အခန်း (၃၂၉)
Vol. 30 Ch. 329
"သမီး... သမီးသဘောကရော ဘယ်လိုလဲ" ဟန်တာ့ရှန်က ကာယကံရှင်ဖြစ်သူကို လှည့်မေးလိုက်သည်။
ဟန်ချူးချူးက ရှက်ကိုးရှက်ကန်းဖြင့် "အဖေ... မိဖုရားခေါင်ကြီး နေရာကိုတော့ ထားလိုက်ပါတော့။ သမီးက အဲဒီလိုနေရာနဲ့ မထိုက်တန်ပါဘူး၊ ပြီးတော့ အချုပ်အနှောင်တွေကြားမှာလည်း မနေချင်ဘူး"
ဟန်တာ့ရှန်က စားပွဲကို ဒုန်းခနဲမြည်အောင် ထုလိုက်ပြီး "ကောင်းပြီလေ... မိဖုရားခေါင်ကြီး မဖြစ်ချင်ရင်တောင် အနည်းဆုံးတော့ 'ဂုဏ်သရေရှိ မိဖုရား' တော့ ဖြစ်ရမယ်။ ငါ့သမီးကိုတော့ ဘယ်သူ့အောက်မှ အနှိမ်ခံလို့ မဖြစ်စေရဘူး"
လင်းပိုင်ဖန်က ချက်ချင်းပင် အာမခံချက်ပေးလိုက်သည် - "ယောက္ခမကြီး... စိတ်ချပါ။ ချူးချူးက ကျွန်တော့်ဆီ ရောက်လာမှတော့ ဘယ်သူ့ဆီမှာမှ အနှိမ်ခံစေရမှာ မဟုတ်ပါဘူး"
အဓိက အငြင်းပွားစရာကိစ္စ ပြေလည်သွားသည့် နောက်တွင် ကျန်သည့်ကိစ္စများကို ဆွေးနွေးရန်မှာ အလွန် လွယ်ကူသွားတော့သည်။
မင်္ဂလာကိစ္စ အသေးစိတ်များကို အတည်ပြုပြီးနောက် လင်းပိုင်ဖန်က ဟန်တာ့ရှန်ကို မဟာရှနိုင်ငံတွင် နန်းတွင်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်လိုက်သည်။ ဟန်တာ့ရှန်ကလည်း မဆိုင်းမတွပင် သဘောတူလိုက်၏။ သူ့တွင် ဒီသမီးနဲ့ ဒီသားမက်ပဲ ရှိသည့်အတွက် သူတို့ကိုသာ မထောက်ခံလျှင် ဘယ်သူ့ကို သွားထောက်ခံရမည်နည်း။
ထို့အပြင် ဟန်ချူးချူးနှင့် သူမ၏ ကိုယ်ရံတော်မလေး ကျောက်ချန်းကျင်တို့မှာလည်း ရှားပါးလှသော ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များ ဖြစ်ကြရာ သူတို့ပါ မဟာရှနိုင်ငံ၏ အင်အားစုထဲသို့ ပူးပေါင်းလိုက်ကြသည်။
‘ဒါက တကယ့်ကို အမြတ်ကြီးပဲ။ မိန်းမတစ်ယောက် ရတာနဲ့တင် လက်ဆောင်တွေပါ အထုပ်လိုက်အပိုးလိုက် ရလိုက်သလိုပဲ” လင်းပိုင်ဖန်မှာ စိတ်ထဲမှ ကျိတ်ပျော်နေစဉ် -
“ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာသည့်အတွက် သင်၏ ခွန်အားမှာလည်း လိုက်လျောညီထွေ တိုးတက်လာခဲ့သည်။ ဆုလာဘ်အဖြစ် 'ကောင်းကင်နတ်ဆိုး ဗျူဟာကျမ်း' တစ်စုံလုံးကို ချီးမြှင့်လိုက်သည်”
