အခန်း (၃၂၆)
Vol. 30 Ch. 325
ဤကဲ့သို့ လောကကို တုန်လှုပ်စေမည့် နတ်ဘုရားအဆင့် ဓားသိုင်းကျင့်စဉ်မျိုးမှာ များသောအားဖြင့် လျှို့ဝှက်ထားလေ့ရှိပြီး ပြင်ပလူကို လက်ဆင့်ကမ်းလေ့မရှိပေ။
၎င်းတို့၏ ဧကရာဇ်မှာမူ မည်သည့်သိုင်းပညာကိုမျှ လေ့ကျင့်ဖူးခြင်း မရှိသလို၊ သိုင်းပညာရှင်ကြီးများနှင့်လည်း ဆုံတွေ့ဖူးခြင်း မရှိသည့် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သို့ဆိုလျှင် သူသည် ဤကဲ့သို့သော သိုင်းပညာမျိုးကို မည်သို့ သိနေနိုင်ပါသနည်း။
"မှန်တာပေါ့... ငါကိုယ်တော် သိတာပေါ့၊ မင်းတို့ကို လိမ်ပြောနေစရာ မလိုပါဘူး" လင်းပိုင်ဖန်က ရယ်မောလိုက်သည်။
လင်းပိုင်ဖန်၏ တည်ငြိမ်လေးနက်သော မျက်နှာအမူအရာကို မြင်သောအခါ လူတိုင်းက သူ့စကားကို အတော်အတန် ယုံကြည်သွားကြသည်။
ပညာရှင်ကြီးမှာလည်း ရင်ထဲ၌ လှိုက်ဖိုသွားကာ စိတ်အားထက်သန်စွာဖြင့် မေးလိုက်၏ - "အရှင်မင်းကြီး... ရှောင်လီရဲ့ ဓားမြှောင်ပျံကို ဘယ်လိုလေ့ကျင့်ရသလဲဆိုတာ ကျုပ်ကို လမ်းညွှန်ပြသပေးလို့ ရမလားခင်ဗျာ၊ ကျုပ်တစ်သက်လုံး ကျေးဇူးတင်နေမှာပါ"
"တကယ်တော့ အဲဒါက သိပ်ကို ရိုးရှင်းပါတယ်"
လင်းပိုင်ဖန်က ပြုံးလျက် - "ခင်ဗျားအနေနဲ့ ဓားငယ်လေးတစ်လက်ကို ကိုင်ပြီး ရုပ်တုလေးတွေကို မပြတ်တမ်း ထုဆစ်နေရုံပါပဲ"
"ဓားငယ်လေးနဲ့ ရုပ်တုတွေ ထုရမယ် ဟုတ်လား" လူတိုင်းမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။
"မှန်တယ်... အဲဒါဟာ ရှောင်လီရဲ့ ဓားမြှောင်ပျံ ကျွမ်းကျင်မှုရဲ့ လျှို့ဝှက်ချက်ပဲ။ ရုပ်တုတွေကို အမြဲတမ်း ထုဆစ်နေတာဟာ အကျိုးကျေးဇူး အများကြီးရှိတယ်"
လင်းပိုင်ဖန်က လက်ညှိုးတစ်ချောင်း ထောင်လိုက်ပြီး - "ပထမအချက်ကတော့ နေ့စဉ်နဲ့အမျှ ထုဆစ်နေတာဟာ လက်ကို အမြဲတမ်း တက်ကြွနေစေသလို ငြိမ်လည်းငြိမ်စေတယ်။ ဒါကြောင့် ခင်ဗျားရဲ့ ဓားကွက်တွေဟာ မြန်ဆန်၊ တိကျပြီး ပြတ်သားလာလိမ့်မယ်။ တစ်ဖက်လူက သတိမထားမိခင်မှာတင် ဓားဟာ သူ့ရှေ့ကို ရောက်နေလိမ့်မယ်"
"အကျိုးအကြောင်း ရှိသားပဲ" လူအုပ်ကြီးက သဘောတူစွာ ခေါင်းငြိမ့်လိုက်ကြသည်။
"ဒုတိယအချက်ကတော့..."
