← Chapters

တစ်မြို့လုံး တုန်ဟီးသွားခြင်း

Vol. 8 Ch. 743

တစ်မြို့လုံး တုန်ဟီးသွားခြင်း

Vol. 8 Ch. 743

ပိုင်ရှောင်ချန်းမှာ စူးရှတောက်နေသည့် မျက်ဝန်းများဖြင့် ကြောက်မက်ဖွယ်ကောင်းသည့် ဆယ့်ခြောက်ရောင်ခြယ်မီးပင်လယ်ကြီးကို ထိန်းချုပ်နေသည်။ သူ၏အငွေ့အသက်မှာ တည်ငြိမ်နေပါသော်လည်း သူ့နှလုံးသားမှာမူ စိတ်လှုပ်ရှားမှုများကြောင့် တဒိန်းဒိန်းခုန်နေ၏။ ယခင်က သူ ရုတ်တရက် ဉာဏ်ကွန့်မြူးမှုရရှိခဲ့သော ဆေးဝါးဖော်စပ်ခဲ့စဥ်ကအတိုင်း ယခုတွင် ပြန်လည်ခံစားနေရသည်။ သူ၏နှလုံးသားကို လက်သေးသေးလေးများက ကလိထိုးနေသည့်အလား ယားကျိကျိ ဖြစ်နေတော့သည်။

" ဆယ့်ခုနစ်ရောင် "

သူက မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်ကာ အော်ဟစ်လိုက်သည်။ ထိုအခါ ဆယ့်ခြောက်ရောင်ခြယ် မီးပင်လယ်မှာ စတင်လည်ပတ်လာပြီး အခြားအမုန်းဝိညာဥ်များ ထည့်မထည့်ရသေးပါသော်လည်း ပို၍ပူလောင်လာတော့သည်။

ထို့နောက် လူတိုင်းမှာ စိုက်ကြည့်နေစဥ် ၎င်းမှာ အရွယ်အစား ကျုံ့စပြုလာတော့သည်။

ခဏအကြာတွင် ထိုမီးပင်လယ်၏ အကျယ်အဝန်းမှာ မီတာသုံးသောင်းခန့်သာ ရှိတော့ပြီး ဆက်လက်၍ လျင်မြန်စွာ ကျုံ့နေဆဲပင်ဖြစ်သည်။ ထိုအတွင်းရှိ မီးစွမ်းအားမှာ အံ့သြတုန်လှုပ်ဖွယ်ကောင်းပြီး ၎င်း၏ အပူချိန်ကြောင့် လေထုကြီးပင် တွန့်လိမ်ကွေးကောက်နေရသည်။ လူအုပ်ထဲရှိ မည်သူမှ စကားတစ်ခွန်းတစ်လေပင် မပြောနိုင်ပဲ သူတို့အားလုံးမှာ စိုးရိမ်တကြီးနှင့် နောက်သို့ဆုတ်သွားကြတော့သည်။

ခပ်လှမ်းလှမ်းတွင် ရှိနေသည့် ကျင့်ကြံသူများပင် ထိုအပူချိန်ကြီးကို ခံစားနေရပြီး ထိုနေရာတစ်ဝိုက်ကို ကြီးကြပ်စောင့်ကြည့်နေသည့် မြို့စောင့်တပ်များမှာ ပို၍များပြားလာပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ကြောက်လန့်စရာ အကောင်းဆုံးသောအရာများ၏ ရင်းမြစ်တစ်ခုကဲ့သို့ ဖြစ်နေပြီး သူသာ ထိုမီးပင်လယ်ကို မထိန်းချုပ်နိုင်ပဲ ပေါက်ကွဲသွားပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရမည်ကို လူတိုင်းကသိကြသည်။

