အခန်း (၃၂၇)
Vol. 30 Ch. 327
ရယ်မောပြီးနောက် လင်းပိုင်ဖန်က စိုးရိမ်တကြီးဖြင့် မေးလိုက်၏ - "ဒါနဲ့ အစ်ကိုကြီး... ကြည့်ရတာ တစ်ခုခုကို စိတ်အနှောင့်အယှက် ဖြစ်နေပုံပဲ။ အခက်အခဲ တစ်ခုခုနဲ့ ကြုံနေရလို့လား၊ ရှိရင်လည်း ပြောပြပါဦး... ကျုပ် ကူညီဖြေရှင်းပေးလို့ ရနိုင်မလားလို့ပါ"
ပညာရှင်ကြီး ဟန်တာ့ရှန်က သက်ပြင်းချလိုက်ပြီး ခါးသီးစွာ ပြုံးလျက် - "ဟူး... အိမ်တိုင်းမှာ ဖတ်ရခက်တဲ့ ကျမ်းစာတစ်စောင်စီ ရှိကြတာပဲ ညီလေးရာ။ အပြင်ပန်းမှာ ငါ့ကို ခမ်းခမ်းနားနား ရှိတယ်လို့ ထင်ရပေမဲ့ အိမ်မှာတော့ စိတ်သောကတွေနဲ့ ဗျာများနေရတယ်။ အဓိကကတော့ ငါ့သမီးကြောင့်ပါပဲ"
လင်းပိုင်ဖန်က စာနာစွာဖြင့် - "ငါ့တူမလေးရဲ့ ကိစ္စဖြစ်နေတာကိုး။ ဒါဆိုရင်တော့ သူ့ဦးလေးတစ်ယောက်အနေနဲ့ ပိုပြီး ဂရုစိုက်ပေးရမှာပေါ့"
ဟန်တာ့ရှန်က ထပ်မံ သက်ပြင်းချလိုက်ပြန်သည် - "ဒီသမီးလေးကို ငါ အသက် ၇၀ နားနီးမှ ရခဲ့တာ။ အိုမင်းမှ ရတဲ့ ရတနာလေးဆိုတော့ အလိုလိုက်မိတာပေါ့။ ပါးစပ်ထဲ ထည့်ထားရင် အရည်ပျော်သွားမှာ စိုးတယ်၊ လက်ထဲ ကိုင်ထားရင်လည်း ကျိုးပဲ့သွားမှာတောင် ကြောက်ရတယ်။ အတိုချုပ်ပြောရရင်တော့ သူ့ကို အကောင်းဆုံးတွေချည်း ပေးခဲ့တာပေါ့။ ဒါပေမဲ့ မထင်မှတ်ဘဲ အဲဒါကပဲ သူ့ကို အလိုလိုက်လွန်းရာကျပြီး ခေါင်းမာပြီး၊ ရစ်ထုပ်တဲ့ စရိုက်မျိုး ဖြစ်သွားစေခဲ့တယ်"
"သူ အရွယ်ရောက်လာတော့ တော်ဝင်မိသားစုဝင် တစ်ယောက်နဲ့ ငါ လက်ထပ်ပေးဖို့ စီစဉ်ခဲ့တယ်။ တော်ဝင်မျိုးနွယ်ထဲ ရောက်သွားရင် တစ်သက်လုံး စိတ်ချရပြီလေ။ ဒါပေမဲ့ သူက အဲဒီလူကို လုံးဝ သဘောမကျဘဲ ပြဿနာတွေ ရှာတော့တာပဲ..."