လင်းပိုင်ဖန်က လက်ညှိုးနှစ်ချောင်း ထောင်ပြလိုက်ပြန်သည် - "ရုပ်တုတွေကို ခဏခဏ ထုဆစ်နေတဲ့အတွက် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို ခင်ဗျား အလွန်ရင်းနှီးသွားလိမ့်မယ်။ ဓားတစ်ချက် ထိုးနှက်တိုင်းဟာ ရုပ်တုထုနေသလိုပဲ... ဘယ်နေရာကို ဘယ်လောက်အရှိန်နဲ့ ထိုးရမလဲဆိုတာ ကောင်းကောင်း သိနေလိမ့်မယ်"
"ကောင်းလိုက်တဲ့ စကား" လူတိုင်းက ထပ်မံ၍ ခေါင်းငြိမ့်ကြပြန်သည်။
"တတိယအချက်ကတော့..."
လင်းပိုင်ဖန်က လက်သုံးချောင်း ထောင်ပြလိုက်ကာ - "ရုပ်တုထုတယ်ဆိုတာ အစွမ်းကုန် အာရုံစိုက်ဖို့ လိုအပ်တယ်။ အမြဲတမ်း ထုဆစ်နေခြင်းအားဖြင့် စိတ်ကို တစ်နေရာတည်းမှာ စုစည်းနိုင်စေသလို၊ ဘာမှမရှိတဲ့ ကြည်လင်တဲ့ စိတ်နယ်ပယ်ကိုလည်း ရရှိစေတယ်။ သိုင်းသမားတစ်ယောက်အနေနဲ့ ခင်ဗျားတို့ သိထားရမှာက အဲဒီလို စိတ်နယ်ပယ်မျိုးမှာ လူတစ်ယောက်ဟာ အထွတ်အထိပ်ကို ရောက်နေပြီး ခန္ဓာကိုယ်ရဲ့ စွမ်းအင်အားလုံးကို စုစည်းကာ ကြောက်မက်ဖွယ်ကောင်းတဲ့ အစွမ်းကို ထုတ်ဖော်နိုင်တာပဲ"
"ဓားမထုတ်ခင်အထိ ငြိမ်သက်နေပေမဲ့ တစ်ခါထုတ်လိုက်ပြီဆိုရင်တော့ ဘယ်လိုမှ နောက်မတွန့်တမ်း အစွမ်းကုန် ပစ်လွှတ်လိုက်တာမျိုးပေါ့။ တစ်ဖက်က အစွမ်းကုန် ပုံအောထားချိန်မှာ အခြားတစ်ဖက်က မပြင်ဆင်ရသေးဘဲ ထိတ်လန့်နေမယ်ဆိုရင် ဘယ်သူက အနိုင်ရမယ် ထင်သလဲ"
"တကယ်ကို မှန်ကန်ပါတယ်"
ပညာရှင်ကြီးမှာ လက်ခုပ်တီးလျက် ကျေနပ်စွာ ရယ်မောလိုက်သည် - "နောက်မတွန့်တမ်း အစွမ်းကုန် ပစ်လွှတ်လိုက်တဲ့ ဓားဟာ တားဆီးလို့ မရနိုင်ဘူးပဲ။ ရှောင်လီရဲ့ ဓားမြှောင်ပျံဟာ နာမည်နဲ့လိုက်အောင် တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ဒီနေ့တော့ ကျုပ် ဗဟုသုတတွေ အများကြီး ရလိုက်ပါပြီ"
လင်းပိုင်ဖန်က ပြုံးကာ - "သိတာက တစ်ပိုင်း၊ လေ့ကျင့်ဖို့က တစ်ပိုင်းပဲ။ နည်းလမ်းက ရိုးရှင်းပေမဲ့ လူတိုင်းကတော့ မတတ်မြောက်နိုင်ကြဘူး"
"ဟုတ်ပါတယ်... ပြောဖို့သာ လွယ်တာပါ"