ကျိုးဟုန်မှာ စိုးရိမ်ထိတ်လန့်ကာ တုန်ရီနေတော့သည်။ စွန်းရီဖန်နှင့် စီမာတာအိုတို့မှာလည်း အသားများတဆတ်ဆတ်တုန်နေပြီး အသက်မရှိတော့သည့်အလား ဖြူဆုတ်နေသည်။ သို့သော်လည်း တချိန်ထဲမှာပင် သူတို့၏မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များကို မြင်တွေ့နိုင်သည်။ သူတို့သည် ပိုင်ရှောင်ချန်းကို ပြိုင်ဘက်တစ်ယောက်ဟု သတ်မှတ်ထားပါသော်လည်း သူတို့ကိုယ်တိုင်မှာလည်း မီးတောက်ဖန်တီးခြင်းပညာရပ်ကို သင်ယူလေ့လာရာတွင် နှစ်မြှုပ်ထားကြသည့် ကောင်းကင်အောက်လမ်းဆရာများဖြစ်သည် မဟုတ်ပါလော။ သူတို့တစ်ခါမှ မကြားဖူးသည့် နည်းလမ်းကို သူတို့၏မျက်လုံးရှေ့တွင် သုံးပြနေသည့်အချက်ကြီးမှာ သူတို့အတွက်မူ စိတ်လှုပ်ရှားစရာ ကိစ္စရပ်ကြီးတစ်ခုဖြစ်နေသည်။

လူတိုင်းမှာ ပြိုင်ပွဲအကြောင်း မေ့နေကြပြီး ယခုဆိုလျှင် ထိုမီးပင်လယ်ထဲရှိ ပုံရိပ်ကြီးကို အာရုံစိုက်နေကြပြီဖြစ်သည်။

ထိုမီးပင်လယ်ကြီးမှာ ဆက်၍လည်ပတ်လာသောအခါ တဂျုန်းဂျုန်းမြည်ဟည်းသံများ ပေါ်ထွက်လာပြီး မီးများမှာ ကျုံ့ဝင်လာတော့သည်။ မီတာနှစ်သောင်းလေးထောင်၊ တစ်သောင်းရှစ်ထောင်၊ တစ်သောင်းငါးထောင်၊ ကိုးထောင်...။ ခဏအကြာတွင် ထိုမီးပင်လယ်၏ အကျယ်မှာ မီတာသုံးထောင်မျှသာ ရှိတော့သည်။

ထိုအချိန် ထိုမီးပင်လယ်ထဲတွင် နောက်ထပ် အရောင်တစ်ရောင် ပေါ်ပေါက်လာတော့သည်။ ကြည့်ရှုနေသူအားလုံး၏ မျက်ဝန်းများအောက်တွင် ၎င်းမှာ ဆယ့်ခုနစ်ရောင်ခြယ်မီးပင်လယ်အဖြစ် ပြောင်းလဲသွားတော့သည်။

ပရိတ်သတ်အပေါင်းမှာ ဟာခနဲ ဟင်ခနဲ ဖြစ်ကုန်ကြတော့သည်။ ဤသို့ဖြစ်လာလိမ့်မည်ဟု အများစုက ခန့်မှန်းထားပြီးဖြစ်သော်လည်း သူတို့၏ မျက်လုံးများနှင့် တပ်အပ်မြင်လိုက်ရသည့်အချက်ကြောင့် ရူးသွပ်လုမတတ် ဖြစ်ကုန်ကြတော့သည်။

သူတို့မှာ မည်သို့ပင် စဥ်းစားတွေးခေါ်ရမည်မှန်း မသိကြတော့ပေ။ ယခုဖြစ်ရပ်မှာ ယခင်က မိရိုးဖလာ လမ်းစဥ်အားလုံးကို ပြောင်းပြန်လှန်လိုက်နိုင်သည် မဟုတ်ပါလော။ မီးတောက်ဖန်တီးခြင်းပညာရပ်၏ သမိုင်း၌ ဤဖြစ်ရပ်ကို စာမျက်နှာအသစ်တစ်ခုမှာ ရေးထိုးထားရမည်သာဖြစ်သည်။

ဤအချိန်တွင်မူ ကြည့်ရှုနေကြသူများမှာ မချုပ်တည်းထားနိုင်တော့သဖြင့် တအံ့တသြ ရေရွတ်လိုက်တော့သည်။

