်ဖက်ရည်၏ ရနံ့များ ပျံ့လွင့်နေ၏။
ပြီးနောက်... မိမိတို့ဘက်ကို ပြန်ကြည့်လိုက်ပါဦး။ လူ (၁၀၀) ကျော်၊ တစ်ကိုယ်လုံး ရွှံ့များ ပေကျံနေသည်၊ မိမိကိုယ်ထက် ကြီးမားသော အထုပ်ကြီးများကို ထမ်းထားကြသည်၊ လက်ထဲတွင်လည်း အရိုးတုတ်ကြီးများကို ကိုင်ဆောင်ထားကြသည်။ ကြည့်ရသည်မှာ တောင်ပေါ်မှ အခုမှ ဆင်းလာသော လူရိုင်းအုပ်စုကြီးနှင့်ပင် တူနေတော့၏။
အနုပညာ စတိုင်၏ ထင်ရှားလှသော ကွာခြားချက်ကြောင့် ကစားသမား အများအပြားမှာ မိမိကိုယ်ကိုယ် အားငယ်စိတ်ကို ပထမဆုံးအကြိမ် ခံစားလိုက်ကြရ၏။
“ဒီနေရာက အရမ်း သန့်တာပဲကွာ... ငါ ခြေတောင် မချရဲတော့ဘူး...” ကစားသမား တစ်ယောက်သည် သူ၏ ရွှံ့ပေနေသော ကောက်ရိုးဖိနပ်ကို ကြည့်ကာ စိတ်မလုံမလဲ ဖြစ်နေရှာသည်။
“ဟို ဆိုင်ကို ကြည့်စမ်း... [နတ်သမီး ဝတ်ရုံဆိုင်] တဲ့... အထဲက ကျင့်ကြံသူ မလေးက တကယ့်ကို လှတာပဲ... ဝတ်ထားတဲ့ အင်္ကျီကတောင် အလင်းတွေ ထွက်နေတယ်...” နှာဘူး ကစားသမား အချို့မှာ အဝတ်အထည်ဆိုင်၏ မှန်ပြတင်းပေါက်ကို ကြည့်ကာ သွားရည်များ ကျနေကြသဖြင့် မှန်သားပြင်မှာပင် သွားရည်များ စိုစွတ်ကုန်တော့သည်။
သို့သော် ဤ အားငယ်စိတ်မှာ မကြာမီမှာပင် ပိုမို ပြင်းထန်သော ခံစားချက် တစ်ခုဖြင့် အစားထိုးခြင်း ခံလိုက်ရ၏။ ၎င်းမှာ... ‘ဆင်းရဲခြင်း’ ပင် ဖြစ်၏။
သူတို့သည် သာမန်ကာလျှံကာ ကုန်စုံဆိုင် တစ်ဆိုင်ထဲသို့ ဝင်သွားကြ၏။
“ဦးလေးကြီး... ဟို ဝိညာဉ်သိုလှောင်အိတ်က ဘယ်လောက်လဲဟင်...” ဝမ်သဲ့ဖာသည် ကောင်တာထောင့်ရှိ အသေးဆုံး မီးခိုးရောင် အိတ်လေးကို ညွှန်ပြကာ မေးလိုက်သည်။
ဆိုင်ရှင်သည် သူတို့ကို တစ်ချက် မော့ကြည့်လိုက်ရာ၊ မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင်များ ရိပ်ခနဲ.. ဖြတ်သန်းသွားပြီး၊ ဂရုမစိုက်သော လေသံဖြင့် ပြန်ပြောလိုက်၏။
“အဆင့်နိမ့် ဝိညာဉ်သိုလှောင်အိတ်... (၃) ကုဗမီတာ အကျယ် ရှိတယ်... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀) ပေးရမယ်...”
“ဘယ်လောက်...” ဝမ်သဲ့ဖာ၏ အသံမှာ ချက်ချင်း စူးထွက်သွားတော့သည်။
“ငါးဆယ် ဟုတ်လား... ခင်ဗျားက ကျုပ်ကို ဓားပြတိုက်နေတာလားဗျ...”