ပညာရှင်ကြီးက နက်နက်ရှိုင်းရှိုင်း နားလည်သွားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည် - "ကျုပ် ငယ်ငယ်တုန်းက အပေါ်ယံ လှပတဲ့ သိုင်းကွက်တွေကိုပဲ လိုက်စားခဲ့တယ်။ ကြောက်စရာကောင်းလေလေ ပိုကြိုက်လေလေပေါ့။ အနှစ်သာရကို မသိဘဲ အပြင်းထန်ဆုံး ဓားသိုင်းတွေကိုပဲ သင်ချင်ခဲ့တာ။ အခု နားလည်သွားတဲ့ အချိန်မှာတော့ အသက်က ကြီးသွားခဲ့ပြီ၊ အချိန်တွေလည်း အများကြီး ဖြုန်းခဲ့မိပြီပဲ"
လင်းပိုင်ဖန်က သက်ပြင်းချလိုက်ပြီး - "အစွမ်းထက်တဲ့ ပညာရပ်တွေဟာ များသောအားဖြင့် ရိုးရှင်းတဲ့ လေ့ကျင့်မှုတွေကနေပဲ လာတာပါ။ အဓိကကတော့ ဇွဲရှိဖို့ပဲ။ အစောက ထမင်းချက်သမားရဲ့ ဓားလိုပေါ့... အနှစ် (၂၀) တိုင်တိုင် နေ့စဉ် သတ်ဖြတ်၊ ခုတ်ထစ်ရင်းနဲ့မှ အထွတ်အထိပ် ရောက်သွားတာ။ ရှောင်လီရဲ့ ဓားမြှောင်ပျံဆိုတာလည်း နေ့စဉ်နဲ့အမျှ ထုဆစ်ရင်းကနေ ကျွမ်းကျင်လာတာပဲ"
"လောကမှာ အရေးအကြီးဆုံးက စွဲမြဲမှုပဲ။ ဘယ်လောက်ပဲ ရိုးရှင်းတဲ့ အလုပ်ဖြစ်ပါစေ... မနားတမ်း ထပ်ခါတလဲလဲ လုပ်နေမယ်ဆိုရင် အကျိုးကျေးဇူးကို ခံစားရမှာပဲ။ ဟိုသိုင်းကွက်၊ ဒီနယ်ပယ်ဆိုတာတွေက အပေါ်ယံ အလှအပတွေပါပဲ။ ဓားဆိုတာ ဓားပဲ၊ သတ်ဖြတ်ဖို့ ကိရိယာပဲ။ ပြိုင်ဘက်ကို အရှင်းလင်းဆုံးနဲ့ အမြန်ဆုံးနည်းနဲ့ သတ်နိုင်ရင် မလုံလောက်ဘူးလား"
"ကောင်းလိုက်တဲ့ စကား" ပညာရှင်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် သူ့ပေါင်သူ ပုတ်လိုက်သည်။
ထို့နောက်တွင် လင်းပိုင်ဖန်နှင့် ပညာရှင်ကြီးတို့သည် ဓားမော့၏ အနုပညာအကြောင်းကို ဆက်လက် ဆွေးနွေးကြပြန်သည်။ အစပိုင်းတွင် ပညာရှင်ကြီးက လင်းပိုင်ဖန်၏ စကားများကို လိုက်ပါ ဆွေးနွေးနိုင်သော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ လင်းပိုင်ဖန်ကသာ ပြောနေပြီး ပညာရှင်ကြီးမှာမူ ကြားဖြတ်မပြောရဲဘဲ နားထောင်နေရုံသာ ရှိတော့သည်။
သူသာ စကားဝင်ပြောလိုက်လျှင် သူ၏ အသိပညာ နည်းပါးမှုက ပေါ်သွားမည်ကို စိုးရိမ်နေမိသည်။ သူသည် နာမည်ကျော် ဓားမော့ပညာရှင်ကြီး တစ်ယောက် ဖြစ်သော်လည်း၊ ဓားမော့ပညာကို အဓိက မထားသည့် လူငယ်လေးတစ်ယောက်ကို မယှဉ်နိုင် ဖြစ်နေရသည်။ ဤအကြောင်းသာ အပြင်သို့ ပေါက်ကြားသွားပါက အလွန် အရှက်ရစရာ ကောင်းပေလိမ့်မည်။