'ကောင်းကင်နတ်ဆိုး ဗျူဟာကျမ်း' ဆိုသည်မှာ တစ်ခေတ်တစ်ခါက ပေါ်ထွန်းခဲ့သော ပါရမီရှင်တစ်ဦးက ဂိုဏ်းပေါင်းစုံ၏ ပညာရပ်များကို စုစည်းသန့်စင်ပြီး ရေးသားခဲ့သော သိုင်းကျမ်းတစ်စောင်ဖြစ်ကာ လောကကြီး၏ လျှို့ဝှက်ဆန်းကြယ်သော ကျမ်းကြီးလေးစောင်ထဲမှ တစ်စောင်ဖြစ်သည်။ ထိုကျမ်းထဲတွင် အတွဲပေါင်း (၁၀) တွဲ ပါဝင်ပြီး 'တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့'၊ 'ခရမ်းရောင်သွေး သိုင်းပညာ'၊ 'ကောင်းကင်နတ်ဆိုး လျှို့ဝှက်ချက်' နှင့် 'ပြစ်ဒဏ်မှ လွတ်မြောက်ခြင်းအတတ်' စသည်တို့ ပါဝင်သည်။
လင်းပိုင်ဖန်သည် ထိုသိုင်းကျမ်းမှ ပညာရပ်များကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ ဤသိုင်းကျမ်းမှာ အရာရာကို လွှမ်းခြုံထားပြီး သူယခင်က သင်ယူခဲ့သော 'တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့' ပညာရပ် အပါအဝင် ထူးဆန်းသော စွမ်းဆောင်ရည်မျိုးစုံ ပါဝင်နေသည်ကို တွေ့ရသည်။ ၎င်းက သူ၏ ခွန်အားကို နောက်ထပ် အဆင့်တစ်ခုသို့ အရှိန်အဟုန်ဖြင့် ခုန်တက်သွားစေသည်။
သူသည် အင်ပါယာ မြေပုံ ကိုဖွင့်ကြည့်လိုက်ရာ -
အင်ပါယာ မြေပုံ (အဆင့်မြင့်)
ပိုင်နက်ဧရိယာ: စတုရန်းမိုင် ၈.၂ သန်း (စိုက်ပျိုးနိုင်သောမြေ ၅ သန်း)
နိုင်ငံတော်၏ သယံဇာတ: ငွေတေး ၁.၄၅ ဘီလီယံ (ရွှေသတ္တုတွင်း ၅ ခု၊ ငွေတွင်း ၈ ခု၊ ကြေးတွင်း ၁၂ ခု၊ သံတွင်း ၁၈ ခု...)
လူဦးရေ: ၅၈ သန်း ( လူချမ်းသာ ၁%၊ သာမန်ပြည်သူ ၃၃%၊ ဆင်းရဲသား ၆၆%)
စစ်အင်အား: ၃.၅ သန်း ( ကောင်းကင်အဆင့် ၂ ဦး၊ ချီဖွဲ့တည်ခြင်းအဆင့် ၄၃ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင့်အဆင့် ၁၂,၀၀၀...)
စုစုပေါင်း နိုင်ငံတော်စွမ်းအား: ၉၆၀၀ (မင်းဆက်နိုင်ငံအဆင့်)
ယခုအချိန်တွင် မြေပုံအတွင်းရှိ အချက်အလက်များမှာ တကယ့်ကို အားရစရာပင်။ ပိုင်နက်ဧရိယာနှင့် သယံဇာတမှာ ပြောင်းလဲမှုမရှိသော်လည်း လူဦးရေမှာ ၆ သန်းကျော် တိုးလာပြီး သန်း ၆၀ နီးပါး ရှိလာသည်။
အကြီးမားဆုံး ပြောင်းလဲမှုမှာ စစ်အင်အားဖြစ်ပြီး စစ်သည်တော် ၁ သန်းကျော်၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ထောင်ချီ၊ ချီဖွဲ့တည်ခြင်းအဆင့် ၂၁ ဦးနှင့် ကောင်းကင်အဆင့် တစ်ဦး ထပ်တိုးလာသည်။ ထို့ကြောင့် နိုင်ငံတော်၏ စုစုပေါင်း စွမ်းအားမှာလည်း သိသိသာသာ တိုးတက်လာပြီး ၁၀,၀၀၀ ပြည့်ရန် လက်တစ်ကမ်းသာ လိုတော့သည်။
ဤကိန်းဂဏန်းများကို ကြည့်ပြီး လင်းပိုင်ဖန် မာန်တက်သွားမိသည်။ နှစ်နှစ်အတွင်းမှာပင် တိုင်းပြည်ငယ်လေးတစ်ခုကို ကမ္ဘာက အာရုံစိုက်ရလောက်သည့် 'မဟာမင်းဆက်' နိုင်ငံအဖြစ် ပြောင်းလဲနိုင်ခဲ့သည် မဟုတ်ပါလား။ 'အင်ပါယာ' အဆင့်သို့ ရောက်ရန်မှာလည်း သိပ်မဝေးတော့ပေ။
