← Chapters

ဈေးတန်းထဲမှ ပထမဆုံး ဆိုင်ခန်း (သို့) စီးပွားရေး ပါရမီရှင် ဆိုတာကို အဓိပ္ပာယ် အသစ်ဖွင့်ဆိုခြင်း

Vol. 3 Ch. 41

ဈေးတန်းထဲမှ ပထမဆုံး ဆိုင်ခန်း (သို့) စီးပွားရေး ပါရမီရှင် ဆိုတာကို အဓိပ္ပာယ် အသစ်ဖွင့်ဆိုခြင်း

Vol. 3 Ch. 41

~လျူယွမ် ဈေးတန်း။ တသီးပုဂ္ဂလ ကျင့်ကြံသူများ ကုန်သွယ်မှု ဧရိယာ (ပျံကျဈေးတန်း)။

ဝမ်သဲ့ဖာ၏ နက်ရှိုင်းပြီး ထိုးဖောက်အားကောင်းသော လာကြည့်ကြပါဦးဗျို့ ဟူသော အော်ဟစ်သံသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှု ရှိ၏။ ယခင်က တိတ်ဆိတ်ငြိမ်သက်ပြီး အေးအေးဆေးဆေး စကားပြော ကုန်သွယ်နေကြသော ဈေးတန်းလေးမှာ၊ ရုတ်တရက် အော်ဟစ်နေသော ကြက်ဖတစ်ကောင် ပစ်ထည့်လိုက်သကဲ့သို့ ဖြစ်သွားပြီး လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားတော့၏။

“ဘာတွေ ဖြစ်နေတာလဲ... ဒီဆူညံသံတွေက ဘယ်ကလာတာလဲ...”

“ကွေ့ယွမ်ဂိုဏ်း ဟုတ်လား... တစ်ခါမှ မကြားဖူးပါဘူး... ဒီအခုမှ ပေါ်လာတဲ့ ဂိုဏ်းက ဘယ်ကလဲ... ဘာလို့ ဒီလောက်တောင်... ရိုင်းစိုင်းနေရတာလဲ...”

နားခြေနားက တသီးပုဂ္ဂလ ကျင့်ကြံသူများနှင့် လမ်းသွားလမ်းလာ ကျင့်ကြံသူလေးများသည် စူးစမ်းလိုစိတ်ဖြင့် ဝိုင်းအုံလာကြ၏။

သို့သော် သူတို့သည် နှာခေါင်းကို ပိတ်ကာ၊ အကောင်းဆုံး နေရာကို ယူထားသော ထိုဆိုင်ခန်း၏ ရုပ်ပုံအစစ်အမှန်ကို မြင်လိုက်ရသောအခါ၊ စူးစမ်းလိုစိတ်များမှာ ချက်ချင်းပင် ရွံရှာမှုများအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုနေရာတွင် လူ (၁၀၀) ကျော်မှာ အဝတ်အစားများ ဖရိုဖရဲနှင့် ချွေးနံ့၊ ရွှံ့နံ့များ ထွက်ပေါ်နေလျက် တံခါးစောင့်များပမာ ရပ်နေကြ၏။ မြေကြီးပေါ်တွင်မူ အနံ့ဆိုးထွက်နေသော သားရဲရေစုတ်များ၊ သွေးခြောက်များ ပေကျံနေသော အရိုးခြောက်များနှင့် အသက်အန္တရာယ် ရှိပုံရသော အရောင်စုံ ရွှံ့လုံးပုံကြီး တစ်ပုံ ရှိနေ၏။

“ဒါ ဘာအမှိုက်တွေလဲဗျ...”