ဤနေရာတွင် အသိတရားများလေလေ မေးခွန်းများလေလေ ဖြစ်လာသည်။ သို့သော် လင်းပိုင်ဖန်က အကြောင်းအရာတစ်ခုကို အစပျိုးပေးရုံသာ ပြောသွားသဖြင့် သူမှာ ခေါင်းကုတ်ရင်း ဆက်လက် စဉ်းစားနေရတော့သည်။ သူ မေးချင်သော်လည်း လင်းပိုင်ဖန်၏ ငယ်ရွယ်သော မျက်နှာကို ကြည့်ပြီး အားနာသလိုလို ဖြစ်ကာ မမေးရဲ ဖြစ်နေပြန်သည်။
ထိုအချိန်တွင် သူသည် ဘေးနား၌ မေးခွန်းများ မေးနေသည့် ဓားအဘိုးအိုကိုပင် အားကျမိသွားသည်။ အကြောင်းမှာ တပည့်က ဆရာ့ကို မေးမြန်းခြင်းမှာ သဘာဝကျသော်လည်း၊ သူကမူ ဂုဏ်သတင်း ကြီးမားလှသည့် သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်နေသဖြင့် မေးမြန်းရန် ခက်ခဲနေခြင်း ဖြစ်သည်။
ပညာရှင်ကြီး၏ တိတ်ဆိတ်နေသော အမူအရာကို မြင်သောအခါ လင်းပိုင်ဖန်က ပြုံးလျက် - "စီနီယာကြီး ပင်ပန်းနေပုံရတယ်၊ ထားလိုက်ပါတော့... ဒီလို သတ်ဖြတ်တဲ့ အကြောင်းတွေ ပြောနေရတာ စိတ်ဓာတ်ကျစရာကြီး။ အဲဒီအစား ချစ်ခြင်းမေတ္တာ အကြောင်းတွေပဲ ပြောကြရအောင်" ဟု ဆိုလိုက်သည်။
ပညာရှင်ကြီးမှာ ငိုင်ကျသွားသည်။ ချစ်ခြင်းမေတ္တာ အကြောင်းမှာ ဘာပြောစရာ ရှိသနည်း။ ယောက်ျားနှင့် မိန်းမကြားက သာမန်ကိစ္စတွေပဲ မဟုတ်ပါလော။ သူသည် နှစ်ပေါင်း ၅၀ ကျော် ဖြတ်သန်းခဲ့ပြီးဖြစ်ရာ အရာအားလုံးကို မြင်တွေ့ခဲ့ပြီးလည်း ဖြစ်ရာ ငြီးငွေ့နေပြီ ဖြစ်သည်။
တိုက်ခိုက်သတ်ဖြတ်ခြင်း အကြောင်းကိုသာ ဆက်ပြောကြပါစို့လား...။ သူ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း သူ၏ သိုင်းပညာရှင်ကြီး ဂုဏ်ပုဒ်ကြောင့်ပင် မပြောဖြစ်ခဲ့ပေ။
ဘေးနားရှိ ဓားအဘိုးအိုကမူ ရိုသေစွာဖြင့် ဦးညွှတ်ကာ - "ဒါပေမဲ့ ဆရာ... တပည့်မှာ သိချင်တာတွေ ကျန်သေးလို့ လမ်းညွှန်ပေးပါဦး" ဟု ဆိုလိုက်သည်။
ပညာရှင်ကြီးမှာ စိတ်ထဲတွင် ခိုးပြီး သဘောကျသွားသည်။ 'လမ်းညွှန်ခိုင်းတာ ကောင်းတယ်၊ ငါလည်း ဘေးကနေ နားထောင်လို့ ရတာပေါ့' ဟု တွေးလိုက်၏။
လင်းပိုင်ဖန်က လက်ကာပြရင်း - "မင်း သိချင်တာတွေကို ငါတို့ ပြန်တဲ့လမ်းကျမှ ဆွေးနွေးကြတာပေါ့။ အခုတော့ ဒီပညာရှင်ကြီးရဲ့ စိတ်ခံစားမှုကို မနှောင့်ယှက်ပါနဲ့တော့"
ပညာရှင်ကြီးမှာ စိတ်ထဲမှ ကျိန်ဆဲမိတော့သည် - 'ဒီ... ခွေးကောင်လေး...'