လင်းပိုင်ဖန်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်ရင်း - "ငါ့တူမလေးကတော့ တကယ်ပဲ... အစ်ကိုကြီးရဲ့ စေတနာကို နားမလည်ဘဲ စိတ်ထဲရှိတဲ့အတိုင်း လုပ်နေတာပဲ"
"အဲဒါ ပြောတာပေါ့" ဟန်တာ့ရှန်က လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်ပြရင်း အလွန် မကျေမနပ် ဖြစ်နေပုံရသည်။ "ငါက သူ့ကို ဒုက္ခပေးပါ့မလား။ ဒါပေမဲ့ သူက နားမထောင်တဲ့အပြင် အမျိုးမျိုး သောင်းကျန်းပြီး သူ့ရဲ့ စေ့စပ်ထားတဲ့ လူကိုတောင် ခြောက်လှန့် မောင်းထုတ်လိုက်တယ်။ အခုတော့ စေ့စပ်ပွဲလည်း ပျက်သွားပြီ၊ ဒီအဖိုးကြီးမှာလည်း မျက်နှာပျက်ရတာပေါ့"
လင်းပိုင်ဖန်က သူ့ကို နှစ်သိမ့်လိုက်သည် - "အစ်ကိုကြီးရာ... လူငယ်တွေမှာ သူတို့ ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိကြတာပဲ၊ အတင်းအကျပ် လုပ်လို့ မရဘူး။ အဲဒါကြောင့်နဲ့ စိတ်တိုပြီး ကိုယ့်ကျန်းမာရေး ကိုယ် ထိခိုက်မခံပါနဲ့။ စကားပုံတောင် ရှိသေးတယ် မဟုတ်လား... 'အဟောင်းသွားမှ အသစ်လာ' ဆိုတာလေ။ ဖြစ်လာရင်လည်း တခြားလူတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်ပေါ့၊ သင့်တော်တဲ့သူ ရှိလာမှာပါ"
"ငါ့သမီးသာ မင်းလို နားလည်တတ်ရင် ဘယ်လောက် ကောင်းမလဲ"
ဟန်တာ့ရှန်က ညည်းတွားရင်း ဆက်ပြောသည် - "ငါ စိတ်တိုတိုနဲ့ သူ့ကို အခန်းထဲမှာ ပိတ်လှောင်ပြီး နောင်တရအောင် လုပ်ခိုင်းထားသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှ သိလိုက်ရတာက သူ့မှာ စိတ်ကူးထဲက လူတစ်ယောက် ရှိနေပြီဆိုတာပဲ"
လင်းပိုင်ဖန်မှာ အံ့အားသင့်သွားကာ - "ဘာ... သူ့မှာ ရည်မှန်းထားတဲ့သူ ရှိနေပြီ ဟုတ်လား။ အဲဒါ ဘယ်သူလဲ"
ဟန်တာ့ရှန်မှာ ဒေါသထွက်လာပြီး - "ဒီအဖိုးကြီးလည်း အဲဒါ ဘယ်သူလဲဆိုတာ သိချင်နေတာပဲ။ ငါအပင်ပန်းခံ ပျိုးထောင်ထားတဲ့ ရတနာလေး ကို တိတ်တဆိတ် ခိုးယူသွားတဲ့ ကောင်... တကယ်ကို အတင့်ရဲလွန်းတယ်။ အခု ငါ့စိတ်ထဲမှာ အဲဒီကောင်ကို ရှာပြီး ခြေထောက်တွေကို ရိုက်ချိုးပစ်ချင်နေတာ။ ဒါပေမဲ့ ဘယ်လောက်ပဲ မေးမေး သမီးကတော့ လုံးဝ မပြောဘဲ လျှို့ဝှက်ထားတုန်းပဲ"
" လူပျိုအပျို ချစ်ကြကြိုက်ကြတာ သဘာဝဆိုပေမဲ့ ငါ့တူမလေး လုပ်ပုံကတော့ အဖေဖြစ်သူရဲ့ ခံစားချက်ကို လုံးဝ ထည့်မတွက်ရာ ရောက်နေတာပဲ" လင်းပိုင်ဖန်က ခေါင်းယမ်းရင်း သက်ပြင်းချလိုက်သည်။