သပ်ရပ်သော အပြာရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ခါးတွင် ကျောက်စိမ်းပြား ဆွဲထားသော လူလတ်ပိုင်း ကျင့်ကြံသူ တစ်ဦးသည်၊ နှာခေါင်းကို ပိတ်ကာ မြေကြီးပေါ်မှ ပစ္စည်းများကို အမှိုက်ကြည့်သလို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။

“ဒီလို မသန့်စင်ရသေးတဲ့ အဆင့်နိမ့် မိစ္ဆာသားရဲ ပစ္စည်းတွေကို ဈေးထဲမှာ လာရောင်းရဲတယ်ပေါ့... ဒီနေရာကို ညစ်ပတ်အောင် လုပ်နေတာ မကြောက်ဘူးလား... ဒါ ယဉ်ကျေးမှုကို စော်ကားတာပဲ...”

ဤစကားကို ကြားသောအခါ ကစားသမားများ မကျေမနပ် ဖြစ်သွားကြသည်။ သူတို့ ဆင်းရဲတာကို ပြောလို့ရသည် - အမှန်တကယ်လည်း အခုလောလောဆယ် ပြတ်နေကြသည် မဟုတ်ပါလော။ သို့သော် သူတို့၏ ကုန်ပစ္စည်းများကိုတော့ အထင်သေး၍ မရချေ။ ဒါတွေက မိုင်းတွင်းထဲမှာ အုတ်သယ်၊ ဆေးဖော်ဆောင်ထဲမှာ မီးဖိုပေါက်ကွဲခံပြီး အပင်ပန်းခံ ရထားသော အသီးအပွင့်တွေလေ။

“ဟေ့... မိတ်ဆွေ... အဲဒီလို မပြောနဲ့လေ... ခင်ဗျားက မျက်စိမွဲလို့ ရတနာကို အမှိုက်ထင်နေတာပဲ...”

ထိပ်တန်း ကစားသမား ကောင်းကင်ခွင်း ဓားတစ်လက် က ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ထိုလူ၏ ရှေ့တွင် ရပ်လိုက်၏။

သူသည် စတုတ္ထကပ်ဘေးတို့၏ လိမ်ရာတွင် ပါရမီပါမှု ကို အပြည့်အဝ အသုံးချလိုက်၏။ မြေကြီးပေါ်မှ သေချာ မဆေးရသေးဘဲ ကြွက်မွေးတွေ ကပ်နေသော ဝိညာဉ်ဝါးကြွက်၏ ခြေထောက်ရိုး တစ်ချောင်းကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး တည်ကြည်သော မျက်နှာပေးဖြင့် ဇာတ်လမ်းဆင်တော့သည်။

“သူ့ရဲ့ ကြမ်းတမ်းပြီး ဖရိုဖရဲ ဖြစ်နေတဲ့ ပုံစံကို ကြည့်ပြီး အထင်မသေးနဲ့... ဒါက... အဟမ်း... ရှေးဟောင်း ရှားပါး သတ္တဝါကြီး မြေလှန် နတ်ကြွက် ရဲ့ ခြေထောက်ရိုးပဲ... အချိန်တွေ ကြာခဲ့လို့ သူ့ရဲ့ အနှစ်သာရတွေ အများကြီး ဆုံးရှုံးသွားတယ် ဆိုပေမယ့်၊ ကုလားအုတ်အသေတောင် မြင်းထက် ကြီးပါသေးတယ်ဗျာ... ဒါကို တစ်ခါသုံး ပစ်ပေါက် မှော်လက်နက်တွေ လုပ်တဲ့နေရာမှာ သုံးရင် စွမ်းအားက အံ့မခန်းပဲ... ဝိညာဉ်ကျောက်တုံး (၁၀) တုံးတည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဝယ်ထားတာ တကယ် တန်ပါတယ်...”