" ဆယ့်ခုနစ်ခုမြောက် အရောင်ကိုထည့်ဖို့ သူ ဘာဝိညာဥ်မှကို မသုံးလိုက်ဘူးပဲ "

" ငါအမြင်တွေများ မှားနေတာလား။ ဒီလိုမျိုးကိစ္စကို တစ်ခါမှ မကြားဖူးဘူး "

" ဒီ ပိုင်ဟောက်ဆိုတဲ့ကောင်က မြေရိုင်းဒေသတစ်ခွင်မှာ သေချာပေါက် နာမည်ကြီးလာဦးမှာ။ သူက စံနမူနာ လမ်းစဥ်အသစ်တစ်လမ်းကို ဖောက်နေတာပဲ "

စွန်းရီဖန်နှင့် စီမာတာအိုတို့မှာမူ အသားများ တဆတ်ဆတ်တုန်နေပြီဖြစ်သည်။ ယနေ့ဖြစ်ရပ်များမှာ သူတို့အနာဂတ်၏ မီးတောက်ဖန်တီးခြင်းလမ်းစဥ်များကို ပြောင်းလဲသွားစေနိုင်မည်မှာ ဧကန်ပင်။

လူတိုင်းက ပိုင်ရှောင်ချန်းကို အာရုံစိုက်နေကြသည့်အတွက် ပိုင်ဟောက်ကို မည်သူမှ သတိမထားမိကြပေ။ သူသည် တချိန်လုံး ဘေးနားတွင် ရှိနေသည်။ သူ၏ မျက်လုံးများမှာ သူ့ဆရာပေါ်သို့ မခွာတမ်းကြည့်နေပြီး စိတ်လှုပ်ရှားမှုများ၊ ကျေနပ်အားရမှုများဖြင့် တောက်ပနေတော့သည်။ သူ၏ ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖန်တီးနည်းနှင့် ပတ်သတ်သည့် ယူဆချက်များမှာ မှန်ကန်ကြောင်း သူ၏ ဆရာက သက်သေပြပေးနေသဖြင့် အပျော်ကြီးပျော်နေတော့သည်။

၎င်းမှာ အလွန်အရေးကြီးသော အချက်တစ်ချက်ဖြစ်ပြီး ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖန်တီးနည်းအတွက် ပိုင်ဟောက်မှာ လက်ရှိဖြစ်ရပ်များ၏ အသေးစိတ်အားလုံးကို သူ၏အတွေးထဲတွင် စွဲမြဲနေအောင် မှတ်သားနေတော့သည်။ ယခုတွင် သူသည် ထိုဖန်တီးနည်းကို အပြီးသတ်နိုင်တော့မည်ဟု ယုံကြည်မှု အပြည့်ရှိနေပြီဖြစ်သည်။

" ဆယ့်ရှစ်ရောင်ခြယ်မီးတောက် "

ထိုဖန်တီးနည်းနှင့် ပတ်သတ်၍ သူသည် သူရရှိနိုင်မည့် ဂုဏ်အရှိန်အဝါကို လုံးဝစိတ်ထဲတွင်မထားပေ။ သူ၏ ဆရာအတွက် မည်မျှအသုံးဝင်နိုင်သလဲဆိုသည့်အချက်ကိုသာ သူက အလေးထားသည်။ ထိုဖန်တီးနည်းနှင့်သာ ဆိုပါက သူ၏ဆရာသည် လောကဓာတ်အောက်လမ်းဆရာတစ်ယောက် ဖြစ်သွားမည် မဟုတ်ပါလော။

သူ၏ဆရာမှာ အချို့သောကိစ္စရပ်များတွင် အားကိုး၍မရကြောင်းကို သူကသိလာရပါသော်လည်း သူတို့နှစ်ယောက်အကြားတွင် မည်သည့်အရာမှ ပြောင်းလဲမသွားပေ။ ပိုင်ရှောင်ချန်းမှာ သူ၏တစ်ဦးထဲသော မိသားစုဝင်ဖြစ်သည်။

