အခန်း (၃၂၅)
Vol. 30 Ch. 325
"ကောင်းပြီလေ... ဒါဆိုရင်လည်း အခုပဲ 'ဓားမော့' အကြောင်း ဆွေးနွေးကြတာပေါ့"
ထိုပညာရှင်ကြီးသည် သူ၏ ဓားမော့ကို လင်းပိုင်ဖန်၏ ရှေ့သို့ တိုးပေးလိုက်ရင်း ဒေါသသံ အနည်းငယ်ဖြင့် မေးလိုက်သည် - "ကဲ... ပြောစမ်းပါဦး၊ ဒီဓားကို မင်း ဘယ်လိုမြင်သလဲ"
လင်းပိုင်ဖန်က ဓားကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါယမ်းကာ - "ဒီဓားက သာမန်ပါပဲ၊ ထူးထူးခြားခြား ကြည့်နေဖို့တောင် မတန်ပါဘူး" ဟု ဆိုလိုက်၏။
"ဘာ... မင်းက ဒီဓားကို သာမန်ပဲလို့ ပြောဝံ့တယ် ဟုတ်လား" ပညာရှင်ကြီးမှာ ဒေါသချောင်းချောင်း ထွက်သွားတော့သည်။
"ဒီဓားကို တစ်လောကလုံးမှာရှိတဲ့ အဖိုးတန် ရတနာပစ္စည်းတွေကို စုဆောင်းပြီး၊ နာမည်ကျော် ပန်းပဲဆရာ အတော်များများရဲ့ အကူအညီနဲ့ (၄၉) ရက်တိုင်တိုင် အချိန်ယူ သွန်းလုပ်ထားတဲ့ ပြိုင်ဘက်ကင်း ဓားမော့တစ်လက်ကွ"
"ဓားဆိုတာ ဓားပါပဲ၊ လူဆိုတာလည်း လူပါပဲ။ ဓားက ဘယ်လောက်ပဲ ကောင်းမွန်ပြီး ထက်မြက်နေပါစေဦး၊ သာမန်လူတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားရင်တော့ သူ့ရဲ့ အစွမ်းကို ဘယ်လိုမှ ထုတ်ပြနိုင်မှာ မဟုတ်ဘူး။ တစ်ဖက်မှာလည်း သာမန်ဓားတစ်လက်ဟာ တကယ့် သိုင်းပညာရှင်တစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားရင်တော့ ဘယ်လောက်ပဲ အဆင့်နိမ့်တဲ့ ဓားဖြစ်ပါစေ... ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက် ဖြစ်သွားနိုင်တာပဲ"
ပညာရှင်ကြီးမှာ အနည်းငယ် စဉ်းစားသွားပြီးမှ - "မင်းပြောတာလည်း ဟုတ်တုတ်တုတ်ပဲ" ဟု ခေါင်းငြိမ့်လိုက်သည်။
"အဲဒီလို ဓားမျိုး တစ်လက်အကြောင်းကို ငါကိုယ်တော် သိထားတာ ရှိတယ်"
လင်းပိုင်ဖန်က အေးအေးလူလူပင် ဆက်ပြောလိုက်သည် - "ဒီဓားဟာ တစ်တောင်တောင် မပြည့်သလို အကျယ်ကလည်း လက်မဝက်လောက်ပဲ ရှိတယ်။ သာမန်သံမဏိနဲ့ လုပ်ထားတာမို့ မြင်ရတာ သိပ်ကို ရိုးရှင်းတယ်။ ဒါပေမဲ့ ဒီဓားက အလွန်အမင်း မြန်သလို တိကျမှုမှာလည်း အပြစ်ပြောစရာ မရှိဘူး။ တစ်ချက်တည်းနဲ့ မျက်တောင်တစ်ခတ်အတွင်းမှာ လူတစ်ယောက်ကို အစိတ်အပိုင်း (၈) ပိုင်းဖြစ်အောင် ခုတ်ထစ်နိုင်သလို၊ အရိုးနဲ့ အသားကိုလည်း အကြောတွေ မထိခိုက်စေဘဲ ခွဲခြားပစ်နိုင်တယ်။ အသားပေါ်က အနုစိတ်အချက်အလက် တစ်ခုမှ မလွတ်စေဘဲ ကျွမ်းကျင်တဲ့ သားသတ်သမားတစ်ယောက်က အသားနွှင်နေသလိုမျိုးပေါ့"