လူလတ်ပိုင်း ကျင့်ကြံသူက သူ့ကို အရူးတစ်ယောက်လို ကြည့်ပြီး ရယ်မောလိုက်၏။

“ငါ့ကို မျက်စိကန်းနေတယ် ထင်နေလား... ဒါက အဆင့် (၁) တောင် မရှိတဲ့ သာမန် ဝိညာဉ်ဝါးကြွက် အရိုးပဲ... ကြွက်ချေးတွေတောင် ကပ်နေသေးတယ်... ဝိညာဉ်ကျောက်တုံး တစ်ရာ ပေးရင်တောင် ဘယ်သူမှ ယူမှာ မဟုတ်ဘူး...”

အင်အားသုံး၍ မရမှန်း သိလိုက်ရသဖြင့်၊ အခြားတစ်ဖက်မှ ဆေးဖော်ခြင်း ရူးသွပ်သူ ရှန်နွန် ဆေးမြစ်စမ်းသပ်သူ က နည်းလမ်းအသစ် တစ်ခုကို ပြောင်းလဲ အသုံးချလိုက်၏။ ၎င်းမှာ သူ၏ မူလကမ္ဘာမှ သင်ယူလာသော နောက်ဆုံးပေါ် စီးပွားရေး ဗျူဟာ... လျှို့ဝှက်သေတ္တာ အရောင်းမြှင့်တင်ရေး နည်းလမ်း ပင် ဖြစ်သတတ်။

သူသည် သူ၏ အရောင်စုံ အမည်မသိ အဆိပ်ဆေးလုံးများကို သန့်ရှင်းသော သစ်သားသေတ္တာ အချို့ထဲသို့ ထည့်လိုက်ပြီး၊ တန်းစီကာ ကျယ်လောင်စွာ ကြော်ငြာတော့သည်။

“လာကြဟေ့... လက်လွတ်မခံနဲ့... ကျင့်ကြံခြင်း လောကရဲ့ ပထမဆုံး ဆေးလုံး လျှို့ဝှက်သေတ္တာ ... စိတ်လှုပ်ရှားဖို့ ကောင်းတယ်... အထဲမှာ တစ်ညတည်းနဲ့ အခြေခံအုတ်မြစ် တည်ဆောက်နိုင်မယ့် နတ်ဆေးလုံး ပါနိုင်သလို၊ (၃) ရက်လောက် ဝမ်းလျှောစေမယ့် အဆိပ်ဆေးလုံးလည်း ပါနိုင်တယ်... အားလုံးက ကံတရားအပေါ်မှာပဲ မူတည်တယ်... တစ်ခါနှိုက်ရင် ဝိညာဉ်ကျောက်တုံး (၅) တုံးတည်းပဲ... ကံစမ်းကြည့်လိုက်စမ်းပါ... နောက်ထပ် ကံကောင်းသူက မင်း ဖြစ်နိုင်တယ်နော်...”

ဤလှည့်ကွက်က လောင်းကစား ဝါသနာပါသော တသီးပုဂ္ဂလ ကျင့်ကြံသူ လူငယ်အချို့ကို တကယ်ပင် ဆွဲဆောင်နိုင်ခဲ့၏။

“တကယ်ကြီး နတ်ဆေးလုံး ပါတာလား...” ရိုးသားပုံရသော ကျင့်ကြံသူ လူငယ်လေး တစ်ယောက် စိတ်ဝင်စားသွားပြီး အိတ်ကပ်ထဲ လက်နှိုက်လိုက်သည်။

“သေချာတာပေါ့...ကျုပ်ရဲ့ သိက္ခာနဲ့ အာမခံတယ်..ကျုပ်က လူတိုင်းအပေါ် ရိုးသားပါတယ်ဗျာ...” ရှန်နွန် က ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်၏။

ထိုလူငယ်လေး ဝိညာဉ်ကျောက်တုံး ထုတ်ပြီး ကံစမ်းတော့မည့် အချိန်တွင်...

