အကျဉ်းထောင်အတွင်းမှ ဆူညံသံများ (အပိုင်း ၁) - မြေပုံအသစ်မှာ ဆက်ပြီး ကဲကြမယ်ဟေ့
Vol. 3 Ch. 44
~လျူယွမ် ဈေးတန်း၏ ပင်မလမ်းမကြီးထက်ဝယ် ရုန်းရင်းဆန်ခတ် တိုက်ပွဲကြီးသည် (၁၅) မိနစ်ခန့် အကြာတွင် ငြိမ်သက်သွားခဲ့၏။ ကစားသမားများမှာ သတ္တိရှိလှပြီး အောက်တန်းကျသော နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြသော်လည်း၊ လုံးဝဥဿုံ သာလွန်သော အင်အားရှေ့မှောက်တွင်မူ ထိုအရာများမှာ ကလေးကစားစရာ သက်သက်သာ ဖြစ်ချေ၏။
အစောင့်တပ်ဖွဲ့ခေါင်းဆောင် ငရဲမင်းဇော်သည် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့လေပြီ။ သူ၏ ချီစုစည်းမှု အဆင့် (၈) စွမ်းအားများကို ထုတ်ဖော်လိုက်ရာ၊ တောင်ငယ်လေးတစ်လုံး ပိကျလာသကဲ့သို့ ပြင်းထန်သော ဝိညာဉ်ဖိအားများက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။
“ဝပ်နေကြစမ်း... အကုန်လုံး..”
သူ၏ ဟိန်းဟောက်သံနှင့်အတူ ဟိုခုန်ဒီပျံ လုပ်နေကြသော ကစားသမားများမှာ ရုတ်တရက် ခန္ဓာကိုယ်ကြီး လေးလံသွားပြီး၊ အမြန်နှုန်းလျော့နည်းစေသည့် အထူးအခြေအနေတစ်ခု ခံလိုက်ရသကဲ့သို့ လှုပ်ရှားမှုများမှာ နှေးကွေးတန့်ရပ်သွား၏။
ထို့နောက်တွင်မူ တစ်ဖက်သတ် နှိမ်နင်းခြင်း ခံလိုက်ရတော့၏။
စက်ရုပ်အက ကပြနေသူမှာ လှံရိုးဖြင့် ရိုက်ချခံလိုက်ရသဖြင့် ခြေထောက်ကျိုးသွားသည်၊ သံဦးခေါင်းသိုင်း ကျွမ်းကျင်သော ဦးလေးကျန်းမှာလည်း မြေကြီးနှင့် ပွတ်တိုက်ခံလိုက်ရ၏။ အခြေအနေ အဆိုးဆုံးမှာ ‘ကျောက်ကပ်ကြော်’ ပင် ဖြစ်၏။ သူသည် ဖင်ကို အားပါးတရ အကန်ခံလိုက်ရသော်လည်း သူ၏ အဖိုးတန် အိုးမည်းကြီးကိုမူ အသေအလဲ ဖက်ထားဆဲပင်။
နောက်ဆုံးတွင်မူ ပြဿနာရှာသူ ခေါင်းဆောင် (၁၀) ယောက်ကျော်မှာ အဖမ်းခံလိုက်ရပြီး၊ ထမင်းထုပ်များပမာ တုတ်တုတ်မျှ လှုပ်မရအောင် ချည်နှောင်ခြင်း ခံလိုက်ရ၏။
ဆက်လက်၍ လူအများ မျှော်လင့်နေသော ‘လူပုံအလယ်တွင် အရှက်ခွဲကာ ခေါ်ဆောင်သွားခြင်း’ အစီအစဉ် စတင်လေတော့သည်။
ဖုန်မှုန့်များ ပေကျံနေသော ထိုလူအုပ်စုကို ဈေးတန်း၏ အစည်ကားဆုံး လမ်းမကြီးပေါ်တွင် တန်းစီ၍ ခေါ်ဆောင်သွားကြသည်။ လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများမှ သိက္ခာရှိသော ကျင့်ကြံသူများနှင့် ပွဲကြည့်ပရိသတ်များမှာ သူတို့ကို လက်ညှိုးထိုးကာ မထီမဲ့မြင် ပြုကြ၏။
သို့သော်လည်း ထိုကစားသမားများ၏ တုံ့ပြန်ပုံမှာ လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။ သူတို့၏ မျက်နှာပေါ်တွင် အရှက်ရခြင်း၊ ကြောက်လန့်ခြင်း သို့မဟုတ် စိတ်ပျက်ခြင်း အရိပ်အယောင် စိုးစဉ်းမျှ မရှိချေ။
ရှေ့ဆုံးမှ ပါလာသော ဝမ်သဲ့ဖာသည် လမ်းလျှောက်နေသော ဝက်သားတုံးကြီး တစ်တုံးပမာ ချည်နှောင်ခံထားရသော်လည်း၊ ခေါင်းကို မော့ကာ ကပ္ပတိန်ဇော်၏ ခါးရှိ အိတ်ကိုသာ နှမြောတသစွာ ကြည့်နေသည်။
“သောက်ကျိုးနည်း... နည်းနည်းလေး လိုသွားတာ..,ငါသာ နည်းနည်း ပိုမြန်ခဲ့ရင် အဲဒီ ဝိညာဉ်သိုလှောင်အိတ်က ငါ့လက်ထဲ ရောက်နေပြီ..ဝိညာဉ်ကျောက်တုံးတွေကို နှမြောလိုက်တာ...”