ပညာရှင်ကြီးမှာ လင်းပိုင်ဖန်၏ စကားကို အပြည့်အဝ ယုံကြည်သွားကာ ခေါင်းငြိမ့်ရင်း - "အဲဒီလူက တကယ်ကို ကြောက်စရာကောင်းမှာပဲ။ လူတစ်ယောက်ကို ဒီလောက်အထိ အစိတ်အပိုင်းတွေ ကွဲထွက်သွားအောင် ခုတ်နိုင်တယ်ဆိုရင်... သူဟာ 'လူနှင့်ဓား တစ်သားတည်းကျခြင်း' ဆိုတဲ့ ဒဏ္ဍာရီလာ အဆင့်ကို ရောက်နေပြီပဲ။ ဒါနဲ့ ဒါက ဘယ်လိုဓားမျိုးလဲ၊ ဘယ်သူက အသုံးပြုတာလဲ"
လင်းပိုင်ဖန်က ပြုံးလျက် - "ဒါက သာမန် 'သားလှီးဓား' တစ်လက်ပါပဲ၊ အသုံးပြုတဲ့သူကလည်း 'ထမင်းချက်သမား' တစ်ယောက်ပါ" ဟု ပြောလိုက်သည်။
ပညာရှင်ကြီးမှာ မှင်တက်သွားကာ - "ဘာ... သာမန် အသားလှီးဓား ဟုတ်လား၊ ထမင်းချက်သမား ဟုတ်လား"
"မှန်တယ်..."
လင်းပိုင်ဖန်က ခေါင်းငြိမ့်ပြရင်း - "အဲဒီလူက မူလက ထမင်းချက်သမား တစ်ယောက်ပဲ။ ငယ်ငယ်ကတည်းက မီးဖိုချောင်ထဲမှာ ဓားကို ကိုင်လာခဲ့တာ။ သူဟာ အနှစ် (၂၀) တိုင်တိုင် တိရစ္ဆာန်တွေကို နေ့စဉ်နဲ့အမျှ သတ်ဖြတ်လာခဲ့တာမို့ သားလှီးဓားနဲ့ သူဟာ တစ်သားတည်း ဖြစ်နေခဲ့ပြီ။ သူဟာ ဘယ်လို ဓားသိုင်းပညာကိုမှ မသင်ယူဖူးဘူး။ ဒါပေမဲ့ ဓားကို ဘယ်လိုကိုင်ရမလဲ၊ ပြိုင်ဘက်ကို ဘယ်လိုအမြန်ဆုံး သတ်ရမလဲဆိုတာကိုတော့ သူ ကောင်းကောင်းသိတယ်။ ဒါကြောင့် သူဟာ တိုက်တိုက်ဆိုင်ဆိုင် သိုင်းပညာတွေကို တတ်မြောက်သွားတဲ့အခါမှာတော့ သာမန်အရာကနေ အံ့ဖွယ်အဖြစ်သို့ ပြောင်းလဲသွားပြီး ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက် ဖြစ်လာခဲ့တာပဲ။ သူ့လက်ထဲက သာမန် သားလှီးဓားဟာလည်း လောကအလယ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဘုရားလက်နက် ဖြစ်သွားခဲ့ရတယ်"
"ကောင်းလိုက်တဲ့ စကား... တကယ်ကို ကောင်းလှတယ်" ပညာရှင်ကြီးမှာ မျက်လုံးများကို မှိတ်ကာ စဉ်းစားနေမိသည်။
ဓားက သာမန် အသားလှီးဓားဖြစ်ပြီး ဓားပိုင်ရှင်ကလည်း သာမန်ထမင်းချက်သမား တစ်ယောက်သာ ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ ထမင်းချက်ခြင်းနှင့် သားသတ်ခြင်းတို့ဖြင့် ဖြတ်သန်းရင်း ဓားနှင့်တစ်သားတည်း ကျသွားခြင်းပင် ဖြစ်ချေ၏။ မည်သည့် ဓားသိုင်းကိုမျှ မသင်ယူသော်လည်း ဓား၏ အနှစ်သာရကို သိရှိနေသည်။