ယခုတွင် နတ်အဆင့် နတ်ဘုရားအာရုံစီးကြောင်း မြောက်မြားစွာက ထိုနေရာတစ်ဝိုက်ကို အကဲခတ်နေကြပြီဖြစ်ပြီး ထိုအာရုံပိုင်ရှင်များမှာ သူတို့မြင်တွေ့လိုက်ရသည့်အရာကြောင့် အလွန်အံ့အားသင့်နေရတော့သည်။

သို့သော် လက်ရှိဖြစ်ရပ်များကြောင့် ကြည့်ရှုနေသူများထံမှ တအံ့တသြအော်ဟစ်သံများ ရုတ်ချည်း ပိုမိုကျယ်လောင်လာတော့သည်။

" သူက အခုထိမရပ်သေးပါလား "

" သူက မီးတောက်တစ်ခုအသွင် ပြန်မပြောင်းသေးဘူးပဲ။ သူဘာများ.... "

" မဟုတ်မှလွဲရော၊ သူတကယ်ပဲ… "

" သူသာ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်တစ်ခုကို ဖန်တီးလိုက်ပြီဆိုရင် ကောင်းကင်အောက်လမ်းဆရာအဆင့်ကနေဖောက်ထွက်ပြီး မြေရိုင်းဒေသရဲ့ စတုတ္ထမြောက် လောကဓာတ်အောက်လမ်းဆရာဖြစ်သွားတော့မှာ "

မျက်စိတစ်မှိတ်အတွင်း ထိုအုတ်အော်သောင်းနင်းဖြစ်ပျက်နေသည်မှာ ဆယ်ဆအထိ တိုးပွားလာတော့သည်။

" လောကဓာတ်အောက်လမ်းဆရာ။ ပိုင်ဟောက်က တကယ်ပဲ လောကဓာတ်အောက်လမ်းဆရာတစ်ယောက် ဖြစ်တော့မှာလား "

" ဒီလောက် လူထောင်ပေါင်းများစွာရှေ့မှာ အဆင့်တက်တော့မှာလားဟ "

" သူအောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အရေးမကြီးဘူး။ ဒီလို စွန့်စားရဲတဲ့ သတ္တိနဲ့တင် လေးစားကြည်ညိုဖို့ ကောင်းနေပြီ "

စွန်းရီဖန်နှင့် စီမာတာအိုတို့မှာလည်း ရုန့်ရင်းဆန်ခတ်ဖြစ်နေကြသည့် လူအုပ်ကြီးအလယ်တွင်ရပ်နေကြပြီး သူတို့၏ရင်ဘတ်များမှာ မြင့်ချီနိမ့်ချီဖြစ်နေကာ သူတို့၏စိတ်နှလုံးများထဲတွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့သည်။ ယခုတွင် ပိုင်ရှောင်ချန်းမှာ သူတို့ထက်ပို၍သာလွန်နေကြောင်းကို သူတို့နှစ်ယောက်မှာ ယုံကြည်သွားပြီဖြစ်သည်။

" ဘယ်လိုတောင် စိတ်ဓာတ်ပြင်းထန်လိုက်လဲ။ ဒီကောင်က ငါတို့တစ်သက်လုံး မလုပ်နိုင်မဲ့အရာမျိုးကို လုပ်ပြနေတာပဲ။ သူက မြေရိုင်းဒေသရဲ့ အောက်လမ်းဆရာတွေထဲမှာ ပါရမီရှင်တစ်ယောက်ပဲ။ သူ့ကို ငါတို့ကဘယ်လိုနည်းနဲ့များ အရှက်ခွဲရမှာလဲကွာ "

သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်လိုက်ပြီး သူတို့နှစ်ယောက်စလုံးမှာ တစ်ခုထဲသော အရာကိုတွေးတောနေကြောင်း အချင်းချင်းရိပ်မိလိုက်ကြသည်။

ဖြစ်ရပ်ကြီးမှာ ပို၍ ရှုပ်ထွေးနေစဥ် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှ စွမ်းအင်များစွာထွက်ပေါ်လာပြီး သူသည် မော့ကြည့်ကာ မိုးခြိမ်းသံကဲ့သို့်သော အသံဖြင့် အော်ဟစ်လိုက်တော့သည်။