"အဲဒါကြောင့်လည်း ငါ အခု မဟာရှနိုင်ငံကို လာခဲ့တာပေါ့"
ဟန်တာ့ရှန်က - "ငါ့သမီးက အရင်က အဝေးတစ်နေရာကို တစ်ခါမှ မသွားဖူးဘူး။ သွယ်ဝိုက်ပြီး စုံစမ်းကြည့်တော့မှ မဟာရှကို သွားပြီးပြန်လာကာမှ အခုလို ပြောင်းလဲသွားတာကို သိလိုက်ရတယ်။ ဒါကြောင့် သူ့နှလုံးသားကို ခိုးသွားတဲ့ သူခိုးက မဟာရှမှာ ရှိနေဖို့ အခွင့်အလမ်း အများကြီး ရှိတယ်။ အဲဒီသူခိုးကို ရှာတွေ့ရင် ငါ့ရင်ထဲက အပူတွေလည်း ငြိမ်းသွားမှာပါ"
"အဲဒီလူကို ရှာကို ရှာရမယ်၊ လွယ်လွယ်နဲ့ လွတ်ပေးလို့ မဖြစ်ဘူး" လင်းပိုင်ဖန်ကလည်း ထောက်ခံလိုက်သည်။
"ဟုတ်တယ်... ညီလေး၊ မင်းက မဟာရှနိုင်ငံရဲ့ ဧကရာဇ်ပဲ။ အဲဒီလူကို ရှာဖို့ ငါ့ကို ကူညီနိုင်မလား။ မင်းကို တစ်သက်လုံး ကျေးဇူးတင်နေမှာပါ"
လင်းပိုင်ဖန်က ရင်ဘတ်ကို ပုတ်လျက် ကတိပေးလိုက်သည် - "အစ်ကိုကြီး... ဒါက ဘာခက်တာမှတ်လို့။ ကျုပ်ကိုသာ အပ်ထားလိုက်စမ်းပါ၊ ဒါက ကိစ္စအသေးအမွှားလေးပါ"
"ကျေးဇူးတင်ပါတယ် ညီလေးရာ" ဟန်တာ့ရှန်က ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်သည်။
လင်းပိုင်ဖန်၏ ငယ်ရွယ်ချောမောသော မျက်နှာ၊ သူ၏ အဆင့်အတန်းနှင့် အရည်အချင်းတို့ကို ကြည့်ရင်း ဟန်တာ့ရှန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည် - သူ့ညီလေးနှင့် သမီးဖြစ်သူမှာ တော်တော်လေး လိုက်ဖက်ညီလှသည်။ သူတို့ကို မိတ်ဆက်ပေးရင် ကောင်းမလား...။
သို့သော် ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ ပြန်ဖျက်လိုက်သည်။
နောက်ကျသွားချေပြီ။
သူ့သမီး၏ စိတ်ထဲတွင် တစ်စုံတစ်ယောက် ရှိနေပြီဖြစ်ရာ အရင်ဆုံး ထိုသူခိုးကိုသာ ရှာဖို့ လိုသည်။
"အစ်ကိုကြီး... အဲဒီလူရဲ့ နာမည်နဲ့ ပုံပန်းသဏ္ဌာန်ကို ပြောပြပါ။ ငါ မရရအောင် ရှာပေးပါ့မယ်"
လင်းပိုင်ဖန်မှာ ယုံကြည်မှုအပြည့် ရှိနေသည်။ သူ့တွင် အင်ပါယာမြေပုံ ရှိနေသည် မဟုတ်ပါလော။ အကယ်၍ ထိုသူသည် မဟာရှနိုင်ငံ အတွင်းမှာသာ ရှိနေပါက ရှာမတွေ့စရာ အကြောင်းမရှိပေ။
ဟန်တာ့ရှန်က မျက်မှောင်ကြုတ်လိုက်ကာ - "အမှန်အတိုင်း ပြောရရင် သူ့နာမည်လည်း ငါမသိဘူး၊ ဘယ်လိုပုံစံလဲ ဆိုတာလည်း မသိဘူး။ ဘယ်လောက်ပဲ မေးမေး သမီးရော၊ အထိန်းတော်မလေးကရော လုံးဝ နှုတ်ပိတ်နေကြတယ်"