လင်းပိုင်ဖန်၏ စကားများမှာ အများကြီး မဟုတ်သော်လည်း အဓိပ္ပာယ်များစွာ ပါဝင်နေသကဲ့သို့ ခံစားရသည်။ ၎င်းမှာ ဓားကျင့်စဉ်ကို သင်ကြားပေးနေသလိုလို၊ သို့မဟုတ် ဓားသိုင်းအပေါ် စွဲလမ်းမှုကို စွန့်လွှတ်ပြီး လူနှင့်ဓား တစ်သားတည်းကျရန် လမ်းပြနေသလိုလိုပင်။ သူသည် ဝေဝေဝါးဝါးနှင့်ပင် ဉာဏ်အလင်း တစ်ခုကို ရရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ လင်းပိုင်ဖန်ကို ကြည့်သည့် အကြည့်များမှာ ပြောင်းလဲသွားခဲ့လေပြီ။ ဤလူငယ်လေးသည် ဓားမော့အကြောင်းကို အမှန်တကယ် နားလည်သူပင်။
လင်းပိုင်ဖန်က ပြုံးကာ မေးလိုက်သည် - "ခင်ဗျားရဲ့ဓားကော... သူ့ရဲ့ဓားနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ"
"အဟမ်း... ငါကိုယ်တိုင်လည်း လူနဲ့ဓား တစ်သားတည်းကျတဲ့ အဆင့်ကို ရောက်နေပြီဆိုတော့... ငါတို့နှစ်ယောက်က အဆင့်တူလောက်ပဲ ရှိမှာပါ" သူက အနည်းငယ် မရိုးမသားဖြင့် ပြန်ပြောလိုက်သည်။ အမှန်တကယ်တော့ သူသည် မိမိကိုယ်ကိုယ် အမှတ်ပိုပေးလိုက်ခြင်း ဖြစ်သည်။
အဆင့်အတန်း တူညီနေသော်လည်း အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုလျှင် သူသည် ထိုထမင်းချက်သမားကို ယှဉ်နိုင်မည် မဟုတ်ပေ။ သူ၏ 'တစ်သားတည်းကျခြင်း' မှာ ဓားမော့သိုင်းပေါင်းစုံနှင့် နယ်ပယ်ပေါင်းစုံကို လေ့ကျင့်ရင်း ရရှိလာခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ ပညာမှာ အခြားသော သိုင်းပညာများနှင့် ရောထွေးနေသဖြင့် ထိုထမင်းချက်သမားကဲ့သို့ 'စင်ကြယ်မှု' မရှိပေ။ ထိုသူမှာမူ အခြားသိုင်းပညာများကို မသင်ယူဘဲ ထမင်းချက်ခြင်းဖြင့်သာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်ရာ အလွန်ပင် စင်ကြယ်လှသည်။
သိုင်းပညာလောကတွင် ပညာရပ်များစွာ တတ်မြောက်ထားခြင်းထက် တစ်ခုတည်းကိုသာ စင်ကြယ်စွာ တတ်မြောက်ထားခြင်းက ပို၍ စွမ်းအားကြီးလှသည် မဟုတ်ပါလား။ စင်ကြယ်ခြင်းမှသာ 'ထူးကဲခြင်း' သို့ ရောက်ရှိနိုင်ပေသည်။
လင်းပိုင်ဖန်သည် ထိုသူ၏ ဟန်ဆောင်မှုကို ရိပ်မိသော်လည်း လှောင်ပြောင်ခြင်းမပြုဘဲ ဆက်ပြောလိုက်သည် - "ငါကိုယ်တော်က နောက်ထပ် ဓားတစ်လက်အကြောင်းကိုလည်း သိသေးတယ်"
"အို... ပြောပါဦး၊ ကျုပ် နားထောင်ပါရစေ" ပညာရှင်ကြီးမှာ ပို၍ လေးနက်သွားသည်။