တံခါးဝမှာတင် ဝိညာဉ်ကျောက်တုံး တစ်တုံး မရှိလို့ အနိုင်နိုင် ဝင်လာခဲ့ရတာလေ၊ အခုတော့ အိတ်စုတ်လေး တစ်လုံးကို ငါးဆယ်တောင် ပေးရမယ်တဲ့လား။
“ဝယ်နိုင်တဲ့ ပစ္စည်း မဟုတ်ရင် မကိုင်နဲ့...”
ဆိုင်ရှင်သည် ယင်ကောင်မောင်းသကဲ့သို့ လက်ကို ခါယမ်းလိုက်သည်။
“ဒါတွေက တကယ့် ကျင့်ကြံသူတွေ အတွက်ပဲ... မင်းတို့လို လူတွေအတွက် မဟုတ်ဘူး...”
သူ စကားကို အဆုံးထိ မပြောသော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းလှပေသည်။ ကစားသမားများမှာ နှလုံးသားထဲတွင် နာကျင်သွားကြရ၏။
သူတို့ ဆိုင်ထဲမှ ထွက်လာကြပြီး၊ လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်လျက်၊ လမ်းမပေါ်တွင် သွားလာနေသော ‘သူဌေးကြီးများ’ ကို ကြည့်ကာ စုပေါင်း စဉ်းစားခန်း ဝင်နေကြတော့သည်။
“ညီအစ်ကိုတို့... ငါတို့ တကယ်ကို ပြတ်နေပြီ ထင်တယ်...”
“ထင်တာ မဟုတ်ဘူး... တကယ် ပြတ်နေတာ...”
“ဒီဂိမ်းထဲက ကုန်ဈေးနှုန်းကတော့ ကမ်းကုန်ပဲဗျာ...ပိုက်ဆံ ရှာမှ ဖြစ်တော့မယ်... မဟုတ်ရင် အစပြု ရွာထဲကတောင် ထွက်နိုင်မှာ မဟုတ်ဘူး...”
(၃) စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက်၊ ‘စတုတ္ထကပ်ဘေး’ တို့၏ ပိုက်ဆံရှာလိုသော ဗီဇများ နိုးထလာကြတော့သည်။
“ဘာကြောက်စရာ ရှိလဲကွ... ငါတို့မှာ ကုန်ပစ္စည်းတွေ ရှိတာပဲ...”
ကျွမ်းကျင် ကစားသမား ‘ကောင်းကင်ခွင်း ဓားတစ်လက်’ သည် သူ၏ ကျောပေါ်မှ အထုပ်ကြီးကို ပုတ်ပြလိုက်သည်။ အတွင်း၌ ပြီးခဲ့သော ရက်များက မိစ္ဆာကောင်များထံမှ ရရှိထားသော ပစ္စည်းမျိုးစုံ ပြည့်နှက်နေ၏။
“ဒီက လူတွေက ကြည့်ရတာ ချမ်းသာမယ့်ပုံပဲ... သူတို့က အရူးလုပ်လို့ လွယ်... အဲ... စီးပွားရေး လုပ်လို့ လွယ်မှာပါ...”
“ဟုတ်တယ်... ဆိုင်ဖွင့်ကြမယ်ဟေ့... ကွေ့ယွမ်ဂိုဏ်းရဲ့ ဒေသထွက် ပစ္စည်းတွေကို သူတို့ကို ရောင်းပစ်ကြမယ်...”
သူတို့ ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ ဈေးတန်း၏ ထောင့်တစ်နေရာတွင် တသီးပုဂ္ဂလ ကျင့်ကြံသူများအတွက် အထူးပြင်ဆင်ထားသော “လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ” (ပျံကျဈေးတန်း) ရှိသည်ကို စုံစမ်းသိရှိလိုက်ကြ၏။
လူ (၁၀၀) ကျော်မှာ ထိုနေရာသို့ ချက်ချင်း ပြေးသွားကြ၏။ ထိုနေရာတွင် မူလက အဆင့်နိမ့် ဆေးမြစ်များ ရောင်းချနေသော တသီးပုဂ္ဂလ ကျင့်ကြံသူ အနည်းငယ်သာ ရှိနေခြင်း ဖြစ်၏။
ရုတ်တရက်ဆိုသလို... ပုံပန်းသဏ္ဌာန် ထူးဆန်းသော ဗလကြီး အုပ်စုကြီး တစ်စု ဝေါခနဲ ပြေးဝင်လာကြသည်။ စကားတစ်လုံးမှ မပြောဘဲ အပေါ်လွင်ဆုံး နေရာများကို အတင်းဝင်ရောက် နေရာယူလိုက်ကြတော့၏။
“ရှဲ...”