ရင်ဘတ်ပေါ်တွင် ဆေးပေါင်းဖို ပုံသဏ္ဌာန် ပန်းထိုးထားသော အဘိုးအို တစ်ဦး လူအုပ်ကြားမှ တိုးထွက်လာ၏။

သူသည် သစ်သားသေတ္တာများထဲမှ ထွက်ပေါ်နေသော ရှုပ်ထွေးလှသည့် အငွေ့အသက်များကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“အဓိပ္ပာယ် မရှိတာ... လုံးဝကို အဓိပ္ပာယ် မရှိတာ... ဒါတွေက ဆေးလုံးတွေ မဟုတ်ဘူး... ဒါက မီးဖိုပေါက်ကွဲရာက ထွက်လာတဲ့ ဓာတ် အကြွင်းအကျန် အမှိုက်တွေပဲ... အရောင်တွေကလည်း မွဲခြောက်နေတယ်၊ အနံ့ကလည်း စူးရှနေတယ်၊ ပြီးတော့ ဆေးအဆိပ်တွေ လည်း ပါဝင်နေသေးတယ်... ဒါကို စားတဲ့သူက သေရုံပဲ ရှိတော့မှာပေါ့... မင်းတို့.. လူ့အသက်ကို မြက်ပင်လောက်တောင် တန်ဖိုးမထားကြဘူးလား...”

ပညာရှင်တစ်ယောက်၏ ဖော်ထုတ်ခြင်းကို ခံလိုက်ရသဖြင့် လေထုမှာ အလွန် အနေခက်သွားတော့သည်။ ဘေးမှ ကြည့်နေသူများမှာလည်း ရွံရှာစွာဖြင့် နောက်သို့ ဆုတ်သွားကြပြီး တိုးတိုးတိတ်တိတ် ကဲ့ရဲ့ကြ၏။

မိမိ၏ စီးပွားရေး ပျက်စီးတော့မည်ကို သိလိုက်ရသဖြင့် ရှန်နွန် မှာ ထိတ်လန့်သွား၏။ သူ၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားပြီး၊ သူ၏ နောက်ဆုံး လက်နက်ကို ထုတ်သုံးလိုက်တော့သည်။ ၎င်းမှာ... ဇာတ်နာအောင် လုပ်ခြင်း ပင် ဖြစ်၏။

“အား...”

စောစောကမှ စကားကောင်းနေသော ရှန်နွန် သည် ရုတ်တရက် အော်ဟစ်ကာ ရင်ဘတ်ကို ဖိလျက် မြေကြီးပေါ်သို့ လဲကျသွား၏။ သူသည် တဆတ်ဆတ် တုန်ခါနေပြီး၊ သရုပ်ဆောင်တာ နည်းနည်းတော့ လွန်နေသယောင် ရှိပေသည်။

“ငါ မခံနိုင်တော့ဘူး... ငါ့ရဲ့ တာအို စိတ်ဓာတ်တွေ ပျက်စီးကုန်ပြီ... ဒီ အကြီးအကဲကြီးရဲ့ စွမ်းအားတွေကြောင့် ငါ့ရဲ့ ချီစွမ်းအင်တွေ ထိခိုက်ကုန်ပြီ... ခင်ဗျား... ခင်ဗျား ..ကျုပ်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးတယ်... ကျုပ်ရဲ့ လျှို့ဝှက်သေတ္တာ စီးပွားရေးကို ဖျက်ဆီးတယ်...ကျုပ်ဘဝရဲ့ ကြိုးစားမှုတွေကို... ခင်ဗျား လျော်ပေးရမယ်... မလျော်ရင် ကျုပ်..ဒီကနေ မထဘူး...”

ဘေးနားရှိ ကစားသမားများမှာ ချက်ချင်း သဘောပေါက်သွားကြပြီး၊ ဝိုင်းအုံကာ ဝိုင်းဝန်း အော်ဟစ်ကြတော့၏။

“ဟုတ်တယ်... လျော်ပေး... ဒါ ငါတို့ ညီငယ်လေး အပင်ပန်းခံ လုပ်ထားတဲ့ ရတနာတွေလေ... ခင်ဗျားက အမှိုက်လို့ ပြောလိုက်ရသလား...”