" ဆယ့်ရှစ်ရောင် "

သူ၏ အသံထွက်ပေါ်လာသောအခါ မီးပင်လယ်ကြီးမှာ လျင်မြန်စွာကျုံ့သွားပြီး တဂျုန်းဂျုန်းမြည်သံများလည်း ထပ်မံ ပေါ်ထွက်လာပြန်သည်။

မီတာသုံးထောင်၊ မီတာ နှစ်ထောင့်လေးရာ၊ မီတာ တစ်ထောင့်ရှစ်ရာ၊ အဆုံးတွင် မီးပင်လယ်ထဲမှ ထုတ်လွှတ်နေသည့် အပူချိန်ကြောင့် လူတိုင်းမှာ အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အလား ခံစားနေရတော့သည်။

ဂျုန်းးး

မျက်စိတစ်မှိတ်အတွင်း ထိုမီးပင်လယ်၏အကျယ်မှာ မီတာကိုးရာသာ ရှိတော့သည်။

ပိုင်ရှောင်ချန်းမှာ အသားများတုန်နေပြီး သူ၏နတ်ဘုရားအာရုံများမှာလည်း သိသိသာသာ အားအင်လျော့နည်းလာပြီဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံပင်လျှင် မီးတောက်ဖန်တီးခြင်းကို မနည်းထိန်းထားရသည်။ ဤမီးတောက်ဖန်တီးခြင်း နည်းလမ်းမှာ မီးတောက်ကို အရွယ်အစားသေးငယ်အောင်လုပ်ရာတွင် ကျင့်ကြံခြင်းအခြေခံကို အသုံးပြုရသည် မဟုတ်ပါလော။ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာလည်း ထိုဒဏ်ကို ခံနေရသည်။ သူ၏ အပြင်ခန္ဓာကိုယ်အစွမ်းသာ ယခုလောက် မမြင့်မားနေပါက ယခုနည်းလမ်းကို သူသုံးနိုင်မည် မဟုတ်ပေ။

" ငါဆက်လုပ်နိုင်သေးတယ်။ ဒီနည်းလမ်းက ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကနေ ဆယ့်ရှစ်ရောင်အထိ ဖြစ်အောင် လုပ်နိုင်မယ်ဆိုတာကို ငါယုံတယ်။ အဲဒီ ဆယ့်ရှစ်ခုမြောက်အရောင်က မှိန်မှိန်လေးပဲ ရှိနေရင်တောင် ငါ့တပည့်ပိုင်ဟောက်ရဲ့နည်းလမ်းက အောင်မြင်နိုင်တယ်ဆိုတာကို သက်သေပြနိုင်ပြီ "

သူက နီမြန်းနေသည့် မျက်ဝန်းများဖြင့် ခေါင်းကိုနောက်ပစ်ကာ အသံကုန်အော်ဟစ်လိုက်ပြီး ထိုမီတာကိုးရာ အကျယ်ရှိသည့် မီးပင်လယ်ကို ကျုံ့သွားအောင် လုပ်လိုက်ပြန်သည်။

တဂျုန်းဂျုန်း အသံကျယ်ကြီးများ ထပ်မံထွက်ပေါ်လာပြီး ထိုမီးပင်လယ်မှာ ပို၍သေးသေး သွားတော့သည်။ မီတာခြောက်ရာ၊ မီတာသုံးရာ၊ မီတာတစ်ရာ့ငါးဆယ်၊ မီတာကိုးဆယ်၊ မီတာ သုံးဆယ်...