အထုပ်အပိုးများ ပွင့်သွားပြီး၊ ထူးဆန်းသော အရာမျိုးစုံ သွန်ချလိုက်ရာ တစ်ခဏချင်းမှာပင် တောင်ကုန်းငယ်လေးများ ဖြစ်သွားတော့သည်။
ငါးညှီနံ့ နံစော်နေသော ကြွက်သားရေစုတ်များ၊ သွေးနှင့် မြေကြီးများ ပေကျံနေသော အရိုးခြောက်များ၊ အရောင်စုံပြီး ပုံသဏ္ဌာန် ထူးဆန်းကာ တွန့်လိမ်လှုပ်ရှားနေသော ဆေးဖော်ခြင်း ကျရှုံးမှုများ (အဆိပ်ဆေးလုံးများ) နှင့် တစ်ယောက်က သယ်လာသော ပေါက်ကွဲပြီး အပိုင်းပိုင်း ပြတ်နေသည့် မီးသွေးတုံးကြီး...
သပ်ရပ်နေခဲ့သော ပျံကျဈေးတန်းမှာ ချက်ချင်းဆိုသလိုပင် ဧရာမ အမှိုက်ပုံကြီး တစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
ဘေးနားမှ တသီးပုဂ္ဂလ ကျင့်ကြံသူများနှင့် လမ်းသွားလမ်းလာများမှာ ကြောင်အမ်းကုန်ကြသည်။ သူတို့သည် နှာခေါင်းကို ပိတ်ကာ နောက်သို့ ဆုတ်လိုက်ကြပြီး၊ ဤလူအုပ်ကြီးကို အရူးများပမာ စိုက်ကြည့်နေကြတော့၏။
သို့သော် ကစားသမားများမှာမူ စိုးစဉ်းမျှ ရှက်ရွံ့ခြင်း မရှိကြချေ။
ဝမ်သဲ့ဖာသည် သစ်သားသေတ္တာ တစ်လုံးပေါ်သို့ အရင်ဆုံး တက်ရပ်လိုက်သည်။ အသက်ကို ဝဝရှူသွင်းလိုက်ပြီးနောက်၊ လက်တွေ့လောက ဈေးကွက်ထဲတွင် လေ့ကျင့်လာခဲ့သော စွမ်းရည်များကို ထုတ်သုံးကာ၊ ကျင့်ကြံခြင်း လောကကို တုန်လှုပ်သွားစေမည့် ပထမဆုံးသော ခေတ်သစ် စတိုင် ဈေးခေါ်သံကို ဟစ်ကြွေးလိုက်တော့၏။
“လာကြည့်ကြပါဦး... ကွေ့ယွမ်ဂိုဏ်းရဲ့ လူမွဲခံ ဆိုင်ရှင်းပွဲကြီးဟေ့... မူလက ဝိညာဉ်ကျောက်တုံး (၁၀၀) ၊ (၂၀၀) တန်တဲ့ ထိပ်တန်း မိစ္ဆာသားရဲ ပစ္စည်းတွေ... အခုတော့ (၁၀) တုံးတည်းနဲ့ ရမယ်... (၁၀) တုံးတည်းနဲ့ နောင်တမရစေရဘူး... လက်လွတ်မခံနဲ့... စစ်မှန်တဲ့ တောင်ပေါ်ထွက် ပစ္စည်းတွေ... တောကောင်သား စစ်စစ်တွေ... အခုမှ လတ်လတ်ဆတ်ဆတ် ဖော်ထားတဲ့ အဆိပ်... အဲ... နတ်ဆေးလုံးတွေ ရမယ်ဟေ့...”