"ဟုတ်ကဲ့ပါ ဆရာ" ဓားအဘိုးအိုကတော့ ငြင်းဆန်ခြင်း မရှိပေ။
သို့သော် ပညာရှင်ကြီးမှာမူ လင်းပိုင်ဖန်ကို မကျေမနပ် ကြည့်လိုက်ပြီးမှ၊ ဓားအဘိုးအိုကို အားကျစိတ်ဖြင့် ကြည့်လိုက်မိသည်။
"ဩော်... ဒါနဲ့ ငါ မေ့သွားတော့မလို့"
လင်းပိုင်ဖန်က နဖူးကို ရိုက်လိုက်ရင်း - "တကယ်တော့ ငါကိုယ်တော် ဒီကိုလာတာက ခင်ဗျားရဲ့ ထူးခြားတဲ့ အငွေ့အသက်ကို တွေ့လို့ ခင်မင်ချင်လို့ပါ။ ခင်ဗျားက ဘယ်သူလဲဆိုတာ သိပါရစေဦး..."
"ကျုပ် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မေ့သွားတယ်"
ပညာရှင်ကြီးက လေးနက်စွာ ဦးညွှတ်လိုက်ပြီး - "ကျုပ်က ဟန်တာ့ရှန် ပါ။ အရှင်မင်းကြီးနဲ့ ဓားအဘိုးအိုကြီးကို နှုတ်ခွန်းဆက်ပါတယ်"
ဓားအဘိုးအိုကလည်း ချက်ချင်းပင် - "တွေ့ရတာ ဝမ်းသာပါတယ် မိတ်ဆွေဟန်"
လင်းပိုင်ဖန်မှာ အံ့ဩသွားကာ - "စီနီယာ... ခင်ဗျားက ဒဏ္ဍာရီလာ 'ပြိုင်ဘက်ကင်း ဓားမော့နတ်ဘုရား' ကိုး"
သူသည် ဓားမော့ပညာတွင် အလွန်ထူးချွန်သည့် သိုင်းပညာရှင်ကြီး တစ်ဦး ဖြစ်သောကြောင့် 'ပြိုင်ဘက်ကင်း ဓားမော့နတ်ဘုရား' ဟု အမည်တွင်ခြင်း ဖြစ်သည်။ သို့သော် သူသည် သိုင်းလောကမှ အနားယူသွားသည်မှာ နှစ်ပေါင်း ၄၀ ခန့် ရှိပြီဖြစ်ရာ လူသိနည်းသွားခဲ့ပြီ ဖြစ်သည်။ လင်းပိုင်ဖန်သည်လည်း မိစ္ဆာဂိုဏ်းချုပ်နှင့် စကားပြောစဉ်က သူ၏ အကြောင်းကို အနည်းငယ် ကြားဖူးရုံမျှသာ ရှိသဖြင့် မှတ်ဉာဏ်မှာ ဝေဝါးနေခြင်း ဖြစ်သည်။
"စီနီယာလို့ ခေါ်တာက အားနာစရာကြီးပါ"
ပညာရှင်ကြီးက သိပ်မဝံ့မရဲဖြင့် ပြောလိုက်သည် - "မင်းက ဧကရာဇ် ဖြစ်ပေမဲ့ ဓားမော့အပေါ် နားလည်မှုက ကျုပ်ထက် မနိမ့်ပါဘူး... အဟမ်း... ဒါကြောင့် ကျုပ်တို့ တန်းတူပဲ ဆက်ဆံကြရအောင်။ ဒီလိုလုပ်ပါလား... ကျုပ်က အသက်ကြီးတဲ့အတွက် 'အစ်ကိုကြီး' လို့ ခေါ်၊ ကျုပ်က မင်းကို 'ညီလေး' လို့ ခေါ်မယ်၊ ဘယ်လိုလဲ"
ပြောပြီးနောက် သူက လင်းပိုင်ဖန်ကို စိုက်ကြည့်နေမိသည်။ အကယ်၍ ညီအစ်ကိုလို ပတ်သက်သွားလျှင် နောက်ပိုင်းတွင် ဓားပညာအကြောင်း မေးမြန်းရသည်မှာ အားနာစရာ မလိုတော့ပေ။
'ငါကတော့ တကယ်ကို ပါးနပ်တာပဲ၊ ဟဲဟဲ'
သို့သော် လင်းပိုင်ဖန်က မျက်မှောင်ကြုတ်လိုက်ပြီး - "အဲဒါက သိပ်မသင့်တော်ဘူး ထင်တယ်"
"ဘာဖြစ်လို့လဲ" ပညာရှင်ကြီးက မေးလိုက်သည်။
"ကြည့်လေ..."