ထိုအချိန်တွင် မီးတောက်ထဲရှိ အရောင်များက တဖျတ်ဖျတ်လင်းလက်သွားသဖြင့် စုစုပေါင်း အရောင်မည်မျှရှိနေကြောင်းကို အတိအကျ ပြော၍မရနိုင်တော့ပေ။ သို့သော် ထိုမီး၏ စွမ်းအားထဲတွင် ကြောက်မက်ဖွယ် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေကြောင်းကို အထင်အရှားမြင်နိုင်သည်။

ြကည့်ရှုနေသူများအနက် မည်သူမှ စကားတစ်ခွန်းတစ်လေပင် မပြောနိုင်ကြပေ။ လူတိုင်းမှာ တဖြည်းဖြည်းဆက်၍ သေးငယ်လာသည့် မီးပင်လယ်ကြီးကို အာရုံအပြည့်စိုက်နေကြသည်။

နှစ်ဆယ့်တစ်မီတာ၊ ဆယ့်ငါးမီတာ၊ ကိုးမီတာ...။ ခဏအကြာတွင် ၎င်း၏ အကျယ်မှာ တစ်မီတာသာ ရှိတော့သည်။

ထိုမီးပင်လယ်မှာ မီတာသုံးသောင်းအကျယ်ရှိသော အရွယ်အစားမှ တစ်မီတာပဲကျန်တော့သည်အထိ သေးငယ်သွားသည်။ မီးတောက်ထဲတွင် အရောင် ဆယ့်ခုနစ်ရောင် မရှိတော့သည်ကိုလည်း အထင်အရှား မြင်နိုင်ပေသည်။ မြင့်မြတ်သန့်စင်ကာ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သည့် အရောင်သစ်တစ်ရောင် ပေါ်လာပြီ ဖြစ်သည်။

ဆယ့်ရှစ်ရောင်မြောက် အရောင်ဖြစ်သည်။

အထက်တွင် တိမ်တိုက်များမှာ ကွေကွင်းသွားပြီး ကောင်းကင်ပြစ်ဒဏ်တစ်ခုကို ကိုယ်စားပြုသည့် တိမ်အသစ်တစ်ခု ပေါ်ပေါက်လာပြီး ဗဟိုဧကရာဇ်တစ်မြို့လုံးပေါ်သို့ ပြင်းထန်သော ဖိအားကြီးတစ်ခု ဆင်းသက်လာတော့သည်။

တစ်မြို့လုံးမှာ တုန်ရီသွားပြီး မရေမတွက်နိုင်သော စွမ်းအားကြီး ကျင့်ကြံသူများမှာလည်း အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရသည်။ ထိုအချိန်တွင် တအံ့တသြအော်ဟစ်သံများ ထွက်လာတော့သည်။

" ဒါ "

" ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ပဲ "

အပြင်ဘက်ရှိ သရဲကြီးတပ်ထဲတွင် သခင်မလေးဟုန်ချိန်မှာ ဗဟိုဧကရာဇ်မြို့၏ ကောင်းကင်ယံတွင် လင်းလက်နေသည့် စူးရှတောက်ပသော မီးရောင်ကြောင့် အံ့အားသင့်သွားရသည်။ သူမ၏ နတ်ဘုရားအာရုံကို ပိုင်ရှောင်ချန်းအပေါ်သို့ ထောက်၍ ကြည့်လိုက်သောအခါ သူမမှာ ချက်ချင်း တုန်လှုပ်သွားရပြီး သူမမြင်နေရသည့် မြင်ကွင်းကို မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သွားသည်။

ကောင်းကင်ယံထဲရှိ တော်ဝင်နန်းတော်ထဲတွင် ဗဟိုဧကရာဇ်မင်းဆက်၏ မဟာကောင်းကင်သခင်မှာ ကောင်းကင်သခင်ခန်းမထဲတွင် ထိုင်နေသည်။ သူ၏မျက်လုံးများမှာ ပွင့်လာပြီး ပိုင်ရှောင်ချန်းကို ကြည့်လိုက်လေသည်။

" ငရဲဧကရာဇ် ရွေးချယ်လိုက်တဲ့လူတိုင်းက ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်မှာပဲ။ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒီကောင်က တကယ်ပဲ ပိုင်ရှောင်ချန်းများ ဖြစ်နေနိုင်လား "

အချိန်အတော်အတန် ကြာသွားပြီးနောက် မဟာကောင်းကင်သခင်မှာ မျက်လုံးများထပ်မှိတ်လိုက်တော့သည်။