"ဒီဓားကလည်း သာမန်သံမဏိနဲ့ လုပ်ထားတာပဲ၊ အလျားက နှစ်လက်မတောင် မပြည့်သလို အကျယ်ကလည်း တစ်လက်မ မရှိဘူး။ တကယ့်ကို ဓားငယ်လေး တစ်လက်ပေါ့။ ဒါပေမဲ့ အဲဒီဓား ထွက်လာပြီဆိုရင်တော့ တစ်ဖက်လူရဲ့ လည်ပင်းကို တန်းတန်းမတ်မတ် ပစ်မှတ်ထားပြီး သေခြင်းတရားကိုပဲ ဆောင်ကြဉ်းပေးတာပဲ"
"ဒါက ဘယ်လိုဓားမျိုးလဲ၊ အဲဒီလူကရော လူနဲ့ဓား တစ်သားတည်းကျတဲ့ အဆင့်ကို ရောက်နေလို့လား" ပညာရှင်ကြီးက နားမလည်နိုင်စွာ မေးလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး - "သူ့ရဲ့ဓားမှာ ဘာနယ်ပယ်၊ ဘာသိုင်းကွက်မှ မရှိဘူး။ သူ့မှာ ရှိတာက ထူးခြားချက်တစ်ခုတည်းပဲ။ အဲဒါကတော့ 'အရှိန်'၊ 'အရှိန်' နဲ့ 'အရှိန်' ပဲ။ အစွမ်းကုန် မြန်ဆန်နေတာပဲ။ သူ ဓားမထုတ်ခင်အထိ မင်း ဘာကိုမှ သတိထားမိမှာ မဟုတ်ဘူး။ မင်း ဓားကို မြင်လိုက်ရတဲ့ အချိန်မှာတော့ အဲဒီဓားက မင်းရဲ့ လည်ပင်းမှာ ရောက်နေပြီး မင်းရဲ့ အသက်ကို နှုတ်ယူသွားပြီ ဖြစ်လိမ့်မယ်"
ပညာရှင်ကြီးမှာ ပို၍ ဇဝေဇဝါ ဖြစ်သွားကာ - "အဲဒါက ဘယ်လိုဓားမျိုးလဲ၊ မြန်ရုံတင်လား။ ကျုပ်ရဲ့ ဓားကလည်း မြန်တာပဲ၊ ဒါပေမဲ့ မင်းပြောသလို အစွမ်းမျိုးတော့ မရှိဘူး"
"အဲဒါက ခင်ဗျားရဲ့ဓားက မမြန်သေးလို့ပဲ။ ခင်ဗျားရဲ့ဓားဟာ အကန့်အသတ်တစ်ခုအထိ မြန်သွားပြီဆိုရင်တော့... အဆင့်အတန်း ခွဲခြားမှုတွေ၊ သိုင်းကွက် အလှအပတွေက အရာမဝင်တော့ဘူး။ သိုင်းလောကမှာ စကားပုံတစ်ခု ရှိတယ်... 'ပြိုင်ဘက်ကင်းတဲ့ ခံစစ်ဆိုတာ မရှိဘူး၊ အမြန်နှုန်းကသာ အောင်နိုင်ခြင်းရဲ့ သော့ချက်ပဲ' တဲ့။
ဒါဟာ သိုင်းပညာရဲ့ အနှစ်သာရပဲ။ အပြင်းထန်ဆုံးသော ခွန်အားကို ရှာဖွေမလား၊ ဒါမှမဟုတ် အဆုံးစွန်သော အမြန်နှုန်းကို ရှာဖွေမလား။ သူ့ရဲ့ဓားကတော့ အဆုံးစွန်သော အရှိန်ကို ရွေးချယ်ခဲ့တာပဲ"
"သူဟာ အရာအားလုံးကို စွန့်လွှတ်ပြီး သူ့ရဲ့ အသက်ဓာတ်၊ စိတ်ဝိညာဥ်နဲ့ ခွန်အားလုံးကို အဲဒီတစ်ချက်တည်းမှာ ပုံအောလိုက်တဲ့အခါ သူ့ရဲ့ သိုင်းကွက်ဟာ ပြိုင်ဘက်ကင်းသွားတာပဲ။ ဒါဟာ ယုံကြည်ချက်အပြည့်နဲ့ ထိုးနှက်လိုက်တဲ့ဓား၊ သေခြင်းတရားကို ရင်ဆိုင်ပြီး နောက်မတွန့်တမ်း ပစ်လွှတ်လိုက်တဲ့ဓားပဲ။ ငါသေရင်သေ၊ မသေရင် မင်းသေစေရမယ်ဆိုတဲ့ စိတ်နဲ့ ပစ်လွှတ်လိုက်တဲ့ဓားမို့ ဘာကိုမှ အခွင့်အရေး မပေးတော့ဘူး။ အဲဒါဟာ အရက်စက်ဆုံး ဓားဖြစ်သလို... ဘယ်သူမှ မဖြေရှင်းနိုင်တဲ့ ဓားလည်း ဖြစ်တယ်"