“ဝိညာဉ်ကျောက်တုံး တစ်ရာ မရရင် ဒီကိစ္စ မပြီးဘူး... မဟုတ်ရင် ဈေးတန်း စီမံခန့်ခွဲရေးရုံးကို ခင်ဗျား အာဏာသုံးပြီး လူစိမ်းတွေကို အနိုင်ကျင့်တယ်လို့ တိုင်ပစ်မယ်...”

ရိုးသားလှသော ဆေးပညာရှင် အဘိုးအိုမှာ ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးရှာချေ။ သူသည် စိတ်ရှုပ်ထွေးလွန်းသဖြင့် မုတ်ဆိတ်မွေးများပင် တုန်ရီနေပြီး မျက်နှာကြီး တစ်ခုလုံး ခရမ်းရောင် သန်းလာကာ မြေကြီးပေါ်မှ လူယုတ်မာကို လက်ညှိုးထိုးပြလိုက်သည်။

“မင်း... မင်းတို့... လုံးဝကို အကြောင်းပြချက် မရှိတဲ့ကောင်တွေ... လူမိုက်တွေ... လူယုတ်မာတွေ... ကျင့်ကြံခြင်း လောကရဲ့ အညစ်အကြေးတွေ...”

“ဟီးဟီး... ချီးမွမ်းတာ ကျေးဇူးတင်ပါတယ်ဗျာ...”

ဝမ်သဲ့ဖာက ဘေးမှ ဝင်ပြောလိုက်ပြီး ဂုဏ်ယူနေပုံ ရသည်။

“ကျုပ်တို့ ကွေ့ယွမ်ဂိုဏ်းကတော့ အမြဲတမ်း စစ်မှန်တာကိုပဲ ဦးစားပေးတာလေ...”

အခြေအနေများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး၊ ဈေးတန်း အစောင့်တပ်ဖွဲ့များ ရောက်လာကာ ဖမ်းဆီးတော့မည့် အချိန်တွင်...

ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေသော၊ အနက်ရောင် မျက်နှာဖုံးစွပ် ထူးဆန်းသော လူတစ်ယောက်သည် ရုတ်တရက် တစ္ဆေပမာ.. ပေါက်ကွဲပြီးသား မီးသွေးတုံးများ ရောင်းသည့် ဆိုင်ရှေ့သို့ ရောက်ရှိလာ၏။

သူသည် ဖြူဖျော့ပြီး ခြောက်ကပ်နေသော ကြက်လက်သည်းနှင့် တူသည့် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် မီးသွေးနက်များကို လက်ညှိုးထိုးပြလိုက်သည်။ သူ၏ အသံမှာ အက်ကွဲပြီး နားမခံသာလှပေ။

“သန့်စင်တဲ့ မီးအဆိပ်တွေနဲ့ သေမင်းအငွေ့အသက်တွေ ပါဝင်နေတဲ့... ဒီ မီးသွေးခဲတွေက... ဘယ်လောက်လဲ...”

နေရာတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ ငြင်းခုံနေသူများ၊ ဇာတ်နာအောင် လုပ်နေသူများ၊ ပွဲကြည့်နေသူများ အားလုံးသည် ထိုထူးဆန်းသော လူကို စိုက်ကြည့်လိုက်ကြ၏။

ဆိုင်ရှင် လူသစ်ကစားသမားမှာ ခဏမျှ ကြောင်သွားပြီးမှ ဘာဖြစ်နေမှန်း သိလိုက်ရပြီး ထစ်ထစ်ငေါ့ငေါ့ ပြန်ပြောလိုက်သည်။

“ဟေ... မီးအဆိပ် မီးသွေး ဟုတ်လား... အော်... ခင်ဗျားက ဒီ အနုပညာ လက်ရာတွေကို ပြောတာလား... ဒါ... ဒါက အရမ်း ဈေးကြီးတယ်ဗျ... တစ်တုံးကို... တစ်တုံးကို...”