လင်းပိုင်ဖန်က မချိုပြုံး ပြုံးလိုက်ပြီး - "အစ်ကိုကြီး... ဒါကတော့ ခက်ပြီ။ ဘာသတင်းအချက်အလက်မှ မရှိဘဲနဲ့ ဘယ်လိုရှာပေးရမလဲ"
"ခက်တော့ ခက်တာပေါ့... ဒါပေမဲ့ နည်းလမ်းတော့ ရှိပါတယ်။ သူ့ကို အပြင်ထွက်လာအောင် မျှားခေါ်လို့ ရတယ်"
ဟန်တာ့ရှန်က ဂုဏ်ယူဟန်ဖြင့် - "ငါ မဟာရှနိုင်ငံကို လာတာ သူ့ကို လာရှာတာပဲ။ ငါ့သမီးကတော့ သူ့ချစ်သူကို ကာကွယ်ဖို့အတွက် တိတ်တဆိတ် ခိုးထွက်လာမှာ အသေအချာပဲ။ အဲဒါကြောင့် ငါက သမီးရဲ့ကိုယ်ပေါ်မှာ ငါ့ရဲ့ ဓားမော့အသိစိတ် တစ်ခုကို ချန်ထားခဲ့တယ်။ အဲဒီအသိစိတ်ကနေတစ်ဆင့် သမီး ဘယ်မှာရှိလဲဆိုတာ ငါသိနိုင်တယ်။ အဲဒီနောက်ကွယ်ကို လိုက်သွားရင် နှလုံးသားသူခိုးကို ရှာတွေ့မှာပဲ"
လင်းပိုင်ဖန်က လက်မထောင်ပြလိုက်ပြီး - "အစ်ကိုကြီး... ဒါက တကယ်ကို ပြောင်မြောက်တဲ့ အကွက်ပဲ၊ ကျုပ် ချီးကျူးမိပါတယ်"
"ဒါက ဘာမှမဟုတ်ပါဘူးကွာ... မြှောက်ပင့်မနေပါနဲ့" ဟန်တာ့ရှန်က ဦးညွှတ်ကာ ရယ်မောလိုက်သည်။
သို့သော် ရုတ်တရက် သူ၏ ရယ်သံ ရပ်တန့်သွားသည် - "နေဦး..."
"ဘာဖြစ်လို့လဲ အစ်ကိုကြီး" လင်းပိုင်ဖန်က နားမလည်စွာ မေးလိုက်၏။
"ငါ့သမီး အခု ဒီကို လာနေပြီ။ ငါ့ရဲ့ ဓားမော့အသိစိတ်ကို ခံစားနေရတယ်၊ သူ အခု မြို့တော်ထဲကို ရောက်နေပြီ။ ငါတို့ဆီကို ပိုပိုပြီး တိုးလာနေသလို သူ့ရဲ့ အရှိန်ကလည်း မြန်လာတယ်။ အဲဒီနှလုံးသားသူခိုးက ဒီနားတစ်ဝိုက်မှာ ရှိနေတာ သေချာပြီ။ ရှာစရာမလိုဘဲ အလိုလို ဘွားကနဲ ပေါ်လာတော့မှာပဲ" ဟန်တာ့ရှန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"တကယ်လား... ကောင်းတာပေါ့" လင်းပိုင်ဖန်လည်း စိတ်လှုပ်ရှားသွားသည်။
'သူခိုး' ဖမ်းရမယ်ဆိုတာ တကယ်ကို ရင်ခုန်စရာ ကောင်းတဲ့ အလုပ်ပဲဟု လင်းပိုင်ဖန် တွေးလိုက်မိသည်။ သူကိုယ်တိုင် ပါဝင်ပတ်သက်ရမည်။ သူခိုးရော၊ အချစ်သူခိုးရော နှစ်ယောက်လုံးကို ဖမ်းရပေမည်။
စောင့်နေရင်း ပျင်းလာသဖြင့် လင်းပိုင်ဖန်က မေးလိုက်သည် - "ဒါနဲ့... ငါ့တူမလေးရဲ့ နာမည်ကို မသိသေးဘူး၊ သူက ဘယ်သူလဲ"
"သူ့နာမည်က ဟန်ချူးချူးလေ။ 'ချူးချူး' ဆိုတာ နုနယ်ပျိုမြစ်ပြီး ချစ်စရာကောင်းတယ်လို့ အဓိပ္ပာယ်ရတယ်။ နာမည်လေးက လှတယ် မဟုတ်လား"
လင်းပိုင်ဖန် : “...”