"အင်ပါယာ မြေပုံရေ... အင်ပါယာအဖြစ် အဆင့်မြှင့်တင်ဖို့ ဘာတွေလိုအပ်သေးလဲ"
“ဒင်! စုစုပေါင်း နိုင်ငံတော် စွမ်းအား ၁၀,၀၀၀ ကျော်မှသာ အင်ပါယာ တည်ထောင်ရန် အရည်အချင်း ပြည့်မီပါမည်။ တစ်ချိန်တည်းမှာပင် အောက်ပါ အခြေခံအချက်များလည်း ပြည့်စုံရပါမည် -
• ပိုင်နက်ဧရိယာ စတုရန်းမိုင် ၆ သန်း ကျော်ရမည်။
• နိုင်ငံတော် သယံဇာတ ၁.၂ ဘီလီယံ ကျော်ရမည်။
• လူဦးရေ သန်း ၆၀ ကျော်ရမည်။
• စစ်အင်အား ၆ သန်း ကျော်ရမည်၊ ချီဖွဲ့တည်ခြင်းအဆင့် ၆၀ နှင့် ကောင်းကင်အဆင့် ၃ ဦး ရှိရမည်။
ဤအချက်များ ပြည့်စုံပါက အင်ပါယာအဖြစ် အဆင့် တိုးမြှင့်ပေးမည်ဖြစ်ပြီး လုပ်ဆောင်ချက် အသစ်များကိုလည်း ဖွင့်ပေးပါမည်”
လင်းပိုင်ဖန်မှာ အလေးအနက် စဉ်းစားလိုက်သည်။ ပိုင်နက်နှင့် သယံဇာတကတော့ ပြည့်စုံနေပြီ ဖြစ်သည်။ လူဦးရေမှာလည်း ၅၈ သန်းရှိရာ ၂ သန်းသာ လိုတော့သည်။ မဟာရှနိုင်ငံ၏ သာယာဝပြောမှုကြောင့် တခြားနိုင်ငံမှ ပြည်သူများ လာရောက်ခိုလှုံကြမည် ဖြစ်သလို၊ စားဝတ်နေရေး အဆင်ပြေလာ၍ ကလေးမွေးဖွားနှုန်း တိုးလာခြင်းကလည်း ထိုလိုအပ်ချက်ကို အလိုလို ပြည့်မီစေလိမ့်မည်။
ခက်ခဲသည်မှာ စစ်အင်အား ၂.၅ သန်းနှင့် ချီဖွဲ့တည်ခြင်းအဆင့် ၁၇ ဦး၊ ကောင်းကင်အဆင့် ၁ ဦး ထပ်တိုးရန် ဖြစ်သည်။ သို့သော် လင်းပိုင်ဖန်ကတော့ သူလုပ်နိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိနေသည်။
သူသည် စိတ်ကြည်လင်နေသဖြင့် အင်ပါယာ မြေပုံထဲတွင် လေဆင်နှာမောင်း အနည်းငယ် ဖန်တီးလိုက်ပြီး 'မဟာလော့' နိုင်ငံ၏ ပိုင်နက်ထဲသို့ လွှတ်ပစ်လိုက်သည်။
မဟာလော့ ဧကရာဇ် : “F**k”
ထို့နောက်တွင်တော့ လင်းပိုင်ဖန်သည် မင်္ဂလာ အခါတော်နေ့ကို ရွေးချယ်ပြီး ဟန်ချူးချူးကို ခမ်းနားကြီးကျယ်စွာ လက်ထပ်လိုက်သည်။
မင်္ဂလာဦးညတွင် လင်းပိုင်ဖန်သည် လွန်စွာ လှပလွန်းလှသော ဟန်ချူးချူးကို ကြည့်ကာ အနည်းငယ် စိတ်မကောင်းဖြစ်ဟန်ဖြင့် - "ချူးချူး... မင်း ငါ့ကို တကယ်ပဲ ညာခဲ့တာပဲ။ မင်းက သာမန် အစေခံမလေး တစ်ယောက်ပဲလို့ ငါထင်ခဲ့တာ၊ တကယ်တော့ ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက်ရဲ့ သမီး ဖြစ်နေတယ်ပေါ့လေ။ မင်းပျောက်နေတဲ့ တစ်လျှောက်လုံး ငါ့ကို ပစ်သွားပြီလို့တောင် ထင်နေတာ"