သူသည် လက်ညှိုးတစ်ချောင်း ထောင်လိုက်ပြီး၊ လူလိမ်ရန်အတွက် ဝိညာဉ်ကျောက်တုံး (၁၀) တုံးဟု ဈေးခေါ်ရန် ပြင်လိုက်သည်။

မထင်မှတ်ထားဘဲ အနက်ရောင် ဝတ်ရုံနှင့် လူထူးဆန်းမှာ စကားတစ်လုံးမှ မပြောဘဲ လေးလံသော အိတ်တစ်အိတ်ကို ပစ်ချလိုက်ရာ၊ ဒေါင် ခနဲ အသံနှင့်အတူ ဆိုင်ပေါ်သို့ ကျရောက်သွား၏။ ထို့နောက် သူသည် မီးသွေးခဲ အားလုံးကို သိမ်းကျုံးယူလိုက်ပြီး၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် လူအုပ်ကြားထဲသို့ ပျောက်ကွယ်သွားတော့သည်။

“ဒီမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာ... အကြွင်း မလိုတော့ဘူး...”

အက်ကွဲကွဲ အသံကြီးမှာ လေထဲတွင် ကျန်ရစ်ခဲ့ဆဲ ဖြစ်၏။ ထိုလူ ထွက်ခွာသွားပြီး အတော်ကြာမှသာ ကစားသမားများ သတိပြန်ဝင်လာကြ၏။

ဆိုင်ရှင် လူသစ်လေးမှာ တုန်တုန်ယင်ယင်ဖြင့် အိတ်ကို ဖွင့်ကြည့်လိုက်ရာ၊ အတွင်းမှ ဆွဲဆောင်မှုရှိသော အလင်းတန်းများ ထွက်ပေါ်နေသည့် ဝိညာဉ်ကျောက်တုံးများကို မြင်လိုက်ရ၏။

နောက်တစ်စက္ကန့်တွင် သူသည် ဝက်သတ်သံကဲ့သို့ အော်ဟစ်လိုက်တော့သည်။

“ဘုရားရေ... ငါတို့ ချမ်းသာပြီဟေ့... ဂျက်ပေါ့ ပေါက်ပြီ... တကယ့် သူဌေးကြီး လောင်းကစားသမားနဲ့ တိုးတာပဲဟေ့...”

ဒါဟာ လျူယွမ် ဈေးတန်းမှာ ကွေ့ယွမ်ဂိုဏ်း၏ ပထမဆုံးသော အရောင်းအဝယ် အောင်မြင်မှု ဖြစ်ပါ၏။

လုပ်ငန်းစဉ်မှာ လိမ်လည်မှုတွေ၊

ဇာတ်နာအောင် လုပ်တာတွေ၊ အရှက်ကွဲတာတွေနှင့် ကံကောင်းမှုတွေ ရောပြွမ်းနေသော်လည်း၊ နောက်ဆုံးတွင်မူ သူတို့သည် အမှိုက်ပုံကြီး တစ်ပုံကို ငွေစစ်စစ်များနှင့် လဲလှယ်နိုင်ခဲ့လေတော့၏။

[t.n-မြေလှန် နတ်ကြွက်: ဇာတ်ကောင် ‘ကောင်းကင်ခွင်း ဓားတစ်လက်’ က ကြွက်ရိုးကို ရောင်းကောင်းအောင် အမည်လွှဲပေးလိုက်သော အမည်ဖြစ်ပါသည်။

ဆေးအဆိပ်: ဆေးဖော်စပ်ရာတွင် မသန့်စင်မှုကြောင့် ကျန်ရစ်ခဲ့သော အဆိပ်အတောက်များကို ဆိုလိုခြင်း ဖြစ်ပါသည်။]

All Chapters