" အာ၊ ငရဲဧကရာဇ်ရေ။ ခင်ဗျား ဘာတွေများကြံနေတာတံုး "

လေပြင်းများတိုက်ခတ်လာပြီး ပိုင်ရှောင်ချန်းမှာ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အဆုံးစွန်အထိ ထုတ်သုံးလိုက်တော့သည်။ သူသည် ဆယ့်ရှစ်ရောင်မြောက် အရောင်ပေါ်ထွက်လာပြီး မီးပင်လယ်မှာ ကျုံ့သွားသဖြင့် စွမ်းအင်ကုန်ခမ်းနေပြီဖြစ်သည်။ သို့သော် သူသည် အသက်ရှူကြိမ် သုံးကြိမ်မျှသာ တောင့်ခံနိုင်လိုက်ပြီးနောက် ထိုမီးပင်လယ်မှာ ပျောက်ကွယ်သွားတော့သည်။

ဆယ့်ရှစ်ရောင်ခြယ်မီးတောက်မှာ ယခင်ကလုံးဝ မရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားပြီဖြစ်သည်။

ပိုင်ရှောင်ချန်း၏ ပါးစပ်မှ သွေးများပန်းထွက်လာပြီး သူသည် နောက်ဘက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားတော့သည်။ လူတိုင်းမှာမူ အသံတစ်သံမှမထွက်ပဲ သူ့ကိုကြည့်နေကြသည်။ ထို့နောက် သူတို့၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုများ တောက်လောင်လာပြီး သူတိုအားလုံးမှာ လက်များယှက်ကာ သူ့ကိုဦးညွှတ်အရိုအသေ ပေးလိုက်တော့သည်။ မြို့စောင့်တပ်များပင် အပါအဝင်ဖြစ်သည်။

အဆုံးသတ်တွင် သူ ကျရှုံးသွားခဲ့ပါသော်လည်း အလွန်ဂုဏ်ယူစရာကောင်းသည့် အလုပ်တစ်ခုကို လုပ်နိုင်ခဲ့သည် မဟုတ်ပါလော။

လောကဓာတ်အောက်လမ်းဆရာများသာလျှင် မြင့်မြတ်သော ဆယ့်ရှစ်ရောင်ခြယ်မီးတောက်တစ်ခုကို ဖန်တီးနိုင်သည် မဟုတ်ပါလော။ ထို့အပြင် ပိုင်ရှောင်ချန်း၏ မီးတောက်ဖန်တီးသည့်နည်းလမ်းမှာ ထူးခြားပြီး အခြားသူများ၏ ဖန်တီးနည်းများတွင်ပါသည့် နည်းလမ်းများကိုမသုံးရန် တားမြစ်ထားခြင်းလည်း မရှိပေ။

သူသည် လောကဓာတ်အောက်လမ်းဆရာအဆင့်သို့ တစ်ဝက်တိတိ ရောက်ရှိသွားပြီဖြစ်သည်။

သူ၏ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်မှာ အသက်ရှူကြိမ်သုံးကြိမ်မျှသာ ခံလိုက်ပြီး အရောင်မှိန်မှိန်သာ ရှိခဲ့သော်လည်း အံ့သြဖွယ်ကောင်းသည့် အရာတစ်ခုဖြစ်သည်မှာတော့ ငြင်းဆန်၍မရပေ။ ထို့အပြင် သူသည် ယခုတွင် အရောင်မှိန်သော ဆယ့်ရှစ်ရောင်ခြယ်မီးတောက်တစ်ခုကိုသာ ဖန်တီးနိုင်သေးသည်ဖြစ်သော်လည်း နောင်တချိန်တွင် အဆုံးထိအောင်မြင်နိုင်မည်မှာ သေချာလုနီးပါးပင်။ ထိုအခါ သူသည်မြေရိုင်းဒေသထဲရှိ စတုတ္ထမြောက် လောကဓာတ်အောက်လမ်းဆရာတစ်ယောက် အမှန်တကယ် ဖြစ်သွားမည်သာ ဖြစ်သည်။

All Chapters