ဤစကားကို ကြားသောအခါ ပညာရှင်ကြီးမှာ တုန်လှုပ်သွားရသည်။ ဤလောကတွင် ဤမျှ ရင်သပ်ရှုမောဖွယ်ကောင်းသော ဓားပညာရှိလိမ့်မည်ဟု သူတစ်ခါမျှ မတွေးခဲ့ဖူးပေ။ အဆင့်အတန်းနှင့် သိုင်းကွက်အားလုံးကို ဘေးဖယ်ကာ အမြန်နှုန်း သက်သက်ကိုသာ လိုက်စားသောဓား။ သူသေရင်သေ၊ မသေရင် ကိုယ်သေ ဆိုတဲ့ စိတ်နဲ့ ပစ်လွှတ်လိုက်တဲ့ဓား ဖြစ်သည်။
"ဒါ... ဒါက ဘယ်လိုဓားမျိုးလဲ" သူ အံ့သြစွာဖြင့် ရေရွတ်မိလိုက်သည်။
"အဲ့ဒါကတော့... 'ရှောင်လီရဲ့ ဓားမြှောင်ပျံ' ပဲ"
လင်းပိုင်ဖန်က အပြုံးဖြင့် ဆိုလိုက်သည် - "ရှောင်လီရဲ့ ဓားမြှောင်ပျံက... ဘယ်တော့မှ ပစ်မှတ်မလွဲဘူး"
"ကောင်းလိုက်တဲ့ဓား... ရှောင်လီရဲ့ ဓားမြှောင်ပျံက ဘယ်တော့မှ ပစ်မှတ်မလွဲဘူးတဲ့လား... တကယ်ကို အံ့ဩစရာပဲ" ပညာရှင်ကြီးမှာ စိတ်လှုပ်ရှားလာကာ - "ဒီဓားနဲ့ ယှဉ်ရင် လောကမှာရှိတဲ့ တခြားဓားတွေအားလုံး မှေးမှိန်သွားမှာပဲ။ ကျုပ်ဖြင့် အဲဒီစီနီယာကြီးကို တွေ့ပြီး သူ့လက်ထဲက ဓားမြှောင်ပျံကို တကယ် မြင်ချင်မိပါရဲ့"
"ကျုပ်လည်း တကယ် မြင်ချင်မိတယ်..." ဓားအဘိုးအိုကလည်း တောင့်တစွာဖြင့် မေးလိုက်သည် - "ဆရာ... တကယ်ပဲ အဲဒီလိုလူ၊ အဲဒီလိုဓား ရှိတာလား"
ဘေးနားရှိ ပညာရှင်ကြီးမှာလည်း အဖြေကို သိချင်သဖြင့် နားစွင့်နေမိသည်။
လင်းပိုင်ဖန်က ခေါင်းငြိမ့်ပြရင်း - "ရှိတာပေါ့... နောင်တစ်ချိန်မှာ မင်းတို့ သူ့ကို တွေ့ရမယ့် အခွင့်အရေး ရှိလာမှာပါ"
သူသည် စိတ်ထဲတွင်တော့ ခိုးပြုံးနေမိ၏။
‘ထိုသူမှာ မင်းတို့ရဲ့ ဆရာ၊ ငါကိုယ်တိုင်ပဲ မဟုတ်ပါလား။ မင်းတို့ တွေ့ရမှာကတော့ သေချာပေါက်ပဲ’
လူတိုင်းမှာ ထိုပညာရှင်ကို တွေ့မြင်ရန် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသည်။ ထိုစဉ် လင်းပိုင်ဖန်က ပြုံးလျက် မေးလိုက်ပြန်သည် - "ဒါနဲ့... ရှောင်လီရဲ့ ဓားမြှောင်ပျံကို ဘယ်လိုလေ့ကျင့်ရသလဲဆိုတာ မင်းတို့ သိကြလား"
"အဲဒါတော့... ကျုပ်လည်း မသိဘူး" ပညာရှင်ကြီးက ခေါင်းခါပြသည်။ "ဒီလောက် ကမ္ဘာကျော်တဲ့ နတ်ဘုရားကျင့်စဉ်မျိုးကို ဘယ်သူက အပြင်လူကို ပြောပြမှာလဲ။ အဲဒီစီနီယာကြီးကလွဲရင် ဘယ်သူမှ သိမှာမဟုတ်ပါဘူး"
လင်းပိုင်ဖန်က ခေါင်းငြိမ့်ကာ - "တကယ်တော့... ငါကိုယ်တော် သိတယ်"
"ဘာ... မင်း သိတယ် ဟုတ်လား" စားပွဲရှိ လူအားလုံး အံ့ဩမှင်တက်သွားကြတော့သည်။