လင်းပိုင်ဖန်က ဓားအဘိုးအိုကို ညွှန်ပြရင်း - "ခင်ဗျားတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မိတ်ဆွေလို့ ခေါ်ကြတော့ ခင်ဗျားတို့က အဆင့်တူတွေပေါ့။ ဓားအဘိုးအိုက ငါကိုယ်တော်ရဲ့တပည့်၊ အခု ခင်ဗျားနဲ့ ကျုပ်က ညီအစ်ကို တော်လိုက်မယ်ဆိုရင် အဆင့်အတန်းတွေ ရှုပ်ကုန်မှာပေါ့"
"အဲဒါ ဘာဖြစ်လဲ၊ ကျုပ်တို့ သိုင်းလောကသားတွေက အဲဒီလို အသေးအမွှားတွေကို ဂရုမစိုက်ပါဘူး။ ကိုယ်ခေါ်ချင်သလို ခေါ်ကြတာပဲ" ပညာရှင်ကြီးကတော့ ဂရုမစိုက်ဟန် ပြလိုက်သည်။
"ကောင်းပြီလေ... အစ်ကိုကြီးဟန်" လင်းပိုင်ဖန်က ခေါ်လိုက်သည်။
"ညီလေးလင်း" ပညာရှင်ကြီးကလည်း ဝမ်းသာအားရ ပြန်ထူးလိုက်လေသည်။
ထို့နောက် နှစ်ဦးသား ခွက်ချင်းတိုက်ကာ အားရပါးရ ရယ်မောလိုက်ကြသည်။ လင်းပိုင်ဖန် ပျော်နေရခြင်းမှာ အခုလို ညီအစ်ကို တော်လိုက်ခြင်းဖြင့် နောက်နောင်တွင် သူ့ကို သိမ်းသွင်းရသည်မှာ မခက်ခဲတော့သောကြောင့် ဖြစ်သည်။ သိုင်းပညာရှင်ကြီး ဟန်တာ့ရှန် ပျော်နေရခြင်းမှာမူ ညီအစ်ကို ဖြစ်သွားပြီဖြစ်ရာ နောက်နောင်တွင် လင်းပိုင်ဖန်က သူ့မေးခွန်းတွေကို ဖြေဖို့ ငြင်းဆန်မည် မဟုတ်သောကြောင့် ဖြစ်သည်။
"ဟားဟားဟား..." နှစ်ယောက်သား တစ်ဖန် ထပ်မံ ရယ်မောလိုက်ကြပြန်သည်။
လင်းပိုင်ဖန်သည် အလွန်အမင်း ဝမ်းသာသွားသဖြင့် သူ၏ အင်ပါယာ မြေပုံထဲတွင် လေဆင်နှာမောင်းတစ်ခုကို ဖန်တီးကာ မဟာလော့ နယ်မြေထဲသို့ ပစ်ထည့်လိုက်လေသည်။
မဟာလော့ ဧကရာဇ် : “F**k”