ဘေးနားရှိ ‘ကောင်းကင်ခွင်း ဓားတစ်လက်’ ကလည်း ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေ၏။
“ညီအစ်ကိုတို့... ဒါက တကယ့်ကို ခမ်းနားလိုက်တာ.. ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုနဲ့ တူမနေဘူးလား? မြန်မြန် မှတ်တမ်းတင်ထားကြ .. ငါတို့ဂိုဏ်းရဲ့ ပထမဆုံး အကြီးစား ပွဲတော်ကြီးပဲ..”
သူတို့ကို ဖမ်းဆီးခေါ်ဆောင်လာသော အစောင့်များမှာ ထိုစကားများကို ကြားပြီး မျက်နှာများ ပြာနှမ်းကုန်ကြသည်။ သူတို့သည် အကျဉ်းသားများကို ဖမ်းလာခြင်း မဟုတ်ဘဲ၊ စိတ်မနှံ့သော ကမ္ဘာလှည့်ခရီးသည် တစ်စုကို လမ်းပြပေးနေရသကဲ့သို့ ခံစားနေကြရ၏။
(၁၅) မိနစ်ခန့် ကြာပြီးနောက်... ဈေးတန်း၏ အကျဉ်းထောင်အတွင်းသို့ ရောက်ရှိလာခဲ့သည်။
“ကျွီ….အီ..”
သံတံခါးကြီး ပွင့်သွားသည့် အသံမှာ နားမခံသာအောင် စူးရှလှပေ၏။ ကစားသမား (၁၀) ယောက်ကျော်ကို မှောင်မည်းပြီး စိုစွတ်နေသော အကျဉ်းခန်းထဲသို့ အမှိုက်များပမာ ကြမ်းတမ်းစွာ ပစ်ထည့်လိုက်ကြတော့သည်။
“ဂျလောက်..”
သံတံခါးကြီးကို သော့ခတ်လိုက်၏။
အကျဉ်းခန်းအတွင်းဝယ် သင်္ချိုင်းကုန်းပမာ တိတ်ဆိတ်သွား၏။ ထောင့်တစ်နေရာရှိ အကျဉ်းသားဟောင်း အဘိုးကြီး အချို့၏ ပြင်းထန်သော အသက်ရှူသံများကိုသာ ကြားနေရသည်။ အလင်းရောင်မှာ မှိန်ဖျော့လှပြီး ကြမ်းပြင်ပေါ်တွင် မှိုတက်နေသော ကောက်ရိုးများ ပြည့်နှက်နေကာ၊ နံရံများမှာလည်း ချွဲကျိနေသော ရေညှိများ ဖုံးလွှမ်းနေ၏။
သို့သော်လည်း ထိုတိတ်ဆိတ်မှုသည် သုံးစက္ကန့်သာ ကြာမြင့်ခဲ့၏။
“ဘုရားရေ... မြေပုံအသစ် ပွင့်သွားပြီဟေ့..”
ကျွမ်းကျင်ကစားသမား ‘ကောင်းကင်ခွင်း ဓားတစ်လက်’ သည် မြေကြီးပေါ်မှ ပထမဆုံး ထရပ်လိုက်ပြီး၊ သံတိုင်များကို လက်ဖြင့် ထိကြည့်ကာ မှတ်ချက်ပေးလိုက်သည်။
“ဒါက ဒဏ္ဍာရီထဲက ဈေးတန်း အကျဉ်းထောင် မြေပုံလား? ပုံစံထုတ်ထားတာ မဆိုးဘူးပဲ။ အလင်းအမှောင်တွေရော၊ ကြောက်စရာကောင်းတဲ့ ခံစားချက်တွေရောက ကွက်တိပဲ..”
“ဒီနေရာက မဆိုးပါဘူး..”
ဝမ်သဲ့ဖာသည် မှိုတက်နေသော ကောက်ရိုးပုံပေါ်တွင် လှိမ့်နေပြီး သက်သောင့်သက်သာရှိသော ပုံစံဖြင့် လှဲလျောင်းလိုက်၏။
“ဆောင်းတွင်းဆို နွေးပြီး နွေတွင်းဆို အေးမယ်။ အိမ်လခလည်း ပေးစရာ မလိုဘူး။ ငါတို့ ဂိုဏ်းက တဲစုတ်ထက် အများကြီး သာပါသေးတယ်။ အပန်းဖြေခရီး ထွက်လာတယ်လို့ပဲ သဘောထားလိုက်ကြစို့..”
‘ဇီဝဗေဒ ခွေးပေါက်လေး’ မှာမူ ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်ကာ သစ်ကိုင်းလေး တစ်ခုဖြင့် နံရံပေါ်မှ ရေညှိများကို အားတက်သရော ခြစ်ယူနေ၏။
“ဒီလို အစွန်းရောက် ပတ်ဝန်းကျင်မှာ ပေါက်တဲ့ မှိုတွေက... သုတေသန လုပ်ဖို့ အရမ်း တန်ဖိုးရှိတာပဲ.. ဂိုဏ်းချုပ်ကြီးကို ပြဖို့ နည်းနည်း ယူသွားရမယ်..”
ထောင့်တစ်နေရာရှိ အကျဉ်းသားဟောင်းများမှာမူ၊ ဤအကျဉ်းခန်းကို အိမ်သစ်ကဲ့သို့ သဘောထားကာ နံရံမှ အင်္ဂတေများကိုပင် သုတေသန လုပ်နေကြသော ဤအရူးအုပ်စုကို ကြည့်ကာ၊ ထိတ်လန့်တကြားဖြင့် ထောင့်ထဲသို့ ပို၍ တိုးကပ်သွားကြလေတော့သည်။