"အရှင်..." ဟန်ချူးချူးက တောင်းပန်စွာဖြင့် - "အဲဒီတုန်းက ကျွန်မမှာ အခြားရွေးချယ်စရာ မရှိလို့ပါ။ အတင်းအဓမ္မ လက်ထပ်ခိုင်းတာကို ရှောင်ချင်လို့ အခုလို လုပ်ခဲ့ရတာပါ၊ အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ"
လင်းပိုင်ဖန်က ရင်နာဟန်ဖြင့် - "ဒါတင်မကသေးဘူး၊ မင်းကြောင့် ငါက ကိုးယောက်မြောက် မင်းသားရဲ့ ရည်းစားကို ခိုးယူတဲ့သူ ဖြစ်သွားပြီ။ နောက်တစ်ခါ သူ့ကိုတွေ့ရင် ငါ ဘယ်လို မျက်နှာပြရမလဲ။ ပြောစမ်း... ငါ့ရဲ့ ဆုံးရှုံးမှုကို မင်း ဘယ်လို ပြန်ပေးဆပ်မလဲ"
ဟန်ချူးချူးက သနားကမားလေး ကြည့်ကာ "အရှင်... အခု ကျွန်မက အရှင်ပိုင်တဲ့သူ ဖြစ်နေပြီပဲ၊ အရှင် ကြိုက်သလိုသာ စီရင်ပါတော့"
လင်းပိုင်ဖန်က ခပ်ကြမ်းကြမ်းလေး ပြောလိုက်သည် - "ငါ့ရဲ့ ဆုံးရှုံးမှုကို ပေးဆပ်ဖို့အတွက် မင်း ငါ့ကို ကလေး ခုနစ်ယောက် ရှစ်ယောက်လောက် မွေးပေးရမယ်"
ဟန်ချူးချူးမှာ လန့်သွားပြီး "ခုနစ်ယောက် ရှစ်ယောက်ကြီးတောင်လား၊ ကျွန်မက ဘယ်လိုလုပ် အများကြီး မွေးနိုင်မှာလဲ"
"ကန့်ကွက်ခွင့် မရှိဘူး" လင်းပိုင်ဖန်က ဆာလောင်နေသော ဝံပုလွေတစ်ကောင်လို သူမအပေါ်သို့ အုပ်မိုးလိုက်တော့သည်။ ထိုညမှာတော့ သူတို့အတွက် အိပ်စက်ခြင်းမရှိသော နောက်ထပ်ညတစ်ည ဖြစ်ခဲ့လေသည်။
နောက်ရက်များတွင် လင်းပိုင်ဖန်သည် သူ၏ မိဖုရားငယ်လေးများနှင့်သာ အချိန်ကုန်ဆုံးနေခဲ့ပြီး အထူးသဖြင့် မိဖုရားသစ် 'ချူး' နှင့်သာ ပျော်ပါးနေခဲ့သည်။
ဟန်တာ့ရှန်ကတော့ နန်းတွင်းမှာပဲ ခဏနေပြီး လင်းပိုင်ဖန်၊ ဓားအဖိုးအိုတို့နှင့် သိုင်းပညာအကြောင်း ဆွေးနွေးနေခဲ့သည်။ သို့သော် ရက်အနည်းငယ်အကြာတွင် အိမ်ကိစ္စများ ရှိသေးသဖြင့် နောက်မှ ပြန်ဆုံရန် ကတိပေးကာ ပြန်သွားခဲ့သည်။
တစ်ဖက်တွင်လည်း အပြင်လောက၌ နန်းတွင်း စာမေးပွဲနှင့် သိုင်းစာမေးပွဲများကို စနစ်တကျ ကျင်းပနေသည်။ ယခုနှစ်တွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသူ ၁၂၀,၀၀၀ ကျော်ရှိရာ အလွန်များပြားသဖြင့် လေးကြိမ်ခွဲပြီး ကျင်းပရသည်။ သိုင်းစာမေးပွဲတွင်လည်း အရည်အချင်းပြည့်မီသူ ၈၀၀ ခန့်ရှိပြီး ၎င်းတို့အားလုံးမှာ အနည်းဆုံး 'ဒုတိယတန်းစား' သိုင်းသမားများ ဖြစ်ကြသည်။ အကယ်၍ ဤသူများသာ မဟာရှနိုင်ငံ၏ စစ်တပ်ထဲသို့ ပူးပေါင်းလိုက်ပါက တိုင်းပြည်၏ စစ်အင်အားမှာတော့ မတွေးဝံ့စရာပင်။